News @ M-Media

Blog

  • ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ၀န်းရံ ပူးပေါင်းပါဝင်မည်

    ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ၀န်းရံ ပူးပေါင်းပါဝင်မည်

    မေ ၉၊ ၂၀၁၄
    M-Media
    လမင်း

    10251887_453865721414965_7713599383277489079_n

    ရန်ကုန်  ။      ။       ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ ငြိမ်း/ပွင့်တို့ လုပ်ဆောင်လျှက်ရှိသော လှုပ်ရှားမှုတွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂ (တ.က.သ) များမှ ၎င်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ စုံညီအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ပြီး ထုတ်ပြန်ကြေငြာခဲ့သည်။

    “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့က တိုင်းရင်းသားပြည်သူတွေ အများစုလိုလားတဲ့ အရာဖြစ်ပါတယ်။ သူ့မှာက တိုင်းသူပြည်သားတွေကို အာမခံပေးနိုင်တဲ့ အချက်၊ ဒီမိုကရေစီအခွင့်အရေးကို အာမခံပေးနိုင်တဲ့ အချက်တွေ မပါပါဘူး။ ဒါ့အပြင် လွတ်လပ်ခွင့်တွေကို အများစု ပိတ်ပင်ထားတဲ့ပြဌာန်းချက်တွေ ရှိနေပါတယ်။ ဒါကြောင့်ပြင်ဆင်ဖို့ လိုအပ်လှပါတယ်” ဟု စီးပွားရေး တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ကိုစည်သူမောင်ကပြောခဲ့သည်။

    အခြေခံပုဒ်မ ၄၃၆ ပြင်ဆင်ရန် အတွက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အရပ်ဖက် အဖွဲ့အစည်းတွင် အင်အားကောင်းသော ၈၈ ငြိမ်း/ပွင့်တို့ ပူးပေါင်းပြီး လုပ်ဆောင်နေချိန်တွင် ကျောင်းသားများပါ ပါဝင်ခြင်းသည် လူထု လူတန်းစားများ အားလုံး ပါဝင်လာခြင်းဖြစ်တဲ့ အတွက်ကြောင့် အခုလို ပူးပေါင်း ပါဝင်ရခြင်းဖြစ်ကြောင်း ကိုစည်သူမောင်က ဆက်လက်ပြောကြားခဲ့သည်။

    ပြည်သူ့လွှတ်တော်မှ အတည်ပြုလိုက်သော အမျိုးသားပညာရေး ဥပဒေ (မူကြမ်း)သည် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ နှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ဆန္ဒ မပါဘဲ ရေးဆွဲထားခြင်းဖြစ်သောကြောင့် အဆိုပါဥပဒေကို တ.က.သ များမှကန့်ကွက်ခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် အဆိုပါပုဂ္ဂိုလ်များ၏ သဘောဆန္ဒများနှင့် အညီ ရေးဆွဲထားသော ဥပဒေပေါ်ထွန်းလာစေရန်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်း နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် နှင့် မွေးမြူရေး တက္ကသိုလ် တို့မှကျောင်းသားသမဂ္ဂများမှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပူးပေါင်းရန် သဘောတူ ထုတ်ပြန်ခဲ့ကြသည်။

    ရန်ကုန်မြို့တွင် မေလ ၁၇ ရက်နေ့တွင်ပြုလုပ်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲတွင်လည်း ၎င်းတို့တ.သ.က များမှ သက်ဆိုင်ရာ ကော်မတီအသီးသီးတွင် ပါဝင်သွားမည်ဖြစ်ပြီး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

  • အိန္ဒိယရောက် ရိုဟင်ဂျာ ဒုက္ခသည်များ နယူးဒေလီတွင် မြန်မာအစိုးရကို ဆန္ဒပြ

    မေ ၉ ၊ ၂၀၁၄
    M-Media

    – မိမိတို့ခံစားနေရသော ဒုက္ခများကို ကမ္ဘာက သိရှိစေရန်အတွက် ရိုဟင်ဂျာ မွတ်စလင်များမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြသည်ဟု Press TV သတင်းဌာနက ဖော်ပြခဲ့သည်။

