News @ M-Media

Blog

  • အင်ဒိုနီးရှားတွင် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် ဆရာဝန် ၂၀ သေဆုံး

    အင်ဒိုနီးရှားတွင် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် ဆရာဝန် ၂၀ သေဆုံး

    ဇွန် ၂၈၊ ၂၀၂၁
    M-Media

    -တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး SinoVac ထိုးထားပြီးသူ ဆရာဝန် ၂၀ လောက် ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

    ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက အင်ဒိုနီးရှားမှာ ဆရာဝန် ၄၀၁ ဦး ကိုဗစ်နဲ့ သေဆုံးခဲ့ပါတယ်။ အဲဒီအထဲက အယောက် ၂၀ ဟာ SinoVac ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးထားသူတွေဖြစ်ပြီး ၁၀ ဦးက ဇွန်လအတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    SinoVac ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ အသုံးပြုနေပြီး အခုအဖြစ်အပျက်က ဒီဆေးရဲ့ အန္တရာယ်ကင်းမှုအပေါ် မေးခွန်းတွေ ပေါ်ပေါက်လာစေပါတယ်။

    အင်ဒိုနီးရှား ကျန်းမာရေးဌာနက နိုင်ငံအတွင်းရှိနေတဲ့ ဆရာဝန်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို SinoVac ကာကွယ်ဆေး ထိုးပေးထားပြီး အခုသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    SinoVac ကာကွယ်ဆေးဟာ ဆေးရုံတက်ရလောက်အောင် ပြင်းထန်တဲ့ ကိုဗစ်လက္ခဏာ ခံစားရမှု၊ ကိုဗစ်ကြောင့် သေဆုံးမှုတွေကို ထိထိရောက်ရောက် ကာကွယ်​ပေးနိုင်တယ်လို့ ဒီဆေးကိုအသုံးပြုနေတဲ့ ဘရာဇီးလ်နဲ့ ချီလီတို့က ထုတ်ပြန်ခဲ့ပါတယ်။

    Ref: AFP

  • ခေါင်းဆောင်ကြီးပိန်သွား၍ မြောက်ကိုရီးယားပြည်သူများ ပူဆွေး

    ခေါင်းဆောင်ကြီးပိန်သွား၍ မြောက်ကိုရီးယားပြည်သူများ ပူဆွေး

    ဇွန် ၂၈၊ ၂၀၂၁
    M-Media

    -​ခေါင်းဆောင်ကြီး ကင်ဂျုံအွန် ဝိတ်ကျသွားတာကို မြင်ရတဲ့အတွက် ပြည်သူတွေက စိုးရိမ်နေကြတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KRT က ဖော်ပြပါတယ်။

    အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ကင်ဂျုံအွန်ဟာ ဇွန်လက အခမ်းအနားတစ်ခုတက်ရောက်စဉ် အရင်ကထက် ခန္ဓာကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားတာကို တွေ့ခဲ့ရတာပါ။

    အစိုးရဝါဒဖြန့်မီဒီယာဖြစ်တဲ့ KRT က ဒီအတွက် ပြည်သူတွေက ဝမ်းနည်းစိုးရိမ်နေကြတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

    “လေးစားရတဲ့ အတွင်းရေးမှူးကြီး ပိန်သွားတာကို မြင်ရတာ ကျွန်တော်တို့ပြည်သူတွေရဲ့ နှလုံးသားကို နာကျင်ခံစားရစေပါတယ်။ လူတိုင်းလူတိုင်း မျက်ရည်ဖြိုင်ဖြိုင်ကျရပါတယ်” လို့ KRT က အင်တာဗျူးလုပ်တဲ့ အမျိုးသားတစ်ဦးက ပြောကြားခဲ့ပါတယ်။

    အာဏာရ အလုပ်သမားပါတီ WPK ရဲ့ အစည်းအဝေး တက်ပြီးတဲ့နောက် ကင်ဂျုံအွန်နဲ့ ပါတီတာဝန်ရှိသူတွေ စတိတ်ရှိုးတက်ရောက်တာကို မြို့တော်ပြုံယမ်းကလူတွေ လမ်းပေါ်မှာ ပိတ်ကားနဲ့ ကြည့်နေစဉ်အတွင်း အင်တာဗျူးတဲ့ပုံစံမျိုး PKT က ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

