News @ M-Media
Blog
  • နှစ်ဆတိုး၍ မကျိုးလိုလျှင် ….. (သူ့အမြင်)
    နှစ်ဆတိုး၍ မကျိုးလိုလျှင် ….. (သူ့အမြင်)
    ဧပြီ ၂၈၊ ၂၀၁၄
    M-Media
    “ဥတ္တရဆူး ” ရေးသားတင်ပြသည်။
    r775929_6639783
    ဂုဏ်သိက္ခာရှိစွာနဲ့တောင်းပန်ခြင်းက မေတ္တာနဲ့ကရုဏာကို အစားပြန်ရစေပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာ ဖက်ဆစ်ဂျပန်တွေရဲ့ လက်သံပြောင်မှုကို ကောင်းကောင်းကြားဖူးကြမှာပါ။
    အဲ့ဒီခေတ်ကိုမှီခဲ့တဲ့ ဘိုးသက်ရှည် ဘွားသက်ရှည်များရဲ့ ပြန်လည်လက်ဆင့်ကမ်းမှုကိုလည်း ဖတ်ဖူးကြမှာပါ။
    နောက်တစ်ဖက်မှာ ဂျာမဏီက နာဇီဟစ်တလာကိုလည်း တစ်ကမ္ဘာလုံးက မုန်းတီးခဲ့ကြတယ်။ ဖက်ဆစ်တွေနဲ့ နာဇီတွေအပေါ် ကမ္ဘာ့လူသားတွေထားရှိတဲ့ အမုန်းတရားက မကွာခြားလှပါဘူး။ သို့သော် မဟာမိတ်တပ်များက ဟီရိုရှီးမားကို အနုမြူဗုံးကြဲချလိုက်တာနဲ့ ဖက်ဆစ်တွေရဲ့ လည်ဂုတ်ကို တိကနဲဖြတ်တောက်လိုက်သလိုဖြစ်ပြီး တစ်ခါတည်း ပွဲသိမ်းသွားခဲ့တယ်။ နောက်ထပ် ၂ လုံး ၃ လုံးသာ ထပ်ကြဲချလိုက်လို့ကတော့ ကမ္ဘာမှာ ဂျပန်လူမျိုးဆိုတာကို မနည်းရှာယူရတော့မယ့်အထိ မျိုးပြုတ်သွားနိုင်တယ်။ ကြောက်စရာအဖြစ်ဆိုးကိုတွေ့ရတော့ တစ်ကမ္ဘာလုံး မှင်သက်ကုန်တယ်။ ဒါပေမယ့် မုန်းတီးခြင်းကတော့ ရှိနေဆဲ။
    ဂျပန်နည်းတူ ဂျာမဏီလည်း ပြားပြားဝပ်သွားလို့ ဒုတိယကမ္ဘာစစ်မီး ငြိမ်းသွားခဲ့တယ်။
    ဒီနှစ်နိုင်ငံမှာ ဂျပန်က ပိုပြီး အမှတ်ရသွားတယ်။ ပိုတော်တယ်လို့ ပြောရမယ်။ ဒီဖြစ်ရပ်ဆိုးအပြီး စစ်ရှုံးခြင်းနဲ့အတူ မရှေးမနှောင်းမှာပဲ ဂျပန်က ကမ္ဘာကို သိက္ခာရှိရှိ တောင်းပန်ဝန်ချမှု ပြုလုပ်ခဲ့တယ်။ တန်ပြန်အကျိုးကျေးဇူးအဖြစ် ကမ္ဘာ့မေတ္တာနဲ့ ကရုဏာကို ရရှိခံစားသွားခဲ့တယ်။ ကမ္ဘာ့လူသားတွေရဲ့ စာနာဖေးမမှုကို ဂျပန်က ခပ်ယူသွားနိုင်ခဲ့တယ်။ ပြာပုံဘ၀ရောက်ပြီး ဦးကျိုးသွားတဲ့ ဂျပန်နိုင်ငံဟာ ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာကို ခါးစောင်းတင်လို့ ပြန်လည်ဝင်ဆန့်သွားနိုင်ခဲ့တာ ဒီနေ့ထက်ထိပါပဲ။ (နောက်ပိုင်းတော့ ဂျာမဏီလည်း ၀န်ချတောင်းပန်ခဲ့ပါတယ်)။
    ဖက်ဆစ်ဂျပန်နဲ့ နာဇီဂျာမန်တွေဟာ လူမျိုးကြီးဝါဒ ထိပ်တန်းတင်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းမှာ ထပ်တူထပ်မျှဖြစ်တယ်။ သို့သော် ဂျပန်က အမြန်ဆန်ဆုံး မာန်ချနိုင်ခဲ့တဲ့အတွက် – မကောင်းသောစံနစ်ကို ချက်ခြင်းစွန့်နိုင်ခဲ့တဲ့အတွက် ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်နိုင်သွားတာ အထင်အရှားပါပဲ။
