News @ M-Media

Blog

  • မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု တောင်ကိုရီးယား သမ္မတ အရေးပေါ်အစည်းအဝေးခေါ်၊

    မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု တောင်ကိုရီးယား သမ္မတ အရေးပေါ်အစည်းအဝေးခေါ်၊

    မေ ၂၃ ၊ ၂၀၁၄
    M-Media

    မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု တောင်ကိုရီးယား သမ္မတ အရေးပေါ်အစည်းအဝေးခေါ်၊  ရန်စမှုကိုတုံ့ပြန်ရန် အဆင့်သင့်ဖြစ်နေရမည်ဟု ညွှန်ကြားခဲ့
    – မြောက်ကိုရီးယားမှ ပစ်လွှတ်လိုက်သော ဒုံးကျည် တောင်ကိုရီးယား စစ်သင်္ဘော အနီးကျရောက်ခဲ့ပြီးနောက် တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟေးက ယနေ့နံနက်တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်ဟုသိရသည်။

    ၁ နာရီခန့် ကြာမြင့်ခဲ့သည့် အဆိုပါ အစည်းအဝေးတွင် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေး၊ နှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီးများအပါအ၀င် သမ္မတရုံး အတွင်းရေးမှူး အကြီးအကဲလည်း တက်ရောက်ခဲ့ပြီး မြောက်ကိုရီးယား၏ ရန်စမှုများကို မည်ကဲ့သို့ တုန့်ပြန်သွားမည်ဆိုသည်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည့် သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ မင်ကျောင်ဝုက သတင်းစာ ရှင်းလင်းပွဲတွင် အကျဉ်းချုံးပြောကြားခဲ့သည်။

    ထိုအစည်းအဝေးတွင် ပတ်ဂျုံဟေးက ခရီးသည်တင် သင်္ဘောနစ်မြုပ်မှုကြောင့် တစ်နိုင်ငံလုံး ပူးဆွေးနေချိန်တွင် မြောက်ကိုရီးယား၏ ထိုကဲ့သို့ ရန်စမှုမှာ လွန်စွာ စိတ်ထိခိုက်စရာဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ တုံ့ပြန်ရန်အတွက် အဆင့်သင့်ပြင်ထားရန်နှင့် အမေရိကန်၊ တရုတ်နိုင်ငံအပါအ၀င် အခြားသောနိုင်ငံများနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ညွှန်ကြားခဲ့သည်။

    မြောက်ကိုရီးယားမှ ယမန်နေ့က နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့သော ဒုံကျည်းများမှာ ကိုရီးယားပင်လယ်ရှိ မြောက်ပိုင်းကန့်သတ်လိုင်းတွင် ကင်းလှည့်နေသည့် တောင်ကိုရီးယား စစ်သဘောင်္အနီး ကျရောက်ခဲ့သည်။ တောင်ကိုရီးယားဘက်မှလည်း ပြန်လည်ပစ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး သေဆုံး ဒဏ်ရာရမှုများ မရှိချေ။

    ဆင်ဟွာ

  • ဆီးရီးယားအရေး ရာဇ၀တ် ခုံရုံးတင်ရန် ကုလ၏ ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှားတို့ ဗီတိုသုံး၍ ပယ်ချ

    မေ ၂၃ ၊ ၂၀၁၄
    M-Media
    2014-05-22T194741Z_1_LOVEA4L1IZGVU_RTRMADP_BASEIMAGE-960X540_UN-SYRIA-ICC-O
    – ၃ နှစ်ကျော်လာပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲအတွင်း စစ်ရာဇ၀တ်မှုများ၊ လူသားထုပေါ်ကျူးလွန်ခဲ့မှုများ ရှိသည်ဟု ယုံကြည်ရသည့်အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့တင်ရန် ကုလ၏ ဆုံးဖြတ်ချက်အား တရုတ်နှင့် ရုရှားတို့က ယမန်နေ့တွင် ဗီတိုသုံး၍ ပယ်ချခဲ့သည်ဟု သိရသည်။

    ရုရှားမှာ ဆီးရီးယား သမ္မတ ဘာရှာအလ်အာဆတ်၏ အနီးကပ်မဟာမိတ်ဖြစ်ပြီး၊ ယခုပယ်ချမှုမှာ ဆီးရီးယားအရေး လုံခြုံရေးကောင်စီ၏ ကြိုးပမ်းမှုကို တရုတ်နှင့် ရုရှားတို့က လေးကြိမ်မြောက် ပယ်ချခြင်းလည်းဖြစ်သည်။

    ကုလဆိုင်ရာ အမေရိန်သံအမတ် စမန်သာပါဝါကမူ ဆီးရီယားအစိုးရ၏ လုပ်ရပ်များကို ရုရှားက သံတမန်နည်းလမ်းဖြင့် အကာအကွယ်ပေးနေသည်ဟု စွပ်စွဲခဲ့ပြီး၊ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယန်ဟေ့ဂ်ကလည်း ရုရှားနှင့် တရုတ်တို့၏ ဗီတိုအတွက် စိတ်ပျက်မိသည်ဟု ပြောကြားခဲ့သည်။