    PressTV_-_Rohingiya_refugees_protest_against_killing_of_Muslims_in_Myanmar_-_2014-05-08_23.39.18

    အဆိုပါဆန္ဒပြပွဲတွင် လူရာချီပါဝင်ခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ မိမိတို့၏ ဒုက္ခအား ကြည့်ရှုစောင့်ရှောက်ပေးရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်လူနည်းစုများအား သတ်ဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများကို ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား ဖိအားပေးရန် တောင်းဆိုခဲ့ကြသည်။

    “မြန်မာနိုင်ငံမှာ ညှင်းပန်းနှိပ်စက်မှုတွေကို ကျွန်တော်တို့ ကြုံတွေ့နေပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက Press TV သို့ ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မိသားစုအားလုံး ဆုံးရှုံးခဲ့ရသည့် အမျိုးသမီးတစ်ဦးကလည်း ရိုဟင်ဂျာမွတ်စလင်များမှာ ဆိုးရွားသော အခြေအနေတွင်ရှိနေပြီး၊ မြန်မာအစိုးရ၏ လူမဆန်သော လုပ်ရပ်များအား မိမိတို့ ခံစားနေရမှုကိုကမ္ဘာတစ်ဝှမ်းလုံး သိစေချင်ကြောင်း ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံအတွင်း မွတ်စလင်များအပေါ်ပြုလုပ်သည့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ရသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို လက်ခံထားရသည့် နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်သည်။

    ရိုဟင်ဂျာများမှာ နယူးဒေလီဆင်ခြေဖုံးရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး အစားအသောက်၊ ဆေးဝါးတို့ မလုံလောက်ခြင်းများလည်း ရှိနေသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို မြန်မာအစိုးရက အားပေးထားသည့် လူမျိုးစုရှင်းလင်းရေးအဖြစ် အများစုက ရှုမြင်ကြပြီး ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များကလည်း ရိုဟင်ဂျာများကို ကာကွယ်စောင့်ရှောက်မှုမပေးသည့် မြန်မာအစိုးရအား ဝေဖန်ထားသည်။

  • မိမိတို့ ပိုင်နက်တွင် ပျက်ကျ ခဲ့သည့် ဒရုန်းလေယာဉ်မှာ မြောက်ကိုရီးယား စေလွှတ်ခြင်းဟု တောင်ကိုရီးယားပြော

    မေ ၉ ၊ ၂၀၁၄
    M-Media
    20145845758828734_20
    – တောင်ကိုရီးယားနိုင်ငံတွင် ပျက်ကျခဲ့သည့် မောင်းသူမဲ့ ဒရုန်းလေယာဉ်များမှာ မြောက်ကိုရီးယားမှ စေလွှတ်သည့် သူလျှိုလေယာဉ်များဖြစ်သည်ဟု တောင်ကိုရီးယား အာဏာပိုင်များက ပြောကြားလိုက်သည်။

    အဆိုပါ ဒရုန်းများအတွင်းရှိ GPS စနစ်များကို အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးပေါင်းစစ်ဆေးခဲ့ပြီးနောက် ထိုလေယာဉ်များ၏ ဇစ်မြစ်မှာ မြောက်ကိုရီးယားမှဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က ဆိုသည်။

    ထို့ပြင် မိမိတို့ပိုင်နက်အတွင်းသို့ ထောက်လှမ်းရေးလေယာဉ်များ စေလွှတ်ခြင်းမှာ စစ်ရေးအရ ရန်စမှုဖြစ်ပြီး၊ တောင်နှင် မြောက် ၂ နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ချိုးဖောက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဒရုန်းလေယာဉ် ၃ စင်းအား မတ်လ ၂၄ ရက်နေ့မှ ဧပြီ ၆ ရက်အတွင်း တောင်ကိုရီးယား နယ်စပ်အနီးအတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ တစ်စီးမှာ အင်ဂျင် ပြဿနာကြောင့်ဖြစ်ပြီး၊ အခြား ၂ စီးမှာ ဆီကုန်သွားသောကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်။

