News @ M-Media

Blog

  • ရီးယဲလ်မှ ဘိုင်ယန်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဘ၀တွင် အကောင်းဆုံး ဆုံးဖြတ်ချက်ဟု ရော်ဘင်ဆို

    မေ ၁၄၊ ၂၀၁၄
    M-Media

    – ရီးယဲလ်မက်ဒရစ်အား စွန့်ခွာကာ ဘိုင်ယန်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဘ၀တွင် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဘိုင်ယန်အသင်း၏ ဟော်လန်ကွင်းလယ်လူ အာဂျန်ရော်ဘင်က ပြောကြားလိုက်သည်။

    399751_heroa

    ချယ်ဆီးအသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သည့် ရော်ဘင်ကို ရီးယဲလ်အသင်းက ၂၀၀၇ ခုနှစ်တွင် ခေါ်ယူခဲ့သည်။ သို့သော်လည်း ရော်ဘင်မှာ ရီးယဲလ်၌ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ၂၀၀၉ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ဘိုင်ယန်အတွင် အားထားရသည့် အဓိက ကစာသမားတစ်ဦး ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့်နှစ် ဘိုင်ယန်မြူးနစ် ဖလားသုံးလုံးရရှိခဲ့ရာတွင် ရော်ဘင်မှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

    “ရီးယဲလ်မက်ဒရစ်ကနေ ဘိုင်ယန်ကိုပြောင်းလာတာဟာ ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ” ဟု ရော်ဘင်၏ ပြောကြားမှုကို ဘိုင်ယန်အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    ဂျာမန်ဘွန်ဒစ်လီဂါဖလားရရှိထားသည့် ဘိုင်ယန်မြူးနစ်အသင်းမှာ လာမည့် ၁၇ ရက်နေ့တွင် ဂျာမန်ရှုံးထွက်ဖလားနောက်ဆုံးဗိုလ်လုပွဲအား ဒေါ့မွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရော်ဘင်က ထိုပွဲမှာ ခက်ခဲသည့်ပွဲဖြစ်လာမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

  • ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အင်္ဂလန်အသင်း၏ ပဏာမ ၂၃ ဦးလူစာရင်း ထုတ်ပြန်

    မေ ၁၃ ၊ ၂၀၁၄
    M-Media

    ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်း လူ စာရင်းထုတ်ပြန် ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနေသည့် ကစားသမားအားလုံး နီးပါ ပါဝင်လာ

    cq5dam.thumbnail.490.338.margin

    – ဇွန်လတွင်ကျင်းပမည့် ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်း၏ ပဏာမ ၂၃ ဦးလူစာရင်းကို နည်းပြ ရွိုင်ဟဒ်ဆန်က ယမန်နေ့က ထုတ်ပြန်ခဲ့ရာ လီဗာပူးလ်အသင်းမှ ကစာသမား ၅ ဦးအပါအ၀င် ပရီးမီးယားလိဂ်ကစားသမား ၁၁ ဦးအထိ ပါဝင်နေသည်။

    မန်ယူအသင်းမှ တိုက်စစ်မှူး ရူနီနှင့် ၀ဲလ်ဘတ်အပါအ၀င် လေးဦး၊ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးမှ ၂ ဦး၊ ဆောက်သက်တမ်၊ အဲဗာတန်တို့မှ ၃ ဦး၊ အာဆင်နယ်၊ ချယ်ဆီးတို့မှ ၂ ဦး၊ ၀က်စ်ဘရွန်းအသင်းမှ ဂိုးသမား ဖော်စတာ တို့ဖြစ်ကြသည်။

    အာဆင်နယ်တိုက်စစ်မှူး ဝေါ့လ်ကော့မှာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရမည်ဖြစ်ပြီး မန်ယူအလယ်တန်းလူ မိုက်ကယ်ကာရစ်နှင့် တွမ် ကလဲဗာလေ၊ ၀က်စ်ဟမ်းတိုက်စစ်မှူး ကားရိုးလ်တို့မှာ အစားထိုးမည့် အရန်စာရင်းထဲတွင် ပါဝင်နေသည်။

