News @ M-Media

Blog

  • ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး ဖြစ်နေသော်လည်း တောင်တရုတ် ပင်လယ်တွင် ရေနံ ဆက်တူးမည်ဟု တရုတ်ဗိုလ်ချူပ်ပြော

    မေ ၁၆၊ ၂၀၁၄
    M-Media

    chinese-people-s
    – တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသည့် ရေပိုင်နက်တွင် ရေနံစင်ချထားမှုကြောင့် ဗီယက်နမ်တွင် လူသေဆုံးသည်အထိ တရုတ် ဆန့်ကျင်ရေး ဖြစ်ပွားခဲ့သော်လည်း ရေနံတူးဖော်ရေး လုပ်ငန်းများကို ဆက်လုပ်သွားမည်ဟု တရုတ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဖန်းဖန်ဟွေက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ထိုရေနံတူးဖော်မှုအား ရပ်တန့်ရန်အတွက် ဗီယက်နမ်က သင်္ဘောများ စေလွှတ်ထားခြင်းနှင့် ပတ်သက်၍ “မိမိတို့ လက်မခံနိုင်သည့် ကိစ္စ” ဟု ဖန်းဟွေက ပင်တဂွန်ဆွေးနွေးမှု အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မိမိတို့မှာ တောင်တရုတ် ပင်လယ် အရေးတွင် ချုပ်တည်းခဲ့ပြီး ယခုမှစ၍ ရေနံ တူးဖော်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်း အချို့နိုင်ငံများမှာ ထိုလုပ်ငန်းများ လုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဗီယက်နမ်နိုင်ငံကမူ တရုတ်၏ ပိုက်နက်ဖြစ်ကြောင်း ကြေညာမှုကို အသိအမှတ် မပြုဘဲ အမေရိကန်ကလည်း ယခုကဲ့သို့ ရန်စသော လုပ်ရပ်အတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်၏ အာရှဒေသ ချိန်ညှိရေး မဟာဗျူဟာကို အချို့သောနိုင်ငံများက အသုံးချကာ တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ် တို့တွင် ပြဿနာများဖြစ်ပွားရန် လှုံ့ဆော်နေသည်ဟု ဖန်ဟွေက ထည့်သွင်းပြောကြားခဲ့သည်။

    ဗီယက်နမ်တွင် အင်္ဂါနေ့မှ စတင်ကာ ၂ ရက်ကြာဖြစ်ပွားခဲ့သော တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ အတွင်း တရုတ် လူမျိုးများ အပါအ၀င် လူ ၂၀ ကျော်သေဆုံးခဲ့သည်။ ထိုကိစ္စအတွက် တရုတ် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကိုလည်း ဗီယက်နမ်သို့ စေလွှတ်ထားသည်။

    Ref: AFP/de

  • MERS ဗိုင်းရပ်စ်ကြောင့် ဆော်ဒီတွင် သေဆုံးသူ ၁၆၀ ထိ ရှိလာ၊ အခြားနိုင်ငံများတွင်လည်း ဖြစ်ပွားနေ

    မေ ၁၆၊ ၂၀၁၄
    M-Media

    – အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ် MERS ကြောင့် လူ ၃ ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဆော်ဒီကျန်းမာရေးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ထိုဗိုင်းရပ်စ်ကြောင့်သေဆုံးသူမှာ ၁၆၀ အထိ ရှိလာပြီဖြစ်သည်။

    saudi-mers-masks

    သေဆုံးသွားသူများမှာ အသက် ၅၄ နှစ်မှ ၇၂ နှစ်အရွယ်ရှိ သက်ကြီး ရွယ်အိုများဖြစ်ကြသည်။ MERS ဗိုင်းရပ်စ် ကူးစက်မှုကို ၂၀၁၂ ခုနှစ်တွင် ဆော်ဒီ၌ စတင်တွေ့ရှိခဲ့ရပြီး၊ ယခုအချိန်အထိ ကူးဆက်မှု ၅၁၄ ခု ရှိနေပြီဟု မှတ်တမ်းများအရ သိရသည်။ အီဂျစ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ နယ်သာလန်၊ ယူအေအီးနှင့် အမေရိကန်နိုင်ငံများတွင်လည်း အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးဆက်သူများကို တွေ့ရှိခဲ့ရပြီး ထိုသူများမှာ ဆော်ဒီသို့ ရောက်ဖူးသူများဖြစ်ကြသည်။