    ဒရုန်းလေယာဉ်များမှာ ဒီဇိုင်ပိုင်းအရ သာမန်မျှသာဖြစ်သော်လည်း ကင်မရာများ တပ်ဆင်ထားကာ နယ်စပ်ဒေသ အခြေနေများ၊ တောင်ကိုရီးယား စစ်တပ်၏ အချက်အချက်နေရာများနှင့် သမ္မတ အိမ်တော် အပါဝင် ဆိုးလ်မြို့ အခြေအနေ ဓာတ်ပုံများကို ရိုက်ယူထားသည်ဟု ဆိုသည်။

    မြောက်ကိုရီးယားဘက်ကမူ မိမိတို့မှာ ထိုဒရုန်းလေယာဉ်များနှင့် ပတ်သက်မှု မရှိဟုဆိုကာတောင်ကိုရီးယားက လုပ်ကြံ စွပ်စွဲခြင်းသာဖြစ်သည်ဟု တုံ့ပြန် ပြောဆိုခဲ့သည်။

  • ရိုဟင်ဂျာ၊ လူမျိုးစုငယ်၊ ဘာသာကွဲများကို လူ့အခွင့်အရေး ချိုးဖောက်နေမှုအပေါ် မြန်မာအစိုးရအား ဖိအားပေးရန် အမေရိကန် အောက်လွှတ်တော် အတည်ပြု

    မေ ၈၊ ၂၀၁၄
    M-Media

    Chairman Royce Applauds House

    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေ အပေါ် ညှဉ်းပမ်းနှိပ်စက်နေမှုတွေ ချုပ်ငြိမ်းစေဖို့နဲ့ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးစုငယ်တိုင်းနဲ့ ဘာသာကွဲများအပေါ် အပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးစံနှုန်းများနှင့် အညီ လေးစားသမှုပြုဖို့ အတွက် မြန်မာအစိုးရကို တိုက်တွန်းဖို့ တင်သွင်းခဲ့တဲ့ အဆို အမှတ် ၄၁၈ ကို မေလ (၇) ရက်နေ့မှာ အမေရိကန် အောက်လွှတ်တော် က ဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

    ဒီအဆိုကို မက်စက်ချူးဆက်ပြည်နယ် မဲဆန္ဒနယ်မြေ (၂) မှ အောက်လွှတ်တော် အမတ် James McGovern က နိုဝင်ဘာလ ၂၀၁၃ ခုနှစ်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ မတ်လ (၂၅) ရက်နေ့မှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ တင်သွင်းဆွေးနွေးခဲ့ကြပြီး ကော်မတီ ဥက္ကဌ ဖြစ်သူ ကယ်လီဖိုးနီးယားပြည်နယ် မှ အောက်လွှတ်တော်အမတ် Ed Royce က ဖြည့်စွက်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး အောက်လွှတ်တော်မှာ ချပြဆွေးနွေးဖို့ အတည်ပြုခဲ့ပါတယ်။ ဖြည့်စွက်ချက်အတွင်းမှာ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုချက်တွေအပြင် ရိုဟင်ဂျာ လူမျိုးတွေကိုလည်း မြန်မာ့တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုပေးဖို့နဲ့ နိုင်ငံသားဖြ စ်တည်ရေး ကိစ္စဖြေရှင်းပေးဖို့ တောင်းဆိုချက်လည်း ပါဝင်ပါတယ်။

