News @ M-Media
Blog
  • မိသားစုတွင်း အမျိုးသမီးများကို အနိုင်ကျင့်မှု အတွက် နစ်နာကြေးနှင့် ပြစ်ဒဏ်ပေးရန် ဥပဒေသစ် ဆော်ဒီပြဌာန်း
    ဧပြီ ၂၀၊ ၂၀၁၄
    M-Media
    domashnee_nasilie– အမျိုးသားတစ်ဦးမှာ မိသားစုအတွင်းရှိ အမျိုးသမီး တစ်ဦးဦးအား စိတ်ပိုင်းဆိုင်ရာ၊ စကားလုံးနှင့် ရုပ်ပိုင်းဆိုင်ရာ အရ အနိုင်ကျင့်စော်ကားသည်ဟု အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါက နစ်နာကြေးပေးဆောင်ရန်နှင့် ထောင်ဒဏ် ကျခံရမည့် ဥပဒေသစ်တစ်ရပ်ကို ဆော်ဒီ တရာရုံးချုပ်ကောင်စီက သတ်မှတ်ခဲ့သည်ဟု သိရသည်။
    အမျိုးသမီးများအား အနိုင်ကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ကြောင်း ထင်ရှားပါက ကျူးလွန်သူ အမျိုးသားမှာ ကျူးလွန်ခြင်းခံရသူ အမျိုးသမီးအား ဆော်ဒီရီယဲလ် ၅၀၀၀ မှ ၅၀၀၀၀ အကြား နစ်နာကြေး ပေးဆောင်  ရမည်ဖြစ်ပြီး ထောင်ဒဏ် ၁ လမှ ၁ နှစ်အထိလည်း ကျခံရမည်ဖြစ်သည်။ ပြစ်မှု ကျူးလွန်ကြောင်း အထောက်အထား အဖြစ် ပြည်သူ့ရေးရာ ၀န်ကြီးဌာနမှ ပေးပို့သော ဆေးစာအရ တရားရုံးမှ အမိန့် ချမှတ်မည်ဟု အဆိုပါ ၀န်ကြီးဌာနမှ အလ်-ဟာဘီက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။
    ထို့ပြင် ထိုဥပဒေမှာ ခင်ပွန်းများ၊ အကို၊ မောင်များ၊ သားများနှင့် မိသားစုအတွင်း ဆက်နွယ် ပတ်သက်နေသည့် အခြားသော အမျိုးသားများအပေါ် အကျုံးဝင်ကြောင်း ဟာဘီက ဆိုသည်။
    “အနိုင်ကျင့်ခံရသူဟာ သမီး၊ ညီမ၊ အစ်မ၊ ဇနီး၊ မြေးမြစ် စသည်တို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနိုင်ကျင့်မှုကြောင့် အမျိုးသမီးဟာ မသန်စွမ်းဖြစ် သွားမယ်၊ သေသွားမယ်ဆိုရင် နစ်နာကြေးနဲ့တင် မရတော့ပါဘူး။ ပြစ်မှုကျူးလွန်သူဟာ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရပါမယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ ဒီဥပဒေအတွက် နိုင်ငံတစ်ဝှမ်းမှာ လွန်ခဲ့တဲ့ သုံးလကတည်းက workshop တွေ လုပ်ခဲ့ပါတယ်။ ၀န်ကြီးဌာနကလည်း ဒီဥပဒေမူကြမ်းထွက်လာဖို့ အကြံဥာဏ်တွေ ပေးခဲ့ပါတယ်” ဟု ဟာဘီက ပြောကြားခဲ့သည်။
    အမျိုးသမီးများအား ကာကွယ်ပေးထားသည့် ထိုဥပဒေအား အမျိုးသမီးများကလည်း ကြိုဆိုခဲ့သည်။
