News @ M-Media

Blog

  • အီဂျစ်တရားရုံးက မွတ်စလင်ညီအကိုများ အဖွဲ့ဝင် ၇၀၀ နီးပါးအား သေဒဏ် အမိန့်ချမှတ်

    ဧပြီ ၂၈ ၊ ၂၀၁၄
    M-Media
    – စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရတရားရုံးက မွတ်စလင်ညီအကိုများပါတီအား ထောက်ခံသူ ၆၈၃ ဦးအား သေဒဏ်ပေးရန် ယနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။
    20144288548828734_20
    သေဒဏ်ပေးခံရသူများတွင် အဆိုပါအဖွဲ့၏ ဦးသျှောင် မိုဟာမက် ဘာဒီလည်း ပါဝင်ခဲ့သည်။ တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် တရားခံများ၏ မိသားစုဝင်များက တရားရုံးဝင်း အတွင်း အော်ဟစ်ကြိမ်းမောင်းခဲ့ကြပြီး၊ အမျိုးသမီး အများအပြားမှာလည်း မေ့လဲသွားခဲ့ကြသည်။

    ထိုအမှုအားစောင့်ကြည့်နေသည့် လူ့အခွင့်အရေးအဖွဲ့ Amnesty International မှ သုတေသနပညာရှင် မိုဟာမက် အဲလ်မက်စီရီက တရားရေးအဖွဲ့မှာ အခြေခံအချက်ဖြစ်သည့် တရားမျှတမှုအား အာမခံပေးခြင်း မရှိဟု ဆိုသည်။

    တရားခံရှေ့နေများကလည်း တရားရုံး၏ ကြားနာမှုကို သပိတ်မှောက်ခဲ့ကြပြီး တရားသူကြီးအား  သားသတ်သမားဟု ခေါ်ဝေါ်ခဲ့သည်။ တရားခံ ၂၅ ဦး၏ ရှေ့နေဖြစ်သူ မိုဟာမက် အဘ်ဒဲလ် ၀ါဟစ်ဘ်ကမူ ယခင်က တရားရုံးတွင် ကြားနားမှုမှာ အနည်းဆုံး ၄ နာရီခန့်ကြာခဲ့သော်လည်း ယခုကြားနာမှုမှာ ငါးမိနစ်သာကြာခဲ့ပြီး အမိန့်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အီဂျစ်နိုင်ငံသမိုင်းတွင် ဒီမိုကရေစီနည်းကျ ပထမဆုံး ရွေးကောက်တင်မြှောက်နိုင်ခဲ့သော မွတ်စလင်ညီအကိုများအဖွဲ့မှ သမ္မတမော်စီကို အီဂျစ်စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း အဖွဲ့ဝင်များကို ဖမ်းဆီးကာ တရားစွဲဆိုခဲ့သည်။ ထိုအဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာခဲ့ပြီး မကြာသေးခင်က ဖင်ဆီးခံထားရသည့် မွတ်စလင်ညီအကိုများအဖွဲ့ဝင် ၅၂၉ ဦးကို တရားစွဲဆိုခဲ့ကာ ၃၇ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထောင်ဒဏ် ၂၅ နှစ်အဖြစ် ပြောင်းလဲခဲ့သည်။
    Al Jazeera

  • လူမျိုးရေး ခွဲခြားမှုအား ဆန့်ကျင်သည့် လှုပ်ရှားမှု Instagram ဆိုရှယ်မီဒီယာမှ တစ်ဆင့် နေးမာ ပြုလုပ်ခဲ့

    ဧပြီ ၂၈ ၊ ၂၀၁၄
    M-Media

    – ဗီလာရီးယဲလ်နှင့်ပွဲတွင် အသင်းဖော် အဲလ်ဗက်စ် လူမျိုးရေးခွဲခြားခံခဲ့ရပြီးနောက် ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး နေးမာက လူမျိုးရေး ခွဲခြားမှုအား ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခုကို ၎င်း၏ အွန်လိုင်းဆိုရှယ် စာမျက်နှာမှနေ၍ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

    396511_heroa

    ယမန်နေ့က ဗီလာရီးယဲလ်အား ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ထောင့်ကန်ဘောကန်မည့် အဲလ်ဗက်စ်အား ဗီလာရီးယဲလ် ပရိတ်သတ်များက လူမျိုးရေး ခွဲခြားသည့် အနေဖြင့် ငှက်ပျောသီးဖြင့် ပစ်ပေါက်ခဲ့သည်။

    သို့သော်လည်း အဲလ်ဗက်စ်မှာ ဒေါသထွက်ခြင်းမရှိဘဲ ထိုငှက်ပျောသီးအား ကောက်ယူကာ စားပြခဲ့သည်။ အသင်းဖော်နေးမာကမူ နောက်ပိုင်းတွင် ၎င်း၏ အင်စတီဂရမ် စာမျက်နှာ၌ ငှက်ပျောသီးကိုင်ထားသည့် ပုံတင်ကာ လူမျိုးရေးခွဲခြားမှုအား ဆန့်ကျင်ကြောင်း ပြသခဲ့သည်။

    “ကျွန်တော်တို့အားလုံးဟာ အတူတူပါပဲ။ ကျွန်တော်တို့အားလုံးဟာ မျောက်တွေပါ။ လူမျိုးရေးခွဲမှုလက်မခံလို့ ပြောစမ်းပါ။ ဒီလိုခေတ်အခါမျိုးမှာ ဒီလိုအတွေးဆိုးတွေဟာ ရှက်စရာကောင်းပါတယ်။ လူသားတွေအနေနဲ့ ဒီအတွက် တုံ့ပြန်ရမယ့် အချိန်ပါပဲ။ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ကြောင်းပြတဲ့ ကျွန်တော့ရဲ့နည်းလမ်းကတော့ အဲလ်ဗက်စ် လုပ်သလိုပါပဲ” ဟု နေးမာက ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    Goal

