News @ M-Media

Blog

  • အက်စတွန်ဗီလာပွဲ မော်ရင်ဟို၏ အပြုအမူကြောင့် FA က ဒဏ်ငွေရိုက်

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – မတ်လ ၁၅ ရက်နေ့က အက်စတွန်ဗီလာ အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် ပြုမူခဲ့သော မော်ရင်ဟို၏ အပြုအမူ အတွက် FA က ဒဏ်ငွေ ပေါင် ၈၀၀၀ ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။

    379057_heroa

    ဗီလာပါ့ခ်တွင် ကစားခဲ့သည့် အဆိုပါပွဲစဉ် အတွင်း မော်ရင်ဟိုမှာ ကွင်းအတွင်းသို့ ၀င်ရောက်ကာ ဒိုင်လူကြီးအား စောဒကတက်ခဲ့ပြီးနောက်၊ ဒိုင်လူကြီးက မော်ရင်ဟိုအား ပရိတ်သတ် ခုံတန်းသို့ သွားရောက်ရန် ညွှန်ကြားခဲ့သည်။ ထိုလုပ်ရပ်မှာ နည်းပြတစ်ဦး အတွက် လက်မခံနိုင်သော လုပ်ရပ်ဖြစ်သောကြောင့် FA က တရားစွဲခဲ့ပြီး ယခုကဲ့သို့ ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်သည်။

    မော်ရင်ဟိုကမူ ထိုတရားစွဲမှုအား ငြင်းဆန်ခဲ့ကာ တစ်ဦးတည်းကြားနာရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း တရားရုံးကမူ လက်မခံဘဲ ယမန်နေ့က စစ်ဆေးခဲ့ကာ၊ နောင်တွင် ထိုကဲ့သို့ အပြုအမူများ မပြုလုပ်ရန်အတွက်လည်း မော်ရင်ဟိုကို သတိပေးခဲ့သည်။

    ထိုပွဲတွင် ကွင်းလယ် ဒိုင်လူကြီး ဖွိုင်မှာ ချယ်ဆီး ကွင်းလယ်လူ ၀ီလီယံအား ၂ ၀ါတစ်နီဖြင့် ထုတ်ပယ်ခဲ့ပြီး ရာမီးရက်စ်ကိုလည်း တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့သည်။ မော်ရင်ဟိုက ထိုပွဲအပြီးတွင် ဒိုင်လူကြီးဖွိုင်အား ချယ်ဆီးအသင်း၏ ပွဲများတွင် နောက်ထပ် တာဝန်မပေးသင့်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

  • ပါလက်စတိုင်းနှင့် အစိုးရပိုင်း မဆက်သွယ်ရန် နေတန်ယာဟု၏ အမိန့်အား အမေရိကန်ရှုတ်ချ

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media
    – အစ္စရေး ကက်ဘိနက် ၀န်ကြီးများ ပါလက်စတိုင်း အာဏာပိုင်များနှင့် ဆက်သွယ်မှုအား ကန့်သတ်သည့် နေတန်ယာဟု၏ အမိန့်ပေါ် အမေရိကန်က ရှုတ်ချလိုက်ပြီး “ဆိုးရွားသောလုပ်ရပ်” အဖြစ် သတ်မှတ်သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    6315327b-d8a0-4aaf-a275-359ed1509762_16x9_788x442
    ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီ

    “ဒီကြေညာမှုအတွက် ကျွန်တော်တို့ သေသေချာချာကို သတိထားပါတယ်။ အဲ့ဒါကို ဆိုးရွားတဲ့ လုပ်ရပ်အဖြစ် မှတ်ယူပါတယ်” ဟု ဂျွန်ကယ်ရီက အစ္စရေးနိုင်ငံခြားရေး ၀န်ကြီး အဗစ်ဂ်ဒေါရ် လီဗာမန်နှင့် တွေ့ဆုံစဉ် အတွင်း ပြောကြားခဲ့သည်ဟု အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ဆိုသည်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတိုင်မီ အကျဉ်းသားများ လွှတ်ပေးရန် ကတိက၀တ်အား အစ္စရေးက ချိုးဖောက်ခဲ့ပြီးနောက် ပါလက်စတိုင်းတာဝန်ရှိသူများက နိုင်ငံ ၁၅ ခုနှင့် သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သည်။ ထိုလုပ်ရပ်မှာ ပါလက်စတိုင်း အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်မှု မပြုလုပ်ရဟူသော သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ အစ္စရေးဝန်ကြီးများအား ပါလက်စတိုင်း အာဏာပိုင်များနှင့် ဆက်သွယ်မှု ပိတ်ပင်ရန် နေတန်ရာဟုက အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးသူ ကယ်ရီနှင့် လီဗာမန်တို့၏ ၁ နာရီကျော်ကြာ တွေ့ဆုံစဉ်အတွင်း ပြီးခဲ့သည့်တစ်ပတ်က စတင်ခဲ့ပြီး မတိုးသာ မဆုတ်သာဖြစ်နေကာ ပျက်ဆီးရန် အခြေအနေရှိနေသည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ကယ်တင်ရန် ဆွေးနွေးခဲ့ကြပြီး၊ အီရန်နှင့် ဆီးရီးယား အရေးတို့လည်း ပါဝင်ခဲ့သည်။