    “ဒါဟာ အနိုင်ကျင့်ခံရတဲ့အမျိုးသမီးတွေ၊ အိမ်ထောင်ရေးထဲမှာ နေထိုင်ဖို့ အဓ္ဓမ ခိုင်းစေခံရသူ အမျိုးသမီးတွေအတွက် သတင်းကောင်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ ဘ၀သစ်စဖို့အတွက် ပိုက်ဆံမရှိကြပါဘူး။ ကျွန်မ ယောက်ျားက နှစ်ပေါင်းများစွာ ကျွန်မကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ နာကျင်အောင် အနိုင်ကျင့်ခဲ့ပါတယ်။ ကျွန်မမှာ အပြင်ထွက်ဖို့၊ အခန်းငှားဖို့ ပိုက်ဆံမရှိတဲ့အတွက် သူ့ကို မစွန့်ခွာနိုင်ခဲ့ဘူး။ ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မသားလေး အလုပ်ရပြီး အခန်းခပေးနိုင်တဲ့ အချိန်မှာ သူကိုစွန့်လွှတ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်” ဟု အနိုင်ကျင့်သောခင်ပွန်းဖြစ်သူနှင့် ကွာရှင်းထားသည့် ဟာနန် မိုဟာမက်က ပြောကြားခဲ့သည်။
    ထို့ပြင် ယခုဥပေဒမှာ ကောင်းမွန်သောဆုံးဖြတ်ချက်ဖြစ်ပြီး အစိုးရက အမျိုးသမီးများအား ကာကွယ်ပေးမည်ဖြစ်သောကြောင့် အမျိုးသမီးများမှာ ၎င်းတို့၏ ခင်ပွန်းများအပေါ် မှီခိုစရာမလိုတော့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Arabnews
  • ချန်ပီယံဖြစ်ဖို့ အခွင့်အရေးနည်းသွားတဲ့ ချယ်ဆီး၊ ယူရိုပါ ၀င်ခွင့်အတွက် အနိုင်ကစားနိုင်ခဲ့တဲ့ စပါးတို့ရဲ့ EPL ပွဲစဉ် ၃၅
    ဧပြီ ၂၀၊ ၂၀၁၄
    M-Media
    – ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာသလို တန်းဆင်းဇုန်အတွင်းမှာလည်း အကြိတ်အနယ်ဖြစ်လာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ ရဲ့ ၆ ပွဲကို မနေ့က ကစားခဲ့ပြီး ချန်ပီယံဆုအတွက် လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ အပြိုင် တိုက်ပွဲဝင်နေတဲ့ ချယ်ဆီးတို့ အိမ်ကွင်းမှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ကာ၊ ယူရိုပါ ၀င်ခွင့်မှန်းနေတဲ့ စပါးတို့ကတော့ ဇယားအောက်ခြေက ဖူလ်ဟမ်ကိုနိုင်ခဲ့ပါတယ်။
    20-4-2014
    အီတီဟတ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ၂ ဂိုး စီသရေကစားပြီး မန်စီးတီးရဲ့ ချန်ပီယံမျှော်လင့်ချက်ကိုေ၀၀ါးစေခဲ့တဲ့ ဆန်းဒါးလန်းဟာ မနေ့ကလည်း လီဗာပူးလ်က အငှားလာကစားတဲ့ ဘိုရိုနီရဲ့နောက်ကျပင်နယ်တီနဲ့ အနိုင်ရခဲ့ပြီး ချယ်ဆီးရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ထပ်မံဝေး၀ါးစေခဲ့ပြန်ပါတယ်။ ချယ်ဆီးဟာ ဒီပွဲအရှုံးကောင့် လီဗာပူးလ်ထက် တစ်ပွဲသာ ၂ မှတ်လျော့နဲ့ ဒုတိယနေရာမှာရှိနေပြီး ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်ကတော့ လီဗာပူးလ်ရဲ့ ချေချော်မှုအပေါ်မှာ မူတည်နေပါတယ်။ ဇယားအောက်ခြေက ဆန်းဒါးလန်းကတော့ တန်းဆင်းဇုန်ကလွတ်ဖို့ ၃ မှတ်သာလိုပါတော့တယ်။