    အောက်လွှတ်တော်မှာ မဆွေးနွေးခင် Democrat ပါတီမှ ကိုယ်စားလှယ် (၃၆) ဦးနဲ့ Republican ပါတီမှ ၁၄ ဦး စုစုပေါင်း (၅၀) ဦးထောက်ခံမှု ရရှိထားပြီးသားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီကြီး နှစ်ခု စလုံးက ကိုယ်စားလှယ် ထောက်ခံ ထားကြပြီး ကန့်ကွက်မှု မရှိတဲ့အတွက် လွှတ်တော်ရဲ့ သမရိုးကျမဲခွဲဆုံးဖြတ်မှုတွေကို ကျော်လွန်ပြီး တက်ရောက်သူ ကိုယ်စားလှယ်တွေရဲ့ တခဲနက် ထောက်ခံမှုနဲ့ လွှတ်တော် ဥက္ကဌ က အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

    ရခိုင်ဒေသရှိ ရိုဟင်ဂျာလူမျိုးတွေ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ယခုလို တင်သွင်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်လောက်ကလည်း ကရင်လူမျိုးစုတွေနဲ့ မြန်မာ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်နေမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ယခုလို အလားသဏ္ဍန်တူတဲ့ ဆုံးဖြတ်ချက်မျိုးပြုလုပ်ခဲ့ပါသေးတယ်။ ယခင်ဆုံးဖြတ်ချက်နဲ့ ကွာခြားတာကတော့ စီးပွားရေးပိတ်ဆို့မှု အထိ ပြုလုပ်မှာမဟုတ်ဘဲ သံတမန်ရေးအရ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေနဲ့ ဖိအားပေး တိုက်တွန်းသွားဖို့ သာဖြစ်ပါတယ်။

    ထို့ပြင် ရိုဟင်ဂျာများမှာ ကမ္ဘာပေါ်တွင် ညှင်းပန်းနှိပ်စက်မှုဒဏ်ကို အခံရဆုံးသော လူမျိုးများဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်း များစွာ နေထိုင်လာ ခဲ့သော်လည်း နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးနေရကြာင်း၊ ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးများကို မြန်မာ အစိုးရက ဆယ်စုနှစ် သုံးခုကျော်ကြာ စနစ်တကျ ပိတ်ပင်ထားခဲ့ကြောင်း စသဖြင့် ၄င်း က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ထိုဆုံးဖြတ်ချက်တွင် ရိုဟင်ဂျာများ ခံစားနေရသည့် ညှင်းပန်းနှိပ်စက်မှုများ၊ ၂၀၁၂ ခုနှစ်က စတင်ကာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရိုဟင်ဂျာများ သေဆုံးခဲ့ရခြင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်း၊ ဒူချီရာတန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော ကမန် မွတ်စလင်များအား ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှု စသည်တို့ကို ဖော်ပြထားပါတယ်။

    ၂၀၁၃ ခုနှစ် မတ်လနှောင်းပိုင်းက မိတ္ထီလာမြို့တွင် မြန်မာ မွတ်စလင်များအား ပစ်မှတ်ထားကာ ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုများနှင့် ယခုနှစ်များအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် လူနည်းစု မွတ်စလင်များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုအားလုံးကို ထိုဆုံးဖြတ်ချက်တွင် ဖော်ပြထားပါတယ်။

    ထိုဆုံးဖြတ်ချက် ပြဌာန်းချက်ပါ အချက်(၅) ချက်အနက် ၂ ခုမှာ

    ၁) ရိုဟင်ဂျာမွတ်စလင်များအပေါ် ညှင်းပန်းနှိပ်စက်မှုများအား အဆုံးသတ်ရန်နှင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၊ လူနည်းစုဝင်များ အတွက် နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေး စံနှုန်းများအား လေးစားရန်အတွက် မြန်မာအစိုးရအား တောင်းဆိုရန်

    ၂) ရိုဟင်ဂျာမွတ်စလင်များအား ခွဲခြားဆက်ဆံမှုနှင့် နှိပ်စက်မှုများအား ပပျောက်ရေးအတွက် လိုအပ်သော ဆောင်ရွက်မှုများပြုလုပ်ရေး အမေရိကန်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့က မြန်မာအစိုးရအား ဖိအားပေးရန်အတွက် တောင်းဆိုရန် စသည်တို့ဖြစ်ကြသည်။