    ဒုတိယကမ္ဘာစစ်ကာလ အတွင်း စံနစ်တစ်ခုချင်းစီနဲ့ ကမ္ဘာ့တစ်ခြမ်းစီကို ထိုးဖောက်စိုးမိုးလုမတတ်အခြေအနေ ရောက်ခဲ့တဲ့ မဟာအင်အားကြီးနိုင်ငံတွေပင်လျှင် အချိန်တန်လို့ ကျရှုံးတဲ့အခါ ဦးကျိုးမာန်ချ တောင်းပန်ခယမှု ပြုခဲ့ကြရတယ်။
    လက်ရှိကျွန်တော်တို့နိုင်ငံမှာ ဖက်ဆစ်တစ်ပိုင်း နာဇီတစ်ပိုင်း ပေါင်းစပ်စံနစ်တစ်ခု လွှမ်းမိုးလာနေတယ်။ ဒါ့အပြင် တစ်ချိန်က အထက်ဖော်ပြပါနိုင်ငံတွေရဲ့ ကမ္ဘာ့ကိုင်လှုပ်မှုနဲ့ နှိုင်းစာရင် ခြေဖျားတောင်မှီမယ် မထင်ပါဘူး။ နိုင်ငံပြင်ပမှာ အမြီးပင်လျှင် ဖြောင့်တန်းအောင် မထောင်နိုင်သေးပါဘူး။ လက်တစ်ဆုပ်စာအင်အားလေးနဲ့ ကမ္ဘာ့အသံကိုအံတုလို့ မာန်ဖီကောင်းနေတုန်း။ တကယ်လို့များ ကျရှုံးခန်းရောက်ခဲ့ရင်တော့ ၀ မရှိဘဲ ၀ိ လုပ်ခဲ့တဲ့အတွက် မိမိရှေ့က နမူနာတွေထက်ပိုပြီး နှစ်ဆတိုး တောင်းပန်ရပါတော့မယ်။ ပြည်သူပြည်သားတွေလည်း နှစ်ဆတိုးလို့ မျက်နှာငယ်ရမယ်။ တိုင်းပြည့်ဒေါက်တိုင်တွေလည်း နှစ်ဆတိုးပြီး ကျိုးသွားနိုင်ပါတယ်။ နှစ်ဆတိုး မောက်မာထားသူများကလည်း နှစ်ဆတိုးလို့ ခံစားကြရမှာ အမှန်ပါ။ ဒါကြောင့်မို့ နှစ်ဆတိုးလို့ မတောင်းပန်လိုရင် မကောင်းတဲ့စံနစ်လမ်းကြောင်းကို ကြိုကြိုတင်တင် နှစ်ဆတိုးပြီး ချေဖျက်ဖို့ အချိန်တန်အခါသင့်နေပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
  • ချယ်ဆီးကို ရှုံးကာ ချန်ပီယံဖြစ်ဖို့ေ၀၀ါးလာတဲ့ လီဗာပူလ်း၊ အဖိုးတန်အနိုင် ၃ မှတ်ရခဲ့တဲ့ မန်စီးတီး
    ဧပြီ ၂၈၊ ၂၀၁၄
    M-Media
    ချယ်ဆီးကို ရှုံးကာ ချန်ပီယံဖြစ်ဖို့ေ၀၀ါးလာတဲ့ လီဗာပူလ်း၊  သက်တောင့်သက်သာနဲ့ အနိုင်ကစားပြီး အဖိုးတန်အနိုင် ၃ မှတ်ရခဲ့တဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ စူပါဆန်းဒေးပွဲများ
    LIVERPOOL VS CHELSEA
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ စူပါဆန်းဒေး ၃ ပွဲမှာတော့ ဆန်းဒါးလန်း၊ ချယ်ဆီးနဲ့ မန်စီးတီးတို့ အသီးသီး အနိုင်ရခဲ့ကြပါတယ်။
