News @ M-Media

Blog

  • ဟဂ်ျခရီးစဉ် အကြောင်းပြသသည့် ပြပွဲတစ်ခု ပြင်သစ်တွင်ပြုလုပ်

    မေ ၁၊ ၂၀၁၄
    M-Media

    – ရာစုနှစ် အဆက်ဆက် အစ္စလာမ်ဘာသာဝင်တို့၏ ဟဂ်ျဘုရာဖူးခရီးစဉ်နှင့် ပတ်သက်သည့် ပြောင်းလဲလာ မှုများအား ပြသထားသည့် ပြပွဲတစ်ခုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    -

    “ဟဂ်ျ၊ အစ္စလာမ်ဟဂ်ျနှလုံးသည်းပွတ်ဆီသို့ ခရီးစဉ်” ဟု အမည်ရသည့် အဆိုပါ ပြပွဲကို ပဲရစ်မြို့ရှိ အာရပ်ကမ္ဘာအသင်းတွင် ဧပြီလနှောင်းပိုင်းက ကျင်းပပြု လုပ်ခြင်းဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

    အဆိုပါပြပွဲတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ အရင် အချိန်မှစ၍ မက္ကာဟ်မြို့နှင့် ဟဂ်ျဘုရားဖူးခရီးစဉ် ပြောင်းလဲလာ မှုများကို အနုပညာလက်ရာများ၊ ဓာတ်ပုံများနှင့် ရှားပါး လက်ရေးမူများနှင့် ခေတ်အလိုက် အသုံးပြုသည့် အ၀တ်အထည်များကို အသုံးပြုကာ ဖော်ပြထားသည်။

    “လက်ရှိခေတ်ကနေ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ အရင်ကို ပြန်သွားခဲ့ရတာပါ။ ခံစားမှုကတော့ အတူတူပါပဲ။ ဟဂ်ျဟာ မွတ်စလင်အားလုံးရဲ့ နှလုံးသားထဲက လက်ဆောင်ပါပဲ” ဟု အဆိုပြပွဲ တာဝန်ခံ အိုမာရ် ဆဂ်ဟီက AFP သတင်းဌာသို့ ဧပြီ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ဟဂ်ျခရီးစဉ်၏ အစပိုင်းတွင်း ဘုရားဖူခရီးသွားများမှာ ခြေကျင်ဖြင့်လည်းကောင်း၊ ကုလားအုပ်များကို အသုံးပြု၍လည်းကောင်း သွားခဲ့ရသည်။ နောက်ပိုင်းတွင် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ဟဂ်ျဘုရားဖူးခရီးစဉ်သို့ သွားရောက်သူများမှာလည်း မြင့် တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လာရောက်သူ ၃ သန်းရှိကာ ၁.၆ သန်းမှာ လေယာဉ်ဖြင့် လာရောက်ကြသူများဖြစ်သည်။

    ဟဂ်ျဘုရားဖူးခရီးစဉ်မှာ အစ္စလာမ်သာသနာ၏ အဓိကမဏ္ဍိုင်ကြီး ၅ ခုအနက်မှ တစ်ခုဖြစ်သည်။ အစ္စလာမ်အယူဝါဒ၏ အရေးပါသော သဘောထားကို အမှတ်သညာပြုခြင်းလည်းဖြစ်ကာ၊ တမန်တော်ကြီး အီဗရာဟင်မ်(အ) မိသားစုအား အလ္လာဟ်အရှင်မြတ်ဘက်မှ စမ်းသပ်မှုများကိုလည်း ပြန်လည် သတိရစေခြင်းလည်းဖြစ်သည်။

    အဆိုပါပြပွဲတွင် နှစ်ပေါင်းမျာစွာအကြာက ဘုရားဖူးခရီးစဉ်အကြောင်း ဖော်ပြထားသော ရုပ်ကြွ ငယ်များ၊ ခရီးစဉ်လာရောက်ခွင့်အတွက် ထုတ်ပေးထားသည့် ရှေ့ကျသော လက်မှတ်များကိုလည်း ပြသထားသည်။ ထို့ပြင် ၁၉ ရာစုနှစ်က ပြင်သစ် အနုပညာရှင် လီယွန် ဘဲလီရေးဆွဲထားသည့် “Pilgrims Going to Makkah” ဟဂ်ျခရီးစဉ် ပန်းချီကားကိုလည်း ပါဝင်ပြီး အော်တိုမန် အင်ပါယာလက်ထက် မက္ကာမြို့ရှိ ကအ်ဗာကျောင်းတော်အနီး ဘုရားဖူးများ စုဝေးနေသည့် ပုံစံကို မင်နှင့် ခံတဲဖြင့် ရေးဆွဲထားသည့် မြေပုံတစ်ခုလည်းပါဝင်သည်။

    ဟဂ်ျခရီးစဉ်အကြောင်း ပြသခြင်းမှာ ယခုအချိန်မှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက “Journey Through Art”  ခေါင်းစဉ်ဖြင့် ထိုကဲ့သို့ ဟဂ်ျခရီးစဉ် ပြပွဲတစ်ခုကို ကာတာနိုင်ငံ၌ ပြုလုပ်ခဲ့သေးသည်။ ၂၀၁၂ ခုနှစ်ကလည်း ဗြိတိန်ရှိ ပြတိုက်တွင် ဟဂ်ျခရီးစဉ်အကြောင်း ပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ရာစုနှစ်အလိုက် မက္ကာမြို့သို့ သွားရောက်ရပုံများပါဝင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဟဂ်ျခရီးစဉ် ပြပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
    OnIslam & News Agencies

