News @ M-Media

Blog

  • ရီးယဲလ်အသင်းမှာ ယခုနှစ် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲမည်ဟု ကစားသမားဟောင်းတစ်ဦးဆို

    ရီးယဲလ်အသင်းမှာ ယခုနှစ် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲမည်ဟု ကစားသမားဟောင်းတစ်ဦးဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ချန်ပီယံလိဂ် ၉ ကြိမ်ရ ရီးယဲလ်အသင်းမှာ ယခုနှစ်တွင် အကောင်းဆုံးပုံစံရှိနေပြီး ချန်ပီယံလိဂ်ဖလားကိုလည်း ရယူနိုင်လိမ့်မည်ဟု ရီးယဲလ်အသင်း၏ စပိန်ကွင်းလယ်လူဟောင်း ဂျိုဆေး အေမာဗစ်စ်ကာက ပြောကြားလိုက်သည်။

    ရီးယဲလ်အသင်းမှာ ပြီးခဲ့သည့် တစ်ပတ် ဘာနေဗျူးတွင် ကစားခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့တွင် ဂျာမန်ကလပ် ဒေါ့မွန်အသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိထားပြီး နောက်တက်ဆင့်တက်ရန် အခြေအနေကောင်းနေသည်။

    အေမာဗစ်တာကမူ ယနေ့ညတွင်ကစားမည့် ဒုတိယအကျော့တွင် တိုက်စစ်မှူးရော်နယ်ဒိုကို ထည့်သွင်းရန်မလိုဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်သဘောအရဆိုရင်တော့ ဒေါ့မွန်နဲပွဲမှာ သူ့(ရော်နယ်ဒို)ကို ချန်ထားမှာပါ။ (ပထမအကျော့က) ၃ ဂိုးသွင်းထားတဲ့ ရီးယဲလ် ရော်နယ်ဒိုကို မလိုအပ်တော့ပါဘူး” ဟု အေမာဗစ်တာက Goal သို့ ပြောကြားခဲ့သည်။ ထို့ပြင် ပထမအကျော့က ဂိုးသွင်းနိုင်ခဲ့သည့် အစ္စကို၏ ကစားပုံကိုလည်း ဗစ်ကာက ချီးကျူးခဲ့သည်။

    ယမန်နှစ်ဆီမီးဖိုင်နယ်တွင် ဒေါ့မွန်အသင်းအား ရှုံးနိမ့်ကာ ထွက်ခဲ့ရသော ရီးယဲလ်မှာ ၁၉၉၈ ခုနှစ်က ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ဒေါ့မွန်အား ဖြုတ်ချနိုင်ခဲ့သည့် သမိုင်းရှိခဲ့သည်။ ထိုစဉ်က ဘာနေဗျူးတွင်ကစားခဲ့ရသည့် ပွဲတွင် ဂိုးတိုင်တစ်ခု ပြိုလဲသွားသောကြောင့် လေ့ကျင့်ရေးကွင်းမှ ဂိုးတိုင်ဖြင့် အလျင်အမြန်အစားထိုးခဲ့ရသည်။ အေမာဗစ် ပါဝင်သည် ထိုအချိန်က ရီးယဲလ်အသင်းမှာ ဗိုလ်လုပွဲတွင် ဂျူဗင်တပ်အသင်းအား အနိုင်ကစားကာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့သည်။

  • ပီအက်စ်ဂျီ အသင်းအား အနိုင်ကစားနိုင်မည်ဟု မော်ရင်ဟို ယုံကြည်

    ပီအက်စ်ဂျီ အသင်းအား အနိုင်ကစားနိုင်မည်ဟု မော်ရင်ဟို ယုံကြည်

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ပထမအကျော့ အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သော်လည်း ယနေ့ညတွင် ကစားမည့် ဒုတိယအကျော့ ပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းအား အနိုင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ပြင်သစ်မြေတွင်ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့တွင် ချယ်ဆီးမှာ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ထားသောကြောင့် ယနေ့ညပွဲတွင် အနည်းဆုံး ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိရန်လိုအပ်နေသည်။ သို့သော်လည်း မော်ရင်ဟိုက

    “နက်ဖြန်ပွဲမှာ နိုင်မယ်ထင်လားလို့ ကျွန်တော့်ကိုမေးရင်တော့… ဟုတ်ကဲ့၊ နိုင်မယ်လို့ထင်ပါတယ်။ နှစ်ကျော့စလုံးအပြီးမှာတော့ ကျွန်တော်တို့က သူတို့ထက် ဂိုးပိုသွင်းနိုင်မှာဖြစ်ပြီး ၄-၃၊ ၅-၄ လောက်တော့ဖြစ်မှာပါ။ ကျွန်တော်ရော၊ အသင်းသားတွေပါ ဒါဟာ အရေးကြီးဆုံးဖြစ်တယ်ဆိုတာ ယုံကြည်နေပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

