News @ M-Media
Blog
  • နစ်မြုပ် ခရီးသည်တင် သင်္ဘော အတွက် တောင်ကိုရီးယား သမ္မတ တရားဝင်တောင်းပန်
    နစ်မြုပ် ခရီးသည်တင် သင်္ဘော အတွက် တောင်ကိုရီးယား သမ္မတ တရားဝင်တောင်းပန်
    မေ ၁၉၊ ၂၀၁၄
    M-Media
    နစ်မြုပ်ခရီးသည်တင် သင်္ဘောအတွက် တောင်ကိုရီးယား သမ္မတ တရားဝင်တောင်းပန်၊ ကမ်းခြေစောင့် တပ်ဖွဲ့အား ဖျက်သိမ်းကာ ကယ်ဆယ်ရေးဌာန အချို့ အပြောင်းအလဲဖြစ်မည်။
    140518211501-park-geun-hye-horizontal-gallery
    – ပြီးခဲ့သည့်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ခရီးသည်တင်သင်္ဘောနစ်မြုပ်မှုအတွက် တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးက ယနေ့တွင် တရားဝင် တောင်းပန် လိုက်ပြီး အာဏာပိုင်းများနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စန်စများကိုလည်း ပြောင်းလဲသွားမည်ဟု ပြောကြားခဲ့သည်။
    “ပြည်သူတွေရဲ့ အသက်တွေနဲ့ လုံခြုံရေးအတွက် သမ္မတ တစ်ယောက်အနေနဲ့ တာဝန်ရှိတဲ့အတွက်ကြောင့် ပြည်သူတွေ ခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် နှစ်နှစ် ကာကာကို တောင်းပန်ပါတယ်။ ဒီအဖြစ်အပျက်ကို ပြည့်ပြည့်၀၀ မဆောင်ရွက်နိုင်ခဲ့တာ အားလုံးဟာ ကျွန်မရဲ့တာဝန်ပါပဲ” ဟု ပတ်ဂျုံဟေးက ရုပ်မြင်သံကြားမှနေ၍ တစ်နိုင်ငံလုံးအား တောင်းပန်ခဲ့သည်။
    အခြားသူများအား အသက်စွန့် ကယ်တင်ခဲ့သူများ အကြောင်းပြောကြားရာတွင် ပတ်ဂျုံဟေးမှာ ငိုကြွေးခဲ့ပြီး ၎င်းတို့အား အမျိုးသား သူရဲကောင်းများဖြစ်သည်ဟု ပြောကြား ခဲ့သည်။ ထို့ပြင် သင်္ဘောနစ်မြုပ်ခဲ့သည့် ဧပြီ ၁၆ ရက်နေ့ကိုလည်း အမျိုးသားဘေး အန္တရာယ်ကင်းရှင်းရေးနေ့ အဖြစ်သတ်မှတ်ရန် အဆိုပြုခဲ့ကာ သင်္ဘော နစ်မြုပ်မှုတွင် အချိန်မီကယ်ဆယ်ရန် ပျက်ကွက်ခဲ့သည့် ကမ်းခြေစောင့် တပ်ဖွဲ့ကိုလည်း ဖျက်သိမ်းမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ပြည်သူ့ရေးရာ ကိစ္စများအား ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးနှင့် လုံခြုံရေး ၀န်ကြီးဌာနက သီးသန့်ကို င်တွယ်သွားမည်ဖြစ်ပြီး ရေကြောင်းစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အမျိုးသား ဘေး အန္တရာယ် ကာကွယ်ရေးရုံး လက်အောက်တွင် ထည့်သွင်းသွားမည်ဖြစ်သည်။ 
    သင်္ဘောပေါ်တွင် လိုက်ပါသွားခဲ့သည့် ခရီးသည် ၄၇၆ ဦးအနက် ၁၇၂ ဦးကိုသာ ကယ်တင်နိုင်ခဲ့ကာ၂၈၆ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ 
    Ref : Xinhua
  • စည်သူအောင်မြင့်: “ သမ္မတကြီးစကား မုသားတွေ များလှတယ် ”
    စည်သူအောင်မြင့်
    မြန်မာပို့စ်၊ ၁၉-၅-၁၄။
    Thein Sein.
    ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က မန္တလေးမှာ ၂၀၁၄ ခုနှစ် စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခန်းအနား တစ်ခု ပြုလုပ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကားပြောပါတယ်။ ပုံမှန်အားဖြင့် စာတတ်မြောက်ရေးဆိုင်ရာ အကြောင်းအရာ ကိစ္စတွေကိုပဲ ပြောဆိုခဲ့ သင့်ပေမယ့် နိုင်ငံရေးဆိုင်ရာ ကိစ္စတစ်ခုကိုလည်း သမ္မတ က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီ အခန်းအနားအပြီး နောက်နှစ်ရက်နေ မေလ ၁၇ ရက်၊ ၁၈ ရက်နေ့ ရန်ကုန်နဲ့ မန္တလေး မြို့တော်တွေမှာ ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်း အဖွဲ့အစည်းတွေရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ရေး၊ လူထု ရှင်းလင်းပွဲ နဲ့ လက်မှတ်ကောက်ခံပွဲ အခန်းအနား တွေမတိုင်ခင် အဲဒီ ကိစ္စတွေနဲ့ ပါတ်သက်ပြီး ကြိုတင် ပြောဆိုခဲ့တာပါ။ သမ္မတ ဦးသိန်းစိန် ပြောတာကတော့ “အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်လာမှာ သူ စိုးရိမ်တယ်” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ သမ္မတ ပြောခဲ့တာ အပြည့်အစုံက ဘာလဲ၊ လက်တွေ့အခြေအနေကရော သူပြောသလို ဖြစ်နေသလား၊ သမ္မတရဲ့ ပြောစကား မုသားတွေ များနေသလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
    အဲဒီ ကိစ္စနဲ့ ပါတ်သက်ပြီး မိန့်ခွန်းထဲမှာ သမ္မတ ဦးသိန်းစိန် ပြောတာ အပြည့်အစုံက ခုလိုပါ။ “ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကိစ္စများသည် မိမိတို့ဇ။် ပြည်တွင်းရေး ကိစ္စများ ဖြစ်ပါကြောင်း၊ မိမိတို့ လုပ်နိုင်ပါကြောင်း၊ မိမိတို့ဇ။် အချုပ်အခြာ အာဏာကို အထိပါး မခံပဲ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယင်းကိစ္စများကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာကို မည်သူမျှ မလိုလားကြပါကြောင်း၊ တိုင်းပြည် ဆူဆူပူပူဖြစ်လျင် ကိုယ့်တိုင်းပြည်သာ နစ်နာမည် ဖြစ်ပါကြောင်း၊ ကိုယ့်ပြည်သူများသာ ထိခိုက်နစ်နာကြမည် ဖြစ်ပါကြောင်း၊ အမှားအမှန် အဆိုးအကောင်းကို ယနေ့ ဆူဆူပူပူ ဖြစ်နေသည့် နိုင်ငံများဇ။် သင်ခန်းစာကို ရယူပြီး မိမိတို့ နိုင်ငံတွင် အလားတူ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရအောင် နိုင်ငံကိုချစ်သည့် ရဟန်းရှင်လူ ပြည်သူများအားလုံး ၀ိုင်းဝန်း ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ပါကြောင်း ” လို့ဆိုပါတယ်။