    Photo-AFP

  • ကံဆိုးသူတို့ရဲ့ ထပ်ဆင့်ဒုက္ခများ (Photo Essay)

    မေ ၁ ၊ ၂၀၁၄
    M-Media
    မင်းထွဋ်ခေါင် ဘာသာပြန်သည်။

    10
    ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဒါးပိုင် ဒုက္ခသည်စခန်းမှ တဲကုတ်အတွင်းနေထိုင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီး နူရ်ဘေဂမ် အား အာဟာရချို့တည့်နေသည့် အမွားပူးငယ်လေးငယ်နှစ်ယောက်နှင့် အတူ တွေ့ရစဉ် Photo Copy Right-REUTERS/Minzayar

    ဘာသာရေးအကြမ်းဖက်မှုကြောင့် မြန်မာမွတ်စ်လင်မ်လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာများက အိုးအိမ်မဲ့ဖြစ်သွားခဲ့ရတဲ့နောက် ယခုအချိန်မှာ နိုင်ငံတကာထောက်ပံ့ ကူညီမှုကန့်သတ် ခံလိုက်ရပြန်တဲ့ အတွက် ဆိုးသထက်ဆိုးရွားလာတဲ့ ကျန်းမာရေးပြဿနာကို အသည်းအသန် ရင်ဆိုင်နေရရှာပါတယ်။

    ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ သန်းတစ်ဝက်ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု အဓိကပေးနေတဲ့ Medecins Sans Frontieres-Holland (MSF-H) အဖွဲ့ကို မြန်မာအစိုးးရက ဖေဖော်ဝါရီလအတွင်း မောင်းထုတ်ခဲ့ပါတယ်။

     

    22

    ၂၀၁၂ ခုနှစ်ကစပြီး ဗုဒ္ဓဘာသာဝင်နဲ့မွတ်စ်လင်မ်တို့အကြားက အကြမ်းဖက်မှုကြောင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတို့ဟာ နေရပ်စွန့် အိုးအိမ်မဲ့ဘ၀ ရောက်ခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ လက်ရှိ နေထိုင်နေရတယ်။ အထက်ဖော်ပြပါပုံက သူတို့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ သူတို့တစ်တွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုအပြင် အခြေခံလိုအပ်ချက်အကူအညီပေးနေကြတဲ့ အဲန်ဂျီအို နဲ့ ကုလရုံးတွေကို ရခိုင်လူရမ်းကားတစ်စုက မတ်လအတွင်းမှာ ဦးတည်တိုက်ခိုက်ခဲ့ကြတယ်။

    ဇန္န၀ါရီလက ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်းတောမြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တယ်။ အဲ့ဒီ အကြမ်းဖက်ခံလူစုကို Medecins Sans Frontieres-Holland (MSF-H) အဖွဲ့က ကုသပေးခဲ့တယ်လို့ ကြားသိရပြီးနောက် အဆိုပါအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေကို မြန်မာအာဏာပိုင်များက တားဆီးပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။

    အဲ့ဒီ အကြမ်းဖက်မှုမှာ ဗုဒ္ဓဘာသာဝင် ရခိုင်ရွာသားတို့လက်ချက်နဲ့ ရိုဟင်ဂျာ ၄၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂမှ ဆိုထားပါတယ်။

    ၂၀၁၄ ဧပြီ ၂၃၊ ပေါက်တော်၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

    09

    ယခုလ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နှစ်သစ်ကာလအဆုံးသတ်ချိန်မှာတော့ အဲန်ဂျီအို အားလုံးနီးပါးရဲ့ လုပ်ငန်းတွေ ပုံမှန်ပြန်လည်ဆောင်ရွက်စေမယ်လို့ မြန်မာအစိုးရက ဆိုခဲ့သော်လည်း ရိက္ခာဖြန့်ပို့ဝေငှတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တစ်ဖွဲ့တည်းသာ ယခင်အတိုင်း ပြန်လည်သွားရောက်ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။

    ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတစ်ခုမှာ ထောက်ပံ့ရေးရိက္ခာဝေစုရရှိဖို့ စောင့်ဆိုင်းနေရတဲ့ ရိုဟင်ဂျာတစ်စုကို အထက်ဖော်ပြပါပုံထဲ တွေ့ကြရပါလိမ့်မယ်။

    ရခိုင်လူ့အဖွဲ့အစည်းခေါင်းဆောင်များက ဗဟိုအစိုးရနယ်ပယ်ထဲအထိ ထိုးဖောက်လို့ ပြန်လည်ဝင်ရောက်လိုကြတဲ့ အခြားကယ်ဆယ်ကူညီရေးအဖွဲ့များအပေါ် တစ်ဖက်သတ်စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြဋ္ဌာန်းစေခဲ့တယ်။

    အဲန်ဂျီအိုအဖွဲ့များအနေနဲ့ သူတို့ခရီးစဉ်များ၊ စီမံချက်များကို အကြွင်းမဲ့ ပွင့်လင်းမြင်သာစွာ ဖွင့်ချဖော်ပြမယ်၊ ပြီးတော့ ရိုဟင်ဂျာတို့ကို မျက်နှာသာမပေးဘူး ဆိုမှသာ ပြန်လည်ဆောက်ရွက်ခွင့်ပြုသွားမယ်လို့ ရခိုင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက ပြောခဲ့ပါတယ်။