    အင်္ဂလန်အသင်း၏ လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

    ဂိုးသမား- ဂျိုးဟတ်(မန်စီးတီး)၊ ဘင်ဖော်စတာ(၀က်စ်ဘရွန်း)၊ ဖရေဆာ ဖော်စတာ(ဆဲလ်တစ်)

    နောက်တန်း- ဂယ်ရီကာဟေးလ်(ချယ်ဆီး)၊ လေတန်ဘိန်း(အဲဗာတန်)၊ ဂျဂီလ်ကာ(အဲဗာတန်)၊ ဂလင်းဂျွန်ဆင်(လီဗာပူးလ်)၊ လုခ်ရှော(ဆောက်သက်တမ်)၊ စမောလင်း(မန်ယူ)၊ ဖီးလ်ဂျုန်း(မန်ယူ)

    အလယ်တန်း- ရောစ့်ဘာကလေ(အဲဗာတန်)၊ ချိန်ဘာလိန်(အာဆင်နယ်)၊ စတာလင်(လီဗာပူးလ်)၊ ဂျရတ်(လီဗာပူးလ်)၊ လမ်းပတ်(ချယ်ဆီး)၊ လာလနာ(ဆောက်သက်တမ်)၊ ဟန်ဒါဆန်(လီဗာပူးလ်)၊ မီလ်နာ(မန်စီးတီး)၊ ၀ီလ်ရှိုင်းယား (အာဆင်နယ်)

    ရှေ့တန်း- လမ်ဘာ့တ်(ဆောက်သက်တမ်)၊ ရူနီ(မန်ယူ)၊ စတားရစ်ဂ်ျ(လီဗာပူးလ်)၊ ၀ဲလ်ဘတ်(မန်ယူ)

    Ref: www.premierleague.com

  • ကမ္ဘာစစ်အတွင်း ဂျပန်၏ လိင်ကျွန်ကိစ္စ တောင်ကိုရီးယား ဆွေးနွေးမည်

    ကမ္ဘာစစ်အတွင်း ဂျပန်၏ လိင်ကျွန်ကိစ္စ တောင်ကိုရီးယား ဆွေးနွေးမည်

    မေ ၁၃ ၊ ၂၀၁၄
    M-Media
    – ကမ္ဘာစစ်အတွင်း တောင်ကိုရီးယားအမျိုးသမီးများအား လိင်ကျွန်ပြုခဲ့မှုနှင့် ပတ်သက်၍ ယခုတစ်ပတ်နှောင်းပိုင်း တိုကျိုတွင်ပြုလုပ်မည့်  သံတမန်အဆင့် ဆွေးနွေးပွဲသို့ သွားရောက်မည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အာရှအရှေ့မြောက်ပိုင်းရေးရာဗျူရို အထွေထွေဒါရိုက်တာ လီဆန်ဒွတ်မှာ ကြာသာပတေးနေ့တွင် ဂျပန် နိုင်ငံခြားရေး ၀န်ကြီှးှဌာန အာရှနှင့် သမုဒ္ဒရာပိုင်းရေးရာ ဗျူရိုအကြီးအကဲ ဂျူနီချီ အီဟာရနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာစစ်အတွင်း ဂျပန် ဘုရင်တပ်မတော် အတွက် ပျော်တော်ဆက်ဖြစ်ခဲ့သည့် လိင်ကျွန် ကိစ္စအား ဆွေးနွေးသွားမည်ဖြစ်သည်။

    လိင်ကျွန်ဖြစ်ခဲ့သူများကမူ စစ်အတွင်း ထိုရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြောင်း ဂျပန်အစိုးရက ၀န်ခံရန်နှင့် တောင်းပန်ရန် တောင်းဆိုထားသည်။ ဂျပန်နိုင်ငံကမူ ကိုရီးယား အမျိုးသမီးများအား ပြည့်တန်ဆာ အဖြစ် အဓ္ဓမစုဆောင်းမှုများ အပါအ၀င် စစ်အတွင်း ကျူးလွန်ခဲ့မှုများကို နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးပြုလုပ်ရန် ၁၉၆၅ ခုနှစ် သဘောတူ စာချုပ်အောက်တွင် ဖြေရှင်းပြီးဖြစ်သည်ဟု ပြောဆိုထားသည်။

