News @ M-Media
Blog
  • မန်ယူနည်းပြသစ်အဖြစ် ဆောင်ရွက်ရန် ဗန်ဂဲလ်နှင့် သဘောတူညီချက် ရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်
    ဧပြီ ၂၆၊ ၂၀၁၄
    M-Media
    395249_heroa
    – လာမည့်နှစ်တွင် နည်းပြအဖြစ်ဆောင်ရွက်ရန် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဟော်လန်နည်းပြ ဗန်ဂဲလ်တို့ သဘောတူညီမှု ရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာသည်။
    လွန်ခဲ့သည့် ၂၄ နာရီအတွင်း မန်ယူအသင်း ဒုတိယဥက္ကဌ ၀ုဒ်ဝါ့ဒ်နှင့် အသင်းပိုင်ရှင် ဂလေဇာညီအကိုတစ်ဦး ပါဝင်သည့်  မန်ယူ ကိုယ်စားလှယ်အဖွဲ့မှာ အဲလ်ဂါဗီရှိ ဗန်ဂဲလ်၏အိမ်သို့ သွားရောက် တွေ့ဆုံခဲ့ကာ နောက်ဆုံး သဘောတူညီခဲ့ခြင်းဖြစ်သည်။
    ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ဟော်လန်အသင်းမှ ထွက်ခွာတော့မည့် ဗန်ဂဲလ်မှာ မန်ယူနှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုလိုသည့် ဆန္ဒမရှိဘဲ ၃ နှစ်ထက်မပိုသောစာချုပ် ချုပ်ဆိုရန်သာ သဘောတူညီခဲ့သည်ဟု သိရသည်။ ဗန်ဂဲလ်မှာ အသင်းနှင့် စာချုပ်ချုပ်ဆိုသည့်သတင်းကို မန်ယူက အတည်ပြုခြင်းမရှိသော်လည်း နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရရှိခဲ့သည့် သတင်းကိုမူ ငြင်းဆိုခဲ့ခြင်း မရှိချေ။
    စပါးအသင်းက ဗန်ဂဲလ်နှင့် ၃ ကြိမ်တွေ့ဆုံခဲ့ပြီး အာဆင်နယ်အသင်းကလည်း ထွက်ခွာဖွယ်ရှိသည့် နည်းပြအာဆင်ဝင်းဂါးနေရာတွင် အစားထိုးရန် ဗန်ဂဲလ်အား စိတ်ဝင်စားနေသည်။
  • ပရီးမီးယားလိဂ် ဖလားမရလျှင်လည်း မည်သည့်ဆုံးရှုံးမှုမှ မရှိဟု ရော်ဂျာဆို
    ဧပြီ ၂၆၊ ၂၀၁၄
    M-Media
    374295_heroa
    – အကယ်၍ မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဖလား မရခဲ့လျှင်လည်း မည်သည့် ဆုံးရှုံးမှုမှ ရှိမည်မဟုတ်ဟု လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    ပရီးမီးယားလိဂ်ဇယားထိပ်ဆုံးတွင်ရှိနေသည့် လီဗာပူးလ်အသင်းမှာ ကျန်ရှိနေသည့် နောက်ဆုံး ၃ ပွဲအား အနိုင်ကစားနိုင်ပါက ၂၄နှစ်ကြာ ကွာဝေးနေသည့် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ရော်ဂျာကလည်း မိမိတို့အသင်းမှာ ပြိုင်ဘက်များထက် ဖိအားပိုနည်းနေသည်ဟု ယုံကြည်နေသည်။
    ယခုလက်ရှိအနေအထားတွင် ပရီးမီးယားလိဂ်ဖလားအား မရခဲ့ပါက လီဗာပူးလ်အသင်း ဆုံးရှုံးမည်လားဟု မေးမြန်းခဲ့ရာ ရော်ဂျာက