  • လာမည့်ရာသီအတွက် မန်ယူမှာ အသင့်ဖြစ်နေကြောင်း ရွိုင်ယန်ဂစ်ဆို

    ဧပြီ ၂၈ ၊ ၂၀၁၄
    M-Media

    – လာမည့်နှစ်ရာသီ ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်ဟု မန်ချက်စတာ ယူနိုက်တက်အသင်း၏ ယယီနည်းပြ ရွိုင်ယန်ဂစ်က ပြောကြားလိုက်သည်။
    396727_heroa
    ယမန်နှစ်ချန်ပီယံ မန်ယူအသင်းမှာ ယခုနှစ်တွင် အခြေအနေအလွန်ဆိုးရွားနေခဲ့ပြီး စံချိန်များလည်း တစ်ခုပြီးတစ်ခု ကြိုးပြတ်နေခဲ့ကာ လက်ရှိအချိန်တွင် ထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် အမှတ် ၂၀ အထိ ကွာဟနေသည်။

    နည်းပြမိုယက်စ်အား ထုတ်ပယ်ခဲ့ပြီးနောက် ယာယီနည်းပြအဖြစ် အဖွင့်ပွဲတွင် ၄ ဂိုးပြတ် အနိုင်ရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့သည့် ရွိုင်ယန်ဂစ်က အသင်းမှာ လာမည့်ရာသီတွင် ယခင်ကဲ့သို့ ခြေစွမ်းပြရန် ပြည့်ဝသော အနအထားတွင်ရှိနေသည်ဟုဆိုသည်

    “လာမယ့်နှစ်မှာ အောင်မြင်တဲ့ ရာသီတစ်ခုဖြစ်လာဖို့အတွက် ကျွန်တော်တို့ အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ ကစားသမားတွေအားလုံးလည်း အဆင်သင့်ပါပဲ။ လွယ်တော့မလွယ်ပါဘူး။ ဒီနှစ်မှာကျွန်တော်တို့ အခြေအနေဆိုးခဲ့ပြီး၊ လီဗာပူးလ်နဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်က အသင်းတွေအားလုံး တကယ့်ကို တိုးတက်လာပါတယ်။ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ယုံကြည်မှုရှိပါတယ်” ဟု ရွိုင်ယန်ဂစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    မန်ယူအသင်းမှာ အဆင့်နိမ့်သည့်အသင်း ဖြစ်သွားပြီလားဟု မေးမြန်းရာ ရွိုင်ယန်ဂစ်က မိမိတို့အသင်းမှာ ယမန်နှစ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး၊ လွန်ခဲ့သည့် တစ်နှစ်ကျော်ကလည်း ချန်ပီယံဖြစ်ခဲ့ကြောင်း၊ ယခုလက်ရှိ ဇယားထိပ်တွင်ရှိနေသည့် လီဗာပူးလ်မှာ ယမန်နှစ်က အဆင့် ၇ သာ ချိတ်ခဲ့ကြောင်း၊ ထို့ကြောင့် အရာအားလုံးမှာ မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ကြောင်း ရွိုင်ယန်ဂစ်က ထပ်လောင်းပြောကြားခဲ့သည်။
    Goal

  • မြန်မာနိုင်ငံရေး အပြောင်းအလဲကို အကဲဖြတ်ခြင်း

    ဧပြီ ၂၈ ၊ ၂၀၁၄
    M-Media
    ရေးသားသူ- ဦးဦး မှော်ဆရာ

    69
    ကာတွန်း Credit – လဂွန်းအိမ်

    မြန်မာပြည် ပြောင်းလဲနေပြီလားလို့မေးရင် ပြောင်းလဲနေပြီလို့ အတိအကျပြောလို့ရပါတယ်။ (ပြောင်းလဲနေပြီဆိုတဲ့ အဖြေတစ်ခွန်းထဲနဲ့တော့ ကျနော့်ကို အပြင်းအထန်ကန့်ကွက်မဲ့သူ များလိမ့်မယ် ထင်တယ်။ ကျနော် ရေးတာပြီးအောင်ဖတ်ပြီးမှ ကန့်ကွက်ပါ။)

    Democratization လို့ခေါ်တဲ့ အာဏာရှင်စနစ် ဒါမှမဟုတ် ဒီမိုကရေစီလုံးဝမရှိတဲ့အခြေအနေကနေ ဒီမိုကရေစီစနစ်ဆီသို့ အသွင် ကူးပြောင်းခြင်းဖြစ်စဉ်ကို နိုင်ငံရေး သိပ္ပံမှာ ယေဘုယျအားဖြင့် အဆင့်(၃) ဆင့် ခွဲခြားပါတယ်။

    (၁) Liberalization : ယခင်အာဏာရှင်စနစ်ဟောင်းက တင်းကြပ်ဖိနှိပ်ထားမှုတွေကို တဖြေးဖြေးချင်း ဖြေလျော့ပေးတဲ့ အဆင့်ပါ။ ဥပမာ- မီဒီယာ တင်းကြပ်ထားမှုတွေ ဖြေလျော့တာမျိုး၊ နိုင်ငံရေးဆိုရင် ရှေ့ နောက် ကြည့်ပြောနေရတဲ့ အခြေအနေကနေ အော်ကြီးဟစ်ကျယ်ပြောလို့ရတဲ့ အခြေအနေတွေ ဖြစ်လာခြင်း။ သို့သော် ဒီဖြေလျော့မှုတွေဟာ ကဏ္ဍအားလုံး၊ နိုင်ငံသားအားလုံးအပေါ် အကျိုးသက် ရောက်မှုရှိလိမ့်မယ်လို့ မှတ်ယူလို့မရပါဘူး။