    ပြင်သစ်နိုင်ငံမှ တင်သွင်းသော အဆိုပါဆုံးဖြတ်ချက်အား နိုင်ငံများစွာကထောက်ခံခဲ့သည်။ ဗီတိုသုံး၍ ပယ်ချပြီးနောက် လုံခြုံရေးကောင်စီမှ ထုတ်ပြန်သောကြေညာချက်တွင် ကြောက်စရာ အကောင်းဆုံး ရက်စက်မှုများအတွက် တာဝန်ရှိသူများအား မည်သည့်အတွက်ကြောင့် ဆက်လက် ကာကွယ်မှုပေးနေသည်ကို နိုင်ငံများက သုံးသပ်ရန်လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

    Ref: Al Jazeera and agencies
  • ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်ခွင့်မှာ ပြီးဆုံးခဲ့ပြီဟု အိုဝင်ဆို

    ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်ခွင့်မှာ ပြီးဆုံးခဲ့ပြီဟု အိုဝင်ဆို

    မေ ၂၃ ၊ ၂၀၁၄
    M-Media
    294590_heroa

    – အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်စွဲနိုင်သည့် အခွင့်အရေးမှာ ပြီးဆုံးခဲ့ပြီး လက်ရှိ အင်္ဂလန်အသင်းမှာလည်း တောင့်တင်းခြင်း မရှိဟု လက်ရွေးစင်ဟောင်း မိုက်ကယ်အိုဝင်က ပြောကြားလိုက်သည်။

    အိုဝင်မှာ အင်္ဂလန်အသင်း၏ ရွှေရောင် မျိုးဆက်တွင် ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉၈၊ ၂၀၀၂နှင့် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပွဲများတွင် ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။ Perform သတင်းဝဘ်ဆိုဒ်သို့ အိုဝင်က ပြောကြားရာတွင် ၁၉၉၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ အတောင့်တင်းဆုံးဖြစ်ခဲ့ပြီး တစ်ခါတစ်ရံတွင် အကောင်းဆုံးသင်းမှာ ဗိုလ်စွဲခြင်း မရှိဟု ဆိုသည်။ လက်ရှိအင်္ဂလန်အသင်းနှင့် ပတ်သက်၍ အိုဝင်က

    “လက်ရှိအင်္ဂလန်အသင်းက အရမ်းတောင့်တင်းမှုမရှိပါဘူး။ ထိပ်တန်းကစားသမားတွေ ထွက်လာဖို့နဲ့ ဒီပြိုင်ပွဲတွေမှာ အခွင့်အရေးတစ်ခုရလာဖို့ ကျွန်တော်တို့ ဆုတောင်းနေကြပါတယ်” ဟု ပြောကြားခဲ့သည်။

    အင်္ဂလန်အသင်းမှာ ကမ္ဘာဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၁၉၆၆ ခုနှစ် တစ်ကြိမ်သာ ဗိုလ်စွဲထားနိုင်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် အမြင့်ဆုံးအဖြစ် ဆီးမီးဖိုင်နယ်အထိသာ တက်ရောက်နိုင်ခဲ့သည်။

  • အိမ်ထောင်ရှင်လောင်း အားလုံး တက်ရောက်ရမည့် ပညာပေး သင်တန်း ဆော်ဒီတွင် စတင်တော့မည်

    မေ ၂၃ ၊ ၂၀၁၄
    M-Media
    saudi_family
    – နိုင်ငံအတွင်း ကွာရှင်းမှုနှုန်းမြင့်မားမှုကို လျော့ချရန်ရည်ရွယ်၍ အိမ်ထောင်ပြုမည့်သူတိုင်း မဖြစ်မနေ တက်ရောက်ရမည့် အိမ်ထောင်ရေးနှင့် ပတ်သက်သော ပညာပေး သင်တန်းတစ်ခုကို စတင်တော့မည်ဟု ဆော်ဒီ တရားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    “အိမ်ထောင်သည်ဘ၀အတွက် ဒီအစီအစဉ်ရဲ့အရေးပါမှုကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ ပြီးတော့ ဒါဟာ ကွာရှင်းနှုန်းလျော့ချရေးမှာ အကျိုးသက်ရောက်မှုရှိမှာပါ” ဟု ဇနီးမောင်နှံလောင်းများ နေရာချထားရေးအတွက် ဦးဆောင်ဆောင်ရွက်နေသည့် ဖူအဒ် အလ်-ဂျူဂိုင်မန်က လန်ဒန်အခြေစိုက် Asharq al-Awsat သတင်းစာသို့ ပြောကြားခဲ့သည်။

