News @ M-Media

Blog

  • စစ်ကောင်စီ၏ လူမဆန်မှုများကို ထိထိရောက်ရောက်တားဆီးရန် ကုလသမဂ္ဂထံ မြန်မာသံအမတ်ကြီး စာပို့တောင်းဆို

    စစ်ကောင်စီ၏ လူမဆန်မှုများကို ထိထိရောက်ရောက်တားဆီးရန် ကုလသမဂ္ဂထံ မြန်မာသံအမတ်ကြီး စာပို့တောင်းဆို

    ဇွန် ၁၅၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

    ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂက ကြိုးပမ်းမှုတစ်ချို့ ရှိခဲ့ပေမယ့် ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံတစ်ချို့က ကန့်ကွက်မှုတွေ ရှိတာပါ။

    စစ်ကောင်စီကို အသိအမှတ်ပြုဖို့ ငြင်းဆိုထားတဲ့ ဦကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်လာနိုင်ချေကို တားဆီးဖို့ မေလ ၂၈ ရက်နေ့က ကုလသမဂ္ဂကိုပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ ဒီစာကို မနေ့က တရားဝင်ထုတ်ပြန်တာပါ။

    “​လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ချေ၊ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ဖြစ်လာနိုင်ချေတွေကို တားဆီးရေး နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းပြီး ထိရောက်တဲ့ အရေးယူမှုတွေ အလျင်အမြန်လုပ်ဖို့ အလွန်လိုအပ်နေပါတယ်”

    နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ခိုင်မာတိကျတဲ့ အရေးယူမှုမျိုး မရှိဘူးဆိုရင် စစ်​ကောင်စီတပ်တွေဟာ အရပ်သားတွေကို လူမဆန်စွာ ကျူးလွန်သတ်ဖြတ်မှုတွေ ဆက်လုပ်နေမှာဖြစ်ပြီး၊ နိုင်ငံအတွင်းက အပစ်မဲ့အရပ်သားတွေ ထပ်မံ သေကြေပျက်ဆီးလိမ့်မယ်လို့လည်း ဦးကျော်မိုးထွန်းက ထည့်သွင်းရေးသားထားပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိရောက်တဲ့ တုန့်ပြန်မှု မရှိတာဟာ စစ်ကောင်စီတပ်တွေက ဆန္ဒပြသူတွေအပေါ် ရက်ရက်စက်စက်ဖြိုခွဲဖို့ အထောက်အပံ့ပေးသလို ဖြစ်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

    “ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်တပ်အပေါ် တိကျခိုင်မာတဲ့ အရေးယူမှုမျိုးသာ အချိန်မီလုပ်ခဲ့မယ်ဆိုရင် အပစ်မဲ့သူ ၈၀၀ ကျော် သေဆုံးမှုကို တားဆီးနိုင်မှာပါ”

    မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဧပြီလ ၃၀ ရက်နေ့က နောက်ဆုံး ကျင်းပခဲ့ပြီး အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေး တိုက်တွန်းခဲ့ပါတယ်။

    အာဏာသိမ်းစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်ရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့လက အတည်ပြုဖို့ စီစဉ်ထားပေမယ့် တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်တာကြောင့် ကြာနေတာ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံမှာ တစ်လကျော်ကြာနေထိုင်ခဲ့ပြီး မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂီနာကို ခေါ်ယူကာ မြန်မာ့အရေး ကြားနာသွားမယ်လို့ လုံခြုံရေးကောင်စီက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref : The Star

  • အိန္ဒိယတွင် မိန်းမ ၃၈ ယောက်ယူထားသည့် အဖိုးအို ကွယ်လွန်

    အိန္ဒိယတွင် မိန်းမ ၃၈ ယောက်ယူထားသည့် အဖိုးအို ကွယ်လွန်

    ဇွန် ၁၅၊ ၂၀၂၁
    M-Media

    -မိန်းမ ၃၈ ယောက်ယူကာ ကလေး ၈၉ ယောက်မွေထားတဲ့ အိန္ဒိယက ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ဇီယိုနာ ချာနာဟာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

    မီဇိုရမ်ပြည်နယ်က အသက် ၇၆ နှစ်အရွယ်ရှိတဲ့ ချာနာဟာ Chana Pawl ဆိုတဲ့ ခရစ်ယာန်ဘာသာရေးဂိုဏ်းတစ်ခုကို ဦးဆောင်သူပါ။ မိန်းမအများအပြားယူတာကို အားပေးတဲ့ ဒီဂိုဏ်းကို ချာနာရဲ့ဖခင်က ၁၉၄၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

    မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက ကမ္ဘာ့အကြီးဆုံး မိသားစုကို ဦးဆောင်တဲ့ ချာနာ သေဆုံးမှုအတွက် ၀မ်းနည်းရတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ချာနာရဲ့မိသားစုကြောင့် မီဇိုရမ်က ဘက်တာ၀မ်ရွာဟာ ခရီးသွားလုပ်ငန်းရဲ့ အချက်အခြာနေရာ ဖြစ်လာတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ချာနာမှာ မြေး ၃၃ ယောက်ရှိပါတယ်။ ဆီးချို၊ သွေတိုးရောဂါတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး၊ ကွန်ဂရက်ပါတီက ထင်ရှားတဲ့ နိုင်ငံရေးသမားလည်းဖြစ်တဲ့ လာလ် သန်ဟော်လာက ချာနာကွယ်လွန်မှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ချာနဟာ ၁၉၅၉ ခုနှစ် အသက် ၁၇ နှစ်အရွယ်မှာ ပထမဆုံး အိမ်ထောင်ပြုခဲ့ပြီး၊တစ်နှစ်အတွင်း မိန်းမ ၁၀ ယောက်အထိ ယူတာမျိုး ရှိခဲ့ပါတယ်။ ချာနာရဲ့ နောက်ဆုံး လက်ထပ်မှုဟာ ၂၀၀၄ ခု နှစ်ကဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို ယူခဲ့တာပါ။

    အိန္ဒိယ ဥပဒေအရ မယားပြိုင်ထားတာကို ခွင့်မပြုပေမယ့် နိုင်ငံအရှေ့မြောက်ပိုင်းက လူမျိုးစုတစ်ချို့ရဲ့ ထုံးတမ်းဥပဒေမှာတော့ မယားပြိုင်ထားမှုကို တရား၀င်တယ်လို့ သတ်မှတ်ထားပါတယ်။

    Ref: Reuters

  • ပါရမီရှင်ကျောင်းသားများအား ထူချွန်အောင်လေ့ကျင့်ပေးမည့် အစီအစဉ်တစ်ခု ဆော်ဒီစတင်

    ပါရမီရှင်ကျောင်းသားများအား ထူချွန်အောင်လေ့ကျင့်ပေးမည့် အစီအစဉ်တစ်ခု ဆော်ဒီစတင်

    ဇွန် ၁၄၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်းက အလားအလာရှိတဲ့ ကျောင်းသူကျောင်းသားတွေကို ရွေးချယ်ပြီး သီးသန့် လေ့ကျင့်သင်ကြားပေးမယ့် ပညာရေးစွမ်းရည်မြှင့်သင်တန်းကို ဆော်ဒီအာရေဗျက စတင်လိုက်ပါတယ်။

    အစိုးရအကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ ‘ပါရမီနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ဖောင်ဒေးရှင်း’ (Mawhiba) က ပြုလုပ်တဲ့ ဒီစွမ်းရည်မြှင့်သင်တန်းဟာ ဇွန်လ ၁၃ ရက်နေ့ကနေ ဇူလိုင် ၁ ရက်နေ့အထိ ၂၁ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။

    ဒီအစီအစဉ်ဟာ ကမ္ဘာ့အကြီးမားဆုံး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ စွမ်းရည်မြှင့်သင်တန်တစ်ခုလည်း ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်းက ပါရီရှိတဲ့ ကျောင်းသူ၊ ကျောင်းသား ၆ ထောင်ကို ပညာရေးဝန်ကြီးဌာနက ရွေးချယ်ပြီး တက္ကသိုလ် ၅ ခုကနေ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာပညာ၊ ဆေးပညာ စတဲ့ ဘာသာရပ်တွေကို သင်ကြားပို့ချပေးမှာပါ။

    သင်ကြားမှုကို အွန်လိုင်းနဲ့ လူကိုယ်တိုင် ၂ ဖွဲ့ခွဲ့ထားပြီး အွန်လိုင်း သင်တန်းမှာတော့ ၂၁ ရက်တာ ကာလအတွင်း တက်ရက်ကို ၄ နာရီ စာသင်ချိန်- သတ်မှတ်ထားပါတယ်။ ၃ နာရီက ဆရာတွေ သင်ကြားမှာဖြစ်ပြီး ၁ နာရီက ကျောင်းသားတွေ လက်တွေ့ လေ့ကျင့်ရမှာပါ။

    စာသင်ခန်းက လူကိုယ်တိုင်သင်ကြားမှုမှာတော့ တစ်ရက်ကို ၆ နာရီ သတ်မှတ်ထားပြီး ၄ နာရီ စာသင်ကာ ၂ နာရီ လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။

    ဒီစွမ်းရည်မြှင့်အစီအစဉ်ရဲ့ ဒုတိယအဆင့်က ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဖြစ်ပါတယ်။

    “ပညာရပ်ဆိုင်ရာ စွမ်းရည်မြှင့်တဲ့ ဒီအစီအစဉ်မှာ သိပ္ပံဘာသာရပ်တွေ သင်ကြားပေးတာနဲ့ လက်တွေ့ကျွမ်းကျင်မှု မြှင့်တင်ပေးတာတွေ ပါဝင်မှာပါ။ ကျောင်းသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လူမှုဆိုင်ရာတွေ သင်ပေးမှာဖြစ်သလို၊ ၂၁ ရာစုမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကိုလည်း လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်” လို့ Mawhiba က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Arab News