    ယူရိုပါလိဂ်ဝင်ခွင့်မှန်းနေတဲ့ စပါးကလည်း ဇယားအောက်နားက ဖူလ်ဟမ်ကို သက်တောင့်သက်သာကစားပြီး ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာတင်ကျန်ဖို့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ ၂ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ဖူလ်ဟမ်တို့အတွက် ဒီပွဲအရှုံးဟာ အထိနာစေခဲ့ပါတယ်။
    တန်းဆင်းဇုန်းမှာ တ၀ဲလည်လည်ဖြစ်နေတဲ့ ဆိုးလ်ရှားရဲ့ ကာဒစ်ဖ်ကလည်း အိမ်ကွင်းမှာ နောက်ကလိုက်ကစားခဲ့ရပြီး ပင်နယ်တီကြောင့်သာ တစ်မှတ်ရခဲ့တာပါ။ ဒါပေမယ့် နောက်နှစ် ချန်ပီယံရှစ်ကို တန်းမဆင်းရဖို့တော့ မသေချာသေးပါဘူး။
    နောက်ဆုံး လေးပွဲလုံး ဆက်တိုက်ရှုံးနိမ့်ထားတဲ့ နယူးကာဆယ်တို့ မနေ့က အိမ်ကွင်းပွဲမှာလည်း ဦးဆောင်ဂိုးအရင်သွင်းနိုင်ခဲ့ပေမယ့် ပထမပိုင်းနဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုတွေမှာ ပေးခဲ့ရတဲ့ ပင်နယ်တီဂိုးတွေကြောင့် အရှုံးပေးခဲ့ရပါတယ်။
    မနေ့က ကစားခဲ့တဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ချယ်ဆီး ၁-၂ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၂ ဆွမ်ဆီး
    ကာဒစ်ဖ် ၁-၁ စတုတ်
    အက်စတွန်ဗီလာ ၀-၀ ဆောက်သက်တမ်
    စပါး ၃-၁ ဖူလ်ဟမ်
  • မက်ဆီ၏ အနာဂတ် ဘာကာတွင်သာဖြစ်မည်ဟု အသင်းနည်းပြ မာတီနိုဆို
    ဧပြီ ၂၀၊ ၂၀၁၄
    M-Media
    – အာဂျင်တိုင်းတိုက်စစ်မှူး မက်ဆီ ဘာကာမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မက်ဆီ၏ အနာဂတ်မှာ ဘာစီလိုနာ၌ပင် ဖြစ်မည်ဟု ဘာကာနည်းပြ မာတီနိုက ပြောကြားလိုက်သည်။
    391685_heroa
    အသက် ၂၆ နှစ်အရွယ် မက်ဆီမှာ ဘာစီလိုနာနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် လိပ်ခဲတည်းလည်း အခြေအနေတွင်ရှိနေသောကြောင့် ယခုနှစ်ရာသီကုန်လျှင် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။
    သို့သော်လည်း မာတီနိုကမူ မက်ဆီ ဘာစီလိုနာမှာ ဆက်ရှိနေမည်ဟု ဆိုသည်။
    “မက်ဆီရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး လူတွေပြောကြတဲ့အခါ ကမ္ဘာ့ ၉၉ ရာခိုင်နှုန်းက အံ့သြကြပါတယ်။ ဒါတွေဟာ ကျွန်တော် ထည့်ကိုမတွက်တဲ့ မှတ်ချက်တွေပါပဲ။ သူရဲ့ အနာဂတ်အတွက် ဒီလိုကိစ္စတွေ ဘယ်ကလာလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူဘာကာမှာ ရှိနေတာ ၁၃ နှစ်ရှိနေပြီး၊ အနာဂတ်မှာလည်း ဘာကာမှာပဲ ဆက်ရှိသွားမှာပါ” ဟု မာတီနိုက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    မာတီနိုမှာလည်း ယခုနှစ်ရာသီကုန်တွင် အသင်းအားစွန့်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေပြီး၊ မာတီနိုကမူ ထိုသတင်းအား အတည်ပြုရန်ငြင်းဆိုခဲ့ကာ ယခုနှစ်ရာသီ အသင်း၏ အောင်မြင်ကို ကျေနပ်မှုမရှိဟု ပြောကြားခဲ့သည်။
