News @ M-Media
Blog
  • ဘာသာပြန် ၀တ္ထုဆရာ အမူကြင်
    ဘာသာပြန် ၀တ္ထုဆရာ အမူကြင်
    .မေ ၁၉၊ ၂၀၁၄
    .ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
    အမည်ရင်း ဦးကြင်ဖြစ်သည်။ မန္တလေးမြို့ ကုန်းရိုးရပ်တွင် နေထိုင်ခဲ့သည်။ ဘကြီးတော် စစ်ကိုင်းမင်း လက်ထက် ပုဂံမြို့ဝန် ဦးပေတလူ၏ မြေးတော်စပ်သည်။ မိဘများမှာ မြတ်ဆုရလင်္ကာကျမ်းပြု ဂန္တ၀င်စာဆို ကျော်ဟာဂျီမှန်နှင့် ဒေါ်ဆင့်တို့ဖြစ်သည်။ ဖခင်ဟာဂျီမှန်သည် စစ်ကိုင်းမင်း လက်ထက် အင်းဝမြို့တွင် ဖွားမြင် သူဖြစ်သည်။ ဟာဂျီမှန်သည် မြန်မာ၊ အူရဒူ၊ အရဗီ၊ ဖာရစီ ဘာသာရပ်တို့ဩ နှံ့စပ်သည်။ လေးနက်သော သဘောတရား များကို မြန်မာကဗျာဖြင့် ဖြန့်ချိခဲ့သည့် ဂန္တ၀င်စာဆိုကြီးဖြစ်သည်။
    ဘမျိုးဘိုးတူ ဆိုသကဲ့သို့ အမူကြင်သည် ကစ်စွာစွလ် အံဗျေယာ နဗီ ၁၂၄၀၀၀ ကျော်တို့၏၀တ္ထုအမည်ဖြင့် မဟာဝင်ကောက်နုတ်ချက် ကျမ်းကို ပြုစုခဲ့သည်။ တမန်တော်မြတ် နူရီတော်အကြောင်းမှ တမန်တော် နူဟိုသခင်အထိ ဖြစ်စဉ်တော်များကို ဖော်ပြထားသည်။ ရစူလွလ်လာ ကိုယ်တော်မြတ်၏ နူရီတော် အကြောင်းနှင့် အေဇာဇေလ်၏ ကစ်စွာ၊ အာဒမ် ပိုင်ဂံဗရ်၏ကစ်စွာ၊ ရှစ်သ်ပိုင်ဂံဗရ်၏ကစ်စွာ၊ အစ်ဒရစဩပိုင် ဂံဗရ်အကြောင်း နူဟွန်ပိုင်ဂံဗရ် အကြောင်းဟူ၍ ကစ်စွာငါးခုကို မူရင်း အူရဒူ ဘာသာမှ တစ်ဆင့်ပြန်ဆိုပြုစုထားခြင်းဖြစ်သည်။
        “တောင်စဉ်ခုနစ်ထပ်၏ ကြီးကျယ်ထူးဆန်း၊ မခန်းအံ့ဖွယ်၊ အသွယ်သွယ် အကြောင်းများကို ကွဲပြားခြားနားစွာ သိကြစေရန်၊ မိုဟမမဒ် သခင် ဘကြီးတော် အမြီရ်ဟမမဇဟ် သခင့်ရာဇ၀င် ၀တ္ထုတော်နှစ်တွဲကို မန္တလေးမြို့ ၈၃ လမ်း၊ တိုက်တန်းရပ်၊ တိုက်နံပါတ် ၄၀ နေစာအုပ်သည် မောင်ကာစင် ထံဩ ၀ယ်ယူ ကြည့်ရှုကြပါ”
    ဟု ၎င်းမွှန်းထားသည်။
    အမြီရ်ဟမ္မ်ဇာဟ် ရာဇ၀င်ဝတ္ထုတော်ကို ၁၉၀၂ ခုနှစ် မတိုင်မီက ရေးသားခြင်းဖြစ်သည်။ သို့ဖြစ်၍ ဆရာကြင်၏ ဘာသာပြန်ဝတ္ထုသည် အမြီရ်ဟမ်မဇာဟ် ၀တ္ထုတော်ကြီး ထွက်ပေါ်ပြီးမှ ထုတ်ဝေသော ၀တ္ထု ဖြစ်သည်ဟု သိနိုင်ပါသည်။ ကျမ်းပြုသူ အမူကြင်ကိုယ်တိုင်ကလည်း မိမိဝတ္ထုကို ၁၂၆၅ ခု နတ်တော်လတွင် ပုံနှိပ်ထုတ်ဝေသည်။ ၀ယ်ယူ အားပေးကြသူများသဖြင့် ဒုတိယအကြိမ်အဖြစ် ၁၂၇၀ ပြည့်နှစ် တပေါင်းလတွင် ထပ်မံပုံနှိပ် ကြောင်း-