    (၂) Transition : ဖြေလျော့ခြင်းအဆင့်ကို လွန်မြောက်တဲ့အခါ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို စတင် မိတ်ဆက်ခွင့်ပေးပြီး ဘောင်ကိုလည်း တဖြေးဖြေး ခိုင်မာအောင် အခြေတည်စေပါတယ်။ ဒီ အဆင့်ကနေ ဒီမိုကရေစီ စနစ်ကို အခက်အခဲမရှိ တန်းတန်းမတ်မတ်ရောက်အောင် သွားနိုင်မယ်လို့ တော့ အသေအချာ မပြောနိုင်ပါဘူး။ ဒါဟာ ဘာမှန်းမသိတဲ့ သေချာရေရာမှုမရှိသေးတဲ့ အနေအထား တစ်ရပ်ဖြစ်နေဆဲ မို့လို့ပါ။ နည်းနည်းပါးပါး အကြပ်အတည်း ကြုံရပြီး ဒီမိုကရေစီပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်သွားတာလဲရှိသလို၊ တခါတလေကျတော့ လမ်းတ၀က် တောင် မရောက်သေးဘဲ နောက်ထပ်တဖန် အာဏာပြန်သိမ်းခံရပြီး ပိုဆိုးတဲ့အာဏာရှင်စနစ်ကို ရောက်သွားတာလဲ ရှိတယ်။ ဒါကြောင့် ဒီအဆင့်ကို နိုင်ငံရေးပညာရှင်တွေ ပိုမိုအာရုံစိုက်လေ့ ရှိပါတယ်။

    (၃) Substantive Democratization : ဒီအဆင့်မှာလည်း နှစ်ပိုင်း ထပ်ခွဲသေးတယ်။ Initial state နဲ့ Consolidation of Democracy ဆိုပြီးတော့..။ ဒီအဆင့်ရောက်ပြီဆိုရင်တော့ ရေရှည်တည်တန့်မည့် ဒီမိုကရေစီစနစ်တစ်ရပ် ခိုင်ခိုင်မာမာ ဖြစ်လာစေဖို့ ဒီမိုကရက်တစ်ဘောင်ကို ချဲ့ထွင်တည်ဆောက်ပါ ပြီ။ ဒီအဆင့်မှာ သေချာပြောနိုင်တာက နောက်ကြောင်း ပြန်ခြင်းဆိုတဲ့ အခြေအနေမျိုး ဖြစ်နိုင်ချေ မရှိသလောက်နည်းသွားပြီ။ ဘယ်လို ဒီမိုကရေစီပုံစံမျိုး ဖြစ်ထွန်းလာ သလဲဆိုတာ ဆန်းစစ်ဖို့ပဲလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီကူးပြောင်းခြင်း ဖြစ်စဉ်တိုင်းဟာ ပေမှီဒေါက်မီဒီမိုကရေစီ စနစ် တစ်ရပ်အဖြစ် ရောက်ရှိ သွားလိမ့်မယ်လို့ ဘယ်သူကမှ အာမခံလို့မရလို့ပါပဲ။ ကျနော့်လေ့လာမှုအရ ပြောရရင် အသွင်ပြောင်းခြင်းဖြစ်စဉ်တွေတုန်းက အခြေခံခဲ့တဲ့ အိုင်ဒီယိုလော်ဂျီတွေအပေါ် အဓိက အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီစနစ်ဟာလည်း အဆင့်အတန်း ကွာခြားသွားနိုင်ပါတယ်။ ဥပမာ- ဆိုရှယ်လစ် အတွေးအခေါ်ကို အဓိက အခြေခံတဲ့ အပြောင်းအလဲရဲ့ရလဒ်က ဆိုရှယ်ဒီမိုကရေစီ ဖြစ်လာဖို့ရာခိုင်နှုန်း ပိုများပါတယ်။ ဒီအကြောင်းကို အကျယ်တ၀င့် မရှင်းတော့ဘဲ မြန်မာပြည်ဘက်ပြန်လှည့်ကြမယ်။

    ကျနော့်အမြင်အရ မြန်မာပြည် အပြောင်းအလဲက Liberalization အဆင့်ကို ကျော်လွန်ခဲ့ပြီလို့ ဆိုနိုင်တယ်။ အတိုင်းအတာ တစ်ရပ်ထိ လွတ်လပ်စွာ ပြောဆိုရေးသား ခွင့် ပြုလိုက်တယ်။ (ဒါ သန်းရွေအချိန်က မရှိခဲ့ဘူး) နောက်ပြီး democratic institutions တွေ ပေါ်လာပြီ။ လွှတ်တော် ပေါ်လာပြီ၊ လွှတ်တော် နဲ့ အစိုးရကို ခွဲထုတ်ပြီ။ ရွေးကောက်ပွဲတွေ ပေါ်လာပြီ။ ဒီ Institutions တွေက Transition ကိုဖေါ်ညွှန်းတယ်။ ယခင်က စစ်အစိုးရက အပြင်းအထန် ဆန့်ကျင်ခဲ့သယောင်ရှိတဲ့ တချို့ပုဂ္ဂိုလ်များဆိုရင် ဒီလို Liberalization ရဲ့အစွမ်း ကြောင့် `ငါတို့ သမ္မတကြီးကို မထိနဲ့´ ဆိုတဲ့ထိ ပြောင်းလဲသွားကြတယ်။ ဒါပေမဲ့ ဒီအသွင်ကူးပြောင်းခြင်း အဆင့် အောင်မြင်သလား ဆိုတာထက် ဘယ်လိုပြောင်းလဲနေသလဲဆိုတာကို ကျနော် ပိုစိတ်ဝင်စားတယ်။ ပညာရှင်တချို့က ဒါကို Contested Democracy ရော၊ Electoral Authoritarianism လို့လဲခေါ်ကြတယ်။ ရွေးကောက်ပွဲတွေ ပုံမှန် လုပ်ပေးနေပေမဲ့ အာဏာရှင်စနစ်ပဲ။ ဒီမိုကရေစီ elements တွေမပြည့်ဘူးလို့ ဆိုလိုတယ်။

    ဒီတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို သီအိုရီအရ စံနှုန်းတချို့နဲ့ ချိန်ထိုးကြည့်လို့ရတယ်။

    (၁) ပထမဆုံးတော့ ဆင်မြူရယ်ဟန်တင်တန်ရဲ့ အသွင်ကူးပြောင်းမှု ပုံစံသုံးမျိုးနဲ့ ချိန်ထိုးကြည့်မယ် ..