    ကင်ဂျုံအွန် ဘာ့ကြောင့် ပိန်သွားရတယ်ဆိုတာကိုတော့ PKT က ထည့်သွင်း မဖော်ပြပါဘူး။

    မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောလဟာလတွေ အရင်က ထွက်ဖူးပါတယ်။

    ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၅ ရက် မြောက်ကိုရီးယားကိုတည်ထောင်သူ ကင်အီဆွန်ရဲ့ မွေးနေ့အခမ်းအနားမှာ ကင်ဂျုံအွန် မတက်ရောက်တဲ့အတွက် သေဆုံးသွားပြီဆိုတဲ့ ကောလဟာလတွေ ထွက်ဖူးပါတယ်။

    ၂၀၁၄ ခုနှစ် လူမြင်ကွင်းက အချိန်အတော်ကြာ ပျောက်သွားချိန်မှာ နိုင်ငံပိုင်သတင်းဌာနက ကင်ဂျုံအွန်ဟာ နေထိုင်မကောင်းဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref: Reuters

  • တိုင်းပြည်မငြိမ်မသက်မှုအတွက် အနောက်နိုင်ငံများကို စစ်ကောင်စီဥက္ကဌ ပုံချ

    တိုင်းပြည်မငြိမ်မသက်မှုအတွက် အနောက်နိုင်ငံများကို စစ်ကောင်စီဥက္ကဌ ပုံချ

    ဇွန် ၂၈၊ ၂၀၂၁
    M-Media

    -လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေဟာ တိုင်းပြည်ကို ဖျက်ဆီးလိုတဲ့ အနောက်နိုင်ငံတွေရဲ့ ခြေထိုးမှုကြောင့် ​ဖြစ်တယ်လို့ မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၉၀၀ ကျော် ရှိနေပါပြီ။ စစ်ကောင်စီအဖွဲ့ရဲ့ ထင်ရာဆိုင်းမှုကြောင့် ဘဏ်လုပ်ငန်းနဲ့ စီးပွားရေးကဏ္ဍ ပြိုလဲလုနီးနီး ဖြစ်လာသလို၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ ဂီတ အနုပညာ၊ မီဒီယာ စသဖြင့် ကဏ္ဍအားလုံးမှာ နိမ့်ကျ ပျက်ဆီးသွားပါတယ်။

    ရုရှားသတင်းဌာန Sputnik နဲ့ အင်တာဗျူးမှာတော့ ဒါတွေအားလုံးဟာ အနောက်နိုင်ငံတွေရဲ့ လက်ချက်ဖြစ်ပြီး၊ သူတို့ကြိုးဆွဲလို့ရသူတွေကိုသာ တိုင်းပြည်ကို အုပ်ချုပ်စေချင်ကြတယ်လို့ ဖြေကြားခဲ့ပါတယ်။

    “အစပိုင်းမှာ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ ​မဲမသမာမှုကြောင့် ဒီဆန္ဒပြမှုတွေ ဖြစ်လာတာပါ။ အဲဒီနောက်မှာ ဆန္ဒပြမှုတွေက အကြမ်းဖက်ဝါဒအသွင် ဆောင်လာတယ်။ ဒီထဲမှာ အခြားအကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ ဆန္ဒပြသူတွေရဲ့​ နောက်ဆုံးရည်ရွယ်ချက်က တိုင်းပြည်ရဲ့ ပြည်တွင်းရေးကို အခြားတိုင်းပြည်တွေ ဝင်ရောက် ခြယ်လှယ်စေချင်တာပါ။ အခြားတိုင်းပြည်တွေဝင်လာဖို့အတွက် တိုင်းပြည် မတည်မငြိမ်ဖြစ်ဖို့ သူတို့လိုအပ်နေပါတယ်”

    ပြီးခဲ့တဲ့တစ်ပတ်က စစ်ကောင်စီဥက္ကဌရဲ့ ရုရှားခရီးစဉ်မှာ ဒီမိုကရေစီကို ထိန်းသိမ်းဖို့ အာဏာသိမ်းလိုက်ရတာဖြစ်ကြောင်း၊ ၂ နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်​ကျင်းပပေးမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref: Sputnik

