News @ M-Media
Blog
  • အင်တာနက် အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက် ငွေညှစ်သည့် ဂိုဏ်းအား ဖိလစ်ပိုင် ဖမ်းဆီး
    မေ – ၃  ၊ ၂၀၁၄
    M-Media
    – အင်တာနက်ကိုအသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက် ငွေညှစ်သည့်ဂိုဏ်းအား ဖြိုခွဲလိုက်ပြီး လူ ၅၈ ဦးအား ဖမ်းဆီးလိုက်သည်ဟု ဖိလစ်ပိုင်ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်တို့က ကြေညာလိုက်သည်။
    201452641373734_20
    အဆိုပါ ဂိုဏ်းမှာ Facebook နှင့် အခြားသော ဆိုရှယ်မီဒီယားများကို အသုံးပြုသူများထဲမှာ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသော မျိုးသမီးများကို ဆိုက်ဘာလိင်ကိစ္စအတွက် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ရန် ဆွဲဆောင်ပြီးနောက် ထိုမှတ်တမ်းများကို အသုံးပြုကာ ခြိမ်းခြောက် ငွေညှစ်မှုများ ပြုလုပ်ကြခြင်းဖြစ်သည်။
    ထိုကဲ့သို့သော ရာဇ၀တ်မှုများကို အဆိုပါဂိုဏ်းက ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်လုပ်ဆောင်ခြင်းဖြစ်သည်ဟု အင်တာပို ဒစ်ဂျစ်တယ် ရာဇ၀တ်မှုစင်တာမှ ဆန်ဂျေး ဗီရ်မာနီက ဆိုသည်။
    “ဒီဂိုဏ်းဟာ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လည်ပတ်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေနဲ့အတူ ဘာကိုမှ ဂရုမထားဘဲ ငွေရဖို့တစ်ခုတည်း အတွက် လုပ်နေကြတာပါ။ အင်တာနက်ဆိုတာ လူ့အဖွဲ့စည်းကို ရောင်ပြန်ဟပ်ပါတယ်။ အကောင်း၊ အဆုံး နှစ်မျိုးစလုံးကိုပါ။ ရာဇ၀တ်မှုကို ဘယ်လိုနေရာမှာ ကျူးလွန်ကျူးလွန် ပုံးကွယ်နေလို့မရဘူးဆိုတာ ဒီစစ်ဆင်ရေးက ပြသနေပါတယ်” ဟု ဗီရ်မာနီက ထပ်လောင်းပြောကြားခဲ့သည်။
    ထိုကဲ့သို့ ဖမ်းဆီးခဲ့သူ ၅၈ ဦးစလုံးမှာ ဖိလစ်ပိုင်နိုင်ငံသားများဖြစ်ပြီး ကလေးငယ် လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်မှု၊ ခြိမ်းခြောက်ငွေညှစ်မှုနှင့် လိမ်လည်မှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့အကြီးအကဲ အလန် ပူရီစီမာက ပြောကြားခဲ့သည်။
    Agencies
  • ကစားသမားဘဝ အနာဂတ် မဆုံးဖြတ်ရသေးဟု မန်ယူ ယာယီနည်းပြ ရိုင်ယန်ဂစ်ဆို
    မေ ၃ ၊ ၂၀၁၄
    M-Media
    – မန်ယူအသင်းရှိ မိမိ၏ အနာဂတ်မှာ မသေချာသေးဘဲ ကစားသမားဘ၀မှ အနားယူရန်ကိုလည်း ချိန်ဆနေကြောင်း အသင်း၏ ယာယီနည်းပြ ရွိုင်ယန်ဂစ်က ပြောကြား လိုက်သည်။
    395856_heroa