    “မြန်မာသက္ကရာဇ် ၁၂၆၅ ခု၊ နတ်တော်လအတွင်း၊ ဟာဂျီ မှန်၏သား မောင်ကြင်က၊ ဤကစ်စွာစုကို မြန်မာလို ထုတ်နုတ်ပြန်ဆို ရေးသားစီစဉ် သည့်အတိုင်း စက်တင်ပုံနှိပ် ရောင်းချရာ ၁၂၇၀ ပြည့်နှစ်အတွင်းတွင် ရိုက်နှိပ်ထားရှိသမျှ စာအုပ် အရေအတွက်များစွာ ကုန်ရောင်းချရသဖြင့် နောက်ထပ် မှာထားသူ မိတ်အများတို့ ကောင်းမွန်ရှင်းလင်းစွာ ၀ယ်ယူကြည့်ရှုကြရန် နီယပ်ဆွာလေဟာ စေတနာကောင်းရှေ့ထား၍ အထက်မှားယွင်းသော စာနေ စာသားတို့ကို ဆိုင်းတန်းမောင်လှတင် ကိုယ်တိုင်ကိုယ်ကြပ် တည်းဖြတ် သုတ်သင်စေပြီးလျှင် ၁၂၇၀ ပြည့် တပေါင်းလအတွင်းတွင် စက်တင်ပုံနှိပ်အောင်မြင် ပြီးစီးပါကြောင်း”
    ဟု ဖော်ပြထားသည်။ ကိုလိုနီခေတ်ဦးပိုင်း ဘာသာပြန် လက်ရာအဖြစ် မှတ်တမ်းပြုနိုင်ပါသည်။ မူရင်းအကြောင်းအရာက ပြည်သူတို့အထူး နှစ်လိုသော၊ လိုအပ်သော အကြောင်းအရာဖြစ်သဖြင့်-
    ခလီဖွာဘဒရွတ်ဒင် ဦးမြစ်က ၁၂၉၃ခု (၁၉၃၁)တွင် လည်းကောင်း၊ ဆရာဦးထွန်းကြွယ်က အစ္စလာမ်ပေါင်းချုပ်ကျမ်း အမည်ဖြင့် ၁၉၄၀ ပြည့် နှစ်တွင် လည်းကောင်း၊ မောင်မောင်ခင်(မန်း)က မဟာဝင်ကျမ်းအမည်ဖြင့် ၁၉၉၀ခုနှစ်တွင် လည်းကောင်း ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ထပ်မံဖန်တီး ရေးသား တင်ပြကြသည်ကို တွေ့ရသည်။ အောင်မြင်ကြပါသည်။
    အမူကြင်သည် မိမိ၏ ၀တ္ထုတွင် “အာယတ်တော် နှင့် သိရသည်”၊ “တဖွစေရ် အလိုကား”၊ “ရေ၀ါယပ် ပြုသည်”၊ “ရေ၀ါယပ် ရှိသည်မှာ”၊ “အိုလ်မာ တို့အဆိုမှာ”၊ “ဟဒစ်ဆ်တော် တွင် ဟောတော်မူ၍” စသည့် စကားများဖြင့် ကုရ်အာန်ဟဒီးဆ် ဖေကာဟူသည့် ခိုင်မာသည့် အထောက်အထားများဖြင့်သာ ရေးသည်။ မိမိစိတ်ကူးဖြင့် ချဲ့ချဲ့ထွင်ထွင် ရေးသားခြင်းမပြုကြောင်း သိရှိစေသည်။
