News @ M-Media

Blog

  • ပါလက်စတိုင်းအားကျူးကျော်နေမှုကို ရပ်တန့်ရန် အစ္စရေးကို ကုလတောင်းဆို

    ပါလက်စတိုင်းအားကျူးကျော်နေမှုကို ရပ်တန့်ရန် အစ္စရေးကို ကုလတောင်းဆို

    ဇွန် ၂၅၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင်နက်တွေမှာ အိမ်ယာတွေဆောက်လုပ်နေတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ပြီး ဒါကို ချက်ခြင်းရပ်တန့်ဖို့ ကုလသမဂ္ဂက အစ္စရေးကို ပြောကြားလိုက်ပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်တို့လို ပါလက်စတိုင်းဒေသတွေမှာ အစ္စရေးက ကျူးကျော်အိမ်ယာ ဆောက်လုပ်နေမှုတွေဟာ ‘တရားမဝင်ဘူး’ လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၁၆ ခုနှစ်မှာ ဆုံးဖြတ်ချက် ချခဲ့တာပါ။

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၊ ကုလရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ သံအမတ် တောရ် ဝမ်နက်စ်လန်တို့က ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပါတယ်။

    လုံခြုံရေးကောင်စီကို အတွင်းရေးမှူးချုပ်က တင်သွင်းတဲ့ ၁၂ မျက်နှာပါ အစီရင်ခံစာမှာ အရှေ့ဂျေရုစလင်က အိမ်အလုံးပေါင်း ၅၄၀ ပါဝင်တဲ့ Har Homa အိမ်ယာနဲ့ စစ်စခန်းတွေ တည်ဆောက်ဖို့ အစ္စရေးက စီစဉ်နေမှုဟာ ‘အလွန်အမင်း စိတ်ပျက်ဖွယ်ရာဖြစ်တယ်’ လို့ ဖော်ပြထားပြီး ဝမ်နက်စ်လန်ကလည်း ဒါဟာ ‘အစ္စရေးရဲ့ ဥပဒေနဲ့လည်း မကိုက်ညီဘူး’ လို့ ပြောကြားခဲ့ပါတယ်။

    “အစ္စရေးရဲ့ အခြေချအိမ်ယာတွေဟာ ကုသမဂ္ဂ ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ကြောင်း ကျွန်တော် ရှင်းရှင်းလင်းပဲ ထောက်ပြပြောဆိုချင်ပါတယ်။ ​၂ နိုင်ငံတည်ရှိရေး၊ တရားမျှတ ပြည့်စုံပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှု ရရှိရေးမှာ ဒီအိမ်ယာတွေက ခလုပ်ကန်သင်းဖြစ်နေပါတယ်။ အိမ်ယာတွေ ထပ်တိုးဆောက်လုပ်နေတဲ့လုပ်ရပ်ကို ချက်ခြင်း ရပ်တန့်ရပါမယ်”

    ပါလက်စတိုင်းပိုင်နက်တွေမှာ ပါလက်စတိုင်းနေအိမ်တွေကို ဖျက်ဆီးဖြိုချတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့လည်း ဂူတာရက်စ်နဲ့ ကုလရဲ့ အရှေ့အလယ်ပိုင်း သံတမန်တို့က ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

    ဂျူးအခြေချနေထိုင်သူတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို လုယူတာ၊ ဖျက်ဆီးဖြိုချတာတွေ ပြုလုပ်တာကြောင့် နောက်ဆက်တွဲအဖြစ် ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့တွေနဲ့ အစ္စရေးတို့အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

    Ref: Reuters

  • အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ၂ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ၂ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

    ဇွန် ၂၅၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူ အရေအတွက်ဟာ ၂ သိန်း ၃ သောင်းလောက် ရှိနေပြီလို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူလူထုကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ရာကနေ လူထုအကြားမှာ လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅ လအတွင်း ၉၀၀ ကျော် ရှိလာပါပြီ။

    ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံး OCHA က အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ၊ မတည်မငြိမ်မှု ဖြစ်နေတဲ့ ဒေသတွေမှာ ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ အိမ်သုံးပစ္စည်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်း စသဖြင့် နေရာတိုင်းမှာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “စိတ်ပိုင်းဆိုင်ရာ ကုစားမှုအပါအဝင် ပြည်သူတွေကို ကာကွယ်ပေးမယ့် အစီအမံတွေလည်း ချက်ခြင်း လိုအပ်နေပါတယ်”