    တစ်ချက်ခြင်း ရှင်းပါမယ်။ အရင်စစ်အစိုးရက သူတို့ စိတ်ကြိုက် ရေးဆွဲပြဌာန်းသွားခဲ့တဲ့ လက်ရှိ ပြသနာပေါ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ ဘာဒီမိုကရေစီ၊ ဘာ ပြည်ထောင်စု အငွေ့အသက်မှ မပါပါဘူး။ စစ်ဘုရင်မင်းဆက် စနစ် တည်ထောင်နိုင်အောင် ရေးဆွဲထားတာပါ။ ဒါကို နိုင်ငံတကာ မိသားစုကလည်း သိပါတယ်။ ဒီအတွက် မြန်မာနိုင်ငံကို ကောင်းစေချင်တဲ့ နိုင်ငံကြီး တစ်ချို့က ဒီ ဖွဲ့စည်းပုံနဲ့ ပါတ်သက်ပြီး ဝေဖန်တာ ရှိပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ မပြင်ရင် ၀င်ပြီးတိုက်လိုက်မယ်၊ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်မယ်၊ ဘယ်လိုလုပ်မယ်၊ ဘယ်ညာ လုပ်မယ် တစ်နိုင်ငံကမှ မပြောပါဘူး။ ဆိုးရွားတဲ့ ဖွဲ့စည်းပုံကို အခြေခံပြီး ဆိုးရွားတဲ့ နိုင်ငံရေးစနစ် နဲ့ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေတာကို ဝေဖန်တာသာ ဖြစ်ပါတယ်။ ဒါကို မဝေဖန်နဲ့ ၀င်မပြောနဲ့၊ ငါတို့ ကိုယ့်ဖာသာကိုယ် လုပ်မယ် ဆိုတဲ့ သမ္မတကြီးရဲ့ အပြောအဆိုမျိုးဟာ သင့်တော်မှု မရှိပါဘူး။
    နောက်တစ်ချက် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို ကျင်းပပြီး တိုင်းပြည်အာဏာ ဘယ်လို ရယူခဲ့သလဲ ဆိုတာ သမ္မတ ရာထူးခန့်အပ်ခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ကောင်းကောင်းသိပါတယ်။ စိတ်ကြိုက် ရွေးကောက်ပွဲ ဥပဒေရေးဆွဲ၊ စိတ်ကြိုက် ကော်မရှင်ခန့်ပြီး လိုချင်တဲ့ ရလာဒ် ထွက်လာအောင် ထင်သလို လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ များလွန်းလို့ ဘယ်ဟာတွေ ဘယ်ဟာတွေ ပြောနေရင် ကုန်မှာတောင် မဟတ်ုပါဘူး။ အဲလို အဖြစ်မျိုး ၂၀၁၅ မှာ ပြန်ဖြစ်လာမှာ မြန်မာနိုင်ငံသား အားလုံး မလိုလားသလို နိုင်ငံတကာ မိသားစုတွေကလည်း စိုးရိမ် ပူပန်ကြပါတယ်။ ဒါကြောင့် အကူအညီ ပေးပါရစေ၊ ကျွမ်းကျင်သူတွေ လာပြီး စောင့်ကြည့် ပါရစေ ပြောတာဟာ ပြည်တွင်းရေး ၀င်စွက်ဖို့ မဟုတ်ပါဘူး။ နိုင်ငံတကာ မှာလည်း ဒီအတိုင်း လုပ်လေ့ရှိတာပါပဲ။ တိုင်းပြည်ကို တံခါးပိတ်ပြီး ကိုယ့်တိုင်းသူပြည်သားကို ကိုယ် လုပ်ချင်တိုင်း လုပ်လို့မရအောင် ၀န်းဝန်းကြည့်ရှုပေးတဲ့ သဘောပါ။ သမ္မတကြီးတို့ရဲ့ အာဏာကို ဘယ်သူမှ ထိပါးဖို့ ကြိုးစားတာ မတွေ့ရပါဘူး။ ဒါကြောင့် သမ္မတကြီးပြောတာ မမှန်ပါဘူး။
    နောက် အရေးအကြီးဆုံးတစ်ချက်က အခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ ၈၈ အဖွဲ့တွေ လုပ်နေတဲ့ ဖွဲ့စည်းပုံပြင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ရေး လူထု စည်းရုံးရေး လုပ်ငန်းတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ သမ္မတက ဒီ ကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်လာမှာ စိုးရိမ်တယ်လို့ သွယ်ဝိုက်ပြီး ပြောပါတယ်။ ဒီနေရာမှာ လက်ရှိ အနေအထားအရ အရင် အနှစ် ၂၀ ကျော် သမိုင်းကို