    (i) တစ်မျိုးက Replacement လို့ခေါ်တဲ့ လက်ရှိအာဏာရှင်အစိုးရပြိုလဲသွားလို့ ဒါမှမဟုတ် အတိုက်အခံ အင်အားစုက အာဏာသိမ်းပိုက်လိုက်နိုင်လို့ အတိုက်အခံဘက်က အစိုးရတစ်ရပ်အနေနဲ့အစားထိုး ၀င်လာတာမျိုး။

    (ii) နောက်တမျိုးက Trans-placement လို့ခေါ်တဲ့ လက်ရှိအာဏာရှင်အစိုးရနဲ့ အတိုက်အခံနဲ့ပေါင်းပြီးတော့ အသွင်ကူးပြောင်း ယူတာမျိုး။

    (iii) နောက်ဆုံးတမျိုးက Transformation လို့ခေါ်တယ်။ လက်ရှိရှိနေတဲ့ အစိုးရကပဲ သူတို့ကိုယ်ကို မထိခိုက်စေ ရအောင် အကာကွယ်ယူပြီး သူတို့ရဲ့ အာဏာကို တဆင့်ခြင်းဆီလျော့ချသွားပြီး အသွင်ပြောင်းပေး သွားတာမျိုး။

    လက်ရှိ မြန်မာပြည်က နံပါတ်(iii) transformation ပုံစံနဲ့ ပြောင်းနေတာ..။ ဒီလို transformation ပုံစံ အပြောင်းအလဲက မသေချာမှုတွေ အရမ်းများတယ်။ အပြောင်းအလဲဖြစ်စဉ်ကို အာဏာရှင်တွေ ကိုယ်တိုင်က ထိန်းချုပ်ထားတာဖြစ်လို့ stability ရှိကောင်း ရှိနိုင်ပေမဲ့ Democratic elements တွေ မပြည့်ဘူး။ ဘာကြောင့်လဲဆိုတော့ အာဏာရှင်တွေက သူတို့ကိုယ်ကျိုးစီးပွားတွေကို ဘယ်လောက်ထိ လျော့ပေးမှာလဲဆိုတာ ထည့်တွေးနေတာကိုး..။ State within the State ပုံစံနဲ့ နှစ်ပေါင်းရှည်ကြာ ရှိနေခဲ့တဲ့ စစ်တပ်ကြီးလို အဖွဲ့အစည်းကြီးတစ်ခုကို ချက်ချင်းကြီး ပုံစံပြောင်းဖို့ အင်မတန် ခက်ခဲပါတယ်။ နောက်ပြီး ဒီပုံစံအပြောင်းအလဲက ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်လိမ့်မယ်လို့လည်း တထစ်ချ ပြောလို့မရဘူး။ – ဒီလိုပဲ ပုံစံ(i)Replacement ကရော သေချာသလားဆိုရင်.. အဲဒါလည်း မသေချာဘူး။ stability မရှိဘူး။
    ( မြန်မာပြည်ရဲ့ Transformation ဖြစ်စဉ်နဲ့ပက်သက်ပြီး သီးခြား ဆောင်းပါးတစ်ပုဒ်ရေးပြီး အကျယ်ရှင်းပါဦးမယ်။)

    (၂) နောက်ထပ် Democratic Civilian-Military Relations (ဒီမိုကရက်တစ် အရပ်ဘက် -စစ်ဘက် ဆက်ဆံရေး) ကို ကြည့်ရမယ်။ စစ်ဘက်ကို အရပ်သားက ထိန်းချုပ်လို့ရတဲ့ ဆက်ဆံရေးမျိုးကိုခေါ်တာ။ လွှတ်တော်က စစ်တပ်ကို ထိန်းချုပ် ကွပ်ကွဲနိုင်ပြီလားဆိုတာ ကြည့်ရမယ်။ တစ်နှစ်စာ စစ်တပ်အသုံး စရိတ်ကို လွှတ်တော်က ဘယ်လောက်ထိပဲ ခွင့်ပြုမယ် ဆိုတာမျိုးတွေ လုပ်လို့ရပြီလား။ ဒါတွေ ကြည့် ရမယ်။ ဒါဆို ဒီအချက်ကလည်း မြန်မာပြည် အပြောင်းအလဲကို တိုင်းတာတဲ့ `စံ´တစ်ချက် ဖြစ်ပြန်တယ်။  (ဒီအချက်မှာလည်း သိန်းစိန်အစိုးရ မအောင်မြင်ဘူး။)

    (၃) နောက်တစ်ချက်က အရင်စစ်အစိုးရပုံစံမှာ ရှိခဲ့တဲ့ Regional Command System(တိုင်းစစ်ဌာနချုပ်) တွေ ဆက်ရှိနေ သေးသလားဆိုတာ ကြည့်ရမယ်။ Regional Command System က လိုအပ်လား၊ မလိုအပ်ဘူးလား .. အဲဒါတွေက လက်ရှိ ရှိနေတဲ့ Civilian Administrated Centers တွေနဲ့ အားပြိုင်မှု ဘယ်လိုရှိသလဲ .. အဲဒါတွေနဲ့ အားပြိုင်မှု ရှိနေတယ်ဆိုရင် တိုင်းစစ်ဌာနချုပ်တွေ ဘာလို့ဆက်ထား တာလဲ .. အဲဒါလည်း အပြောင်းအလဲကို ချိန်ထိုးကြည့်မယ့် indicator တစ်ခုပဲ။ (ကျနော်သိသလောက်ခုချိန်ထိ အဲဒီလို တိုင်းစစ်ဌာနချုပ်တွေကို မဖြုတ်သေးဘူး။)

