News @ M-Media

Blog

  • ငါန်းဇွန်တွင် မတော်တဆဖြစ်မှုကို မုဒိန်းကျင့်သည့်ဟု သတင်းလွှင့်ကာ ဘာသာရေး အသွင်ဆောင် လှုံ့ဆော်မှုဖြစ်ပွား

    ဧပြီ ၊ ၁၆၊ ၂၀၁၄
    M-Media
    KK

    Ngazun

    ငါန်းဇွန်မြို့တွင် ဧပြီ ၁၃-ရက် သင်္ကြန်အကြိုနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် သာမန်မတော်တဆ ဖြစ်မှုအား မုဒိမ်းကျင့်သည်ဟုဆိုကာ  အကြမ်းဖက်မှု ဖြစ်ပွားစေရန် ဘာသာရေးအသွင်ဆောင် လှုံ့ဆော်မှုတစ်ခု ဖြစ်ပွား ခဲ့သော်လည်း ဒေသခံများနှင့် တာဝန်ရှိသူများ အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

    ဖြစ်ပွားပုံမှာ ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ဆိုင်ခန်းများဖွင့်ထားသော အဆောက်အဦးတွင် ကုန်စုံဆိုင် ဖွင့်ထားသူ အစ္စလာမ်ဘာသာဝင်တစ်ဦး၏ အသက် ၁၇-နှစ်ခွဲခန့်ရှိ သားနှင့် ဆိုင်ခန်းတစ်ခန်းကျော်ရှိ စက်ချုပ်ဆိုင်တွင် စက်ချုပ်သင် ၀န်ထမ်းဖြစ်သူ အသက် ၁၅-နှစ်အရွယ်ခန့်ရှိ ဗုဒ္ဓဘာသာ မိန်းမလေးတစ်ဦးတို့ ဆိုင်ခန်း နောက်ဖေးလမ်းကြားတွင် အမှတ်မထင် တိုက်မိခဲ့ခြင်းဖြစ်သည်။

    ဆိုင်ခန်းတွဲများဖြစ်သည့်အလျောက် အသုံးပြုရန် အိမ်သာသည် ပေါင်းစုအသုံးပြုရပြီး အိမ်သာသို့ သွားရာလမ်းသည် ၃-ပေခန့် အကျယ်ရှိသော လမ်းဖြစ်ကြောင်းသိသည်။ အခင်းဖြစ်ပွားချိန်တွင် အိမ်သာမှ ပြန်လာသော အဆိုပါမိန်းကလေးနှင့် အိမ်သာသွားရန် တံခါးဖွင့်ပြီးထွက်သည့် လူငယ်တို့တိုက်မိပြီး မိန်းကလေးအား နမ်းရှုံ့သကဲ့သို့ဖြစ်သွားကြောင်း၊ မိန်းကလေး၏ အစ်ကိုများမှတဆင့် ၎င်းအကြောင်းအရာကို သိရှိပြီး မကျေမနပ်ဖြစ်သူတချို့က အနီးအနားဝန်းကျင်ရွာများသို့ ပြောဆိုရာမှ ငါန်းဇွန်မြို့ရှိ အစ္စလာမ်ဘာသာဝင်အိမ်များနှင့် ဗလီအား မီးရှို့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

    ဤဖြစ်ရပ်ကြောင့် ငါန်းဇွန်မြို့ သံဃနာယက ဥက္ကဌ ဆရာတော်မှ ၀င်ရောက် ညှိနှိုင်း ဖျန်ဖြေပေးပြီး SB မှလည်း ၀င်ရောက် ညှိနှိုင်းပေးခဲ့ကြောင်း၊ ဧပြီ ၁၄-ရက် ညနေပိုင်းတွင် မိန်းကလေး၏ အစ်ကိုများထံသို့ လူငယ်မှ သွားရောက်တောင်းပန် ခဲ့ပြီးနောက် လူငယ်မိသားစု၏ လုံခြုံရေးအတွက်ဟုဆိုတာ ငါန်းဇွန်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး ထိန်းသိမ်းခဲ့ကြောင်း၊ ထို့နောက် လူငယ်အား ငါန်းဇွန်ရဲစခန်းမှတဆင့် မြင်းခြံထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

    မုဒိမ်းကျင့်ခံခဲ့ရသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ဆိုသည့် အဆိုပါ မိန်းကလေးငယ်မှာလည်း ပုံမှန်အတိုင်း လုပ်ငန်းခွင်တွင် သွားလာနေကြောင်းလည်း သိရသည်။

    ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုများ ဖြစ်အောင် လှုံ့ဆော်ဖန်တီးနေသူများမှ ဤကဲ့သို့သော မတော်တဆဖြစ်မှုများကို အခွင့်ကောင်းယူကာ ဘာသာ လူမျိုးရေး အကြမ်းဖက်မှုဖြစ်အောင် ဖန်တီးမှုများ ရှိသဖြင့် အဆိုပါဖန်တီးလှုံ့ဆော်သူများအား တရားဥပဒေ အတိုင်း အရေးယူမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းကြောင်း၊ တရားဥပဒေစိုးမိုးမှုမှာ လုံးဝ ယုံကြည်စိတ်ချဖွယ် မရှိဖြစ်နေရသည့် အခြေအနေဖြစ်နေကြောင်းကို ငါန်းဇွန်ဒေသခံများက ပြောသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရ ပြန်ကြားရေးနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း မန္တလေး မစိုးရမ်ကျောင်းတိုက်မှ ၉၆၉ ဦးဆောင်ဆရာတော် အရှင်ဝီရသူ၏ သတင်းထုတ်ပြန်ရေး FB စာမျက်နှာနှင့် ဘလောဂ်တွင် မုဒိမ်းကျင့်ရန် ကြံစည်မှုအဖြစ် အမုန်းတရားပွားများစေမည့် အသုံးအနှုန်းများဖြင့် ရေးသားထားကြောင်း တွေ့ရှိရသည်။

  • ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော်အား အဇာဘိုင်ဂျန်တွင် တည်ဆောက်နေ

    ဧပြီ ၁၆၊ ၂၀၁၄
    M-Media

    – ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော် တစ်လုံးကို အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူတွင် တည်ဆောက်နေသည်ဟု သိရသည်။

    baku

    မြေဧက ၁.၃ ဟက်တာပေါ်တွင် တည်ဆောက်နေသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်ကို Shirvan ဒေ၏ ရိုးရာအနုပညာ လက်ရာအတိုင်း ဆောက်လုပ်နေခြင်းဖြစ်ပြီး မင်နာရတ် မျှော်စင် ၄ ခုနှင့် အမိုးခုံး ၉ ခု တို့ပါဝင်မည်ဖြစ်ကာ ပန်းပုလက်ရာများနှင့် အလှဆင်ထားသည့် အကြီးဆုံး အမိုးခုံး၏ အချင်းမှာ ၃၈ မီတာရှိမည်ဖြစ်သည်။

    မင်နာရတ်မျှော်စင်၏ စုစုပေါင်းအမြင့်မှာ ၉၅ မီတာ (၃၁၁ ပေ) ရှိကာ၊ ဗလီဝတ်ကျောင်းတော်အတွင်း ဓာတ်လှေကားများ တပ်ဆင်ထားပြီး အမျိုးသား၊ အမျိုးသမီးများအတွက် သီးသန့် ၀တ်ပြုဆောင်များကို ထားရှိပြီး ၀င်ပေါက်တွင် စက်လှေကားများ တပ်ဆင်ထားရှိမည်ဖြစ်သည်။

    မသန်စွမ်းသူများ ၀တ်ပြုနိုင်ရန် အတွက် အသုံးအဆောင် ပစ္စည်းများကိုလည်း ထားရှိပြီး၊ ကားအစီးရေ ၄၀၀ ခန့် ရပ်နားနိုင်သည့် ကားပါကင်ကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။

    အဇာဘိုင်ဂျန်နိုင်ငံမှာ ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး အနောက်အာရှနှင့် အရှေ့ဥရောပတို့ အကြား အချက်အချာကျသည့်နေရာတွင် တည်ရှိသည်။ အဇာဘိုင်ဂျန်၏ လူဦးရေမှာ ၉.၃ သန်းကျော်ရှိပြီး ၉၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

    islam.ru

  • အစ္စကိုအပေါ် အန်ဆယ်လော့တီ၏ ဆက်ဆံပုံမှာ မမျှတဟု ရီးယဲလ်နည်းပြဟောင်း ဖွင့်ဟ

    ဧပြီ ၁၆၊ ၂၀၁၄
    M-Media

    – ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအနေဖြင့် အသင်းရှိကစားသမား အစ္စကိုအား ဆက်ဆံပုံမှာ တရားမျှတမှုမရှိဟု ရီးယဲလ်နည်းပြဟောင်း ရာဒိုမီရ်အန်တစ်က ပြောကြားလိုက်သည်။

    390003_heroa

    အသက် ၂၁ နှစ်အရွယ်ရှိ အစ္စကိုမှာ မာလာဂါအသင်းမှ ပြီးခဲ့သည့်နွေရာသီက ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး တိုက်စစ်အားသန်သည့် အလယ်တန်းကစားသမားအဖြစ် ခြေစွမ်းကောင်းမွန်သော်လည်း အန်ဆယ်လော့တီက ၎င်းအား ခံစစ်အားပြုသည့် အလယ်တန်းကစားသမား အဖြစ် အသုံးပြုသောကြောင့် ပါဝင်ကစားသည့် ပွဲများတွင် ခြေစွမ်းမပြနိုင်ဘဲ အရန်ခုံတွင်သာ အချိန်ကုန်နေရသည်။