    အမူကြင်၏လက်ရာတွင်- ကွဒ်ဒရပ်တော်၊ မိုရှာဟေဒါပြု၊ တစဗျီ ပြု၊ တွဝဖ်လှည့်၊ စိဂျဒါပြု၊ အေဗာဒတ်ပြု၊ ဒွန္နယာ၊ လောင်ကလာမ်၊ အာယတ်တော်၊ တဖွစေရ်၊ ဗဟစ်ရှ်၊ မိုနာဂျတ်၊ အေလင်မ်၊ ဗကာ၊ ဗန္နာကျေတတ်ဘ်၊ ကယမ်ပြု၊ ရကူပြု၊ ကအေဒါ၊ အဒဘ်များ၊ ကစ်စွာပြု၊ ဂိုနာဂါရ်၊ ဗရကတ်ရှိ၊ ဗဟစ်ရှ်၊ အိုလမာ၊ စွရ်မာ၊ စလာမ်၊ အမလ်နာမာ၊ ယောင်မလ်မြိဇဘ်၊ အာခေရ် ဇမာနာ၊ တောင်ဘာကဗူလ်စသည့် အရဗီ ဝေါဟာရများကို ဖောဖောသီသီ သုံးသည်။ မက်မက်မောမောသုံးသည်။
    အပြစ်ဂွန္နာ၊ ဆုတောင်းမေတ္တာဒိုအာ၊ စွဗရ်သည်းခံတရား၊ နဲအမတ် စည်းစိမ်၊ ကျေးဇူးတော်တင်ခြင်း ရှီကွရ်ပိုင်ဒါဖန်ဆင်း၊ ဘီလူးသဘက် ဒေယောင်၊ နတ်သမီးဟု ဆိုအပ်သော ပရီ၊ ဒိုဇခ်မီးငရဲ၊ ချီးမြှင့်ထောမနာ  တစမျိယာ၊ တဂျံလီယပ်ပူပြင်းသည့် ရောင်ခြည်တော်၊ ကိုရအံကျမ်းတော်၊ ကိုယ်စားလှယ်ခလီဖွာ၊ ယာရဗ်မွေးမြူ ဖန်ဆင်းတော်မူသောအရှင်၊ မရ်တဗာ ကြီးမြတ်ခြင်း၊ ဟိုရ်နတ်သမီး၊ အစွာဒုတ်၊ ၀ိဥာဉ်ရူဟ်စသည့် စကားသုံးများ လည်းပါရှိပါသည်။ မြန်မာစာပေ ဖွံ့ဖြိုးဝေဆာလာအောင် ထည့်ဝင်မှုများဟု ယူနိုင်ပါသည်။
    ရစူလွလ်လာ၊ အာဒမ်ပိုင်ဂံဗရ်၊ ရှစ်သ်ပိုင်ဂံဗရ်၊ အစ်ဒရစဩပိုင်ဂံဗရ်၊ နူဟွန်ပိုင်ဂံဗရ်၊ အစ်ဟတ်နဗျီ၊ အစ္စမာအေလ်နဗျီ စသည်ဖြင့် ရစူ၊ နဗျီ၊ ပိုင်ဂံဗရ် ဟု မူရင်းအတိုင်း တစိုက်မတ်မတ် သုံးခြင်းမှာ ထူးခြားပါသည်။ နှောင်းသူတို့က တမန်တော်ဟု အစဉ်တစိုက် ဖော်ပြသည့် ဝေါဟာရ ဖြစ်ပါ သည်။
    အာဒမ်၊ အစ်ဗလစ်၊ ချစ်သား၊ အဗ်ဒွလာ၊ နာမရွတ်၊ သူတော်ကောင်းအပေါင်းတို့ စသည့် အာလပနပုဒ်များကား ကျမ်းပြု၏ မြန်မာမှုအလေ့အလာ ကို ဖော်ပြနေသည်ဟု ဆိုနိုင်ပါသည်။
    ဖွရစ်ရှ်တာများ အရှင်မြတ်အား ခဏမလပ် အေဘာဒတ်နှင့် မိုးကောင်းကင်မှ ခ၀ပ်နေကြောင်းကို ဖော်ကျူးပြီး
    “ယခုဆိုခဲ့သော ဖွရစ်ရှ်တာများအား စာနာအကြောင်း၊ စဉ်းစားကောင်းလှ၊ ဦးခါင်းမကြွ၊ တသမလပ်၊ အေဘာဒတ် နှင့်၊ မပြတ်နေရန်၊ ထိုက်တန်ချေ၏။ သို့ဖြစ်ပါ၍ သူတော် ကောင်းအပေါင်းတို့၊ တစ်ဦးတစ်ဦး၊ တိုက်တွန်းနှိုးဆော်ပြီးလျှင်၊ မကောင်းဟာဖြတ်၊ ကောင်းရာကပ်ဖို့၊ တရားပညတ်၊ ထင်လျား လပ်သော၊ ငါးရပ်နမာဇ်၊ မပျက်ဖတ်ခြင်း၊ တစ်နှစ်တစ်ခါ၊ မြတ်ရိုဇာကို၊ ကောင်းစွာတစ်လ၊ စောင့်ထိန်းကြခြင်း၊ စရိတ်စက၊ ဓနကြေးငွေ၊ ကုန်နိုင်ပေက၊ မသွေမကွက်၊ တစ်သက်တစ်ခါ၊ ပြုစရာဟဂ်ျ၊ မြို့မြတ်မကာ၊ ကအဗာတော်သို့ သွားခြင်း၊ ကြေးငွေသွယ်သွယ်၊ ပြည်ကြွယ်သည့်ခါ၊ မြတ်ရှရာနှင့်၊ ညီစွာမလွဲ၊ ဆင်းရဲပင်ပန်း၊ နွမ်းနယ် ဒုက္ခ၊ မရှိသူတို့အား၊ ဇကတ် ခိုင်ရတ်ပြုခြင်း၊ ညဥ့်နေ့မခြား၊ အားလပ်သမျှအချိန်တွင်၊ ဇကျေရ်ပြုခြင်း၊ တစဗျီပြုခြင်းများနှင့် အနည်းငယ်မျှ၊ အေဘာ ဒတ်ဟူ၍၊ ထင်မှတ်ပြီးသော်၊ ဖွရစ်ရှ်တာများကို အားကျလျက် အမလ် အေဗာဒတ်ပြုကြမှသာ၊ အင်စံလူဖြစ် ကျိုး နပ်ချေမည်။     သတိတရား မယွင်းမှားဘဲ၊ ရှေ့ထားဝီရိ လုံ့လဖိလျက်၊ တည့်တည့်မတ်မတ်၊ အေဘာဒတ်တွင်၊ သက်ဝင်ကိုးစား၊ ကြိုးစားကြိုးကုတ်၊ အားထုတ် စေရန်၊ ရည်သန်စိတ်ထားနှင့် သတိပေးစကား ရေးသားဖော်ပြလိုက်ပါသည်။ (၁၈)”
    ဟု ဆိုထားသည်။
    ကဗျာဆန်သော ကာရန်ဖောက်စကားပြေဖြစ်၍ ရွတ်ရလွယ်သည်။ နာရ ချိုမြိန်ပါသည်။ မှတ်ရလွယ်သည်။ ကျမ်းပြုသူ၏ ဖခင်ကြီး ဂန္တ၀င် စာဆို၏ ကဗျာများကို အမှတ်ရစေသည်။
    ကျမ်းပြုအမူကြင်၏ လက်ရာများတွင် ဂန်ဂျွလ်အာရတ်ရှ် ဒိုအာလည်း ပါဝင်ကြောင်း၊
    “ကျွန်ုပ်တို့၊ အရင်ထုတ်နုတ်ပုံရိုက်ထားသော ဂန်ဂျွလ် အာရရှ်ဒိုအာဘုတ်အုပ်”
    ဟု ဤကျမ်းတွင် ဖော်ပြချက်အရ သိရပါသည်။
    အမူကြင်သည် မိမိနည်း မိမိဟန်ဖြင့် ကိုလိုနီခေတ်ဦး ဘာသာပြန် ကဏ္ဍကိုကြွယ်ဝစေရန် ကြိုးပမ်းခဲ့သည်ဟု ဆိုနိုင်ပါသည်။
    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
  • ကိုလံဘီယာတွင် ဘုရားကျောင်းမှ ပြန်လာသည့် ဘတ်စ်ကားမီးလောင် ကလေးငယ် ၃၁ ဦးသေဆုံး
    မေ ၁၉၊ ၂၀၁၄
    M-Media
    201451981549598734_20
    –  ကလေးများကို တင်ဆောင်ကာ တနင်္ဂနွေဘုရားဝတ်ပြုမှုအပြီး ပြန်လာသည့် ကိုလံဘီယာရှိ ဘတ်စ်ကားတစ်စီးမှာ ယမန်နေ့က ပေါက်ကွဲမီးလောင်ခဲ့ပြီး ကလေးငယ် ၃၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    နိုင်ငံမြောက်ပိုင်း ဖန်ဒါစီယွန်မြို့တွင် ယမန်နေ့ မွန်းတည့်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူကြီးတစ်ဦးအပါအ၀င် ကလေး ၂၅ ဦးမှာလည်း ဒုတိယနှင့် တတိယအဆင့် မီးလောင်ဒဏ်ရာများရရှိကာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်ဟု ကိုလံဘီယာ ကြက်ခြေနီလုပ်သားတစ်ဦးကပြောကြားခဲ့သည်။ ထိုဘတ်စ်ကားပေါ်တွင် လိုက်ပါသွားသည့် ကလေးငယ်များမှာ အသက် ၁နှစ်မှ ၈ နှစ်အတွင်းရှိသည်။ 