    အဆိုပါ သင်တန်းတွင် လေ့ကျင့်ပေးထားသော သင်တန်းဆရာ ၁၀၀၀ မှာ အနာဂတ်မိသားစုဘ၀ တည်ငြိမ်ရေးအတွက်  အိမ်ထောင်သည်ဘ၀တွင် လိုအပ်သော အချက်အလက်များကို သတို့သားလောင်း သတို့သမီးလောင်းများအား သင်ကြားပို့ချသွားမည်ဖြစ်သည်။

    ထိုအစီစဉ်အား မလေးရှုားနိုင်ငံတွင် အကောင်အထည်ဖော်ခဲ့ပြီးနောက် နိုင်ငံအတွင်း ကွာရှင်းမှုနှုန်းမှာ ၃၂ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။

    ဆော်ဒီအာရေဗျနိုင်ငံမှာ ကွာရှင်းမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ် လေ့လာမှုများအရ တစ်နေ့လျှင် ကွာရှင်းမှု ၆၆ မှုအထိရှိသည်။ ကွာရှင်းကြခြင်း၏ အဓိက အကြောင်းအရင်းများမှာ ပညာရေးအဆင့်အတန်းကွာဟမှု၊ အလေ့အကျင့်မတူမှုနှင့် အိမ်ထောင်ရေးတာဝန်များကိုနားလည်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ပြင် ဇနီးမောင်နှံနှစ်ဦးအကြား တာဝန်ပျက်ကွက်မှု၊ လစ်လျူရှုမှုနှင့် အငြင်းပွားမှုများကလည်း အိမ်ထောင်ရေးပြိုကွဲမှု၏ အခြားသော အကြောင်းအရင်းများဖြစ်သည်။

    Ref: VoirceofRussia

  • ဂျူအစွန်းရောက်များရဲ့ ခရစ်ယာန် ဆန့်ကျင်ရေး လှုပ်ရှားမှုများရှိလည်း အစ္စရေးသို့ ပုပ်ရဟန်းမင်းကြီး သွားမည်။

    မေ ၂၃၊ ၂၀၁၄
    M-Media

    2014520115813689734_20

    – အစ္စရေးတွင် ဂျူးအစွန်းရောက်များက ခရစ်ယာန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်မြင့်လုပ်ဆောင်နေသော်လည်း ပုပ်ရဟန်း မင်းကြီး ဖရန်စစ်မှာ ခရစ်တော် ကားစင်တင်ခံခဲ့ရသည်ဟု ယုံကြည်သည့် ဂျေရုစလင်သို့ သွားရောက်မည်ဟု သိရသည်။

    ပုပ်ရဟန်းမင်းကြီးမှာ မေလ ၂၄ ရက်နေ့တွင် ဂျော်ဒန်သို့ ထွက်ခွာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အနောက်ဘက် ကမ်းခြေနှင့် အစ္စရေးသို့ သွားရောက်မည်ဖြစ်သည်။ ၂ ရက်တာကြာမြင့်မည့် အဆိုပါလည်ပတ်မှု အတွင်း ပုပ်ရဟန်းမင်းကြီးမှာ ခရစ်ယာန် မိသားစုများ၊ ဘာသာသုံးခုမှ နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

    အစ္စရေးတွင် ခရစ်ယာန် ဆန့်ကျင်ရေး လှုပ်ရှားမှုများမြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် တစ်ပတ်က အရှေ့ဂျေရုစလင်ရှိ ဗာတီကန်မှ ပိုင်ဆိုင်သော အဆောက်အဦးတွင် ခရစ်ယာန်များကို အမုန်းပွားသည့် ဂရပ်ဖတီ တစ်ခုကို ဂျူးများက ရေးဆွဲခဲ့သည်။ ထိုသီတင်းပတ်အတွင်းမှာပင် ခရစ်ယာန် ဘုရာကျောင်းတစ်ခု၏ နံရံ၌ “အာရပ်များ၊ ခရစ်ယာန်များနဲ့ အစ္စရေးကိုမုန်းတဲ့သူ အားလုံးကိုသတ်ပစ်” ဟု ဟီဗရူးဘာသာဖြင့် ရေးသားခဲ့သည်။ ထို့ပြင် အော်သိုဒေါ့စ် ဂျူး ၂၀၀ ကျော်မှာ ပုပ်ရဟန်းမင်းကြီး လာရောက် လည်ပတ်မည့်အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အစ္စရေးရှိ ပါလက်စတိုင်း ခရစ်ယာန်များအား မတူညီသည့် လူနည်းစု အဖြစ် သတ်မှတ်သည့် ဥပဒေတစ်ခုကို ပြဌာန်းခဲ့သည်။ ဘာသာရေး ခေါင်းဆောင်များကမူ ထိုပြဌာန်းမှုအား ဝေဖန်ခဲ့ပြီး ဘာသာရေးကိုကြည့်၍ ပါလက်စတိုင်းများအား ခွဲခြားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Al Jazeera