    ထိုကိစ္စအား ဧပြီလ ၁၆ ရက်နေ့က ပထမဆုံးအကြိမ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကွာဟချကို လျော့နည်းအောင် ဆောင်ရွက်မည်ဟု နှစ်ဖက်စလုံးက အတည်ပြုခဲ့ကြသည်။ ဂျပန်နိုင်ငံမှာ ကမ္ဘာစစ်အတွင်းက တရုတ်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ် တို့အပါအ၀င် ၎င်းတို့ သိမ်းပိုက်ခဲ့သည့် နိုင်ငံများမှ အမျိုးသမီးဦးရေ ခန့်မှန်းခြေ နှစ်သောင်းမှ နှစ်သိန်းကြားကို လိင်ကျွန်အဖြစ် စေခိုင်းခဲ့သည်ဟု သိရသည်။

    ဆင်ဟွာ

  • အစ္စရေးဝန်ကြီးချုပ်ဟောင်း ချစားမှုဖြင့် ထောင် ၆ နှစ်ကျခံရမည်

    မေ ၁၃ ၊ ၂၀၁၄
    M-Media
    201451383427340580_20
    – ဂျေရုစလင်ရှိ တိုက်ခန်းများဆောက်လုပ်မှု နှစ်ခုတွင် လာဘ်ယူခဲ့ကြောင်း ပြစ်မှုထင်ရှား၍ အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုမတ်အား ထောင်ဒဏ် ၆ နှစ်ကျခံရန် တဲလ်အဗီးတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    ဂျေရုစလင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုက်ခန်းတည်ဆောက်သည့် ဆောက်လုပ်ရေးလုပ်ငန်းနှစ်ခုမှ ကန်ဒေါ်လာ ၁ သိန်း ၄ သောင်းကျော်နှင့် ၁ သောင်း ၇ ထောင်တို့ကို သီးခြားစီလာဘ်ယူခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး အသက် ၆၈ နှစ်အရွယ် အိုမတ်ကမူ ထိုစွဲချက်မှာ မမှန်ဟု ငြင်းဆိုခဲ့သည်။ ယခုကဲ့သို့ အဖြစ်အပျက်မှာ အစ္စရေးအစိုးရ ခေါင်းဆောင်ဟောင်းတစ်ဦး ရာဇ၀တ်မှုအတွက် ပထမဆုံးပြစ်ဒဏ်ကျခံရခြင်းလည်းဖြစ်သည်။

    အိုမတ်မှာ အမေရိကန် စီးပွားရေးသမားထံမှ လာဘ်ငွေယူခဲ့သည်ဟုဆိုကာ လွန်ခဲ့သည့် ၆ နှစ်ကျော်က စွဲချက်တင်ခံခဲ့ရပြီး ထိုစွဲချက်ကြောင့်ပင် ၂၀၀၈ ခုနှစ်တွင် ၀န်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။ သို့သော်လည်း ကြားနာမှုများ ပြုလုပ်ခဲ့ပြီးနောက် လွန်ခဲ့သည့် ၂ နှစ်က တရားရုံးမှ တရားသေ လွှတ်ပေးခဲ့သည်။

    အိုမတ်၏ ရှေ့နေများကမူ တရားရုံးချုပ်သို့ အယူခံဝင်ရန်ရှိနေပြီး လများစွာကြာမည့် ထိုအယူခံကာလအတွင်း အိုမတ်အား ချုပ်နှောင်ထားခြင်းမပြုရန် တဲလ်အဗီးတရားရုံးသို့ တောင်းဆိုသွားဖွယ်ရှိနေသည်။
    Ref: Agencies
    Photo- [Reuters]

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    မေ ၁၃ ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ စက်လက်အတု

    Segway လို့ခေါ်တဲ့ နှစ်ဘီးတပ် ယာဉ်ငယ်လေးတွေ တီထွင်ခဲ့တဲ့ iRobot ကုမ္ပဏီက စိတ်နဲ့ထိန်းချုပ်နိုင်တဲ့ စက်လက်အတုကို တီထွင်လိုက်ပြီး အမေရိကန် FDA ရဲ့ ခွင့်ပြုချက်လည်း ရရှိသွားပြီ ဖြစ်ပါတယ်။ DEKA Arm လို့ ခေါ်ဆိုတဲ့ စက်လက်အတုကို Star Wars ရုပ်ရှင်ထဲက Luke Skywalkerရဲ့ စက်လက်အတုကို အစွဲပြုပြီး Luke arm လို့လည်း ခေါ်ဆိုကြပါတယ်။ ဒီလက်အတုကို ထန်းချုပ်တဲ့ အီလက်ထရေနစ် အပိုင်းနဲ့ ခန္ဓာကိုယ် ကို electromyogram လျှပ်ငုတ်တွေနဲ့ ဆက်သွယ်ထား ခြင်းအားဖြင့် အာရုံကြောရဲ့ ညွန်ကြားမှုကို လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