    စက်ချို့ယွင်းမှုကြောင့် ပေါက်ကွဲခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း၊ ဘတ်စ်ကားယာဉ်မောင်းမှာ ကားပေါ်ပါလာသည့် ဓာတ်ဆီကွန်တိန်နာအား ကိုင်တွယ် နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အသက်ရှင်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။ ဘတ်စ်ကားမောင်းသူမှာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးသွားခဲ့ပြီး ဒေသခံများမှာ ဒေါ်သထွက်ကာ ၎င်း၏နေအိမ်သို့ သွားရောက်၍ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ 
    အခင်းဖြစ်ပွားရာနေရာသို့ ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က သွားရောက်ခဲ့သည်။ 
    Ref : Aljazeera
  • ယခုနှစ် ဂျူဗင်တပ်စ် အောင်မြင်မှုမှာ အသင်း သမိုင်းတွင် မမေ့နိုင်သည့်နေ့ ဖြစ်လာမည်ဟု နည်းပြ ကွန်တီဆို 
    ယခုနှစ် ဂျူဗင်တပ်စ် အောင်မြင်မှုမှာ အသင်း သမိုင်းတွင် မမေ့နိုင်သည့်နေ့ ဖြစ်လာမည်ဟု နည်းပြ ကွန်တီဆို 
    မေ ၁၉၊ ၂၀၁၄
    M-Media
    407142_heroa
    – စီးရီးအေချန်ပီယံဖြစ်ခဲ့ပြီး စံချိန်တင် ၁၀၂ မှတ်ဖြင့်ရာသီသိမ်းခဲ့သည့် ယခုနှစ်ရာသီမှာ ဂျူဗင်တပ်စ်သမိုင်းတွင် မမေ့နိုင်စရာနေ့တစ်နေ့ဖြစ်မည်ဟု နည်းပြ ကွန်တီက ပြောကြားခဲ့သည်။
    ဂျူဗင်တပ်စ်အသင်းမှာ ကယ်ဂလီယာရီကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲရခဲ့ကာ စံချိန်တင်နိုင်ခဲ့သည်။ ကွန်တီကလည်း အသင်းသားများကို ချီးကျူးခဲ့သည်။ 
    “အခုအချိန်အထိ အသင်းအသားတွေအားလုံး အကောင်းဆုံးဖြစ်နေပါတယ်။ သူတို့ဟာ အားလုံးထက် သာလွန်ခဲ့ပြီး သူတို့လုပ်ခဲ့တာတွေကလည်း ထူးခြားတဲ့အရာပါပဲ။ သူတို့ကို ကျေးဇူးတင်ကြောင်း” ဟု ကွန်တီ၏ ပြောကြားချက်အား ဂျူဗင်တပ်စ်အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။ 