    (၄) နောက်တချက်က စစ်တပ်အနေနဲ့ သူ့ရဲ့ ဘက်ဂျက်ကို ဘယ်ကရတာလဲ .. အရပ်သားထိန်းချုပ်တယ် ဆိုရင် အရပ်သားပေးမှ ရ ရမယ်။ ခုတော့ အရပ်သားမပေးဘဲ သူ့ဆီမှာ သီးသန့်စီးပွားရေး ၀င်ပေါက် ထွက်ပေါက်တွေ ရှိနေတယ်။ အဲဒါတွေက Civilian control over Military ကို တိုင်းတာတဲ့အချက်ပဲ .. (ခုထိ ဒီအချက်လည်း မအောင်မြင် သေးဘူး။)

    (၅) နောက်တချက်က စစ်တပ်ရဲ့ ပညာရေးပိုင်း .. အရင်တုန်းက စစ်တက္ကသိုလ်ဆင်းရင်လည်း ရန်ကုန် တက္ကသိုလ်ထဲက ဘွဲ့နှင်းသဘင်မှာပဲ ဘွဲ့ပေးရတယ်။ စစ်တက္ကသိုလ်တွေမှာ စစ်ပညာသင်ကြားပေးပေမဲ့ အရပ်ဘက်ပညာတွေ ကိုတော့ ရန်ကုန်တက္ကသိုလ်က သင်ကြားပေးပြီး ရန်ကုန်တက္ကသိုလ်ရဲ့ ကြီးကြပ်မှု အောက်မှာ ရှိတယ်။ ခုကျတော့ ဒီနှစ်ခုကို သီးခြားစီ ခွဲထုတ်ပစ်လိုက်တယ်။ Education of Liberal Art က Professional Army ဖြစ်ဖို့အတွက် ဘာတွေလိုလဲဆိုတာတွေကို ကြည့်တာဖြစ်တယ်။ (ဒါလည်းမဖြစ်နိုင်သေးဘူး။)

    (၆) နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ(Sovereignty)ကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့တရားစီရင်ရေးဆိုပြီး ကဏ္ဍသုံးရပ်ခွဲထားတယ်လို့ ဆိုတယ်။ လက်ရှိ မြန်မာစစ်တပ်ကို ပြန်ကြည့်ရင် စစ်ခေါင်းဆောင်တွေကပဲ အုပ်ချုပ်တယ်။ သမ္မတလည်း အုပ်ချုပ်လို့မရဘူး။ ကချင်မှာ စစ်ဖြစ်နေတဲ့ကိစ္စ ရပ်တန့်အောင် သမ္မတက အမိန့်ပေးလို့မရတာတွေ့ရတယ်။ လွှတ်တော်က ဥပဒေတစ်ရပ်ထုတ်ပြန်လိုက်ရင် ဒီဥပဒေက စစ်တပ် ပေါ်မှာ မသက်ရောက်ဘူး။ လွှတ်တော်က တစ်နိုင်ငံလုံးအတွက် ဘက်ဂျက်ကိုဆွဲတဲ့အခါ စစ်တပ်ဘက်ဂျက်မပါဘူး။ နောက်ပြီး စစ်တပ်ကိုယ်တိုင်မှာ ဘယ်သူကမှ စစ်ဆေးမေးမြန်းခွင့်မရှိတဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေ အများကြီးရှိနေတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က(ထင်တယ်) ပဲခူးမြို့မှာ စစ်သားတွေက ရပ်ကွက်ထဲဝင်ပြီး သေနတ်နဲ့ပစ်သတ်လို့ လူ ၂ ဦး သေခဲ့တယ်။ အဲဒီအမှုကို စစ်ခုံရုံးမှာပဲ စစ်ဆေးပြီး စီရင်ခဲ့တယ်လို့သိရတယ်။ ဒါ စစ်ပွဲတွင်းဖြစ်တဲ့ ကိစ္စ၊ တပ်တွင်းဖြစ်တဲ့ကိစ္စမဟုတ်တဲ့အတွက် အရပ်ဘက် တရားရုံးကစီရင်ရမှာ .. ခု ဒီလိုမရဘူး။ သူ့တရားသူစီရင်တယ်။ ဒီတော့ အချုပ်အခြာအာဏာ ရှုထောင့်က ကြည့်ရင် စစ်တပ်ဆိုတာ နိုင်ငံတော်အတွင်းမှာရှိတဲ့ သီးခြားနိုင်ငံတော်သဖွယ်ဖြစ်နေတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကို ပညာရှင်အများစုက State within the State လို့ ဆိုကြတယ်။

    သုံးသပ်ခဲ့သမျှ အချက်အလက်တွေကို အခြေခံပြီး အဖြေတစ်ခုထုတ်ကြည့်မယ်ဆိုရင် သန်းရွှေခေတ်နဲ့ ဘာမှ ထူးပြီးမပြောင်းလဲသေးတာ တွေ့ရမယ်။ ဒါဆို ကျနော် အပေါ်ဆုံးမှာ `မြန်မာပြည်ပြောင်းလဲနေပြီ´ လို့ ပြောခဲ့တာက လွဲနေပြီလို့ဆိုရတော့မယ်။ မလွဲပါဘူးခင်ဗျာ။ တကယ်ပြောင်းလဲနေပါပြီ။ လက်ရှိ သိန်းစိန်တို့ လုပ်ဆောင်နေတဲ့ အပြောင်းအလဲက ဘယ်ကိုဦးတည်နေလဲဆိုတာကို နောက်ထပ်ရေးမယ့် အပိုင်းမှာ ဆက်ရှင်းပါမယ် ..။

    Xavier Sorcerer
    (25 – 4 – 2014)

  • မြန်မာ့ဘာဏုရာဇာ မောင်လာနာဂိုလမ် အလီရှား

    မြန်မာ့ဘာဏုရာဇာ မောင်လာနာဂိုလမ် အလီရှား

    ဧပြီ ၂၈၊ ၂၀၁၄
    ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်

    အမည်ရင်းမှာ စိုက်ယစ်ဂိုလမ်အလီရှား ဖြစ်သည်။ သာသနာနွယ်ဝင် သူတော်စင်တို့ ချီးမြှင့်သည့်ဘွဲ့မှာ ရှမ်စွလ်ဘရ်မာ (မြန်မာ့ဘာဏုရာဇာ) ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးက ကြည်ညိုလေးစားသည့် စာတော်ပြန် ဆရာကြီးခေါ် မိုးဆုပန် ဆရာတော် ကာဘွလ်မော်လ၀ီကြီးနှင့် အလွန်ခင်မင် ရင်းနှီးသူဖြစ်သည်။

    ဘခင်ကြီးသည် အိန်္ဒိယနိုင်ငံ ရှားဟ်ပူရ်မြို့သားဖြစ်သည်။ ဇာတိမြို့ အနီးရှိ ဘရွတ် အမည်ရှိ တောရွာကလေးတွင် မွဖ်တီအဟ်မဒ် ပီယာန်းထံ အူရဒူ၊ အရဗီ၊ ဖာရစီ အခြေခံပညာရပ်များကို ဆည်းပူးသည်။ ရှားဟ်ဝလီယွလ္လာဟ်သခင်၏ အနွယ်ဖြစ်သော ရှာဟ်အစ်္စဟာက်ထံ သာသနာ့ ပညာကို အလယ် တန်းအောင်သည်အထိ ဆည်းပူးခဲ့သည်။

    လူလားမြောက်သည်နှင့် ဗြိတိသျှပန်ချာပီ စစ်တပ်တွင် ဓမ္မဆရာအဖြစ် တာဝန်ယူဆောင်ရွက်သည်။ အင်္ဂလိပ်စစ်တပ်များ၊ မြန်မာပြည်သို့ ပြောင်းရွှေ့လာရာတွင် သခင်ကြီးသည် ပန်ချာပီစစ်တပ်နှင့်အတူ ပါလာသည်။ မန္တလေးမြို့ မျက်ပါးရပ်တပ်စခန်းရှိ ဗလီတွင် ရှေ့ဆောင်ဆရာအဖြစ် ဆောင်ရွက်သည်။ စခန်း၏ စစ်တန်းလျားတွင်နေသဖြင့် သခင်ကြီးကို စစ်တန်းမော်လ၀ီကြီးဟုခေါ်ကြသည်။ သခင်ကြီးသည် စစ်တပ်မှ ဓမ္မ ဆရာအဖြစ် နုတ်ထွက်ပြီး မန္တလေးမြို့ ၂၉ လမ်းရှိ၊ အိုးတော်ဗလီတွင် အီမာမ်ရှေ့ဆောင် ဆရာ အဖြစ် တာဝန်ယူခဲ့သည်။

    သခင်ကြီး၏ အိမ်ထောင်ဘက်သည် အထက်မြန်မာနိုင်ငံ ဘုတ္ထောရွာသူ ဒေါ်သီဖြစ်သည်။ ဒေါ်သီ၏ ဖခင်သည် မြေထူးမြို့ သေနတ် စာရေးကြီး ဦးအဗ်ဒွလ္လာခေါ် ဦးပေါက်တူးဖြစ်သည်။ ဒေါ်သီ၏ဆွေမျိုးများ အများစုမှာ ကန့်ဘလူ နယ်တစ်ဝိုက်တွင်ရှိသည်။ မင်းပါးစိုးခွင် ထွက်ဝင် ခစားရသော သစ္စာတော်ခံများဖြစ်ကြသည်။ ဆရာကြီးနှင့် ဒေါ်သီတို့သည် မြန်မာ ဘုရင်မင်းမြတ် ဆောက်လုပ် လှူဒါန်းသော မန္တလေးမြို့၊ ကုလားပျိုရပ် ဗလီတွင်ထိမ်းမြား မင်္ဂလာဆောင်နှင်းခဲ့ကြသည်။

    သခင်ကြီးတွင် သား ၇-ဦး ထွန်းကားသည်။ အဟ်မဒ်ရှား၊ ဟစံရှား၊ ဟူစိန်ရှား၊ ကာစင်မ်ရှား၊ ယူစွဖ်ရှား၊ အိုဗိုင်ဒွလ်လာရှားနှင့် အဗူဗကရ်ရှားတို့ ဖြစ်သည်။ သမီးများမှာ ငယ်စဉ်ကပင် ကွယ်လွန်ကြပြီး ၁၉၅၈ ခုနှစ်တွင် သား ၆-ဦး ကျန်သည်။