    “မဆုံးရှုံးပါဘူး။ လုံးဝ မဆုံးရှုံးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီရာသီဟာ ကျွန်တော်တို့အတွက် ထူးခြားတဲ့ ရာသီပါပဲ။ ဒီနှစ်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးကို ရောက်နိုင်တယ် ထင်တယ်လို့ ရာသီအစက ကျွန်တော်ပြောခဲ့ရင် ဒါဟာ မုသားပဲဖြစ်မှာပါ။ ဖိအားလား? မန်စီးတီးနဲ့ ချယ်ဆီးတို့မှာ ဖိအားရှိတာပါ။ ပရီးမီးယားလိဂ်မှာဗိုလ်စွဲဖို့ သူတို့ မျှော်လင့်ခဲ့ကြတယ်လေ” ဟု ရော်ဂျာက ပြောကြားခဲ့သည်။
    လီဗာပူးလ်အသင်းမှာ ချယ်ဆီးအသင်းနှင့် မနက်ဖြန်တွင် ကစားရမည်ဖြစ်ပြီး၊ မော်ရင်ဟိုကမူ ၎င်းမှာ အားနည်းသောအသင်းဖြင့် ရင်ဆိုင်သွားမည်ဟု ပြောဆိုထားသည်။ သို့သော်လည်း ရော်ဂျာကမူ မော်ရင်ဟိုမှာ ချန်ပီယံပြေးလမ်းတွင် လီဗာပူးလ်အသင်းကို ကျော်တက်နိုင်သည့်အခွင့်အရေးကို စွန့်လွှတ်လိမ့်မည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
  • မြောက်ကိုရီယားမှာ အင်းအားချိနဲ့နေသည့် အပယ်ခံနိုင်ငံဟု အိုဘားမားဆို
    ဧပြီ ၂၆၊ ၂၀၁၄
    M-Media
    – မြောက်ကိုယားမှာ အင်အားချိနဲ့သည့် အပယ်ခံနိုင်ငံဖြစ်ပြီး၊ တောင်ကိုရီးယား နယ်စပ်တွင် စစ်အင်အား အလုံးအရင်းနှင့် ချထားမှုက “လွတ်လပ်မှု၏ အဆုံးစွန်” ဖြစ်သည်ဟု အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ပြောကြားလိုက်သည်။
    201442625859372734_20
    တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် အိုဘားမားမှာ အမေရိကန် ကြည်းတပ်၊ လေတပ်များမှ စစ်သားများအား ယနေ့တွင် မိန့်ခွန်းပြောကြား ခဲ့ပြီး တောင်နှင့် မြောက်ကိုရီးယား ၂ နိုင်ငံနယ်ခြားမှာ “တိုးတက်သေည့် ဒီမိုကရေစီ ၀ါဒနှင့် မိမိတို့၏ မျှော်လင့်ချက် အိပ်မက်များအတွက် ပြည်သူအား ငတ်မွတ်စေသည့် အပယ်ခံနိုင်ငံတို့ကို ခွဲခြားခြင်း” ဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။
    ပြုံးယမ်၏ နျူကလီးယား လက်နက် ဆက်လက်ဆောင်ရွက်မှုကိုလည်း အိုဘားမားက ပယ်ချခဲ့ပြီး ထိုလုပ်ရပ်မှာ “ပိုမို အပယ်ခံရမည့်လုပ်ရပ်” ဟု မှတ်ချက်ပေးခဲ့သည်။ ထို့ပြင် အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဖြစ်မှုမှာ ယခင်ကထက် ပိုမိုခိုင်မာနေပြီဟု ဆိုသည်။
    “ကျွန်တော်တို့ရဲ့မဟာမိတ်နဲ့ ကျွန်တော်တို့ရဲ့ လမ်းစဉ်ကို ကာကွယ်ဖို့ ကျွန်တော်တို့ စစ်တပ်ကို သုံးရမယ်ဆိုရင်လည်း ရှက်ရွံနေမှာပါဟုတ်ပါဘူး” ဟု အိုဘာမားက ဆိုသည်။
    အိုဘားမားမှာ တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟီးနှင့် ယမန်နေ့က ဆိုးလ်မြို့တွင် တွေ့ဆုံခဲ့စဉ်အတွင်း မိမိတို့ ၂ နှစ်နိုင်ငံမှာ မည်သည့် ကျူးကျော် ရန်စမှုမျိုးကိုမဆို ကြံြ့ကံ့ခံ တုန့်ပြန်သွားမည်ဟု သတိပေး ပြောကြားခဲ့သည်။