    ကူးစက်မှုကို တားဆီးထိန်းချုပ်ရန်၊ ဗိုင်းရပ်စ်၏ အချက်အလက်များကို ပိုမိုစုဆောင်းရန်နှင့် အာဖရိကကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသော နိုင်ငံများသို့ ပြန့်ပွား မသွားအောင် တားဆီးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းထားသည်။ လက်ရှိအချိန်အထိ MERS ဗိုင်းရပ်စ်အား သေစေနိုင်သည့် ဆေးမရှိသေးပေ။

    MERS ဗိုင်းရပ်စ် မှာ ၂၀၀၃ ခုနှစ်က ပြန့်ပွားခဲ့သည့် ဆားစ် ဗိုင်းရပ်စ်နှင့် ဆင်တူပြီး ဆားစ်ရောဂါကဲ့သို့ပင် ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အပူချိန်မြင့်မားခြင်းနှင့် အဆုတ်ရောဂါတို့ ဖြစ်ပွားနိုင်သည်။ ထို့ပြင် MERS ဗိုင်းရပ်စ်မှာ ကျောက်ကပ်ရောဂါလည်း ဖြစ်ပွားစေနိုင်သည်။

    Ref: AFP, Riyadh

    mers-infographic-data

     

  • အမိမြေမှ စွန့်ခွာခဲ့ရသည့် ၆၆ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ပါလက်စတိုင်းတို့ ပြုလုပ်

    မေ ၁၆ ၊ ၂၀၁၄
    M-Media
    973-1kdGSA.AuSt.55
    – ပြည်ပမှဝင်ရောက်လာသည့် ဂျူးများမှ အစ္စရေးနိုင်ငံ တည်ထောင်ခဲ့သည့် ၁၉၄၈ ခုနှစ်က အမိမြေအား စွန့်ခွာခဲ့ရသော အထိမ်းအမှတ် အခမ်းအနားကို ပါလက်စတိုင်း ဒေသတစ်ဝိုက်၌  မေလ ၁၄ ရက်နေ့က  ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ရာမာလာနှင့် အနောက်ဘက်ကမ်းခြေတွင် Nakba နေ့ စတင်ခဲ့ပြီးနောက် ၆၆ နှစ်ကြာမြင့်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ၆၆ စက္ကန့်ကြာ ဥသြဆွဲခဲ့ပြီး အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြောက်ဒေသတို့၌လည်း ပါလက်စတိုင်းပြည်သူထောင်ပေါင်းများစွာတို့မှာ ဆန္ဒထုတ်ဖော်မှုများ၊ ချီတက်မှုများ ပြုလုပ်ခဲ့ကြသည်။ အမိမြေက စွန့်ခွာခဲ့ရသည့် နေ့ကို ပါလက်စတိုင်းများက Nakba ဟု ခေါ်ဆိုသည်။

    ၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံထူထောင်သည်ဟု ကြေညာခဲ့သောကြောင့် ဒေသခံပါလက်စတိုင်းများနှင့် အာရပ်နိုင်ငံများ၏ ၀ိုင်းဝန်းတိုက်ခိုက်မှုကို အစ္စရေးက ကျော်ဖြတ်နိုင်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုအတွင်း ဒေသခံ ပါလက်စတိုင်းပြည်သူ သောင်းချီမှာ အတင်းအဓမ္မ မောင်းထုတ်ခံခဲ့ရသည်။

    ဒုတိယကမ္ဘာစစ်အတွင်းက ဒုက္ခခံစားခဲ့ရသည့် အရှေ့ဥရောပမှ ဂျူးများမှာ ပါလက်စတိုင်း ပိုင်နက်အတွင်းသို့ ဝင်ရောက်လာကာ အမေရိကန်နှင့် အချို့အင်အားကြီးနိုင်ငံများ၏ စစ်ရေး အကူအညီဖြင့် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

    Photo- AP
    Ref: AP and Al Arabiya

  • အာရပ်နွေဦးသည် အနောက်တိုင်း၏ အကြံအစည်ဟု အလ်အဇ်ဟရ် တက္ကသိုလ် အဓိပတိ အိမာမ်မှ ပြောကြား