    သားဦးဖြစ်သူ အဟ်မဒ်ရှားသည် ပန်ဂျပ်နယ်တွင် အလွန်နာမည်ကြီးသော တရားဟောပီရ် ဆရာဖြစ်သည်။ ခေါင်းဆောင်ကြီး မုဟမ္မဒ်အလီ ဂျင်းနားကဲ့သို့ ပုဂ်္ဂိုလ်ကျော်များကပင် ဆရာကြီး၏အိမ်သို့ လာရောက်တွေ့ဆုံသည်။ လေယာကတ် အလီခန်က ဆောက်လုပ်ပေးသော ဗလီကြီးတွင် သောကြာနေ့တိုင်း တရားဓမ္မဟောကြားသည်။ ပါကစ္စတန် သာသနာ့ ပညာရှင်များက ဆရာတင်ရသူဖြစ်သည်။  “ကုရ်အာန် ဟာဖစ်အရာတွင် မိမိထက် သာသည်။ အူရဒူ၊ ပန်ဂျာပီလို အဟောအပြောကို ပရိသတ်က ပိုမိုနှစ်သက်သည်။ အမြဲပင် ဇိကိရ်ဘာဝနာ စီးဖြန်းနေလေ့ရှိသည်။ ကရာမတ်(တန်ခိုး)လည်း စိတ်ရှိတိုင်းပြသည်။ နန်းရင်းဝန်မင်းသည်ပင် သူ၏မူရိဒ်ခံဖြစ်လေသည်”ဟု ညီဖြစ်သူ ဟစံရှားကဖော်ကျူးသည်။

    စစ်တန်းသခင်ကြီး၏ ဒုတိယသားမှာ ဟစံရှားဖြစ်သည်။ ၉ နှစ်သား အရွယ်ကပင် ဟာဖစ်ဖြစ်သည်။ ပန်ဂျပ်ရှားဟ်ပူရ်တွင် ဟာဖစ်ဖတ်ရင်း ခေတ် ပညာသင် အင်္ဂလိပ်ကျောင်းတွင်လည်း ငါးတန်း စာမေးပွဲအောင်မြင်သည်။ ဖခင်ဖြစ်သူ သခင်ကြီး၏ဆန္ဒအရ သာသနာ့ပညာကိုသာ ပေါက်မြောက်အောင် သင်ယူသည်။ လူမျိုးဘာသာမရွေး စိတ်ဝင်စားဖွယ် ကောင်းအောင် ဟောပြောနိုင်စွမ်းသူအဖြစ် ထင်ရှားသည်။

    သခင်ကြီး၏ တတိယသားဖြစ်သူ ဟူစိန်ရှားသည်လည်း ဟာဖစ်တစ်ဦးဖြစ်သည်။ မန္တလေး အိုးဘိုဗလီ၏ ရှေ့ဆောင် မော်လ၀ီကြီးလည်း ဖြစ်သည်။ စတုတ္ထသားသည် ကာစင်ရှား ဖြစ်သည်။ မိမိအစ်ကိုကြီး တာဝန်ယူထားသော ရှာဟ်ပူရ်မြို့ ဂျာမေဗလီကြီးတွင် ရှေ့ဆောင်ဆရာကြီး ဖြစ်သည်။ ပဉ္စမသားသည် အဆိုပါ ဗလီခန်းတွင်ပင် နေထိုင်သည်။ လောကီ ကိစ္စ အ၀၀ကို စွန့်လွှတ်နေသူ ဖြစ်သည်။ ဟာဖစ်တစ်ဦးလည်းဖြစ်သည်။ ဆဋ္ဌမသားသည် အိုဗိုင်ဒွလ္လာဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် သင်ရိုးကုန်သည်အထိ ဆည်းပူးအောင်မြင်ပြီး မြန်မာနိုင်ငံသို့ ကြွရောက်လာသည်။ ဗန်းမော်မြို့တွင် ရှေ့ဆောင် ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ သတ္တမမြောက် သားထွေးမှာကား အဗူဘကရ်ဖြစ်သည်။

    စစ်တန်းသခင်ကြီးသည် မြန်မာလိုကျွမ်းသည်။ တရားဒေသနာများကို မြန်မာလို ရေလည်စွာ ဟောကြားနိုင်သည်။ မန္တလေးမြို့ အိုးဘိုဗလီတွင် တာဝန်ထမ်းဆောင်စဉ် တွေ့ကြုံရသော ပြဿနာများကြောင့် မိမိတတ်ထားသော ပညာကိုအား မလိုအားမရ ဖြစ်လာသည်။ အဆင့်မြင့်ပညာများကို ဆက်လက် ဆည်းပူးလိုစိတ် ပြင်းပြလာသည်။ သို့နှင့် ပညာရေးအတွက် အိန်္ဒိယနိုင်ငံသို့ ထွက်ခွာသည်။ မိမိတို့ ကြည်ညိုလေးစားသော သခင်ကြီး ပညာသင် ခရီးအတွက် အိုးတော်ဗလီ ဒါယကာကြီး ပတ္တမြား ဦးဖိုးသက်နှင့် ဂျမာအသ်သားများက အစစပံ့ပိုးကူညီကြသည်။

    သခင်ကြီး နိုင်ငံရပ်ခြားသို့ မထွက်ခွာမီ ဇနီးနှင့် သား ၂-ဦးကို ကန့်ဘလူမြို့နယ် ဘုတ္တောကျေးရွာရှိ ဆွေမျိုးများထံ အပ်နှံခဲ့သည်။ ဆွေမျိုးများက စောင့်ရှောက်ပေးကြသည်။

    သခင်ကြီးသည် အိနိ္ဒယနိုင်ငံတွင် ကျော်ကြားသော မောင်လာနာ ရရှိဒ် အဟ်မဒ်ဂန်ဂူဟီသခင်ကြီးထံ ဆည်းပူးခွင့်ရသည်။ ထိုသခင်ကြီးသည် ဂုဏ်ထူး ၀ိသေသအမျိုးမျိုးဖြင့် ထင်ရှားသော ပညာရှင် သူတော်စင်ကြီး ဖြစ်သည်။ သူ့ခေတ်သူ့အခါက ဖိကဟ်အတတ် ကျွမ်းကျင်ဆုံး ပုဂ်္ဂိုလ်ထူးဟု သိမှတ်ကြသည်။