    စမ်းသပ်ပြသမှု ဗွီဒီယိုကို https://www.youtube.com/watch?v=wIvyiM5nFb0 မှာ ကြည့်ရှုနိုင်ပါတယ်။

    10259781_10152399950548166_5848870615740925333_n
    __________________________
    ဒြပ်စင်အမှတ် ၁၁၇

    ဂျာမဏီ နိုင်ငံ GSI Helmholtz Centre for Heavy Ion Research မှာ နိုင်ငံတကာက သုတေသီတွေ အဖွဲ့ဟာ ဒြပ်စင်အမှတ် ၁၁၇ကို တွေ့ရှိခဲ့ကြပါတယ်။ ဒြပ်ထု အလေးဆုံးဖြစ်ပြီး ရေဒီယို သတ္တိကြွ ဓါတ်ပြိုကွဲမှု နှေးကွေးတဲ့ ဒီ ဒြပ်စင် တည်ရှိမှုကို ခန့်မှန်းထားတာကြာပြီ ဖြစ်ပြီး Ununseptium လို့ အမည်ပေးထားပါတယ်။ berkelium အိုင်ဆိုတုပ် ၂၄၉ ကို ကယ်လ်ဆီယမ် ၄၈ အက်တမ် တွေနဲ့ အမှုန် အရှိန်ပေးစက်ထဲမှာ ပစ်ခတ်တဲ့အခါ နျူကလီယ ပေါင်းစည်းမှု ဖြစ်ပေါ်ပြီး ဒြပ်စင် ၁၁၇ ရှိတဲ့ အက်တမ် နှစ်လုံး ရရှိပါတယ်။ ဒါ့အပြင် Ununseptium အလ်ဖါပြိုကွဲမှု တွေကနေ တစ်ဆင့် lawrencium အိုင်ဆိုတုပ်၂၆၆ ကိုလည်း အသစ်ရှာဖွေ တွေ့ရှိခဲ့ကြပါသေးတယ်။

    10341476_10152399950553166_2657458879966848746_n
    __________________________

    သက်ရှိအသစ်

    The Scripps Research Institute က Romesberg ဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေဟာ E. coli မှာ DNA အတု ထပ်မံပေါင်းထည့်ပြီး နောက်မှာ DNA အသစ်ရဲ့ သဘာဝ အတိုင်း ပွားများလာနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ သူတို့ အဖွဲ့ရဲ့ အဓိက သုတေသနကတော့ nanotechnology နဲ့ DNA computing အတွက် အသုံးချ သုတေသန ဖြစ်ပါတယ်။

    rocket

    __________________________

    အာကာသကနေ ကမ္ဘာကို ကြည့်နိုင်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဗွီဒီယို

    ပြီးခဲ့တဲ့ အပတ်ထဲက NASA က Ustream လို့ အမည်ပေးထားတဲ့ ဝဘ်ဆိုက်တစ်ခုကို စတင်ခဲ့ပါတယ်။ နိုင်ငံတကာ အာကာသစခန်းမှာ တပ်ဆင်ထားတဲ့ အရည်အသွေးမြင့် ကင်မရာတွေက ပို့လွှတ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဗွီဒီယိုကို ဒီဝဘ်ဆိုက်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး အာကာသကနေ ကမ္ဘာမြေကို သင်ကိုယ်တိုင် စောင့်ကြည့်ရသလို ခံစားရမှာ ဖြစ်ပါတယ်။
    ဝဘ်ဆိုက် လိပ်စာကတော့ http://www.ustream.tv/channel/iss-hdev-payload/theater ဖြစ်ပါတယ်။

    10300633_10152399948963166_233447088863476943_n