  • ယူအေအီးစီးပွားရေး၏ ၇၀ ရာခိုင်နှုန်း ရေနံကို မမှီခိုရတော့

    ယူအေအီးစီးပွားရေး၏ ၇၀ ရာခိုင်နှုန်း ရေနံကို မမှီခိုရတော့

    ဇွန် ၂၇၊ ၂၀၂၁
    M-Media

    -နိုင်ငံရဲ့ကုန်သွယ်ရေး တိုး​မြှင့်ဖို့အတွက် နိုင်ငံတကာစျေးကွက် ၂၅ ခုမှာ ထပ်မံဝင်ရောက် ရင်းနှီးမြှုပ်နှံသွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    တိုင်းပြည်ရဲ့ ကုန်သွယ်ရေးအောင်မြင်မှု၊ ရှေ့ဆက်သွားမယ့် စီမံကိန်းတွေကို ယူအေအီး ဒုတိယသမ္မတ ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မက်ခ်တွန်က Twitter စာမျက်နှာမှာရေးသားစဉ် ဒီလို ပြောကြားလိုက်တာပါ။

    ယူအေအီးရဲ့ ရေနံမဟုတ်တဲ့ ကုန်သွယ်မှုတန်ဖိုးဟာ တစ်နှစ်ကို ဒီရ်ဟမ် ၁.၅ ထရီလီယံ ရှိနေပြီး ကမ္ဘာ့မြို့ကြီးပေါင်း ၄၀၀ လောက်ကို ဖြန့်ကျက်ထားနိုင်ပါတယ်။

    ဒူဘိုင်းဟာ ကမ္ဘာ့ကုန်သွယ်ရေး ယှဉ်ပြိုင်မှုအရှိဆုံး နိုင်ငံ ၂၀ ထဲမှာ ပါဝင်နေတယ်လို့လည်း အလ် မက်ခ်တွန်က ထည့်သွင်းရေးသားခဲ့ပါတယ်။

    ယူအေအီးစီးပွားရေးရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ရေနံနဲ့မသက်ဆိုင်တဲ့ စီးပွားရေး​ ဖြစ်နေပြီး နိုင်ငံခြား တင်ပို့မှုကို လာမယ့်နှစ်အနည်းငယ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်အောင် ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

    “ကျွန်တော်တို့စီးပွားရေး နောက်ထပ် အမြင့်ဆုံးကို ရောက်ဖို့အတွက် ပြည်ထောင်စုအဆင့်မှာရော ဒေသတွင်းအဆင့်မှာပါ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နေပါတယ်။ အလ္လာဟ်အရှင်မြတ်အလိုရှိမယ်ဆိုရင် လာမယ့် ၁၀ စုနှစ်တွေအထိ ကမ္ဘာ့စီးပွားရေး အချက်အခြာအဖြစ် ကျွန်တော်တို့ ဆက်လက်တည်ရှိနေမှာပါ”

    နိုင်ငံရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ယူအေအီးက GDP ၁.၃ ရာခိုင်နှုန်းအထိသုံးစွဲထားပြီး ဒါဟာ အာရပ်နိုင်ငံတွေထဲမှာ အမြင့်ဆုံး သုံးစွဲမှုပါ။

    “ကျွန်တော်တို့ရဲ့ အနာဂတ်ရည်မှန်းချက်က ကမ္ဘာကြီးနဲ့ ယှဉ်ပြိုင်ဖို့ပါ။ သုတေသနနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းဟာ ကျွန်တော်တို့ အားကောင်းစေချင်တဲ့ ဉာဏစီးပွားရေးကို အဓိက မောင်းနှင်ပေးတာဖြစ်ပါတယ်”

    အရေးပေါ်ကူညီကာယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြားစီးပွားရေးကဏ္ဍတွေမှာပါ ဖွံဖြိုးတိုးတက်လာအောင် အစိုးရက စီမံကိန်းသစ်တွေ ချမှတ်ဆောင်ရွက်​နေတယ်လို့လည်း ယူအေအီး ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Khaleej Times

  • စစ်ကြောရေးတွင် ညှင်းပမ်းနှိပ်စက်ခံခဲ့ရဟု ကိုနသန်မောင်ဖွင့်ဟ

    ဇွန် ၂၇၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုအတွင်း ရိုက်နှက်နှိပ်စက်ခံခဲ့ရတယ်လို့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနသန်မောင်က ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