    ပီအက်စ်ဂျီအသင်း၏ အားထားရသည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ ပေါင်ဒဏ်ရာကြောင့် ယနေ့ညကစားမည့်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်ဘဲ၊ မိုဗစ်မပါဝင်နိုင်ခြင်းက ချယ်ဆီးအသင်း ဂိုးများများသွင်းရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။

  • ဗြိတိန်က အင်ဂျီအိုတွေ မောင်းထုတ်တဲ့ကိစ္စနဲ့ သန်းခေါင်စာရင်းကိစ္စတွေ အတွက် မြန်မာကို သတိထောက်လွှာပေးအပ်

    ဗြိတိန်က အင်ဂျီအိုတွေ မောင်းထုတ်တဲ့ကိစ္စနဲ့ သန်းခေါင်စာရင်းကိစ္စတွေ အတွက် မြန်မာကို သတိထောက်လွှာပေးအပ်

    ဧပြီလ ၉ ရက်၊ ၂၀၁၄
    M-Media

    ဗြိတိန်နိုင်ငံက မြန်မာသံအမတ်ကို အင်ဂျီအိုတွေ မောင်းထုတ်ပစ်တဲ့ကိစ္စနဲ့ သန်းခေါင်စာရင်းမှာ “ရိုဟင်ဂျာ” ထည့်မကောက်တဲ့ ကိစ္စများအတွက် သတိ ထောက်လွှာ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီသတိထောက်လွှာကို ဗြိတိန် နိုင်ငံခြားရေးဌာန ဒုတိယ ဝန်ကြီး ဟူဂိုဆွိုင်ယာက မြန်မာသံအမတ် ဦးကျော်စွာမင်းကို ဆင့်ခေါ်ပြီး ပေးခဲ့ခြင်း ဖြစ်ပါတယ်။

    ဘီဘီစီမြန်မာပိုင်းရဲ့ တင်ပြချက်အရ မြန်မာသံအမတ် ဦးကျော်စွာမင်းကို သတိထောက်လွှာမှာ ပါရှိတဲ့အကြောင်းအရာတွေ ဖတ်ပြပြီး ဘာတစ်ခုမှ ပြန်လည်ပြောဆို ခွင့်မပေးဘဲ နှင်ထုတ်တဲ့ သဘောနဲ့ ဆက်ဆံခဲ့တယ်လို့ ဦးကျော်စွာမင်းကိုယ်တိုင်က ပြောပြထားတာ သိရှိရပါတယ်။

    ဦးကျော်စွာမင်းရဲ့အဆိုအရ ဒီလို သတိထောက်လွှာပေးအပ်ရခြင်းက သန်းခေါင်စာရင်းမှာ အလှူရှင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်ရဲ့ မကျေနပ်မှုကို ဖော်ပြ တာမျိုးဖြစ်တယ်လို့ သိရပါတယ်။ ဇန်န၀ါရီ ၂၃ ကလည်း ဦးကျော်စွာမင်းကို မောင်တောမှာ ရိုဟင်ဂျာတွေ အသတ်ခံရတာနဲ့ပတ်သတ်ပြီး ဗြိတိန်က သတိ ထောက်လွှာ ပေးခဲ့ ပါသေးတယ်။ အဲဒီတုန်းကတော့ ဦးကျော်စွာမင်းကို စကားပြန်ပြောဖို့ အခွင့်ပေးခဲ့တယ်လို့ ဦးကျော်စွာမင်း ကိုယ်တိုင်က ပြောပြထားပါတယ်။

    ဦးကျော်စွာမင်းရဲ့အဆိုကို ဘီဘီစီမြန်မာပိုင်းကတဆင့် တင်ပြလိုက်ပါတယ်။

    BBC နဲ့ ဦးကျော်စွာမင်း တို့ရဲ့ အင်တာဗျူး အသံဖိုင် အပြည့်အစုံကို အောက်ပါ လင့်ခ်တွင် နားဆင်နိုင်ပါတယ်။

    http://soundcloud.com/bbcburmese/ixabat7pjag2

  • ယူကရိန်းတွင် မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည့် ရုရှား ပေးဆပ်ရမည်ဟု ဂျွန်ကယ်ရီဆို