    ၂၀၁၄ ဧပြီ ၂၄ ရက်၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

    dX-7h4A2tDcTPCgddOJQ1PQjS3USDoSkMJ7xgvh0wdvZRhY1DtE-pDfQOvaKkmy8g-CO1dO65F0Q6zu56YzbEw
    ပြည်ပအထောက်အပံ့ အကြီးအကျယ် လစ်ဟာသွားခြင်းနဲ့အတူ လူနည်းစုမွတ်စ်လင်မ်များအဖို့ တော်တော်ရုန်းကန်နေကြရပါတယ်။

    ဖုန်ထူညစ်ထေးတဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ Gorima Khatu ရဲ့ သုံးနှစ်အရွယ်သမီးငယ် Asoma လေးဟာ diarrhoea ဝေဒနာခံစားရပြီး သေဆုံးသွားခဲ့တယ်။

    “ အကယ်၍ တစ်စုံတစ်ဦးသာ ကူညီဖို့ ရောက်လာခဲ့မယ်ဆိုရင် ကျွန်မရင်သွေးလေး ဒီတောင်ကို ကျော်နိုင်ခဲ့မယ်လို့ ကျွန်မ ထင်မြင်ပါတယ် ” ဆိုပြီး ကလေးမိခင် Gorima က ပုဝါအုပ်ထားတဲ့ ကလေးရဲ့ရုပ်ကလာပ်ကို ပုခက်လွှဲသလိုပြုပေးရင်း ပြောရှာပါတယ်။

    ၂၀၁၄ ဧပြီ ၂၈ ရက်၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

    01ဒုက္ခသည်စခန်းများစွာကို ရောက်ရှိခဲ့တဲ့ ရိုက်တာသတင်းထောက်များက ဖျားနာတဲ့ဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေကြရကြောင်း ဖွင့်ထုတ်တင်ပြကြပါတယ်။ အထက်ပါပုံထဲက အာဟာရချို့တဲ့နေတဲ့ ၂၅ ရက်သား အမြွာလေး နှစ်ဦးက သာဓကတစ်ရပ်ဖြစ်ပါတယ်။

    အစိုးရဖက်က ဆေးကုသရေးအဖွဲ့က ရိုဟင်ဂျာဒေသတွေဆီ အခါအားလျော်စွာ သွားရောက်ကြပေမယ့် ပြည့်ဝလုံလောက်မှု မရှိကြဘူးလို့ ပြည်ပကူညီရေး အဖွဲ့အစည်းများက ဆိုပါတယ်။ အဲ့ဒီလူတွေအများစုက ရိုဟင်ဂျာတွေရဲ့ ဘယ်အရေးမှာဖြစ်ဖြစ် ဖြစ်ကတတ်ဆန်း လျော့တိလျော့ရဲ ဆောင်ရွက် သွားခဲ့ကြတာဖြစ်တယ်။

    ၂၀၁၄ ဧပြီ ၂၄၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

    08အထက်ဖော်ပြပါ ကြိမ်းနီပြင်မှာဆိုရင် ရိုဟင်ဂျာ ၄၆၀၀ နီးပါးဟာ ရဲအစောင့်အကြပ်အောက်မှာ နေကြရပြီး သွားလာခွင့်လည်း ကန့်သတ်ခံထားရတယ်။ အစိုးရက သူတို့ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီများအဖြစ် သတ်မှတ်ထားလို့ပါပဲ။

    အဲ့ဒီ နေရာမျိုးတွေမှာ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရတယ်ဆိုတဲ့ အဆိုကို ရခိုင်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ငြင်းပယ်ခဲ့တယ်။

    “ အဲ့ဒီစခန်းတွေထဲက တစ်ခုမှာ လာရောက်တဲ့သူတိုင်းကို ဖျားနာနေတဲ့ ကလေးတွေပြသနေတတ်တဲ့ လူတစ်စုရှိနေတယ်။ ဆေးကုသရေးကို အစိုးရဖက်က စီစဉ်ပေးသည့်တိုင် သူတို့က ငြင်းဆန်ကြတယ်လေ” လို့ သူက ပြောပါတယ်။

    ကူညီရေးအဖွဲ့တွေကို မည်သည့်သြဇာလွှမ်းမိုးမှု မရှိစေပဲ ရခိုင်ပြည်နယ်ဆီ ပြန်သွားခွင့်ပြုဖို့ အမေရိကန်၊ ဗြိတိန်နဲ့ အခြားနိုင်ငံတို့မှ မြန်မာအစိုးရအပေါ် တွန်းအားပေးထားပါတယ်။

    ၂၀၁၄ ဧပြီ ၂၈၊ ပေါက်တော၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

    21

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတစ်ခုဖြစ်သော ဒါးပိုင်စခန်းအနီး လယ်ကွင်းများအတွင်း ဆော့ကစားနေကြသည့် ကလေးငယ်များ