    ဆီနာအသင်းမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့လာခဲ့ပြီး စီးရီးအေချန်ပီယံဆုအား ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ကွန်တီက ရိုမားအသင်းကိုလည်း ချီးကျူးပြောဆိုခဲ့သည်။
    Ref : Goal
  • တူရကီ မိုင်းတွင်း သေဆုံးသူများ၏ မိသားစုများ အတွက် ကန်ဒေါ်လာ ၁ သန်း ဒရော့ဘာ လှူဒါန်း
    တူရကီ မိုင်းတွင်း သေဆုံးသူများ၏ မိသားစုများ အတွက် ကန်ဒေါ်လာ ၁ သန်း ဒရော့ဘာ လှူဒါန်း
    မေ ၁၉၊ ၂၀၁၄
    M-Media
    406569_heroa
    – တူရကီနိုင်ငံ ဆိုမာမြို့ရှိ မိုင်းတွင်းပေါက်ကွဲမှုတွင် သေဆုံးသွားသူများ၏ မိသားစုများအတွက် ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာက ကန်ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့သည်ဟု သိရသည်။
    ဒရော့ဘာမှာ တူရကီကလပ် ဂါလာတာစာရေးတွင် ကစားနေသူဖြစ်ပြီး ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် ဂါလာတာစာရေးကစားသမားများမှာ မိုင်းလုပ်သားများကို အားပေးသောအားဖြင့် မိုင်းလုပ်သားဦးထုပ်များ ဆောင်းခဲ့ကြသည်။ 
    “ကျွန်တော်ဟာ ကုလသံတမန်တစ်ဦးဖြစ်ပြီး ဆိုမာက ပြည်သူတွေကို ကူညီနိုင်တာတွေအားလုံးကို ကျွန်တော်ဆောင်ရွက်သွားမှာပါ။ ဒါပေမယ့် ကျွန်တော့်နာမည်ကိုအသုံးချတာမျိုးကိုတော့ မကြိုက်ပါဘူး။ ဒီလိုကိစ္စမျိုးကို အသုံးချပြီးတော့ နာမည်ကြီးအောင်လုပ်တဲ့အထဲမှာ ကျွန်တော်မပါပါဘူး” ဟု ဒရော့ဘာက ပြောကြားခဲ့သည်။ 
    အဆိုပါ မိုင်းတွင်းမှာ မေလ ၁၃ ရက်နေ့က မီးလောင်ကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ၁၅ ရက်နေ့အထိ ဆက်လက်လောင်ကျွမ်းခဲ့ပြီး လူပေါင်း ၃၀၁ ဦးသေဆုံးခဲ့သည်။ 
    Ref : Goal
  • နစ်မြုပ် ခရီးသည်တင် သင်္ဘော အတွက် တောင်ကိုရီးယား သမ္မတ တရားဝင်တောင်းပန်
    နစ်မြုပ် ခရီးသည်တင် သင်္ဘော အတွက် တောင်ကိုရီးယား သမ္မတ တရားဝင်တောင်းပန်
    မေ ၁၉၊ ၂၀၁၄
    M-Media
    နစ်မြုပ်ခရီးသည်တင် သင်္ဘောအတွက် တောင်ကိုရီးယား သမ္မတ တရားဝင်တောင်းပန်၊ ကမ်းခြေစောင့် တပ်ဖွဲ့အား ဖျက်သိမ်းကာ ကယ်ဆယ်ရေးဌာန အချို့ အပြောင်းအလဲဖြစ်မည်။