    AFP

  • နိုင်ငံအရှေ့ပိုင်း မတည်ငြိမ်မှုများအား အင်အားသုံးဖြေရှင်း သွားမည်ဟု ယူကရိန်းဆို

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – ရုရှားလိုလားသူများက နိုင်ငံ အရှေ့ပိုင်းမြို့များရှိ အစိုးရ အဆောက်အဦးများအား သိမ်းပိုက်မှု အပေါ် အင်အားသုံးဖြေရှင်းရန် ပြင်ဆင်နေသည်ဟု ယူကရိန်း အာဏာပိုင်များက သတိပေးပြောကြားလိုက်သည်။

    KC_20140316_ukraine_Riot_police_400_266_70

    နိုင်ငံအရှေ့ပိုင်း Luhansk မြို့ရှိ အစိုးရလုံခြုံရေးဌာနချုပ်အား ဆန္ဒပြသူများက ဆက်လက်သိမ်းပိုက်ခဲ့ပြီးနောက် ယမန်နေ့တွင် ယူကရိန်းအစိုးရမှ ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အဦး၏ အပြင်ဘက်တွင် ရာပေါင်းများစွာသော ဆန္ဒပြသူများက ရုရှားအား ထောက်ခံသော အနေဖြင့် “ပူတင်၊ ပူတင်” ဟု ဟစ်အော်နေကြသည်။

    အဆိုပါအဆောက်အဦးထဲတွင် ခွဲထွက်လိုသူများက ဗုံးများထောင်ထားကာ ဓားစားခံ ၆၅ ဦးအား ဖမ်းဆီးထားသည်ဟု ယူကရိန်းဘက်မှ ပြောဆိုထားသော်လည်း၊ Luhansk ဒေသ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကမူ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

    ယူကရိန်းပြည်ထဲရေး ၀န်ကြီး အာဆန် အေဗာကော့ဗ်က Luhansk မြို့နှင့် ရုရှားနှင့် ဆက်စပ်နေသည့် Donetsk နှင့် Kharkiv မြို့များတွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများအား ၂ ရက်အတွင်း ဖြေရှင်းရမည်ဟု ဆိုသည်။

    “(ဒီပြဿနာကို ဖြေရှင်းဖို့) နည်းလမ်း၂ ခုရှိတယ်ဆိုတာကို ကျွန်တော် ထပ်ပြောချင်ပါတယ်။ တစ်ခုက ဆွေးနွေးမှုတွေကနေ နိုင်ငံရေး တည်ငြိမ်အောင် လုပ်တာဖြစ်ပြီး နောက်တစ်ခုကတော့ အင်အားသုံး နှိမ်နင်းတာပါ။ ဒီနည်းလမ်းနှစ်ခုအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု သတင်းထောက်များအား အေဗာကော့ဗ်က ပြောကြားခဲ့သည်။

    ယူကရိန်း၏ ယခင်အစိုးရအဖွဲ့တွင် ဥပဒေပြုအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆာဟီ တိုင်ဟစ်ပ်ကိုက ဆန္ဒပြသူများမှာ ၎င်းတို့ဒေသအား ယူကရိန်းမှာ ခွဲထွက်လိုခြင်း၊ နိုင်ငံခြားအကူအညီ ရယူလိုခြင်းမဟုတ်ဘဲ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ လိုလားခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အင်အားသုံး ဖြေရှင်းရန် မသင့်ကြောင်း တိုက်တွန်းခဲ့သည်။

    ယူကရိန်းနိုင်ငံအား ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ပြာင်းလဲရန် ရုရှားက အဓိကတောင်းဆိုထားပြီး ယူကရိန်းအစိုးရကမူ လက်မခံဘဲ နိုင်ငံပြိုကွဲရန် ရှေ့ပြေးနိမိတ်သာဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