    REUTERS/Minzayar

    02 ကြိမ်းနီပြင်ဒုက္ခသည်စခန်းတွင် ရပ်နေသော ရိုဟင်ဂျာ အမျိုးသမီးများ

    REUTERS/Minzayar

    03သက်ကယ်ပြင်ဒုက္ခသည်စခန်းသို့ လာရောက်သော ရှောင်တခင်ဆေးခန်းတွင် ဆေးကုသမှုခံယူရန် စောင့်စားနေကြသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် ၎င်းတို့၏ကလေးငယ်များ

    REUTERS/Minzayar

    04 ဒုက္ခသည်စခန်းတစ်ခု၌ အရေပြားရောဂါဝေဒနာခံစားနေရရှာသည့် ကလေးငယ်အား ပွေ့ချီထားသော ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး

    REUTERS/Minzayar

    05 ကြိမ်းနီပြင်မှ ဒုက္ခသည် ရိုဟင်ဂျာ မိန်းမငယ်တစ်ဦး

    REUTERS/Minzayar

    07

    သက်ကယ်ပြင်စခန်းအနီး ရွာတစ်ရွာရှိ အိမ်သစ်တစ်ဆောင်အတွင်း ကြမ်းပြင်ပေါ် လဲလျောင်းနေသည့် ကလေးငယ်။ ထိုကလေးငယ်မှာ တင်အောင်ဇင် (၉ နှစ်)ဖြစ်ပြီး ယခင်နေရပ်ဝန်းကျင်၌ အကြမ်းဖက်မှုဖြစ်စဉ်အတွင်း လန့်ဖျပ်သွားခြင်းကြောင့် ကိုးမားဝေဒနာခံစားနေရသည်ဟု ၎င်း၏မိခင်က ပြောပြသည်။

    REUTERS/Minzayar

    06ဒါးပိုင်စခန်းရှိ ကိုယ်ပိုင်အခန်းတစ်ခုအတွင်း ဆိုးဆိုးဝါးဝါး အာဟာရချို့တဲ့နေသည့် သားချင်းလေးကို ကိုင်ထိန်းထားသော ကလေးတစ်ဦး
    REUTERS/Minzayar

    Muslim_Rohingya_crisis_worsens_in_Burma_-_The_Washington_Post_-_2014-05-01_11.48.44 ကြိမ်းနီပင်စခန်းတွင် diarrhoea ဝေဒနာဖြင့် သေဆုံးသွားသည့် သုံးလအရွယ် Asoma Khatu ၏ ရုပ်ခန္ဓာအား ပိတ်ဖြူတစ်စဖြင့် ခြုံလွှမ်းထားပုံ

    REUTERS/Minzayar

    11သက်ကယ်ပြင်စခန်းရှိ အခန်းအတွင်း တစ်နှစ်ကျော် အဆုတ်ရောဂါဝေဒနာဖြင့် လဲနေသည့် အသက် ၅၄ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသား မုဟမ္မဒ် အလီ

    REUTERS/Minzayar

    13 diarrhea ဝေဒနာကို တစ်ပတ်ကျော်ခံစားနေရသည့် မုဟမ္မဒ် အလံမ်အား သူ့အခန်းရှေ့ ဖျာတစ်ချပ်ပေါ် လဲလျောင်းနေသည်ကို တွေ့ရစဉ်

    REUTERS/Minzayar

    18ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်မှ အစာရေစာဝေစုများကို လက်ခံရယူနေကြသော သဲချောင်းစခန်းမှ ရိုဟင်ဂျာများ

    REUTERS/Minzayar

    17ကောင်းဒုက္ခစခန်းတွင် တွေ့ရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် သူတို့၏ကလေးငယ်များ

    REUTERS/Minzayar

    14 ဒါးပိုင်စခန်းအနီး ဆေးရုံတစ်ခု၌ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှ ဆရာဝန်တစ်ဦးထံ စမ်းသပ်ခံနေသော ရိုဟင်ဂျာအမျိုးသမီး နှင့် သူနာပြုထံ မိမိ၏ရင်သွေးကို ပြသနေသော ရိုဟင်ဂျာအမျိုးသမီး

    REUTERS/Minzayar

    19စစ်တွေရှိ သက်ကယ်ပြင်စခန်းမှ ယာယီဆေးခန်းသို့ မိခင်ဖြစ်သူက ခေါ်ဆောင်သွားပြီး စစ်ဆေးပြီးနောက် diarrhea ဝေဒနာခံစားနေကြောင်း သိခဲ့ရသည့် အသက် ၂၂ လအရွယ် ရိုဟင်ဂျာမိန်းကလေး Musana Khatu

    REUTERS/Minzayar

    15သဲချောင်းစခန်းတွင် ဆေးပေးဝေနေသည့် ဆေးပေးခန်း။ ၎င်းကို ယာယီဆေးကုသခန်းအဖြစ်လည်း အသုံးပြုသည်။

    REUTERS/Minzayar

    12ယာယီဆေးခန်းတွင် မိမိ၏ဖျားနာခြင်းကို ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် ရိုဟင်ဂျာလူငယ်တစ်ဦး

    REUTERS/Minzayar  16

    ကြိမ်းနီပြင်ဒုက္ခသည်စခန်း၏ မြင်ကွင်းတစ်ရပ်

    REUTERS/Minzayar

  • ကမ္ဘာ့ အဆိုးရွားဆုံး အာဟာရ ချို့တည့်မှုကြောင့် သေတွင်းရောက်နေရ သူများ၏ ပုံရိပ်များ