ပြန်ကောက်ကြည့်လို့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီ၊ နောက် ၈၈ အဖွဲ့တွေရဲ့ လူထုစည်းရုံးရေး ပွဲတွေ လုပ်လာတဲ့ ကာလ တလျောက်လုံး ပြည်သူလူထုကို အမုန်းတရား ပြောဆိုတာမျိုး လုပ်ခဲ့တဲ့ သမိုင်း လုံးဝ မရှိပါဘူး။ လာပြီးနားထောင်ကြတဲ့ ပရိသတ်တွေ အပြန်မှာ အကြမ်းဖက် ကြတာမျိုး ဘယ်အချိန်ကာလတုန်းကမှလည်း ဖြစ်ခဲ့ဖူးတာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ ၈၈ အဖွဲ့ဝင်တွေဟာ စစ်အာဏာပိုင်တွေ၊ လက်သပ်မွေးထားသူတွေရဲ့ အကြမ်းဖက်မှုကို ခံခဲ့ရတာပဲ ရှိပါတယ်။
    လက်ရှိ ကျင်းပခဲ့တဲ့ ရန်ကုန် ဗိုလ်စိန်မှန်ကွင်းနဲ့ မန္တလေး အောင်ပင်လယ် ဟောပြောပွဲတွေဟာ လူထု သောင်းချီ တက်ရောက်တဲ့ ပွဲကြီးတွေ ဖြစ်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ရည်ညွှန်းစွတ်စွဲချက်ကို အဲဒီ ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ နှစ်ယောက်စလုံး တုန့်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကဆိုရင် ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာ ပြင်ရေးကိုပဲ လိုလားတယ်၊ အဲဒီ အတွက် လူထု သဘောထား သိရအောင် ဒီလို ကျင်းပရတာလို့ ဆိုပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ထပ်ကာ ထပ်ကာ ပြောပါတယ်။ ကိုမင်းကိုနိုင်ကလည်း ဒီပွဲဟာ ပြည်သူလူထုရဲ့ စည်းကမ်း ရှိမှုကို ပြတာ၊ ပြည်သူလူထုရဲ့ အရည်အချင်းကို ပြတာ ဆိုပြီး ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တာ တွေ့ ရပါတယ်။ တကယ်တော့ ဒါနဲ့ ပါတ်သက်ရင် သမ္မတ ကြီးဟာ မုသားစကား ပြောဆိုလိုက်တာဖြစ်ပါတယ်။ အလွန်ဆိုးရွားတဲ့ ထင်ယောင်ထင်မှား ဖြစ်စေအောင် စွတ်စွဲပြောဆိုလိုက်တဲ့ စကားဖြစ်ပါတယ်။ မရိုးမသား စကားလည်း ဖြစ်ပါတယ်။
    အဲဒါနဲ့ ဆန့်ကျင်ဘက် ပြောရရင် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတာ အားလုံး မြင်တွေ့ကြရမယ် ဖြစ်ပါတယ်။ လူတွေ ရာနဲ့ချီ သေဆုံး၊ အိုးအိမ်တွေ ဆုံးရှုံး၊ သိန်းနဲ့ချီ လူတွေ ဒုက္ခသည်စခန်းရောက် ဖြစ်ခဲ့တာပါ။ အဲဒီ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှု အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ ၈၈ မျိုးဆက် အင်အားစုတွေရဲ့ ပရောဂ တစ်စွန်းတစ်စ မှ မပါတာ၊ တိုင်းပြည်ကလည်းသိ၊ နိုင်ငံတကာကလည်းသိပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ကသာ အမုန်းတရား ပြောဆိုမှုတွေကို အရေးမယူ၊ လွှတ်ထား၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူ၊ အကြမ်းဖက်သူတွေကို ကောင်းကောင်း အရေးမယူခဲ့တဲ့ အတွက်သာ နိုင်ငံတကာ အလည်မှာ အရှက်ရစရာ၊ လက်ညှိုးထိုးစရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ပြသနာ ဒီနေ့အချိန်ထိ မပြေလည်သေးပါဘူး။ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ပြန်ပေါ် မလာတော့ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။