    ဇယားထိပ်ဆုံးမှာ ဦဆောင်နေတဲ့ လီဗာပူးလ်အသင်းကတော့ အိမ်ကွင်းအန်ဖီးလ်မှာ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် မော်ရင်ဟိုရဲ့ ချယ်ဆီးကို အနိုင်ရခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီပွဲအနိုင်ရရင် ချန်ပီယံဖြစ်ဖို့ သေချာသလောက်ဖြစ်သွားနိုင်တဲ့ လီဗာပူးလ်တို့ ဆွာရက်ဇ်၊ စတာလင်၊ ကော်တင်ဟို ဂျရတ်တို့နဲ့ လူစုံခဲ့ပါတယ်။ မော်ရင်ဟိုကလည်း တိုက်စစ်မှာ ဘားကို အထောင်ကစားခဲ့ပြီး ၀ီလီယံ၊ တောရက်စ်တို့ကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့ပါတယ်။ ထူးခြားတာတစ်ခုက ဒီလိုအရေးကြီးတဲ့ပွဲစဉ်မှာ အတွေ့အကြုံ လုံးဝမရှိတဲ့ အသက် ၂၀ အရွယ် နောက်ခံလူ သောမတ်စ်ကာလက်စ်ကို ထည့်သွင်းအသုံးပြုခဲ့တာပါ။
    အိမ်ရှင်တို့ တစ်ဖက်သက်နီးနီး ဖိကစားနိုင်ခဲ့ပေမယ့် ချယ်ဆီးရဲ့ နောက်တန်းကိုတော့ ထိုးဖောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီပွဲအရှုံးဟာ လီဗာပူးလ်အသင်းရဲ့ ၁၁ ပွဲဆက်တိုက် အနိုင်ရရှိမှုကို ရပ်တန့်စေခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဇယားထိပ်ဆုံးမှာ ဒုတိယနေရာက ချယ်ဆီးကို ၂ မှတ် တတိယနေရာက မန်စီးတီးကို သုံးမှတ်ဖြတ်ထားနိုင်ပေမယ့် မန်စီးတီးတို့က တစ်ပွဲကစားဖို့ ရှိနေသေးတာကြောင့် ချန်ပီယံဖြစ်ဖို့အခွင့်အလမ်းဟာေ၀၀ါးနေစဲပါ။ ချယ်ဆီးအတွက် ဂိုးတွေကိုတော့ ပထမပိုင်းနာကျင်အချိန်ပိုမှာ ဂျရတ်ရဲ့အမှားကနေတစ်ဆင့် ဘားနဲ့ ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ၀ီလီယံတို့က သွင်းယူပေးခဲ့တာပါ။
    ပယ်လီဂရီနီရဲ့ မန်စီးတီးကတော့ လီဗာပူးလ်ရဲ့ ခြေချော်လက်ချော်ဖြစ်မှုကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ရင်ဆိုင်ခဲ့ရပေမယ့် မန်စီးတီးတို့ အနိုင် ၃ မှတ်အတွက် အခက်အခဲမရှိခဲ့ပါဘူး။ ပွဲအစအဆုံး သက်တောင့်သက်သာနဲ့ ကစားသွားပြီး အနိုင်ဂိုးတွေကိုလည်း ပထမပိုင်းမှာတင် ရခဲ့တာပါ။ တစ်ပွဲကစားဖို့ ကျန်သေးပြီး ထိပ်ဆုံးကလီဗာပူးလ်နဲ့ ၃ မှတ်သာကွာတဲ့ မန်စီးတီးတို့ လက်ကျန်ပွဲသာ အနိုင်ရမယ်ဆိုရင် အမှတ်တူ ဂိုးကွာခြားချက်နဲ့ ထိပ်ဆုံးကိုရောက်လာမှာ ဖြစ်ပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကိုတော့ ပွဲအစ ၄ မိနစ်မှာ ဇစ်ကိုနဲ့၊ ၄၃ မိနစ်မှာ ယာယာတိုးယေးတို့က သွင်းယူပေးခဲ့တာပါ။
    ဇယားအောက်ခြေမှာ တောက်လျှောက်နေလာခဲ့ရတဲ့ ဆန်းဒါးလန်းတို့ကတော့ ပြီးခဲ့တဲ့ ၂ ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး မနေ့က ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း တန်းဆင်းဇုန်က ကာဒစ်ဖ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ဆန်းဒါးလန်းဟာ အဆင့် ၁၇ နေရာမှာ ရှိနေပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်ရေး မျှော်လင့်နိုင်နေပါပြီ။
    ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ခရစ္စတယ်ပဲလေ့စ် ၀-၂ မန်စီးတီး
    လီဗာပူးလ် ၀-၂ ချယ်ဆီး
    ဆန်းဒါးလန်း ၄-၀ ကာဒစ်ဖ်
    ဆောက်သက်တမ် ၂-၀ အဲဗာတန်
    ဖူလ်ဟမ် ၂-၂ ဟားလ်စီးတီး
    စတုတ် ၀-၁ စပါး
    ဆွမ်ဆီး ၄-၁ အက်စတွန်ဗီလာ
    မန်ယူ ၄-၀ နော်ဝစ်ခ်ျ
  • ယူကရိန်း ခွဲထွက်ရေးသမားများ ဖမ်းထားသည့် ဥရောပ လက်နက်စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် ကျန်းမာရေးကောင်းဟုပြော
    ဧပြီ ၂၇၊ ၂၀၁၄
    M-Media
     ဥရောပ လက်နက်စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ကျန်းမာရေးကောင်းကြောင်း ယူကရိန်းခွဲထွက်ရေးသမားများ စောင့်ကြည့်လျက်ရှိသော သတင်းစာရှင်းလင်းပွဲတွင်ပြော
    ukraine-osce2
    – ယူကရိန်းအရှေ့ပိုင်းတွင် ဖမ်းဆီးခံထားရသည့် ဥရောပ လက်နက်စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်က မိမိတို့အနေဖြင့် ကျန်းမားရေးအခြေအနေ ကောင်းမွန်နေသည်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောကြားလိုက်သည်။
    ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားရာ Slovyansk မြို့၌ ယနေ့တွင်ပြုလုပ်သည့် အဖမ်းဆီးခံ လက်နက်စစ်ဆေးရေးအဖွဲ့နှင့် မီဒီယာတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ထိုမီဒီယာတွေ့ဆုံပွဲအား ခွဲထွက်ရေးသမားများက လက်နက်များကိုင်ကာ စောင့်ကြည့်ခဲ့ကြပြီး ထိုအဖွဲ့ ဘေးအန္တရာယ်ကင်းရေးအတွက် အာမခံသည်ဟု ဆိုသည်။
    အဆိုပါ လက်နက်စစ်ဆေးရေးအဖွဲ့ လွတ်မြောက်ရန် ဖြန်ဖြေရေးအဖွဲ့တစ်ဖွဲ့လည်း သွားရောက်နေပြီး၊ ဖမ်းဆီးခံထားရသည့် ခွဲထွက်ရေးသမားများနှင့် လဲလှယ်ရဖွယ်ရှိနေသည်။
    ယူကရိန်းဝန်ကြီးချုပ်ဟောင်း တိုင်မိုရှန်ကိုကမူ ယူကရိန်းအနေဖြင့် နေတိုးတပ်ဖွဲ့ထဲသို့ဝင်ကာ ရုရှား၏ကျူးကျော်ခြင်းမှ မိမိကိုယ်ကို ကာကွယ်ရမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်းလုံခြုံရေးတပ်ဖွဲ့များမှာ Slovyansk မြို့အနီးတွင် နေရာယူထားကာ ကင်းလှည့်စောင့်ကြပ်လျက်ရှိနေသည်။
    live.aljazeera