    မေ ၁ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်- O’Laie Manzu

    ရိုဟင်ဂျာလူမျိုးဆိုတာကတော့ ကမ္ဘာ့ပေါ်မှာ ဥပက္ခာပြုခြင်းခံရဆုံးသော လူမျိုးလို့ အတော်များများသိကြပါတယ်။ မြန်မာစိုးရရဲ့ ခွဲခြားဆက်ဆံခြင်း ခံနေကြရပြီး နိုင်ငံအနောက်ပိုင်း နယ်စပ်ဒေသမှာနေထိုင်ကြတဲ့ မွတ်စလင် လူနည်းစုလည်းဖြစ်ပါတယ်။ သူတို့ရဲ့ ဒုက္ခတွေကိုတော့ သေသေချာချာ မှတ်တမ်းတင်ထားနိုင်ပေမယ့် လက်တွေ့ရင်ဆိုင်နေရတဲ့ ဘဝကတော့ သိပ်ပြီးပြောင်းလဲမှု မရှိပါဘူး။ Reuters သတင်းဌာနက ထုတ်ဖော်တင်ပြလိုက်တဲ့ ပုံရိပ်တွေကတော့ အကြမ်းဖက် လူစုကြီးရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေနေထိုင်တဲ့ ရခိုင်ပြည်နယ်ရှိ ပြည်တွင်း ဒုက္ခသည် စခန်းတွေထဲက ပုံတွေဘဲဖြစ်ပါတယ်။

    10
    ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဒါးပိုင် ဒုက္ခသည်စခန်းမှ တဲကုတ်အတွင်းနေထိုင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီး နူရ်ဘေဂမ် အား အာဟာရချို့တည့်နေသည့် အမွားပူးငယ်လေးငယ်နှစ်ယောက်နှင့် အတူ တွေ့ရစဉ် Photo Copy Right-REUTERS/Minzayar

    ဖေဖော်ဝါရီလ လောက်ကနေစပြီး နိုင်ငံခြားက ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကို မြန်မာ အာဏာပိုင်တွေ နှင်ထုတ်ပြီးတဲ့နောက်မှာ နေထိုင်မှု အခြေအနေတွေ ပိုမိုဆိုးရွားလာတွေကို ဒီပုံရိပ်တွေမှာ ထင်ဟပ်စေပါတယ်။ ဆာလောင် မွတ်သိပ်မှုတွေနဲ့ အာဟာရ ချို့တည့်မှုတွေ ရင်ဆိုင်နေကြရပြီး မွေးကင်းစ ကလးငယ်တွေကတော့ ဒီဒဏ်တွေကို ပိုပြီး ခံစားကြရပါတယ်။ ဒုက္ခသည်တွေကို ဆေးဝါး ကုသမှုပေးနေခဲ့တဲ့ Medecins Sans Frontieres ဆရာဝန်များအဖွဲ့ကို အစိုးရက နှင်ထုတ်ပြီးတဲ့နောက် ရက်သတ္တပတ် အနည်းငယ်အတွင်း ကြိမ်နီပင် ဒုက္ခသည် စခန်းမှာ မွေးကင်းစ ခြောက်ယောက် သေဆုံးခဲ့တဲ့ အကြောင်း ကယ်ဆယ်ရေး လုပ်သား တစ်ဦးပြောပြတယ်လို့ Reuters မှာဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေကို အခြားမြန်မာ အများစုကတော့ တရားမဝင် ခိုးဝင်လာတဲ့ နိုင်ငံခြားသား ဘင်္ဂါလီတွေလို့ သက်မှတ်ကြပါတယ်။ မြန်မာနိုင်ငံသားဖြစ်ခွင့် ကိုလည်း ငြင်းပယ် ထားပါတယ်။ ဒါပေမယ့် ၁၃ သိန်းခန့်ရှိတဲ့ ဒီလူတွေဟာ ရိုဟင်ဂျာလို့ လက်ခံထားကြပြီး မြန်မာနိုင်ငံ နောက်ဖျားရှိ အာရကန်ပြည်ကို မျိုးရိုစဉ်ဆက် အလိုက် မွေးရပ်ဌာနေလို့ သက်မှတ်ကြပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေကို ရုတ်သိမ်းလိုက်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား က ဒီလအတွင်းအခြေအနေကို ဆန်းစစ်လေ့လာခဲ့ပါတယ်။ အစာရေစာ မဖူလုံမှုတွေနဲ့ ကျန်မာရေးဆေး ကုသမှု လစ်ဟာနေတာတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ “ရိုဟင်ဂျာ မွတ်စလင် အသိုင်းအဝိုင်း အပေါ် အခုလို နှစ်ရှည်လများ ခွဲခြား ဆက်ဆံမှုတွေနဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေပြုလုပ်နေတာ လူသားများအပေါ် ရာဇဝတ်မှုကျူးလွန်ရာ ရောက်တယ်” လို့ သူကဆိုပါတယ်။