    140518211501-park-geun-hye-horizontal-gallery
    – ပြီးခဲ့သည့်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ခရီးသည်တင်သင်္ဘောနစ်မြုပ်မှုအတွက် တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးက ယနေ့တွင် တရားဝင် တောင်းပန် လိုက်ပြီး အာဏာပိုင်းများနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စန်စများကိုလည်း ပြောင်းလဲသွားမည်ဟု ပြောကြားခဲ့သည်။
    “ပြည်သူတွေရဲ့ အသက်တွေနဲ့ လုံခြုံရေးအတွက် သမ္မတ တစ်ယောက်အနေနဲ့ တာဝန်ရှိတဲ့အတွက်ကြောင့် ပြည်သူတွေ ခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် နှစ်နှစ် ကာကာကို တောင်းပန်ပါတယ်။ ဒီအဖြစ်အပျက်ကို ပြည့်ပြည့်၀၀ မဆောင်ရွက်နိုင်ခဲ့တာ အားလုံးဟာ ကျွန်မရဲ့တာဝန်ပါပဲ” ဟု ပတ်ဂျုံဟေးက ရုပ်မြင်သံကြားမှနေ၍ တစ်နိုင်ငံလုံးအား တောင်းပန်ခဲ့သည်။
    အခြားသူများအား အသက်စွန့် ကယ်တင်ခဲ့သူများ အကြောင်းပြောကြားရာတွင် ပတ်ဂျုံဟေးမှာ ငိုကြွေးခဲ့ပြီး ၎င်းတို့အား အမျိုးသား သူရဲကောင်းများဖြစ်သည်ဟု ပြောကြား ခဲ့သည်။ ထို့ပြင် သင်္ဘောနစ်မြုပ်ခဲ့သည့် ဧပြီ ၁၆ ရက်နေ့ကိုလည်း အမျိုးသားဘေး အန္တရာယ်ကင်းရှင်းရေးနေ့ အဖြစ်သတ်မှတ်ရန် အဆိုပြုခဲ့ကာ သင်္ဘော နစ်မြုပ်မှုတွင် အချိန်မီကယ်ဆယ်ရန် ပျက်ကွက်ခဲ့သည့် ကမ်းခြေစောင့် တပ်ဖွဲ့ကိုလည်း ဖျက်သိမ်းမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ပြည်သူ့ရေးရာ ကိစ္စများအား ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးနှင့် လုံခြုံရေး ၀န်ကြီးဌာနက သီးသန့်ကို င်တွယ်သွားမည်ဖြစ်ပြီး ရေကြောင်းစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အမျိုးသား ဘေး အန္တရာယ် ကာကွယ်ရေးရုံး လက်အောက်တွင် ထည့်သွင်းသွားမည်ဖြစ်သည်။ 
    သင်္ဘောပေါ်တွင် လိုက်ပါသွားခဲ့သည့် ခရီးသည် ၄၇၆ ဦးအနက် ၁၇၂ ဦးကိုသာ ကယ်တင်နိုင်ခဲ့ကာ၂၈၆ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ 
    Ref : Xinhua