    နျူကလီးယား စမ်းသပ်မှု အသစ်တစ်မျိုး ပြုလုပ်နေသည်ဆိုသည့် သတင်းအား မိမိတို့ ငြင်းဆိုမည်မဟုတ်ဘဲ နျူကလီးယား ကာကွယ်ရေး လုပ်ငန်းကို မြှင့်တင်ရန် အတွက်ဟု  မြောက်ကိုရီးယားက ပြီးခဲ့သည့် မတ်လအတွင်း ပြောကြားထားသည်။
    Al Jazeera And AFP
  • ဆော်ဒီတွင် SARS ဗိုင်းရပ်စ်နှင့် ပုံစံတူ MERS ဗိုင်းရပ်စ် ကူးစက်သူ ၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၉၂ ဦးထိရှိလာ
    ဧပြီ ၂၆၊ ၂၀၁၄
    M-Media
    2014425231235211734_20
    – အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားစေသည့် MERS ဗိုင်းရပ်စ် ကူးစက်သူ ၁၄ ဦးကို ထပ်မံတွေ့ရှိခဲ့ရပြီး အဆိုပါ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၁၃ ဦးရှိလာပြီဟု ဆော်ဒီအာရေဗျနိုင်ငံက ကြေညာခဲ့သည်။
    ယမန်နေ့က ထုတ်ပြန်သော ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် အဆိုပါ ကူးစက်သူများအား လွန်ခဲ့သည့် ၂၄ နာရီအတွင်း မြို့တော် ရီယာ့ဒ်၊ ကမ်းရိုးတန်းမြို့ ဂျစ်ဒါနှင့် မက္ကာမြို့တို့တွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် ၅ ဦး ထပ်မံသေဆုံးခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။
    အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လဖြစ်သည့် ဇူလိုင်လနှင့် ဟဂ်ျရာသီဖြစ်သည့် အောက်တိုဘာလတို့တွင် ကမ္ဘာတစ်ဝှမ်းမှ သိန်းပေါင်းများစွာသော ဘုရားဖူးခရီးသည်များအား ဧည့်ခံရမည့် ဆော်ဒီအတွက် ယခုကဲ့သို့ ရောဂါဖြစ်ပွားမှု တိုးတက်လာခြင်းက စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။
    MERS ရောဂါပိုးကြောင့် ဆော်ဒီတွင် သေဆုံးသူဦးရေမှာ ၉၂ ဦးအထိ ရှိလာပြီဖြစ်ပြီး၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရောဂါဖြစ်ပွားမှုတိုးတက်လာခဲ့ကာ နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် ဂျစ်ဒါတွင် အများဆုံးဖြစ်ပွားခြင်းဖြစ်သည်။
    ကူးစက်သူ အများစုမှာ ကျန်းမားရေးဝန်ထမ်းများ ဖြစ်ကြသည်။
    MERS ရောဂါမှာ ၂၀၁၂ ခုနှစ်တွင် အရှေ့အလယ်ပိုင်း၌ စတင်ပေါ်ပေါက်လာခဲ့ပြီး၊ ၂၀၀၂ ခုနှစ်က တရုတ်ပြည်၌ စတင်တွေ့ရှိခဲ့ကာ ကမ္ဘာတစ်ဝှမ်း လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့သော SARS ဗိုင်းရပ်စ်နှင့် ပုံစံတူဗိုင်းရပ်စ်ဖြစ်သည်။ MERS ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူမှာ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်းနှင့် နမိုးနီးယား ရောဂါတို့ကို ခံစားရနိုင်သည်။
    Reuters
  • ၉/၁၁ အောက်မေ့ဖွယ်ရာပြတိုက်တွင် ပြသမည့် မှတ်တမ်းရုပ်ရှင်အား ဘာသာပေါင်းစုံအဖွဲ့မှ ဝေဖန်