    Ref: http://foreignaffairs.house.gov

  • ကမ္ဘာတဝှမ်း လျို့ဝှက်ထောက်လှမ်းခဲ့သည့် NSA နှင့် Google တို့ ဆက်ဆံရေး ထင်ထားသည်ထက် နက်နဲ

    မေ- ၈ ၊ ၂၀၁၄
    M-Media
    – အမေရိကန်အမျိုးသာလုံခြုံရေး အေဂျင်စီ NSA နှင့် Google တို့၏ ဆက်ဆံရေးမှ ယခင်က ထင်ထားသည်ထက် ပို၍နက်နဲကြောင်း အပြန်အလှန်ဆက်သွယ်သည့် အီးမေးလ်များမှ သိရသည်ဟု အလ်ဂျာဇီးရား သတင်းဌာနက ဖော်ပြခဲ့သည်။

    361789_NSA-GOOGLE

    NSA ဒါရိုက်တာ ကိသ် အလက်ဇန်းဒါးနှင့် Google အမှုဆောင်အဖွဲ့မှ ဆာဂျီ ဘရင်၊ အဲရစ် ရှမစ်ဒ် ဆက်ဆံရေးမှာ ယခင်က ဖော်ပြခဲ့သည်ထက် ပို၍ရင်းနှီးကြောင်း ရရှိထားသည့် အီးမေးလ်များကို ကိုးကား၍ အလ်-ဂျာဇီးရားက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

    အမေရိကန် အီလက်ထရောနစ် ဆက်သွယ်ရေးလုပ်ငန်းများအပေါ် NSA က ကျယ်ကျယ်ပြန့်ပြန့် လျှို့ဝှက်ထောက်လှမ်းနေမှုများနှင့် ပတ်သက်၍ ၀န်ထမ်းဟောင်း စနိုးဒင်မှ ပြီးခဲ့သည့်နှစ်က ဖွင့်ချခဲ့သည်။ နည်းပညာကုမ္ပဏီများ၏ တာဝန်ရှိသူများကမူ ၎င်းတို့မှာ ဥပဒေဖြင့် ဖိအားပေးမှုကို ခံရသောကြောင့် အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်သည်ဟု ချေပပြောဆိုခဲ့သည်။

    အစိုးရအနေဖြင့် Google ၏ ဆာဗာအတွင်းသို့ ၀င်ရောက်မည်ဆိုလျှင် Google က သိလေ့ မရှိဟု ပြီးခဲ့သည့် နိုဝင်ဘာတွင် Google အမှုဆောင်အရာရှိ ရှမစ်ဒ်က ပြောထားဖူးသည်။

    သို့သော်လည်း လျှို့ဝှက်ထောက်လှမ်းမှု လုပ်ငန်းများကို နည်းပညာကုမ္ပဏီ အားလုံးမှာ ဖိအားပေးမှုကြောင့် လုပ်ဆောင်ခဲ့ရခြင်း မဟုတ်ဟု အလ်-ဂျာဇီးရားက ရရှိထားသည့် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ် ရက်စွဲများဖြင့် အီးမေးလ်များက ဖော်ပြနေသည်။ ထိုအီးမေးလ်များကို လွတ်လပ်သော သတင်းအချက်အလက်များ အက်ဥပဒေ FOIA အရ ရရှိခဲ့ခြင်းဖြစ်သည်။

    ထိုအီးမေးလ် ၂ စောင်မှ တစ်ခုမှာ NSA ဒါရိုက်တာ အလက်ဇန်းဒါးနှင့် Google အမှုဆောင် အရာရှိ ရှမစ်ဒ်တို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဂျို့စ် လေဆိပ်အနီး တွေ့ဆုံခဲ့မှုနှင် ဆက်စပ် လျက်ရှိနေသည်။

    AHT/ARA