ဧပြီ ၂၂၊ ၂၀၁၄
M-Media
– လက်ရှိချန်ပီယံ ဘိုင်ယန်အသင်းမှာ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်း မဟုတ်တော့ကြောင်း ဘိုင်ယန်မြူးနစ်၏ အဓိက အလယ်တန်းကစားသမား အာဂျန်ရော်ဘင်က ပြောကြားလိုက်သည်။
ဘိုင်ယန်မြူးနစ်အသင်းမှာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်တွင် ရီးယဲလ်အသင်းနှင့် တွေ့ဆုံနေပြီး ယနေ့ညတွင် ဘာနေဗျူးကွင်း၌ ပထမအကျော့အဖြစ် သွားရောက် ကစားရမည်ဖြစ်သည်။ ဘိုင်ယန်မှာ ယခုနှစ်ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်ပါက ဥရောပဖလားပြိုင်ပွဲမှ ချန်ပီယံလိဂ် အဖြစ် ပြောင်းလဲပြီးနောက်ပိုင်း ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်သည့် ပထမဆုံးအသင်း ဖြစ်လာမည်ဖြစ်သည်။
သို့သော်လည်း ထိုမျှော်လင့်ချက်က ရီးယဲလ်နှင့် တွေ့ဆုံရသည့်အခါ ဘာမှမဟုတ်တော့ဟု ရော်ဘင်က ယုံကြည်နေသည်။
“သူတို့(ရီးယဲလ်)မှာ အကောင်းဆုံး ကစားသမားတွေ ရှိပါတယ်။ ၁၀ မိနစ်လောက် ပေါ့လျော့လိုက်တာနဲ့ သူတို့ကို ၃ ဂိုးလောက်ပေးလိုက်ရမှာပါ။ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ များပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ရေပန်းစားတဲ့အသင်း မဟုတ်တော့ပါဘူး။ တကယ်တော့ ချန်ပီယံလိဂ်ကို ထပ်ပြီးရချင်ပါသေးတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ်ရောက်နေတဲ့ ကျွန်တော်တို့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်” ဟု ရော်ဘင်က Kicker သို့ပြောကြားခဲ့သည်။
ထို့ပြင် ရီးယဲလ်မှာ ရင်ဆိုင်ခဲ့ ရသမျှ ပြိုင်ဘက်များတွင် ကြောက်စရာ အကောင်းဆုံးဖြစ်သည်ဟု ရော်ဘင်က ထပ်လောင်းပြောကြား ခဲ့သည်။ ရော်ဘင်မှာ ယမန်နှစ် ဖလားသုံးလုံး ရရှိခဲ့သည့် ဘိုင်ယန် အသင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
Goal