    ပြောရရင် အရင် အနှစ်၂၀ ကျော်သမိုင်းကို ပြန်ကြည့်ရင် တိုင်းပြည်အာဏာကို မတရားရယူထားတဲ့တဲ့ စစ်အာဏာရှင်တွေကသာ အတိုက်အခံတွေကို ပြည်သူလူထုကို ရဟန်းသံဃာတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်ခဲ့တာ ဖြစ်ပါတယ်။ အချုပ်ခန်း အကျဉ်းထောင်တွေ သုံးပြီး အကြမ်းဖက်ခဲ့သလို၊ လမ်းပေါ်မှာ ပစ်ခတ် ရိုက်နှက် သတ်ဖြတ်သည်အထိ အကြမ်းဖက်မှု လုပ်ခဲ့တဲ့ အစိုးရဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဟာ အဲဒီ စစ်အစိုးရကို အမွေဆက်ခံသူပါ။ အကြမ်းဖက်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုကို အမွေဆက်ခံခဲ့သူက တစ်ကြိမ်မှ အကြမ်းမဖက်ခဲ့သူတွေကို၊ အကြမ်းဖက်တာပဲ ခံခဲ့ရသူတွေကို အဲဒီလူတွေကြောင့် တိုင်းပြည်မတည်မငြိမ် ဖြစ်လာနိုင်တယ်ဆိုပြီး စောင်းပါးရိပ်ခြေ စွတ်စွဲတာဟာ အလွန် မသင့်လျော်တဲ့ စွတ်စွဲချက် ဖြစ်ပါတယ်။
    ဒီထက်ဆိုးတာ တစ်ခု ရှိပါသေးတယ်။ “မိမိတို့ နိုင်ငံတွင် အလားတူ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရအောင် နိုင်ငံကိုချစ်သည့် ရဟန်းရှင်လူ ပြည်သူများအားလုံး ၀ိုင်းဝန်း ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ပါကြောင်း ” ဆိုတဲ့ စကားပါ။ ဒါဟာ ဘာအဓိပ္ပါယ်ပါလဲ။ ဖွဲ့စည်းပုံပြင်ဖို့ စည်းကမ်းတကျ၊ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်နေကြသူတွေကို တန်ပြန်ဖို့၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် စ ပြီး လုပ်ကြဖို့ သမ္မတကြီးက အချက်ပေးလိုက်တာ လားဆိုတာ အလွန် သံသယ ဖြစ်ဖွယ်ရှိပါတယ်။ နောက်တစ်ချက် “ ရဟန်းရှင်လူ ပြည်သူများ အားလုံး” ဆိုတာ သံဃာတော်တွေကိုပါ ဒီ ပြသနာထဲ ဆွဲထည့်ဖို့ ညွှန်ကြားလိုက်တာလား ဆိုတာကလည်း စိုးရိမ်စရာကောင်း၊ သံသယ ဖြစ်ဖွယ်ကောင်းပါတယ်။ သမ္မတ ရဲ့ အဲဒီ ပြောဆိုချက်ကို ခြုံငုံ သုံးသပ်ရရင် မုသားတွေနဲ့ ပြည့်နှက်နေပါတယ်။ တကယ်လို့များ သမ္မတကြီးအနားမှာ တိုင်းပြည်ကို မီးလောင်တိုက်ထဲ ရောက်သွားစေနိုင်တဲ့ အဲလို အကြံဥာဏ်တွေ ပေးနေသူတွေသာ ရှိခဲ့ရင် သမ္မတကြီးကိုယ်တိုင် ဥာဏ်အမျှော်အမြင်နဲ့ ဝေဖန်ပိုင်းခြား၊ ဖယ်ရှားပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
    စည်သူအောင်မြင့်။
    Link =>https://www.facebook.com/sithu.aungmyint/posts/283432118506262
  • ဆူဒန်တွင် ဘာသာပြောင်း၍ သေဒဏ်ပေးခြင်းမှာ အစ္စလာမ့်ဥပဒေနှင့် မသက်ဆိုင်၊ နိုင်ငံရေး အမြတ်ထုတ်ခြင်းဟု ရှရီအာဥပဒေ ပညာရှင်များပြော
    မေ ၁၉ ၊ ၂၀၁၄