    အကူအညီပေးရေးလုပ်ငန်းတွေကို ကုလသမဂ္ဂက ဆက်လက်လုပ်ဆောင်နေပေမယ့် တိုက်ခိုက်မှု၊ အကြမ်းဖက်မှုနဲ့ မလုံခြုံမှုတွေက အတားအဆီးတွေ ဖြစ်နေတယ်လို့လည်း OCHA က ပြောပါတယ်။

    ကရင်ပြည်နယ်မှာ အနည်းဆုံး လူပေါင်း ၁၇၇၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ချင်းပြည်နယ်မှာလည်း လူပေါင်း ၂ သောင်းကျော်လောက် ဘေးလွတ်ရာနေရာ ၁၀၀ လောက်မှာ ခိုလှုံနေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် လူထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

    Ref: Aljazeera

  • စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့နေ

    စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့နေ

    ဇွန် ၂၄၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကနေ ဆန်တွေကို ဘင်္ဂလားဒေ့ရှ်က ဆက်လက်တင်သွင်းနေတယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံကနေ ဆန်တန်ချိန် ၁ သိန်း တင်သွင်းဖို့ အရင် NLD အစိုးရလက်ထက် ဇန်နဝါရီလမှာ သဘောတူညီချက် ရခဲ့တာပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်က ဒီအစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ခဲ့ပါတယ်။

    ဒါပေမယ့် ဧပြီလနှောင်းပိုင်းကစတင်ပြီး ပြန်အကောင်အထည်ဖော်နေတယ်လို့ အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန USDA က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဧပြီလနှောင်းပိုင်းမှာ မြန်မာနိုင်ငံကနေ ဆန် တန်ချိန် ၁၁၁၉၃ တန် ဘင်္ဂလားဒေ့ရှ်ဖက်ကို ပို့ခဲ့တာပါ။ အခုလအစောပိုင်းမှာ ထပ်ပို့ဖို့ စီစဉ်ခဲ့ပေမယ့် မပို့ဖြစ်ခဲ့ဘူးလို့ USDA က ပြောပါတယ်။

    မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် NLD အစိုးရလက်ထက်မှာ သဘောတူညီချက်ရခဲ့တဲ့ ဆန်တင်သွင်းမှုကို ရပ်ဆိုင်းထားတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဖေဖော်ဝါရီလမှာ တရားဝင်ထုတ်ပြောထားပေမယ့်၊ ဘယ်အချက်နဲ့ ဒီအစီအစဉ် ပြန်အကောင်အထည်ဖော်လည်း တိတိကျကျ မသိရပါဘူး။

    FDA ရဲ့ ဒီဖော်ပြချက်ကို ဘင်္ဂလားဒေ့ရှ်ဖက်က တုန့်ပြန်တာမျိုး မရှိသေးပါဘူး။

    Ref : Dhaka Tribune

  • အိန္ဒိယတွင် ကိုဗစ်ဗားရှင်းအသစ်တစ်ခု ထပ်ပေါ်လာ

    အိန္ဒိယတွင် ကိုဗစ်ဗားရှင်းအသစ်တစ်ခု ထပ်ပေါ်လာ

    ဇွန် ၂၃၊ ၂၀၂၁
    M-Media

    -ပြည်နယ် ၃ ခုမှာ တွေ့လာရတဲ့ ပုံပြောင်း ကိုဗစ်ဗိုင်းရပ်စ်အသစ် Delta plus ဟာ စိုးရိမ်စရာဖြစ်ပြီး သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ အိန္ဒိယနိုင်ငံက ထုတ်ပြန်ပါတယ်။

    အိန္ဒိယမှာ လက်ရှိ ဒီပုံပြောင်းကိုဗစ် ကူးစက်ထားသူ အနည်းဆုံး ၂ ဒါဇင်လောက် ရှိနေတာ ဖြစ်ပါတယ်။​