    ၉/၁၁ အောက်မေ့ဖွယ်ရာပြတိုက်တွင် ပြသမည့် မှတ်တမ်းရုပ်ရှင်အား ဘာသာပေါင်းစုံအဖွဲ့မှ ဝေဖန်
    ဧပြီ ၂၆၊ ၂၀၁၄
    M-Media
    – အကြမ်းဖက်ဝါဒကို ဆန့်ကျင်သော ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်လူများစုနှင့် အလ်ကိုင်းဒါးကဲ့သို့သော အုပ်စုများအကြား မတူညီမှုကိုေ၀၀ါးစေနိုင်သည့် ၉/၁၁ မှတ်တမ်းရုပ်ရှင်အား ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ဝေဖန်မှုများရှိနေသည်ဟု သိရသည်။
    The Rise of Al Qaeda ဟု အမည်ရသည့် အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ၉/၁၁ အောက်မေ့ဘွယ်ပြတိုက်တွင် ပြသသွားမည်ဖြစ်သည်။ ထိုရုပ်ရှင်တွင် အကြမ်းဖက် တိုက်ခိုက်မှုများမှာ ဂျီဟတ်ဖြစ်သည်ဟု မြင်နေကြသည့် အကြမ်းဖက်သမားများကို အစ္စလာမ့်မစ်များအဖြစ် ရည်ညွှန်းဖော်ပြထားသည်။
    ထိုမှတ်တမ်းရုပ်ရှင်မှာ ၇ မိနစ်ခန့် ကြာမြင့်ပြီး အကြမ်းဖက်သမားများ၏ လေ့ကျင့်ရေး စခန်းများနှင့် ဆယ်စုနှစ်ပေါင်းများစွာက အလ်ကိုင်းဒါး၏ တိုက်ခိုက်မှုရုပ်ပုံများကို ထည့်သွင်းဖော်ပြထားကာ NBC သတင်းဌာနမှ သတင်းကြေညာသူ ဘရိုင်ယန် ၀ီလီယံက နောက်ခံ စကားပြာပေးထားသည်။
    “လက်ရှိအခြေအနေမျိုးမှာ ဒီရုပ်ရှင်ကို ပြသတာဟာ ဒေသတွင်းမွတ်စလင်တွေနဲ့ ဒီပြတိုက်ကို လာရောက်ကြည့်ရှုကြမယ့် နိုင်ငံခြားသား မွတ်စလင်တွေကို စိတ် အနှောက်အယှက် ဖြစ်စေပါလိမ့်မယ်။ အလ်ကိုင်းဒါးနဲ့ မွတ်စလင်တွေရဲ့ ခြားနားမှုကို နားမလည်တဲ့ သာမန်လာရောက်ကြည့်ရှုသူတစ်ယောက်ဟာ အစ္စလာမ် အပေါ် အမြင်မှားသွားပြီး၊ မုန်းတီးမှုတွေ၊ အနီးအနားတစ်ဝိုက်မှာရှိတဲ့ မွတ်လင်တွေနဲ့ ထိပ်တိုက်တွေ့တဲ့အထိ ဦးတည်သွားနိုင်ပါတယ်” ဟု မက်ဟက်တန် ဗလီ ၀တ်ကျောင်းတော်မှ ရှေ့ဆောင်ဆရာတော် ရှိခ် မွတ်စတာဖာ အဲလ်ဇာဘာဝီက ပြတိုက်ဒါရိုက်တာသို့ ပေးပို့သောစာတွင် ရေးသားထားသည်ဟု နယူးယောက်တိုမ်းစ် သတင်းစာက ကြာသာပတေးနေ့တွင် ဖော်ပြခဲ့သည်။
    နယူးယောက် ဘေးအန္တရာယ် ကာကွယ်ရေး ဘာသာပေါင်းစုံအဖွဲ့မှ အမှုဆောင်အကြီးအကဲ ပီတာ ဘီ ဂူဒိုင်တစ်ကမူ ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ထိခိုက် ဒဏ်ရာရသူများကို ကယ်တင်ရန် အလျင်အမြန် သွားရောက်ခဲ့သည့် နယူးယောက် ရဲတပ်ဖွဲ့မှ မွတ်စလင်ရဲအရာရှိ မိုဟာမက် စလ်မန် ဟမ်ဒါနီ၏ အကြောင်းကဲ့သို့ အစ္စလာမ်နှင့် ဆက်စပ်သည့် အချို့အကြောင်းအရာများကို ဖော်ပြရန် ဘာသာပေါင်းစုံအဖွဲ့မှ အကြံပေးခြင်းကို အဆိုပါ ပြတိုက်က ပယ်ချခဲ့သည်ဟုဆိုသည်။