    M-Media
    အမျိုးသမီးငယ်တစ်ဦးအား ခရစ်ယာန်ဘာသာသို့ပြောင်းသည်ဟုဆိုကာ ဆူဒန်တွင် သေဒဏ်ပေးခဲ့ခြင်းမှာ အစ္စလာမ်နှင့် မသက်ဆိုင်ဘဲ အာဏာရှင် တည်တံ့ရေးအတွက် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ရှရီအာ ကျွမ်းကျင်သူများဆို
    sudan_woman_faces_death_penalty_for_apostasy_m7
    – ခရစ်ယာန်ဘာသာသို့ကူးပြောင်းမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီးငယ်တစ်ဦးအား ဆူဒန်တွင် သေဒဏ်ပေးခဲ့ခြင်းမှာ အစ္စလာမ်သာသနာနှင့် ပတ်သက်မှုမရှိဘဲ အာဏာရှင်ဝါဒ တရာဝင်ဖြစ်ရေး ကြိုးပမ်းမှုသာဖြစ်သည်ဟု အစ္စလာမ့် ရှရီအာဥပဒေ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။
    အသက် ၂၇ နှစ်အရွယ်ရှိ မရ်ယမ် ယဟ်ယာ အီဗရာဟင်ဟာ ဘာသာပြောင်းလဲမှုကြောင့် ဟုဆိုကာ ကြိုးပေးကွပ်မျက်ရန် Khartoum တရားရုံးမှ ပြီးခဲ့သည့် တစ်ပတ်က ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ထို့ပြင် ခရစ်ယာန် ဘာသာဝင်နှင့် လက်ထပ်ထားခြင်းကြောင့် ဆူဒန် ဥပဒေအရ အိမ်ထောင်ရေး ဖောက်ပြန်သည်ဟု သတ်မှတ်ခဲ့ပြီး ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ရန်လည် အမိန့်ပေးခဲ့သည်။
    “ဒီအပြစ်ပေးမှုဟာ ဘာသာတရားနဲ့ သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံရေးအရ အာရုံပြောင်းတဲ့ လုပ်ဆောင်ချက်တစ်ခုသာဖြစ်ပါတယ်။ ဒါဟာ “အစ္စလာမ်ကို ကာကွယ်သူများ” ဆိုတဲ့ ပုံစံမျိုး ဖြစ်လာစေပြီး သူတို့ရဲ့ ချစားမှုတွေကို မေ့အောင်လုပ်ဖို့ ဆူဒန်အာဏာရှင်တွေရဲ့ ပရိယာယ်ပါပဲ” ဟု အစ္စလာမ့်တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်သူ မိုဟာမက် ဂီလန်က မေလ ၁၇ ရက်နေ့တွင် အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။
    မရ်ယမ်မှာ မွတ်စလင်ဖခင်နှင့် ခရစ်ယာန်မိခင်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူမအသက် ၆ နှစ်အရွယ်တွင် ဖခင်က စွန့်ခွာသွားသောကြောင့် မိခင်၏ အုပ်ထိန်းမှုအောက်တွင် ခရစ်ယာန် ဘာသာဝင် အဖြစ်ကြီးပြင်းခဲ့သည်။ အမိန့်မချခင် မရ်ယမ်အား တရားသူကြီးက နာရီဝက်ခန့်မေးမြန်းခဲ့ပြီး နောက်ပိုင်းတွင် မိမိမှာ ခရစ်ယာန် တစ်ဦးဖြစ်ပြီး မည်သည့်အခါကမှ ဘာသာမပြောင်းခဲ့ဟု မရ်ယမ်က ပြန်လည်ဖြေကြားခဲ့သည်။
    ဂီလန်ကမူ အစိုးရ၏ ချစားမှုများ၊ နိုင်ငံရေး ထွက်ပေါက်ပိတ်နေခြင်းနှင့် ဒေသတွင်း ပဋိပက္ခများ ပိုမိုဖြစ်ပွားခြင်းတို့ကို ထောက်ပြပြောဆိုခဲ့ကာ ထိုကဲ့သို့အပြစ်ပေးမှုမှာ ကွန်ဆာဗေးတစ် ထောက်သူများ ပိုမိုရရှိရန်အတွက် သမ္မတ အိုမရ် အလ်-ဘရှီးရ်၏ စမ်းသပ်မှုဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “(အစ္စလာမ့်သမိုင်းမှာ) လူတစ်ယောက်ဟာ ဘာသာပြောင်းတဲ့အတွက် ကွပ်မျက်ခံရတာမျိုး မရှိပါဘူး။ ကံမကောင်းအကြောင်း မလှစွာနဲ့ပဲ ဒီလိုအဖြစ်အပျက်မျိုးဟာ အာဖဂန်နဲ့ ဆူဒန်လိုနေရာမျိုးမှာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီလိုအမိန့်ပေးခဲ့တဲ့ တရားသူကြီးတွေဟာ အစ္စလာမ် ရှရီအာဥပဒေကို နားလည် တတ်ကျွမ်းခြင်းမရှိဘဲ လူမျိုးစု ရှုထောင့်ကနေသာ လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်”
    နောက်ဆက်တွဲများ
    ဘာသာပြောင်းမှုအပေါ် ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော် မုဟမ္မဒ်သခင်၏ ဓလေ့တော်များမှ အထောက်အထားများကို ပြန်လည်ဆန်းစစ်ပြီးနောက် ယခုကဲ့သို့ ကွပ်မျက်မှုမှာ အစ္စလာမ်ခေတ်ဦးပိုင်းက နိုင်ငံတော်သစ္စာဖောက်မှုကြောင့် ကွပ်မျက်သည့်ပုံစံမျိုးကို အတုယူ၍ လုပ်ဆောင်ခြင်းဟု မွတ်စလင် ပညာရှင်များကဆိုသည်။
    “(အစ္စလာမ့်သမိုင်းမှာ) လူတစ်ယောက်ဟာ ဘာသာပြောင်းတဲ့အတွက် ကွပ်မျက်ခံရတာမျိုး မရှိပါဘူး။ ကံမကောင်းအကြောင်း မလှစွာနဲ့ပဲ ဒီလို အဖြစ်အပျက်မျိုးဟာ အာဖဂန်နဲ့ ဆူဒန်လိုနေရာမျိုးမှာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီလိုအမိန့်ပေးခဲ့တဲ့ တရားသူကြီးတွေဟာ အစ္စလာမ် ရှရီအာ ဥပဒေကို နားလည် တတ်ကျွမ်းခြင်း မရှိဘဲ လူမျိုးစု ရှုထောင့်ကနေသာ လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်” ဟု ဆန်ဒီရေဂိုပြည်နယ် တက္ကသိုလ်မှ ဘာသာအယူဝါဒဆိုင်ရာ ပါမောက္ခ ခါလီလ်မိုဟာမက်က ဆိုသည်။
    အစ္စလာမ့် တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဂီလန်ကလည်း တူညီသော ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။
    “သမိုင်းကြောင်း အရကြည့်မယ်ဆိုရင် ဒီလိုအပြစ်ပေးမှုကို ဘာသာပြောင်းတဲ့ အတွက်မဟုတ်ဘဲ ရန်သူစစ်တပ်နဲ့ ပူးပေါင်းသွားခဲ့တဲ့အခြေအနေမျိုးမှာသာ အကောင်အထည်ဖေါ်ခဲ့တာပါ” ဟု ဂီလာနီကဆိုသည်။
    ထို့ပြင် စစ်ပွဲကာလမျိုး၌ပင် ရန်သူနှင့်ပူးပေါင်းသည့်အတွက် သတ်မှတ်သော ထိုပြစ်ဒဏ်မျိုးမှ အမျိုးသမီးများမှာ ကင်းလွတ်ခွင့်ရခဲ့သည်ဟု ဂီလာနီက ထပ်လောင်းပြောကြားခဲ့သည်။
    “အမျိုးသမီးတွေကို မနစ်နာစေဖို့ ကိုယ်တော်မြတ်က ပြတ်ပြတ်သားသား ကြေညာထားတာကြောင့် (နိုင်ငံတော် သစ္စာဖောက်ခဲ့ပေမယ့်လည်း) အမျိုးသမီးတွေဟာ ကွပ်မျက်ခြင်းမခံရပါဘူး”
    ကနေဒါနိုင်ငံ နိုဗာစကော့တီယာပြည်နယ် ဟာလီဖက်စ်မြိုရှိ စိန့်မေရီ တက္ကသိုလ်မှ စီမံခန့်ခွဲရေးနှင့် ဘာသာရေးလေ့လာမှုဆိုင်ရာ ပါမောက္ခ ဂျမားလ် ဘာဒါဝီကလည် အစ္စလာမ့် ခေတ်ဦး ထိုကဲ့သို့ ပြစ်ဒဏ်ပေးမှုများမှာ ဘာသာကူးပြောင်းခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသော ရာဇ၀တ်မှုများကို  ကျူးလွန်ခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    OnIslam & News Agencies