    “အန်ဆယ်လော့တီဟာ အစ္စကိုနဲ့ပတ်သက်ပြီး မမျှတပါဘူး။ အစ္စကိုပါတဲ့ပွဲတွေမှာ ခံစစ်အားပြု ကွင်းလယ်ကစာသမားနေရာမှာ ကစားဖို့ အန်ဆယ်လော့တီက ညွှန်ကြားပါတယ်။ သူ(အစ္စကို)ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားကောင်းဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အန်တစ်က Goal.com သို့ပြောကြားခဲ့သည်။

  • မန်စီးတီး ကွင်းလယ်လူ ယာယာတိုးယေး ဒဏ်ရာကြောင့် ၂ ပတ်ခန့်အနားယူရမည်။

    ဧပြီ ၁၆၊ ၂၀၁၄
    M-Media

    – လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် အသင်း၏ အားထားရသည့် ကွင်းလယ်လူ ယာယာတိုးရေးမှာ ၂ ပတ်ခန့်အနားယူရမည်ဟု သိရသည်။

    390291_heroa

    အိုက်ဗရီကို့စ်လက်ရွေးစင် ယာယာတိုးယေးမှာ ပွဲချိန် ၁၉ မိနစ်မှာပင် ဒဏ်ရာရရှိခဲ့သောကြောင့် လူစားလဲခဲ့ရသည်။ ၎င်း၏ဒဏ်ရာမှာ ကြွက်သားဒဏ်ရာဖြစ်ပြီး အစောပိုင်းက ထင်ထားသကဲ့သို့ စိုးရိမ်ရခြင်းမရှိဟု အသင်းနည်းပြ ပယ်လီဂရီနီက ဆိုသည်။

    “အစောပိုင်းက ကျွန်တော်တို့ထင်ထားသလောက် ဒဏ်ရာက မဆိုးပါဘူး။ ဒါပေမယ့် ပြန်ကောင်းဖို့ အနည်းဆုံး ၁၀ ရက် ဒါမှမဟုတ် နှစ်ပတ်လောက်တော့ လိုအပ်ပါလိမ်မယ့်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဒဏ်ရာပြဿနာနှင့် ရုန်းကန်နေရသည့် ကွန်ပနီနှင့် အဂူရိုတို့မှာ လာမည့် ဗုဒ္ဓဟူးနေ့တွင် ကစားမည့် ဆန်းဒါးလန်းနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး လီဗာပူးလ်၊ ချယ်ဆီးတို့နှင့် ယှဉ်ပြိုင်နေရသည့် မန်စီးတီး အတွက် တိုးယေး၏ ဒဏ်ရာရမှုမှာ ထိုးနှက်ချက် တစ်ခုလည်းဖြစ်သည်။

  • ရုရှား လိုလားသူများအား နှိမ်နင်းရန် ယူကရိန်းပြင်ဆင်နေ

    ဧပြီ ၁၅၊ ၂၀၁၄
    M-Media

    b210d792-a5e9-435f-8dac-345620586288

    – ရုရှားလိုလားသူများက မိမိတို့၏ ရာဇသံအား လိုက်နာခြင်းမရှိသောကြောင့် အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများကို လုပ်ဆောင်တော့မည်ဟု ယူကရိန်းအစိုးရက ကြေညာခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း မြို့ ၁၀ မြို့တွင် အဆောက်အဦးများအား သိမ်းပိုက်ထားသော ရုရှားလိုလားသူများကို လက်နက်ချရန် ၂၄ နာရီအချိန်ပေးခဲ့သော်လည်း ၎င်းတို့က လိုက်နာခဲ့ခြင်းမရှိပေ။ ထို့ကြောင့် အစိုးရအဆောက်အဦးများအား သိမ်းပိုက်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းနေသည့် Slovyansk မြို့နှင့် ကီလိုမီတာ ၃၀ ကွာဝေးသော Izyum မြို့တွင် ယူကရိန်းစစ်တပ်များမှာ ရဟတ်ယာဉ်တစ်စင်း ဘတ်စ်ကား ၇ စီးဖြင့် ယနေ့နေ့လည်တွင် ရောက်ရှိလာကြပြီး၊ Sloviansk မြို့သို့လည်း ယူကရိန်းစစ်သည် ၅၀၀ ခန့်က ၀င်ရောက်နေသည်ဟု နောက်ဆုံးရသတင်းများအရ သိရသည်။

    ယူကရိန်းမတည်ငြိမ်မှုတွင် နောက်ကွယ်က လှုပ်ရှားနေသည်ဟု စွပ်စွဲခံနေရသည့် ရုရှားကမူ ယူကရိန်းမှာ ပြည်တွင်းစစ်ဖြစ်မည့် အခြေအနေ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    aljazeera.