    အမေရိကန်နိုင်ငံသား ကိုနသန်မောင်ဟာ မတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဇွန်လ ၁၅ ရက်နေ့မှာ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

    သူ့ကို ထိန်းသိမ်းပြီး စစ်ကြောရေးလုပ်စဉ်အတွင်းမှာ ရိုက်နှက်နှိပ်စက်တာတွေ ရှိတယ်လို့ ကိုနသန်မောင်က ပြောပါတယ်။

    “ပထမ ၃၊ ၄ ရက်က အဆိုးဆုံးပါ။ အကြိမ်ပေါင်းများစွာ ပါးရိုက်ခံရတယ်၊ အထိုးခံရတယ်။ ကျွန်တော်ဘာပဲပြောပြော သူတို့ ကျွန်တော့်ကို ရိုက်တယ်။ လက်နှစ်ဖက်စလုံးသုံးပြီး ကျွန်တော့်ကို နပန်တွေကျင်းပါတယ်”

    ပါးရိုးကိုထိုးတာ၊ ပုခုံးကိုထိုးတာတွေလည်း လုပ်ခဲ့ပြီး မတ်တပ်ရပ်ခွင့်မပေးသလို ခြေထောက်တွေယောင်ကိုင်းလာတဲ့အတွက် လှုပ်လို့တောင်မရဘူးလို့ ကိုနသန်မောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဂျာနယ်လစ် ဟန်သာငြိမ်းဟာ သူ့ထက်ပိုပြီး ညှင်းပမ်းနှိပ်စက်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဟန်သာငြိမ်းဟာ အခုအချိန်အထိ မလွတ်မြောက်သေးပါဘူး။

    “ကျွန်တော့်လက်ကို နောက်ပြန်လက်ထိပ်ခတ်ထားတယ်။ မျက်လုံးကို အဝတ်နဲ့စည်းပြီး အပေါ်ကနေ နောက်ထပ် အဝတ်တစ်ခုနဲ့ ထပ်အုပ်ထားတယ်။ ၃၊ ၄ ရက်လောက် ကျွန်တော့်ကို အိပ်ဖို့မပေးပါဘူး။ တောက်လျှောက် စစ်ကြောရေးလုပ်တယ်။ အိပ်ချိန်မရပါဘူး”

    သူ့ကို အမေရိကန်နိုင်ငံသားလို့သိသွားချိန် ၄ ရက်မြောက်မှာ ရိုက်တာနှက်တာတွေ မလုပ်တော့ဘူးလို့ ကိုနသန်မောင်က ပြောကြားခဲ့ပါတယ်။

    စစ်ကြောရေးအတွင်းမှာ ဆိုးဆိုးရွားရွား ညှင်းပမ်းနှိပ်စက်ခံရတဲ့ အခြားသူတွေကို တွေ့ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    “တစ်ချို့လူတွေဆို ကျွန်တော်တို့ထက်ပိုပြီး ညှင်းပမ်းနှိပ်စက်ခံရတယ်။ ကျွန်တော့်အခန်းမှာ ကျွန်တော်နဲ့အတူနေတဲ့ နောက်တစ်ယောက်ရှိပါတယ်။ သူရဲ့ခန္ဓာကိုယ်တစ်ခုလုံး ဖူးယောင်ဒဏ်ရာတွေအပြည့်ပဲ။ လက်ထိပ်ခတ်ထားတဲ့ လက်ကို စားပွဲပေါ်တင်ပြီး အဲဒီလက်ကို ရိုက်ကြတာ။ အရိုးတော့မကြိုးပေမယ့် ဆိုးဆိုးရွားရွား ဒဏ်ရာရပြီး အသားတွေတောင် လန်သွားတယ်”

    သူဖမ်းဆီးခံရပြီးနောက်ပိုင်း ကမာရွတ်မီဒီယာ ရပ်သွားပေမယ့် မကြာခင် ပြန်လည် လည်ပတ်သွားမယ်လို့ ကိုနသန်မောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဖမ်းဆီးမှုတွေ၊ စစ်ကြောမှုတွေကို ဥပဒေအတိုင်းပဲ ဆောင်ရွက်တာလို့ စစ်ကောင်စီက အရင်တုန်းက ထုတ်ပြန်ထားပါတယ်။

    Ref: Reuters