  • ဝီဂါကိစ္စကို G7 အဖွဲ့က အမြတ်ထုတ်နေသည်ဟု တရုတ်ပြော

    ဝီဂါကိစ္စကို G7 အဖွဲ့က အမြတ်ထုတ်နေသည်ဟု တရုတ်ပြော

    ဇွန် ၁၄၊ ၂၀၂၁
    M-Media

    -စက်မှုထိပ်သီး G7 နိုင်ငံတွေဟာ ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်အရေးကို နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အသုံးချနေတယ်လို့ တရုတ်နိုင်ငံက ရှုတ်ချပြောဆိုလိုက်ပါတယ်။

    အင်္ဂလန်နိုင်ငံမှာ ၃ ရက်တာပြုလုပ်ခဲ့ပြီးနောက် G7 အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရှင်ကျန်းပြည်နယ်က လူမျိုးစုတွေနဲ့ ဟောင်ကောင်ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာ၊ ညှင်းပမ်းနှိပ်စက်နေတာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာစံတွေ၊ လူ့အခွင့်အရေးတွေအပေါ်မှာ တာဝန်ယူရပ်တည်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    ယူကေမှာရှိတဲ့ တရုတ်သံရုံးကတော့ G7 အဖွဲ့ကို ပြင်းပြင်းထန်ထန် တုန်ပြန်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ ဆိုပါတယ်။

    “နိုင်ငံရေးအမြတ်ထုတ်ဖို့၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့အတွက် G7 အဖွဲ့ဟာ ရှင်ကျန်းပြည်နယ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို အမြတ်ထုတ်နေပါတယ်။ ဒါကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်” လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    G7 အဖွဲ့ဟာ လိမ်ညာ၊ ဝါဒဖြန့်နေပြီး၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်ဆောင်နေတယ်လို့လည်း တရုတ်သံရုံးက ပြောကြားခဲ့ပါတယ်။

    ရှင်ကျန်းမှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစု ၁ သန်းလောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲထည့်ကာ ဘာသာရေး၊ လူမျိုးရေး အမှတ်သညာပျောက်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    ဒါ့အပြင် ညှင်းပမ်းနှိပ်စက်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ အမျိုးသမီးတွေကို သားကြောဖြတ်တာ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ တစ်ကိုယ်ရည်လွတ်လပ်ခွင့် ချိုးဖောက်တာ စတာတွေကိုလည်း တရုတ်အစိုးရက ကျူးလွန်နေတာပါ။

    လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်ကို လေးစားလိုက်နာရေး တရုတ်အစိုးရကို တောင်းဆိုမှုအပါအဝင် မိမိတို့ရဲ့ စံသတ်မှတ်ချက်တွေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း G7 အဖွဲ့ရဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: AFP

  • ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲချက်များ မှန်ကန်မှုမရှိဟု HRW ပြော

    ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲချက်များ မှန်ကန်မှုမရှိဟု HRW ပြော

    ဇွန် ၁၄၊ ၂၀၂၁
    M-Media

    -​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီရဲ့ စွဲချက်တွေဟာ မှန်ကန်မှုမရှိဘဲ၊ တရားစီရင်မှုကလည်း မျှတမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ပြောကြားလိုက်ပါတယ်။

    ရှေ့နေငှားခွင့် ကန့်သတ်ခံရတာ၊ အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ တရားရုံးမှာ တရားစီရင်တာတွေကြောင့် ဒေါ်ဆောင်ဆန်းစုကြည်ဟာ မျှတတဲ့ တရားစီရင်မှုမျိုး ရဖွယ်မရှိဘူးလို့ HRW အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ် ရောဘတ်ဆန်ရဲ့ ဒီကနေ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “​ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေဟာ မှန်ကန်မှုမရှိဘဲ၊ ၂၀၂၀ နိုဝင်ဘာက သူမရဲ့ ရွေးကောက်ပွဲ တောင်ပြိုကမ်းပြို အနိုင်ရမှုကို ပယ်ဖျက်ဖို့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီစွဲချက်တွေအားလုံးကို ရုပ်သိမ်းပြီး သူမကို ချွင်းချက်မထားဘဲ ချက်ခြင်း ပြန်လွှတ်ပေးရပါမယ်”

    အရင်က ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု၊ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ စတာတွေနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပြီး အခုတစ်ပတ်ကစလို့ တစ်ပတ် ၂ ရက် အပတ်စဉ် ရုံးချိန်းနဲ့ စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။

    ရောဘတ်ဆန်က အခုစွဲချက်တွေဟာ အစသာရှိသေးပြီး ဒေါ်အောင်ဆန်းစုကြည် အပြင်ပြန်ထွက်မလာဖို့အတွက် စစ်ကောင်စီက အခြားအမှုတွေ ဆက်တွဲမှာဖြစ်ကြောင်း၊ ဒါဟာ အနာဂတ်မှာ စစ်တပ်ကို ပခုံးချင်း ယှဉ်မလာနိုင်ရေး သူမနဲ့ သူမရဲ့ NLD ပါတီကို ဖယ်ရှားဖို့ စစ်တပ်ရဲ့ ကြိုးပမ်းမှုဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: HRW