    မေ ၁၆ ၊ ၂၀၁၄
    M-Media
    Ahmed El-Tayeb
    ကိုင်ရို။    ။ အလ်အဇ်ဟရ် တက္ကသိုလ်မှ အိမာမ်ကြီး ရှိုင်းခ် အဟ်မဒ် အလ်သွိုင်ယစ်ဘ် က အာရပ်နွေဦးတော်လှန်ရေးများသည် အာရပ်နိုင်ငံများ အစိပ်စိပ် အမြွာမြွာပြိုကွဲပြီး ကိုလိုနီ လက်အောက်ခံပြန်ဖြစ်ရေးအတွက် အနောက်တိုင်းမှ အကြီးစားကြံစည်ချက် အစိပ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်သည်။

    “ အာရပ်နွေဦးတော်လှန်ရေးတွေဟာ အချို့အာရပ်နိုင်ငံများအတွက် ကောင်းကျိုးအနည်းငယ် သယ်ဆောင်လာခဲ့တာ မှန်ပေမယ့် ဒီတော်လှန်ရေးတွေထဲက တစ်ချို့ကျတော့ ကျန်တဲ့တိုင်းပြည်တွေကို ကွဲပြဲပိုင်းခြားစေရေး အကြံအစည်ကြီး တစ်ခုရဲ့ အစိတ်အပိုင်း သာဖြစ်ခဲ့တယ် ” ဟူ၍ စွန္နီကမ္ဘာ၏ အဆင့်အမြင့်ဆုံး သင်ကြားရေးနေရာ ရထားသူ အလ် သွိုင်ယစ်ဘ်မှ El-Hayat El-Youm အစီအစဉ်၌ မေလ ၁၁ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြောင်း Al-Arham သတင်းစာက ဖော်ပြသည်။

    “ အီရတ်ကို လက်နက်အပြည့်အစုံတပ်ဆင်ထားခဲ့တဲ့ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်။ ပြီးတော့ အီရတ် ပျက်စီးပြီးသွားတဲ့ အခါမှသာ ပြန်ဆုတ်ခွာ သွားခြင်းဖြစ်တယ် ” ဟူသောစကားဖြင့် သူ၏အဆိုကို ထပ်လောင်းအတည်ပြုခဲ့သည်။

    သမ္မတ မုဟမ္မဒ် မူရ်စီအား စစ်တပ်မှ ဖြုတ်ချလိုက်ပြီးကတည်းက ဤသည်မှာ အလ် သွိုင်ယစ်ဘ်၏ ပထမဆုံးအကြိမ် ရုပ်မြင်သံကြား အင်တာဗျူးတွင် ပြောဆိုခြင်းဖြစ်သည်။ အနောက်တိုင်းနိုင်ငံရေးသမားတို့သည် အစ္စလာမ့်ယဉ်ကျေးမှုကိုဆန့်ကျင်သော သူတို့၏ အရောင်အသွေး အစစ်အမှန်ကို ပြသခဲ့ပြီးဖြစ်သည်ဟု ၎င်း ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားဌာနမှ တဆင့် အလ်သွိုင်ယစ်ဘ်က အတည်ပြုပြောကြားခဲ့၏။ အခြားနိုင်ငံများတွင်လည်း အနေအထားက ပိုမိုကောင်းမွန်လာခဲ့သည် မရှိချေ။ ဆီးရီးယားပြည်တွင်းစစ်က သိန်းနှင့်ချီသောပြည်သူတို့အား အိုးအိမ်မဲ့ဘ၀သို့ တွန်းပို့လိုက်ပြီး အိမ်နီးချင်းနိုင်ငံများ၌ ဒုက္ခသည်များအဖြစ် ရောက်သွားစေခဲ့ပေသည်။

    အရှေ့တိုင်းနှင့် ဆက်ဆံမှုအား အနောက်တိုင်းမှ ဆက်ဆံမှုကောင်းမွန်ရေးနှင့် သဟဇာတ သင့်မြတ်ရေးထက် စစ်ပွဲတစ်ရပ် အသွင်ဖြင့် တွေးခေါ်သည့် အကြောင်းကို သူက “ သိပ္ပံပညာဟာ လူသားတွေရဲ့ အပြန်အလှန်ကောင်းကျိုးဖြစ်တဲ့အကြောင်းကို ဥပေက္ခာပြုထားပြီး  အရှေ့တိုင်းက အဖိုးတန်အမွေအနှစ်တွေအပေါ် ထိန်းချုပ်နိုင်ရေးအတွက် အနောက်တိုင်းက တလွဲသီအိုရီတွေကို တီထွင်ထားတယ်။ ယခုချိန်တိုင်အောင် အနောက်တိုင်းက အရှေ့တိုင်းနဲ့ မဆုံစည်းသေးဘူး။ ပညာရေး တစ်ကျော့ပြန် ထွန်းတောက်တဲ့ ခေတ်ကတည်းက အရှေ့တိုင်းနဲ့အနောက်တိုင်းအကြားမှာ ထိစပ်ချိတ်ဆက်မှုရှိသွားနိုင်ပြီလို့ အလ်အဇ်ဟရ်ပညာရှင်တွေ ခန့်မှန်းထားကြသော်လည်း ကျယ်ပြန့်တဲ့ကွာဟချက်က ကြီးထွားနေတုန်းပါပဲ ” ဟု ဆိုလိုက်သည်။