  • ဂျီရော့မှာ ယုံကြည်မှုပြန်လည် ရရှိလာပြီဟု ၀င်းဂါးဆို
    ဧပြီ ၂၀၊ ၂၀၁၄
    M-Media
    – ၀က်စ်ဟမ်းအား အနိုင်ရခဲ့သည့်ပွဲတွင် သွင်းယူခဲ့သောဂိုးကြောင့် ဂျီရော့မှာ ယုံကြည်မှုများကို ပြန်လည်ရရှိလာပြီဟု ယုံကြည်ကြောင်း အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    391251_heroa
    အာဆင်နယ်အသင်း၏ လေးပွဲဆက်နိုင်ပွဲပျောက်မှုနှင့်အတူ ခြေစွမ်းမပြနိုင်သော ဂျီရော့မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။ သို့သော်လည်း ပြီးခဲ့သည့် ၀က်စ်ဟမ်းအသင်းနှင့်ပွဲတွင် အသင်းအတွက် ချေပဂိုးအား လှပစွာ သွင်းယူပေးနိုင်ခဲ့သည်။
    “ဒီဂိုးရဲ့ အရည်အသွေးက သူ့ကို ယုံကြည်မှုပြန်ရှိလာစေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့စွမ်းရည်ကို မေးခွန်းထုတ်နေကြတဲ့ လူတွေအတွက် ဒီဂိုးဟာ ယုံကြည်မှုကို ဖြစ်စေပါတယ်။ ဒါဟာ သိပ်ကို အရေးကြီးပါတယ်” ဟု ၀င်းဂါး၏ ပြောကြားမှုကို အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
    ဂျီရော့၏ စွမ်းဆောင်ရည် ကျဆင်းမှုမှာ ပင်ပန်းနွမ်းနယ်မှု၏ ရလဒ်သာဖြစ်ပြီး ၎င်း၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက သူ၏ ခြေစွမ်းကို ပြန်လည်ကောင်းမွန်အောင် ကူညီပေးခဲ့သည်ဟု ၀င်းဂါးက ထည့်သွင်းပြောကြားခဲ့သည်။
  • ယူကရိန်း နောက်ဆုံးအခြေအနေ (ဧပြီ ၁၉)
    ယူကရိန်း နောက်ဆုံးအခြေအနေ (ဧပြီ ၁၉)
    ဧပြီ ၁၉၊ ၂၀၁၄
    M-Media
    ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ရုရှားလိုလားသူများမှာ အစိုးရအဆောက်အဦးများ၊ ရဲတပ်ဖွဲ့အဆောက်အဦးများနှင့် အခြားသော အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦးများကို ယနေ့ ညနေအထိ ဆက်လက်သိမ်းပိုက်လျက်ရှိသည်ဟု သိရသည်။
    ယူကရိန်းအစိုးရကမူ အီစတာပွဲတော်အတွင်း တိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ဟု ကြေညာထားပြီး၊ ခရိုင်းမီးယားကဲ့သို့ ယူကရိန်းအရှေ့ပိုင်းအား သိမ်းယူရန်အတွက် လက်နက်ကိုင်တပ်များကို ထိန်းချုပ်နေသည်ဆိုသည့် သတင်းကို ရုရှားက ငြင်းဆိုထားသည်။
    ထိုပြဿနာအတွက် အမေရိကန်နိုင်ငံက ရုရှားအား ဖိအားပေးထားပြီး ယူကရိန်း၏ အခြေအနေမှာ အဆုံးအဖြတ်ပေးမည့် အခြေအနေသို့ ရောက်နေပြီဟု ယနေ့တွင် ပြောကြားခဲ့သည်။
    aljazeera live