    မိုယက်စ်ထွက်ခွာသွားပြီးနောက် နည်းပြအဖြစ် တာဝန်ယူထားသော်လည်း လာမည့်ရာသီတွင် ဟော်လန်နည်းပြ ဗန်ဂါလ်အား ခေါ်ယူရန် မန်ယူအသင်းက စီစဉ်ထားသည်။ ဗန်ဂေါလ်ကလည်း မန်ယူအသင်း၏ နည်းပြအဖွဲ့အား ပြင်ဆင်ပြောင်းလဲချင်သည်ဟု သတင်းများ ထွက်ပေါ်လာခဲပြီးနောက် ဂစ်၏ အခန်းကဏ္ဍမှာ မရေမရာဖြစ်လာခဲ့သည်။
    ဂစ်ကမူ မိမိ၏ အနာဂတ်အား ရာသီအကုန်တွင် ဆုံးဖြတ်သွားမည်ဟု ပြောကြားခဲ့သည်။
    “ဘာမှ မပြောင်းလဲပါဘူး။ ရာသီကုန်တဲ့အထိ ကျွန်တော် ဆက်ရှိနေမှာပါ။ နောက်ဆုံးပွဲစဉ်တွေ အပေါ်မှာ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ဘောလုံး ဆက်ကစားရမလား၊ မကစားရဘူးလားဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီး စဉ်းစားထားပါတယ်။ ရာသီကုန်ရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့” ဟု ဂစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ယခုတစ်ပတ် ဆန်းဒါးလန်းနှင့် ကစားမည့်ပွဲတွင် ရူနီ ပါဝင်နိုင်မည်မဟုတ်ဘဲ ဗန်ပါစီမှာ ဒဏ်ရာမှ သက်သာနေပြီး ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ စနေနေ့ပွဲတွင် ပါဝင်နိုင်ခြင်း ရှိမရှိကိုမူ ပြော၍မရသေးကြောင်း ဂစ်က ထပ်လောင်းပြောကြားခဲ့သည်။
  • အဓိက ကစားသမားများအား ရောင်းချမည်မဟုတ်ဟု ၀င်းဂါးဆို
    မေ ၃ ၊ ၂၀၁၄
    M-Media
    – အသင်းရှိ အဓိက ကစားသမားများအား ယခုနှစ်နွေရာသီတွင် ရောင်းချရန် ရည်ရွယ်ချက် မရှိဟု အာဆင်နယ်အသင်း နည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။
    377648_heroa
    အာဆင်နယ်အသင်း၏ အဓိကနောက်ခံလူ ဆဂ်ညာမှာ အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ရန် သဘောမတူသေးဘဲ အသင်းရှိ အခြားသော ကစားသမားများမှာလည်း အသင်းမှ ထွက်ခွာရန် စိုင်းပြင်းနေကြသည်။ သို့သော်လည်း ၀င်းဂါးကမူ အသင်းရှိ ကစားသမားများအားလုံးကို ထိန်းသိမ်းထားရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။
    “အသင်းသားတွေအားလုံး ဒီမှာဆက်ရှိဖို့ ကျွန်တော်တို့လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်အသင်းဟာ အနာဂတ်မှာ ရည်မှန်းချက် အကြီးကြီး ထားရှိလို့ပါ” ဟု ၀င်ဂါးက ၀က်စဘရွန်းအသင်းနှင့် ကစားမည့်ပွဲ မတိုင်ခင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
    ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဲဗာတန်အသင်း၏ ဖိအားပေးခြင်းကို ခံနေရသည့် အာဆင်နယ်မှာ အဆင့် ၄ နေရာရရန် နီးစပ်နေပြီး ၀င်းဂါးကလည်း မိမိတို့အနေဖြင့် ဖြစ်နိုင်သလောက် အမြင့်ဆုံး အဆင့်ဖြင့် ရာသီသိမ်းချင်ကာ၊ ကျန်ရှိနေသည့် ပွဲများကိုလည်း အနိုင်ရချင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
    Goal.