    စစ်တန်းသခင်ကြီး သင်ရိုးကုန် ပေါက်မြောက်၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသောအခါ ဆရာကောင်းတပည့်ပီပီ ဘ၀တစ်သက် တာတွင် စစ်မှန်သော တရားတော်များကို ဖြန့်ဖြူးနိုင်သည်။ ဖိကဟ်ဓမ္မသတ် အရာအတွင် မိမိဆရာ့နည်းတူ မင်းမူနိုင်ခဲ့သည်။ ပထမဦးစွာ အိုးတော်ဗလီတွင် စာပေသင်ကြားပို့ချမှုစတင်ခဲ့သည်။ ထို့နောက် ဗလီဒါယကာ ဦးဖိုးသက်က ဗလီအနီးမြေနေရာ ၀ယ်ယူလှူဒါန်းပြီး စုပေါင်းဒါနဖြင့် မုဟမ္မဒီယာအရဗီ သိပ္ပံကျောင်းတော်ကြီး ဖွင့်လှစ်သည်။ သခင်ကြီးကပင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူရသည်။ ထိုကျောင်းသည် အထက်မြန်မာ နိုင်ငံတွင် အစ္စလာမ် သာသနာစာပေများကို အစောဆုံး ဖွင့်လှစ်သင်ကြားသည့် ကျောင်းတော်ကြီးဖြစ်သည်။

    သခင်ကြီး၏နိစ်္စဓူဝ ကျင့်ဝတ်မှာ နံနက်ဖဂျေရ်ဝတ်ပြုပြီးလျှင် ကျောင်းတွင် စာပြသည်။ နံနက် ထမင်းစားချိန် (၁၂)နာရီအထိ တစ်ဆက် တည်း စာပြသည်။ ထမင်းစားပြီးလျှင် ခေတ္တခဏ အိပ်တတ်သည်။ နေ့လယ်အချိန်၌ အိုးတော် ဗလီတွင် ဇဟိုရ် နမာဇ်ဝတ်ပြုသည်။ ပြီးလျှင် အစွရ်ညနေချမ်း ၀တ်ပြုချိန်အထိ စာကြည့်သည်။ အစွရ်ပြီးလျှင် အိမ်ပြန်ကာ ဖတ်တ၀ါဓမ္မသတ် ဆုံးဖြတ်ချက်များရေးသည်။ ညနေ၀င်မဂ်ရစ် ၀တ်ပြုမှုအပြီး ညစာသုံး ဆောင်သည်။ မိသားစုနှင့် စကားစမြည်ပြောသည်။ အေရှာ ညဦးယံ ၀တ်ပြုအပြီးတွင်မူ မိတ်ဆွေရင်းချာများအိမ်သို့ သွားပြီး တရားဓမ္မဆွေးနွေးသည်။ ည (၁၂)နာရီမှ အိမ်ကို ပြန်သည်။ ညအခါတွင် တဟ်ဂျွဇ်နမာဇ် ထဖတ်လေ့ရှိသည်။ ပညာဂုဏ်၊ သီလဂုဏ်နှင့် ပြည့်စုံသော သခင်ကြီး၏ရှေ့မှောက်တွင် အခြားမော်လ၀ီများသည် ကျားရှေ့ရောက် သမင်ငယ်ကဲ့သို့နေကြသည်ဟု အဆိုရှိသည်။
    စစ်တန်းသခင်ကြီးသည် ဆရာကောင်းဆရာမြတ်တို့ထံမှ နည်းခံ ခဲ့ရသူဖြစ်သည်။ ကိုယ်တိုင်ကလည်း ပါရမီခံကောင်းသဖြင့် မန်တစ် အေလင်မ် တက္ကနယဒီပနီကို အထူးကျွမ်းကျင်သည်။ ဓမ္မပြဿနာ၊ စုဒ်၊ စောဒနာတို့ကို အကိုးအကားခိုင်မာစွာ ဆုံးဖြတ်ဖြေကြားပေးသည်။ သခင်ကြီးသည် ရှရီအတ် တရားတော်အပြင် တစောင်ဝုဖ်၊ တွရီကာများကို သင်ကြားပြသသည်။ ဆရာကြီး၏ တပည့်များသည်လည်း မြန်မာနိုင်ငံ တစ်နံတစ်လျား၌ သာသနာ့ပညာကို ဆက်လက်ဖြန့်ဖြူးသူများ ဖြစ်လာသည်။

    ထူးချွန်သည့် မုဟမ္မဒီယာကျောင်းထွက်ပညာရှင်များတွင် မောင်လာ နာရှဖီ၊ မောင်လာနာဟာဖစ် ဦးဘဒင်၊ မောင်လာနာ ဗရှိရ်အဟ်မဒ်ခေါ် ဆရာကြီးပုံ၊ မောင်လာနာ ဦးစွလ်တန်၊ ဓ္မကထိကမောင်လာနာ ဦးဘသွင် (ခင်ဦး) စသူတို့ ပါဝင်သည်။

    စစ်တန်းသခင်ကြီးလက်ထက်က မုဟမ္မဒီယာ အာရဗီသိပ်္ပံ ကျောင်းတော်ကြီးသည် မန္တလေးမြို့၏ သာသနာရေးကိစ္စအ၀၀အတွက် ဗဟိုဌာန ဖြစ်ခဲ့သည်။

    သခင်ကြီးသည် ၁၉၃၆ ခု ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အလ္လာဟ် အရှင့် အမိန့်တော်ခံယူသည်။

    သခင်ကြီး၏ တပည့်မိုရီဒီများသည် ကြာသပတေးနေ့တိုင်း စုရုံး၍ ဇကီရ်ကမ္မဋ္ဌာန်း ဘာဝနာ ပွားများအားထုတ် ဖတ်ရွတ်ကြသည်။ သခင်ကြီး၏ ဒရ်ဂါတော်ကို မန္တလေးမြို့ ဥသျှစ်ကုန်းတွင် ခမ်းနားစွာ ဆောက်လုပ်ထားကြသည်။

    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။