    ပြည်ထောင်စုအစိုးရ ကျန်းမာရေးဝန်ကြီး ရာဂျစ် ဘူရှန်က Delta plus ဟာ ကူးစက်မှုနှုန်း ပိုမြင့်ပြီး စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ပြည်နယ်တွေကို အကြံပြုခဲ့ပါတယ်။

    ပုံပြောင်းကိုဗစ်ကြောင့် အိန္ဒိယဟာ ဧပြီလနဲ့ မေလမှာ ဒုတိယလှိုင်းကို အကြီးအကျယ်ခံစားခဲ့ရပြီး လူ သိန်းချီသေဆုံးကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ပြိုလဲလုနီးနီး ဖြစ်ခဲ့ပါတယ်။

    လက်ရှိမှာ နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးမှု အရှိန်မြှင့်ဆောင်ရွက်နေပြီး တနင်္လာနေ့က တစ်ရက်အတွင်း စုစုပေါင်း လူ ဦးရေ ၈.၆ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။

    အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၃၀.၀၃ သန်းရှိပြီး သေဆုံးသူကတော့ ၄ သိန်းနီးပါး ရှိလာပြီဖြစ်ပါတယ်။

    Ref: Reuters

  • နျူအဆောက်အဦး တိုက်ခိုက်ရန် ကြိုးပမ်းမှုကို အီရန် တာဆီးနိုင်ခဲ့

    နျူအဆောက်အဦး တိုက်ခိုက်ရန် ကြိုးပမ်းမှုကို အီရန် တာဆီးနိုင်ခဲ့

    ဇွန် ၂၃၊ ၂၀၂၁
    M-Media

    -မြို့တော် တီဟီရန်အနောက်ဖက် ကာရာဂျ်မြို့က နျူအဆောက်အဦးတစ်ခုကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရန်ကြိုးပမ်းမှုကို ဖော်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ အီရန်က ထုတ်ပြန်ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နဲ့ သက်ဆိုင်တဲ့ ဆိုရှယ်မီဒီယာတွေက ဒရုန်းတစ်စီးဟာ နျူနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတစ်ခုကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အသက်ဆုံးရှုံးတာ၊ အဆောက်အဦး ထိခိုက်ပျက်ဆီးတာတွေ မရှိဘူးလို့ ရေးသားဖော်ပြပါတယ်။

    နိုင်ငံရဲ့ အရပ်ဖက်နျူစီမံကိန်းကို တိုက်ခိုက်ဖို့ ကြိုးပမ်းမှုလို့ အီရန်နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ် မဖော်ပြခဲ့ပါဘူး။ အီရန်ရဲ့ နျူကလီးယား အဆောက်အဦးတွေ၊ သိပ္ပံပညာရှင်တွေကို အရင်က တိုက်ခိုက်ခံရမှုနောက်ပိုင်း လုံခြုံ​ရေးကို ပိုမိုတင်းကြပ်ထားတာကြောင့် အခုတစ်ခေါက်မှာ ထိခိုက်ပျက်ဆီးမှုမရှိဘူးလို့ ဆိုပါတယ်။

    အီရန် နိုင်ငံတော်လုံခြုံရေးကောင်စီက ကြိုးကိုင်သူဘယ်သူလဲဆိုတာနဲ့ ဘာ့ကြောင့် တိုက်ခိုက်လဲဆိုတာ သိရဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းဌာနတွေကို ဖြေကြားခဲ့ပါတယ်။

    ကာရာဂျ်မြို့က အဲဒီနျူအဆောက်အဦး ၁၉၇၄ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး နျူနည်းပညာအသုံးပြုကာ မြေဆီ၊ ရေအရည်အသွေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ဖို့ဖြစ်တယ်လို့ အီရန်က ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အီရန်ရဲ့ နျူစီမံကိန်းအဆောက်အဦးတွေ၊ သိပ္ပံပညာရှင်တွေ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး အစ္စရေးနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်တာလို့ အီရန်က စွပ်စွဲထားပါတယ်။

    အမေရိကန်နဲ့ မဟာမိတ်တွေက အီရန်ရဲ့ နျူစီမံကိန်းဟာ လက်နက်ထုတ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ စွပ်စွဲထားပြီး အီရန်က ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။

    Ref: Aljazeera