    08
    နူရ်ဘေဂမ်ရဲ့ ရက်ပိုင်းအရွယ် ကလေးငယ်များ Photo Copy Right-REUTERS/Minzayar

    ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေနဲ့ လူမျိုး အငြင်းပွားမှုတွေဟာ ဆိုးသွမ်းလှတဲ့ စစ်အာဏာရှင် လက်အောက်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းလာပြီး ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ မြန်မာနိုင်ငံ အတွက် ပုံရိပ် မဲကြီးတွေဖြစ်ပါတယ်။ ရှေ့ရိုးစွဲတွေကို အားပြုတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အမျိုးသားရေး ဝါဒတွေကိုသာ အပြစ်တင်ရပါလိမ့်မယ်။ ၂၀၁၃ ခုနှစ် မတ်လမှာ ရွှေဆိုင် တစ်ခုက အငြင်းပွားရာကနေ ဗုဒ္ဓဘာသာဝင် လူစုကြီးက မွတ်စလင်တွေကို ဝိုင်းဝန်း တိုက်ခိုက်တဲ့ အဖြစ်အပျက်ကြီး တစ်ရပ် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှာဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး တစ်သိန်းလေးသောင်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ကြီး အနက် လူ ၄၃ ဦးသေဆုံးခဲ့တဲ့ မီးရို့သတ်တဲ့ လုပ်ရပ်ကြီးကတော့ အကျည်းတန်ဆုံးဖြစ်ရပ် တစ်ခုပါဘဲ။

    တချို့ကတော့ မြန်မာနိုင်ငံက နိုဘလ်ဆုရှင်လည်းဖြစ် ဒီမိုကရေစီ ချန်ပီယန်ကြီးလည်းဖြစ်တဲ့ ပါလီမန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေတဲ့ အတွက် အတော်လေးကို စိတ်ပျက်နေကြပါတယ်။ တချိန်တည်းမှာ ရိုဟင်ဂျာတွေဟာ ဖယ်ကြဉ်ခြင်းခံနေရပေမယ့် သူတို့ကို လုံးဝကြီးတော့လည်း ဥပက္ခာပြု မေ့မထားပါဘူး။ ဒါပေမယ့် တကယ်တန်းတော့ သူတို့အတွက် ကယ့်မယ့်လူလည်းမရှိသလို မျော်လင့်ချက်လည်း မဲ့နေပါတယ်။

    (မှတ်ချက်။ Ishaan Tharoor ရေးသားပြီး Washington Post မှာဖော်ပြထားတဲ့ Shocking images of the world’s most forsaken people starving to death ဆောင်းပါးကို O’Laie Manzu မှ ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။)

    ဓါတ်ပုံများ FB တွင် ကြည့်လိုလျှင် =>http://goo.gl/ddT9so

  • စံချိန်သစ်တွေနဲ့ ဧည့်သည်အသင်းတွေ ခြေစွမ်းပြခဲ့တဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ

    မေ ၁ ၊ ၂၀၁၄
    M-Media

    – ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိအကျော့ပွဲစဉ်တွေကို မနေ့ကနဲ့ ဒီနေ့မှာ တစ်ပွဲစီ ကစားခဲ့ကြပြီး အိမ်ရှင်အသင်းတွေ မရှုမလှအရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
    2099155_w2
    ဒီနေ့မနက် ကစားခဲ့တဲ့ ချယ်ဆီးနဲ့ အက်သလက်တီကိုတို့ပွဲမှာတော့ ချယ်ဆီးက ဖာနန်ဒိုတောရက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ချယ်ဆီးမှာ လမ်းပတ်နဲ့ မီခေးလ်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ဘဲ မော်ရင်ဟိုဟာ နောက်ခံအလယ်လူ ၃ ဦးအထိ အသုံးပြုပြီး နောက်တန်းကို အခိုင်အမာတည်ဆောက်ခဲ့ပါတယ်။

    ပထမပိုင်းမှာ ချယ်ဆီးတို့အသာရခဲ့ပြီး ၃၆ မိနစ်မှာတော့ အဖွင့်ဂိုးရခဲ့ပါတယ်။ ၀ီလီယံ၊ အက်ဇ်ပီလီကျူတာတို့ရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် အက်သလက်တီကိုတိုက်စစ်မှူးဟောင်း တောရက်စ်က ဧရိယအတွင်းကနေကန်သွင်းယူပေးခဲ့တာပါ။ ဂိုးသွင်းပြီးတဲ့နောက်မှာ အသင်းဟောင်းကို လေးစားတဲ့အနေနဲ့ တောရက်စ်ဟာ အောင်ပွဲမခံခဲ့ပါဘူး။

    ချယ်ဆီးရဲ့ ဦးဆောင်မှုဟာ ၈ မိနစ်သာခံခဲ့ပြီး အက်သလက်တီကိုတို့ ချေပဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ လိုပက်ဇ်က ချယ်ဆီးနောက်တန်းကစားသမားတွေ ဖျက်ထုတ်မှု မသေသပ်တာကနေတစ်ဆင့် သွင်းယူပေးခဲ့တာပါ။ အဝေးဂိုးရသွားတဲ့အတွက် အက်သလက်တီကိုတို့ အားတက်လာခဲ့ပြီး ဒုတိယပိုင်းမှာ ချယ်ဆီးဘက်ကို ထိုးဖောက်လာနိုင်ကာ အနိုင်ဂိုးတွေလည်း ရခဲ့ပါတယ်။ အနိုင်ဂိုးတွေကိုတော့ မိနစ် ၆၀ မှာ ပင်နယ်တီကတစ်ဆင့် ကော်စတာနဲ့ ၇၁ မိနစ်မှာ သူရမ်တို့က အသီးသီးသွင်းယူပေးခဲ့တာပါ။