    အာရပ်နွေဦးတော်လှန်ရေးသည် တူနီးရှား၊ အီဂျစ်၊ ယီမင်၊ လစ်ဗျားနှင့် ဆီးရီးယား၌ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ အီဂျစ်နှင့် တူနီးရှား နှစ်နိုင်ငံထဲ၌သာ သမ္မတဟောင်းများဖြစ်ကြသော မုဘာရပ်က် နှင့် ဘင်န်အလီအား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုဖြင့် ဖယ်ရှားနိုင်ခဲ့ကြသည်။ ရှေ့ဆက်၍ လစ်ဗျားပြည်သူတို့က ဖြုတ်ချရေးကို ပြုလုပ်ပြီး ဂဒါဖီအား သေတွင်းသို့ ပို့လိုက်ကြသည်။

    အီဂျစ်၌ တော်လှန်ရေး သုံးနှစ်ကြာသော် မူရ်စီအား နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျရွေးချယ်သည့် သမ္မတ အဖြစ် တင်မြှောက်နိုင်ခဲ့သည်။ သူ့လက်ထက်တွင်လည်း ဆန္ဒပြမှုဖြစ်ပေါ်ပြီးနောက် ကာကွယ်ရေး ၀န်ကြီးဟောင်းမှ သူ့အား ပြီးခဲ့သည့် ဇူလိုင်လတွင် ဖြုတ်ချခဲ့ပြန်သည်။

    Ref: OnIslam & Newspapers

  • မြန်မာ-အင်ဒို ဗီဇာ ကင်းလွတ်ခွင့် နိုင်ငံခြားရေး ၀န်ကြီးများ လက်မှတ်ရေးထိုး

    မေ ၁၅ ၊ ၂၀၁၄
    M-Media

    – သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    02077825443083033084032118511478

    နေပြည်တော်တွင် ပြီးခဲ့သည့် စနေနေ့က ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာ၊ အင်ဒို နှစ်နိုင်ငံ သီးခြားပြုလုပ်သော အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသည့် ဦ၀ဏ္ဏမောင်လွင်နှင့် မာတီနာတီလီဂီဝါတို့က ထိုသဘောတူညီချက်အား လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

    အဆိုပါသဘောတူညီချက်မှာ နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေးတိုးတက်မှုကို အထောက်အကူပြုရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်မှုတိုးမြှင့်ရေးနှင့် ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြို့ရေးတို့ အတွက် အရေးကြီးသည်ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မာတီက ပြောကြားခဲ့သည်။

    “အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံအကြားက ဆက်ဆံရေးဟာ သမိုင်းရှုထောင့်အရ ကြည့်ရင် သိပ်ကောင်းပါတယ်။ ဒီမိုကရေစီပြောင်းလဲရေးမှာလည်း နှစ်နိုင်ငံစလုံးဟာ အတွေ့အကြုံတွေရှိကြပါတယ်” ဟု ၎င်းကဆိုသည်။

    ယခုသဘောတူညီချက်မှာ၂၀၀၆ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့က  ကွာလာလမ်ပူတွင် လက်မှတ်ရေးထိုးခဲ့သည့် အာဆီယံဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် အရ ၂၀၁၅ ခုနှစ် အာဆီယံ ဘုံဗီဇာ စနစ်ဖြစ်ရေး ဦးတည်သည့် ခြေလှမ်းတစ်ရပ်လည်းဖြစ်သည်။

    ခရီးသွားကဏ္ဍမှလွဲ၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း နှစ်နိုင်ငံလုံးက ရည်မှန်းထားကြသည်။ ယခု သဘောတူညီချက်အရ နှစ်နိုင်ငံ အပြန်လှန်ကုန်သွယ်ရေးမှာ ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဘီလီယံ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။

    – BERNAMA