  • မီဒီယာအသီးသီးအပေါ်မှ အမုန်းပွားစေသည့် လုပ်ဆောင်မှုများ စောင့်ကြည့်ပြီး နိုင်ငံတကာသို့ တင်ပြသွားမည်ဟု PEN MYANMAR အဖွဲ့ပြော
    ဧပြီ ၂၇၊ ၂၀၁၄
    M-Media
    လမင်း
    10327283_229251743937424_1850595919_n
    ရန်ကုန်။     ။ မီဒီယာ အသီးသီးပေါ်မှ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သော ရေးသား တင်ဆက်မှုများကို စောင့်ကြည့်လေ့လာသည့် လုပ်ငန်းစဉ် တစ်ခုကို PEN MYANMAR အဖွဲ့ကပြုလုပ် သွားမည်ဖြစ်ပြီး ရရှိလာသော အချက်အလက်များကို အစီရင်ခံစာ တစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း Home Media ရုံးခန်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ပြည်တွင်းစစ်ဖြစ်ရစေသည့် အားပေးရေးသား တင်ဆက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စီးပွားရေးဆိုင်ရာ စနစ်များအရ ကျူးလွန်သော အကြမ်းဖက်မှုများ၊ ရှိရင်းစွဲ ယဉ်ကျေးမှုက ခွင့်ပြုထားသော အကြမ်းဖက်မှု အားပေးသည့် ရေးသား တင်ဆက်မှုများကို တွေ့ရှိပါက ရေးသားပေးပို့နိုင်ကြောင်း သိရသည်။
    “အခုကအချို့မီဒီယာတွေမှာ အမုန်းတရားဖြစ်စေမယ့် စကားတွေကို ရေးသားနေတာမျိုးတွေ ရှိလာပါတယ်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေက အစပေါ့နော် အဲလိုတွေမှာရေးဆက် တင်ပြထားတာတွေကိုလည်းပြောဆိုနိုင်ပါတယ်။ အဓိကကတော့ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဒီပွဲလေးကိုလုပ်ဖြစ်ခဲ့တာပါ” ဟု PEN MYANMAR အဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း)ကပြောခဲ့သည်။
    အမုန်းတရားများကိုဖြစ်ပေါ်စေနိုင်သော ဗီဒီယို၊ သီချင်း၊ ပရင့်မီဒီယာ၊ အွန်လိုင်း မီဒီယာများပေါ်တွင် တွေ့ရှိပါက PEN MYANMAR မှဖြန့်ဝေထားသော ပုံစံများတွင် ဖြည့်စွက်ကာ PEN MYANMAR CENTER သို့ရေးသားပေးပို့နိုင်ကြောင်း သိရသည်။ ပုံစံဖြည့်စွက်ရန် အခက်အခဲရှိပါက PEN MYANMAR CENTER ရုံးဖုန်း ၀၉-၄၂၁၁၆၉၄၆၁ သို့ဆက်သွယ်အကြောင်းကြားနိုင်သည်။
    ရရှိလာသောအချကိအလက်များကိုစုစည်းပြီး အစီရင်ခံစာတစ်စောင်ကို  မြန်မာ၊ အင်္ဂလိပ်ဘာသာများနှင့် ပြည်တွင်းပြည်ပသို့ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
    Pen Myanmar ၏ တရားဝင် FB စာမျက်နှာ -https://www.facebook.com/penmyanmar
    Pen Myanmar သို့ ဆက်သွယ်နိုင်သော အီးမေးလ်- [email protected]