    ပွဲအပြီးမှာတော့ မော်ရင်ဟိုက အက်သလက်တီကို မက်ဒရစ်ကို ချီးကျူးခဲ့ပြီး ပင်နယ်တီ မပေးရခင် ပွဲချိန်တစ်မိနစ်က ပွဲကိုအပြောင်းအလဲ ဖြစ်စေ ခဲ့တာဖြစ်တယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

    ဒီပွဲအနိုင်ကြောင့် အက်သလက်တီကိုဟာ နှစ်ပေါင်း ၄၀ အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမအဆုံးတက်ရောက်နိုင်ခဲ့ပြီး ပြည်တွင်းပြိုင်ဘက် ရီးယဲလ်နဲ့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

    ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်တို့ရဲ့ မနေ့ကပွဲမှာတော့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်ကို ရီးယဲလ်က လေးဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်တို့ ကစားကွက်နဲ့ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ဂိုးသွင်းခွင့်လည်း ရီးယဲလ်ထက် ထက်ဝက်လောက် ပိုရခဲ့ပါတယ်။ ဒါပေမယ့် ရီးယဲလ်ကစားသမားတွေရဲ့ အဆုံးသတ်ကောင်းမွန်မှုက ဘိုင်ယန်ကို ရလဒ်ဆိုးတွေ တွေ့စေခဲ့တာပါ။

    2098525_w2

    ရီးယဲလ်အတွက် ဂိုးတွေကိုတော့ ရာမို့စ်နဲ့ ရော်နယ်ဒိုတို့က ၂ ဂိုးစီ သွင်းယူပေးခဲ့တာဖြစ်ပြီး နှစ်ကျော့ပေါင်း ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ကာ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရီးယဲလ်တို့ နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

    ရော်နယ်ဒိုဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူနိုင်တာကြောင့် ဒီနှစ် ချန်ပီယံလိဂ် သွင်းဂိုး ၁၆ ဂိုးရှိသွားခဲ့ပြီး အများဆုံးဖြစ်နေကာ၊ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ စံချိန်ကိုလည်း ရရှိခဲ့ပါတယ။်

    ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ မေလ ၂၄ ရက်နေ့မှာ ပေါ်တူနိုင်ငံ လစ္စဘွန်းမြို့မှာ ကစားသွားမှာဖြစ်ပါတယ်။

    ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရလဒ်များကတော့ အောက်ပါအတိုင်းအဖြစ်ပါတယ်။

    ချယ်ဆီး ၁-၃ အက်သလက်တီကို (နှစ်ကျော့ပေါင်း ၃-၁ ဖြင့် အက်သလက်တီကိုနိုင်)
    ဘိုင်ယန် ၀-၄ ရီးယဲလ် (နှစ်ကျော့ပေါင်း ၅-၀ ဖြင့် ရီးယဲလ်နိုင်)

  • အင်တာပိုလ် ဖော်ထုတ်သည်ဆိုသော ရန်ကုန်ဝင်မည့် အကြမ်းဖက်သမားသတင်း ရဲတပ်ဖွဲ့ငြင်း

    ဧပြီ ၃၀၊ ၂၀၁၄
    ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။
    ထက်နိုင်ဇော်|

    10334337_702479689795929_2222182492558751358_n

    ရန်ကုန်သို့ အကြမ်းဖက်သမားများ ၀င်ရောက်ရန် ကြံစည်နေမှုကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့(အင်တာပိုလ်)က ဖော်ထုတ်နိုင်ခဲ့ သည် ဆိုသည့် သတင်း မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ငြင်းဆိုလိုက်သည်။

    ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအား အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ ပြုလုပ်ရန် ပါကစ္စတန်နိုင်ငံမှ အစွန်းရောက် အဖွဲ့တချို့က ကြံစည်ထားခြင်းကို အင်တာပိုလ် က ဖော်ထုတ်နိုင်ခဲ့သည်ဟု ပြည်တွင်းထုတ် ဒီမိုကရေစီ တူဒေး သတင်းစာက ပြည်ထဲရေး ၀န်ကြီးဌာနကို ကိုးကားထားသည့် သတင်း ဖော်ပြချက်သည် မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ နိုင်ငံဖြစ်ကျော် မှုခင်းဌာန က ငြင်းဆိုခြင်း ဖြစ်သည်။

    “အင်တာပိုလ်က မပေးတဲ့ သတင်းကို အင်တာပိုလ်က ပေးတယ်ဆိုပြီး ထည့်ရင်တော့ ကျနော်တို့ နိုင်ငံအတွက် ပြဿနာ အများကြီး ရှိတယ်။ အင်တာပိုလ် Channel က ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ တိုက်ရိုက် မဆိုင်ဘူး။ နိုင်ငံတကာ ရဲအဖွဲ့ ဖြစ်တဲ့အတွက် ကျနော် တို့ ရဲနဲ့ပဲ ဆိုင်တာ”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြစ်ကျော် မှုခင်းဌာနမှ ရဲမှူးကြီး အောင်ဌေးမြင့်က ဧရာဝတီသို့ ပြောသည်။