  • ယူကရိန်းအရေး လုံခြုံရေးကောင်စီတွင် အရေးပေါ် ဆွေးနွေးရန် ရုရှတောင်းဆိုထား
    မေ ၂ ၊ ၂၀၁၄
    M-Media
    – ယူကရိန်းနိုင်ငံအရှေ့ပိုင်း Slovyansk မြို့တွင် ယူကရိန်း စစ်ဘက်သုံးရဟတ်ယာဉ်များ ယနေ့တွင် ပစ်ချခံခဲ့ရကာ စစ်သား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    v2-Slavyansk-REUT
    လက်နက်များတင်ဆောင်သည့် Mi-24 ရဟတ်ယာဉ် ၂ စင်းနှင့် Mi-8 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တို့အား အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပိုက်လော့တစ်ဦးမှာ သေဆုံးခဲ့ရကာ တစ်ဦးမှာ ဖမ်းဆီးခြင်းခံထားရကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ထိုတိုက်ခိုက်မှု ကိုလည်း ရှုတ်ချခဲ့သည်။  Slovyansk မြို့မှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားများ ကြီးစိုးရာဒေသဖြစ်သည်။
    Odessa မြို့တွင်လည်း ယူကရိန်းထောက်ခံသူများ၏ ဆန္ဒပြမှုကို ခွဲထွက်ရေးသမားများက အင်အားသုံးဖြိုခွင်းခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်။
    ယူကရိန်းအရေး အရေးပေါ်ဆွေးနွေးမှုပြုလုပ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရုရှားက တောင်းဆိုထားပြီး၊ လုံခြုံရေးကောင်စီကလည်း အစည်းအဝေးပြုလုပ်ရန် ရှိနေသည်။
    ယူကရိန်း ယာယီသမ္မတ တာချီနော့ဗ်ကမူ ရုရှားလက်နက်ကိုင် သောင်းကျန်းသူများမှာ ယမန်နေ့ညက ယူကရိန်းနိုင်ငံအတွင်းသို့ ၀င်ရောက်ရန်ကြိုးစားခဲ့ပြီး နယ်စပ်မှ ယူကရိန်းတပ်များက ပြန်လည်ခုခံခဲ့ရသည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။
    live.aljazeera
  • အတူနေ အခန်းဖော် မြန်မာချင်း နားရွက်ကိုက်သူအား စင်ကာပူ တရားရုံးမှ ထောင် ၁၅ လ အပြစ်ပေး
    မေ – ၂  ၊ ၂၀၁၄
    M-Media
    Screen Shot 2014-05-02 at 2.41.38 pm
    – အချင်းချင်း စကားများရာမှ အတူနေ တစ်နိုင်ငံတည်းသား၏ နားရွက်ကို ကိုက်ဖြတ်ခဲ့သော မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်သူ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးအား စင်ကာပူ တရားရုံးက ထောင်ဒဏ် ၁၅ လ ချမှတ်ခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က အသက် ၂၈ နှစ်အရွယ် မင်းမင်းထိုက်ဆိုသူမှာ သူငယ်ချင်းတစ်ဦးနှင့် အရက်သောက်ကာ အပြင်မှပြန်လာစဉ် အခန်းတွင်း ရှိနေသည့် တစ်နိုင်ငံတည်းသား နိုင်ဝင်းအား အော်ဟစ် ကန်ကျောက်ကာ နားရွက်ကို ကိုက်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကိုက်ခဲ့မှုကြောင့် နိုင်ဝင်း၏ နားရွက်မှာ အလျား ၄ စင်တီမီတာနှင့် အနံ ၁ စင်တီမီတာအရွယ်ခန့် ပြတ်တောက်သွားခဲ့သည်။
    တရားရုံးတွင် မင်းမင်းထိုက် က အခန်းဖော်အား နာကျင်စေခဲ့မှု အတွက် မိမိတွင် အပြစ်ရှိကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။ မည်သည့် အကြောင်းကြောင့် မိမိ၏ အခန်းဖော်ဖြစ်သူအား ကိုက်ခဲ့သနည်းဟု  မေးမြန်းရာ မင်းမင်းက ထိုအဖြစ်အပျက် အတွက် တောင်းပန်ကြောင်း ထိုအချိန်တွင် မိမိမှာ မူးနေကြောင်း စကားပြန်မှ တစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်။
    သို့သော်လည်း တရားသူကြီး စတီဖင်ခိုက မင်းမင်းမှာ အခင်းဖြစ်ပွားချိန်တွင် အလွန်အကျွံမူးနေခြင်းမရှိဘဲ မည်သည့်အရာပြုလုပ်နေသည်ကို သိရှိကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် လက်လွတ်စပယ် အရက်သေစာသောက်သုံးမှုက ဆိုးရွားသော ရာဇ၀တ်မှုဆီသို့ ဦးတည်သွားနိုင်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: straitstimes
    *photo for illustration purposes only