    Ref: Al Jazeera And AP

  • ဘိုင်ယန်အား ချေပဂိုးပေးခဲ့သည့် မန်ယူနောက်တန်းအား စိတ်ပျက်မိသည်ဟု မိုယက်စ်ဆို

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲတွင် ဦးဆောင်ဂိုးရပြီးနောက် ဘိုင်ယန်အားချေပဂိုးပေးခဲ့ရခြင်းမှာ မဖြစ်သင့်သောအမှားဖြစ်သည့်အတွက် စိတ်ပျက်မိသည်ဟု မန်ယူနည်းပြ မိုယက်စ်က ပြောကြားခဲ့သည်။

    1215242-25362868-640-360

    ပထမအကျော့က ၁ ဂိုးစီသရေကျခဲ့ပြီး ယနေ့နံနက်ကစားခဲ့သည့်ပွဲတွင် မန်ယူမှာ ဦးဆောင်ဂိုး အရင်သွင်းနိုင်ခဲ့သော်လည်း၊ ၂၂ စက္ကန့်အတွင်းမှာပင် ဘိုင်ယန်အသင်းအား ချေပဂိုးပေးခဲ့ရကာ နောက်ပိုင်းတွင် အနိုင် ဂိုးများကိုလည်း ခွင့်ပြုခဲ့ရသည်။

    “ကစားသမားတွေရဲ့ စွမ်းဆောင်မှုကို ကျွန်တော်ကျေနပ်ပါတယ်။ ဒါပေမယ့် အဆုံးမှာ အမှားနှစ်ခုလောက် အတွက် ကျွန်တော်တို့ ပေးဆပ်ခဲ့ရတာပါ။ ဦးဆောင်ဂိုးသွင်းပြီး စက္ကန့် ၃၀ လောက်မှာ ကျွန်တော်တို့ အခြေအနေဟာ ဆိုးရွားခဲ့ပါတယ်။ ကျောင်းသားလေး တစ်ယောက်ကတောင်မှ ဂိုးသွင်းသွင်းပြီးပြီးခြင်း ဂိုးပြန် မပေးရဖို့ ပြောမှာပါ။ ကျွန်တော်တို့ကတော့ ချေပဂိုးကို မြန်မြန်ပဲ ခွင့်ပြုခဲ့ရပါတယ်” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

    ဦးဆောင်ဂိုးရပြီးနောက် ကစားသမားများ၏ အာရုံစူးစိုက်မှုမှာ မည်သည့်နေရာသို့ရောက်သွားသည်ကို မသိကြောင်း၊ ဂိုးတစ်ဂိုးထပ်ရရန်လိုအပ်ခဲ့ပြီး ဘိုင်ယန်၏ တတိယဂိုးက မိမိတို့အား အဆုံးသတ်ခဲ့ကြောင်း မိုယက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်မှတစ်ဆင့် ချန်ပီယံလိဂ် ၀င်ခွင့်ရရန် မဖြစ်နိုင်သော်လည်း မန်ယူအသင်းနေဖြင့် မကြာမီ ဥရောပ အဆင့် အမြင့်ဆုံးပြိုင်ပွဲသို့ ပြန်လာနိုင်မည်ဟု ယုံကြည်ကြောင်း မိုယက်စ်ကဆိုသည်။

  • ယခုနှစ်အတွင်း မြန်မာပြည်ကို အိုဘားမားလာဦးမည်

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    44FFF098-F1F3-4EDA-A46B-615658DDF2D0_w640_r1_s
    မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် သမ္မတနဲ့ မြန်မာသမ္မတ တွေ့ဆုံ။ (နိုဝင်ဘာ ၁၉၊ ၂၀၁၄။) VOA

    ယခုနှစ်အတွင်း အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်သို့ လာရောက်ဦးမည်ဖြစ်သည်ဟု မြန်မာတိုင်းမ်စ် သတင်းတစ်ရပ်က
    ဖော်ပြသည်။

    အိုဘားမား လာဦးမည့်အကြောင်းကို အမေရိကန်၏ ဒုတိယ တိုင်းပြည်အထွေထွေတာဝန်ခံ (Deputy Secretary of State) ၊ ဘီလ်ဘားန်စ်က အင်္ဂါနေ့က ပြောကြားခြင်းဖြစ်ကြောင်း၊ အိုဘားမားသည် ယခုဆောင်းဦးရာသီအလွန်တွင် မြန်မာ၊ တရုတ်၊ သြစတြေးလျနိုင်ငံများသို့ လာရောက် မည့်အကြောင်း၊ အာရှပစိဖိတ်ဒေသတွင်း တိုးတက်ဖွံ့ဖြိုးမှုနှင့် လူသားဂုဏ်ရည် စသည်များအတွက် ရည်ရွယ်ကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။

    အိုဘားမား၏ မြန်မာပြည်ခရီးစဉ်နေ့စွဲအတိအကျကိုမူ အိမ်ဖြူတော်မှ ထုတ်ပြန်ခြင်းမရှိသေးပေ။