    အင်တာပိုလ် သတင်းဟု အမည်တပ်ခြင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် စိုးရိမ်မှု ရှိကြောင်း၊ အင်တာပိုလ် သည် မှုခင်းဆိုင်ရာ သတင်းများကို အဖွဲ့ဝင် နိုင်ငံများကြား ဖလှယ်ရာတွင် ထိုကဲ့သို့ သတင်းမျိုး ပေးလေ့မရှိကြောင်း၊ ဖြစ်ပြီးသား မှုခင်းသတင်းများကိုသာ အချက်အလက်ပြည့်ပြည့်စုံစုံ ပေးလေ့ရှိကြောင်း၊ ထို့ကြောင့် အင်တာပိုလ်နှင့်သက်ဆိုင်သော သတင်းများ ဖြစ်ပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့သာ ဆက်သွယ် အတည်ပြုသင့်ကြောင်းလည်း ရဲမှူးကြီး က ပြောဆိုသည်။

    ဧပြီ ၂၈ ရက်ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာတွင် ပါကစ္စတန် ရဲတပ်ဖွဲ့နှင့် အင်တာပိုလ် တို့ ပူးပေါင်းဖော်ထုတ်ချက်အရ အစွန်းရောက် အဖွဲ့တချို့သည် ယင်းအစီအစဉ်ကို လတ်တလောအနေဖြင့် ကြံစည်ခြင်းသာဖြစ်ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော် ရန် ကြံစည်နေမှုများကို စာရွက်စာတမ်း အထောက်အထားများ သိမ်းဆည်းရမိခဲ့သော်လည်း ကြံစည်သူတချို့မှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးအား ကိုးကား ဖော်ပြထားသည်။

    “အင်တာပိုလ်က အကြောင်းကြားတယ်၊ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွယ်ပြီး ဖြစ်နေတဲ့ ပြဿနာတွေကို မကျေနပ်လို့ လုပ် မယ့် ပါကစ္စတန်က အစွန်းရောက်တချို့ကို တားဆီးနိုင်ခဲ့တယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြားထားလို့ပါ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေးတွေကိုလည်း စနစ်တကျ လုပ်ဖို့ ညွှန်ကြားထားပါတယ်”ဟု ပြည်ထဲရေး အရာရှိက ပြောကြောင်း
    ဒီမိုကရေစီ တူဒေး သတင်းစာတွင် ပါရှိသည်။

    ရဲမှူးကြီး အောင်ဌေးမြင့်ကမူ“သတင်းစာမှာ ရေးတဲ့အတိုင်း ပြည်ထဲရေး ၀န်ကြီးဌာနက တာဝန်ရှိသူတဦးက ပြောတယ်ဆိုရင် ဘယ် သူလဲ လို့၊ နောက် လေကြောင်း ရဲတပ်ဖွဲ့ဆိုတာလည်း ပါသေးတယ်၊ လေကြောင်း ရဲတပ်ဖွဲ့နဲ့လည်း ဒီသတင်းက မဆိုင် ဘူး”ဟု ပြောသည်။

    မကြာသေးမီက ပြည်တွင်းရှိ သတင်းစာ တစောင်ကလည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ တဆင့် အကြမ်းဖက်သမားများ ၀င်ရောက်လာပြီဆိုပြီး အင်တာပိုလ်ကို ကိုးကား၍ ရေးသားခဲ့သည့်အပေါ် အင်တာပိုလ် က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ ဖြေရှင်းချက် လှမ်းတောင်းခဲ့ကြောင်း၊ အင်တာပိုလ်က ပေးသည့် သတင်းများမှာ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပြစ်မှု ကျူးလွန်သည့် ရာဇ၀င် လူဆိုးပေါင်း ၁၈ သန်း ၏ အချက်အလက်များ၊ Passport Data များ ၊ လက်ဗွေ Data များသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြစ်ကျော် မှုခင်း ဌာန မှ သိရှိရသည်။

    “လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကင်မရွန်းနိုင်ငံက ၃ ယောက် လေဆိပ်ကို ရောက်လာတယ်၊ ကိုရီးယားကနေ ဖြတ်ထွက် လာ ကတည်း က မြန်မာပြည်ကို အင်တာပိုလ်က လှမ်းပြောထားပြီးပြီ၊ ဘယ်သူတွေ ၊ ဘာလုပ်နေတာ၊ ပြီးရင် အမေရိကားကို ဗီဇာ အတုနဲ့ ခိုးဝင်မှာ ဆိုပြီး ပြောတယ်၊ ဆိုတော့ လေဆိပ်ရောက်တာနဲ့ လုံးဝ အ၀င်မခံဘဲနဲ့ ပြန်လွှတ်လိုက်တယ်”ဟု ရဲမှူးကြီး အောင် ဌေးမြင့်က ပြောသည်။

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ၀င်းခေါင်ကလည်း ပြည်တွင်း၌ အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်မည်ဆိုသော သတင်းများ ထွက်ပေါ် နေသောကြောင့် အကြမ်းဖက်သမားများ ပြည်တွင်းသို့ ၀င်မလာနိုင်စေရန် လေဆိပ်၊ နယ်စပ်ဒေသများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော နေရာများနှင့် ကမ္ဘာလှည့် ခရီးသည် အများဆုံးရှိရာ ဒေသများတွင် လုံခြုံရေးအဆင့်ကို သိသိသာသာ တိုးမြှင့်ထားကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လက ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။

    Link =>http://burma.irrawaddy.org/news/2014/04/30/58221.html

    ဓါတ်ပုံ-ဧပြီ ၂၈ ရက်ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာ ဖြစ်ပါသည်။