    ထိုတိုက်ခိုက်မှုအား ကြိုးကိုင်သူများကသာ မွတ်စလင်များ မဟုတ်ဘဲ တိုက်ခိုက်ခံရမှု၏ သားကောင်များ၊ ထိခိုက်ဒဏ်ရာရသူများအတွက် ဆုတောင်းပတ္ထနာ ပြုခြင်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း မွတ်စလင်များ ပါဝင်ကြောင်းကို ရှင်းလင်းပြသရန် အဆိုပါ ဘာသာပေါင်းစုံအဖွဲ့မှ တိုက်တွန်းခဲ့သည်။ ပြတိုက်၏ ဓာတ်ပုံများ ပြသသည့်အခန်းတွင် တိုက်ခိုက်ခံရသူများအတွက် မွတ်စလင်များက ဆုတောင်းနေသည့် ဓာတ်ပုံအနည်းငယ် ပါဝင်သောကြောင့် ဘာသာပေါင်းစုံအဖွဲ့က ချီးကျူးခဲ့သည်။
    ထို့ပြင် တိုက်ခိုက်မှုကို ခံစားခဲ့ရသည့် မွတ်စလင်များ၏ အကြောင်းနှင့် အမေရိကန်အား တိုက်ခိုက်မှုအတွက် အကျိုးသက်ရောက်မှုများအပေါ် မင်နီဆိုတာ ဒီမိုကရက် ပါတီမှ ပထမဆုံး မွတ်စလင် ကွန်ဂရက်ကိုယ်စားလှယ် ကိသ်အဲလ်လီဆန်၏ ပြန်ပြောင်းပြောပြမှုများလည်း ပါဝင်သည်ဟု ပြတိုက်တာဝန်ရှိသူများက ပြောကြား ခဲ့သည်။
    အဆိုပါ မှတ်တမ်းရုပ်ရှင်အား ကြည့်ရှုပြီးသည့်နောက် ထိုရုပ်ရှင်တွင် “ဂျီဟတ်” စကားလုံးနှင့် “အစ္စလာမ့်မစ်” ဆိုသည့် စကားလုံးများကို လုံလောက်သော ရှင်းပြချက် မရှိဘဲ အသုံးပြုထားခြင်းမှာ လှုံ့ဆော်သည့် ပုံစံဖြစ်သည်ဟု ဘာသာပေါင်းစုံအဖွဲ့က ပြောကြားခဲ့သည်။
    ထို့ပြင် ထိုအဖွဲ့၏ အမှုဆောင်အကြီးအကဲ ဂူဒိုင်တစ်နှင့် အခြားအဖွဲ့ဝင်တစ်ဦးက ပြတိုက်ဒါရိုက်တာထံသို့ တရားဝင် စာတစ်စောင်ပေးပို့ကာ ထိုမှတ်တမ်းရုပ်ရှင်အား တည်းဖြတ်ရန် တောင်းဆိုခဲ့သည်။ ထိုရုပ်ရှင်မှာ အလ်ကိုင်းဒါးအဖွဲ့နှင့် သာမန်မွတ်စလင်များ မတူညီမှုကို လုံလောက်အောင် ဖော်ပြထားခြင်းမရှိဟု အဆိုပါ ဘာသာပေါင်းစုံအဖွဲ့မှ ခရစ်ယာန် ဘုန်းတော်ကြီးကဆိုသည်။
    “ဒီရုပ်ရှင်ဖန်တီးတဲ့နည်းလမ်းက အလ်ကိုင်းဒါးနဲ့ သာမန်မွတ်စလင်တွေဟာ အတူတူပဲလို့ ပြောတဲ့ပုံစံမျိုးဖြစ်မှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု သိက္ခာတော်ရဆရာတော် ယိုဒါ ၀န်ဂါက ပြောကြားခဲ့သည်။
    “အစ္စလာမ့်မစ်” ဆိုသည့် စကားလုံးမှာ အလ်ကိုင်ဒါးအဖွဲ့ကို ဖေါ်ပြသည့်နေရာတွင် အသုံးပြုရန် သင့်တော်ခြင်းမရှိဘဲ၊ “ဂျီဟတ်” ဟူသည့် စကားလုံးမှာလည်း မကောင်းသောလုပ်ရပ်များအား တွန်းလှန်ရန် အပြုသဘောဆောင်သည့် ရည်ညွှန်းချက်မျိုးသာ ဖြစ်သည့်အတွက် အကြမ်းဖက်တိုက်ခိုက်မှုကဲ့သို့ ၎င်းတို့၏ ရှုမြင်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း အလ်ဇာဘာဝီက ပြောကြားခဲ့သည်။
    “အဲဒီအဖွဲ့ဟာ အစ္စလာမ့်မစ်၊ အစ္စလာမ်အဖွဲ့လို့ မပြောပါနဲ့။ သူတို့ဟာ ကျွန်တော်တို့နဲ့ တခြားစီပါ။ ကျွန်တော်တို့ မွတ်စလင်တွေအားလုံးဟာ ဒါမျိုးကို ဆန့်ကျင်ပါတယ်”
    http://www.onislam.net/english/news/americas/471725-us-faiths-censure-anti-islam-911-film.html