  • တရုတ်နိုင်ငံသား ၃၀၀၀ ကျော် ဗီယက်နမ်မှ ကယ်ထုတ်၊ ဆက်လက်ခေါ်ယူရန် လုပ်ဆောင်နေ
    မေ ၁၉ ၊ ၂၀၁၄
    M-Media
    တရုတ်ဆန့်ကျင်ရေး မြင့်မားနေသော ဗီယက်နမ်မှ လူ သုံးထောင်ကျော်ကို တရုတ် ကယ်ထုတ်၊ ဆက်လက်ခေါ်ယူရန်ဆောင်ရွက်နေ
    0,,17635395_303,00
    – တောင်တရုတ်ပင်လယ် ပြဿနာကြောင့် ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် နိုင်ငံသား သုံးထောင်ကျော်ကို တရုတ်နိုင်ငံက ပြန်လည်ခေါ်ယူခဲ့သည်ဟု သိရသည်။
    စစ်သင်္ဘော ၅ စီးကို စေလွှတ်မည်ဟု  တရုတ်နိုင်ငံက ယနေ့တွင် ကြေညာခဲ့ပြီး Metallurgical ကော်ပိုရေးရှင်းမှ အလုပ်သမားများကို ကယ်တင်ရန်အတွက် သင်္ဘောများ လေယာဉ်များကို အသုံးပြုရန်လည်း စီစဉ်နေသည်။ ထိုကော်ပိုရေးရှင်းမှ ကန်ထရိုက်တာ တစ်ဦးမှာ ဆိုးဆိုးရွားရွား တိုက်ခိုက်ခြင်းခံခဲ့ရသည်။ တရုတ်နိုင်ငံပိုင် စက်ရုံများကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများအတွင်း တရုတ်အလုပ်သမား ၂ ဦးသေဆုံးခဲ့ကာ ရာချီဒဏ်ရာရခဲ့သည်။
    တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ်ရေပိုင်နက်အတွင် တရုတ်က ရေနံစင် ချထားရာမှ အစပြုခဲ့သည့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများမှာ ပြီးခဲ့သည့် အင်္ဂါနေ့က စတင်ခဲ့ကာ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေသည်။ ဗီယက်နမ်အာဏာပိုင်များကမူ ထိုလှုပ်ရှားမှုများကို ဖြိုခွဲနေပြီး ဖမ်းဆီးမှုများလည်း ဆက်တိုက်ပြုလုပ်နေသည်။
    Ref: Agencies
  • FA ဖလားအောင်ပွဲမှာ ဘ၀တွင် အရေးပါဆုံးဟု ၀င်းဂါးဆို
    မေ ၁၉ ၊ ၂၀၁၄
    M-Media
    – ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်နေရာမှ ၃ ဂိုးသွင်းယူကာ FA ဖလားအား ဆွတ်ခူးရရှိခဲ့ပြီးနောက် ထိုဖလားမှာ မိမိဘ၀တွင် အရေးပါဆုံးဖလားဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    Arsenal manager Arsene Wenger lifts the FA Cup
    “ဒီအချိန်ဟာ ဒီအသင်းမှာရှိနေတဲ့ ကျွန်တော်အတွက် အရေးပါတဲ့အချိန်ပါပဲ။ ဒီနေ့ ရှုံးခဲ့ရင် အဓိက ထိုးနှက်မှုဖြစ်လာမှာဖြစ်ပြီး နိုင်ခဲ့တာ ကတော့ လာမယ့်နှစ်မှာ တောင့်တောင့်တင်းတင်းပြန်လာဖို့ အတွက် အခြေအနေကောင်းတစ်ခုကို ကျွန်တော်တို့ရခဲ့တာပါ” ဟု ဆိုသည်။
    ထို့ပြင် ၀င်းဂါမှာ အသင်းသာများအားလုံးကိုလည်း ချီးကျူးခဲ့ပြီး မိမိတို့၏ ပရီးမီးယားမီးယားလိဂ် ပွဲစဉ်မှာ အလွန်ခက်ခဲကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ၀င်းဂါးမှာ အာဆင်နယ်အသင်းနှင့် မကြာမီ သက်တမ်းတိုးတော့မည်ဖြစ်သည်။