    ယူကရိန်းတွင် မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည့် ရုရှား ပေးဆပ်ရမည်ဟု ဂျွန်ကယ်ရီဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ယူကရိန်းနိုင်ငံ မတည်မငြိမ်ဖြစ်အောင် ရုရှားဘက်မှ ဆက်လက်လုပ်ဆောင်ပါက ထိုလုပ်ရပ်အတွက် ပေးဆပ်ရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားနိုင်ငံခြားရေးဝန်ကြီးအား သတိပေးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့နှင့် ဖုန်းပြောဆိုမှုအတွင်း ကယ်ရီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယူကရိန်းနိုင်ငံတွင် လွန်ခဲ့ ၂၄ နာရီအတွင်း  ဖြစ်ပွားနေသော အဖြစ်အပျက်များအား အမေရိကန်က စောင့်ကြည့်နေကြောင်း၊ ထိုကိစ္စများမှာ အလိုအလျောက်ဖြစ်လာခြင်း မဟုတ်ဘဲ ရုရှား၏ ထောက်ပံ့မှုနှင့် အတူ စည်းဝါးတကျ ဖြစ်လာသည့် လှုပ်ရှားမှုဖြစ်ကြောင်း ကယ်ရီက ပြောကြားခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ပြောကြားခဲ့သည်။

    ထို့ပြင် ယူကရိန်းရှိ ခွဲထွက်ရေးသမားများ၊ အဖျက် အမှောင့်သမားများနှင့် ရန်လိုသူများအား ရုရှားဘက်က လူသိရှင်ကြား ရှုတ်ချရန်လည်း တိုက်တွန်းခဲ့သည်ဆိုသည်။

    ယူကရိန်းနိုင်ငံအရှေ့ပိုင်းပြည်နယ်များတွင် တနင်္ဂနွေနေ့မှစ၍ ရုရှားလိုလားသူများက အစိုးရအဆောက်အဦးများကို တိုက်ခိုက်သိမ်းပိုက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး  Donetsk မြို့ကိုလည်း လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ယမန်နေ့က ကြေညာခဲ့သည်။ ယူကရိန်း ကြားဖြတ်သမ္မတ ယတ်ဆန်ယွတ်ကလည်း မိမိတို့နိုင်ငံအတွင်းမတည်ငြိမ်မှုများမှာ ရုရှား၏ သွေးထိုးပေးမှုကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းတွင်ဖြစ်ပွားနေသည့် ထိုပြဿနာအား အင်အားသုံးဖြေရှင်းပါက အခြေအနေမှာ ပြည်တွင်းစစ်သို့ ဦးတည်သွားနိုင်သည်ဟု ရုရှားဘက်က ယနေ့တွင် သတိပေးခဲ့သည်။

    ဆင်ဟွာ

  • ကက်သလစ်အသင်းတော်မှ ကန့်ကွက်သော်လည်း ဖွားနှုန်းထိန်းချုပ်ရေး ဥပဒေအား ဖိလစ်ပိုင်တရားရုံး အတည်ပြု

    ကက်သလစ်အသင်းတော်မှ ကန့်ကွက်သော်လည်း ဖွားနှုန်းထိန်းချုပ်ရေး ဥပဒေအား ဖိလစ်ပိုင်တရားရုံး အတည်ပြု

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – နိုင်ငံအတွင်းရှိ ခရစ်ယာန် ကက်သလစ်အသင်းတော်က ကန့်ကွက်နေသော်လည်း အငြင်းပွားဖွယ် ကလေးမွေးဖွားနှုန်း ထိန်းချုပ်မှုဥပဒေကို ဖိလစ်ပိုင် တရားရုံးချုပ်က ယနေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    ထောက်ခံသူများက ထိုဥပဒေမှာ ဆင်းရဲမွဲတေနေသည့် သန်းပေါင်းများစွာသော ဖိလစ်ပိုင်နိုင်ငံသားများ၏ ဘ၀ကို ပြောင်းလဲပေး လိ့မ်မည်ဟု ပြောဆိုနေကြသည်။ တရားရုံးချုပ် ပြောရေးဆိုခွင့်ရှိသူ သီယိုဒိုရီက ထိုဥပဒေမှာ အခြေခံဥပဒေအား ဆန့်ကျင်ခြင်း မရှိဟုဆိုသည်။ ထို့ပြင် ထိုဥပဒေအား ကန့်ကွက်ရန် ခရစ်ယာန်အဖွဲ့များမှ အစိုးရထံ တင်သွင်းထားသည့် အသနားခံစာ တစ်ဒါဇင်ကျော်ကိုလည်း ချေဖျက် ပစ်လိုက်ခြင်းဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါဥပဒေအား အတည်ပြုလိုက်ခြင်းကြောင့် မွေးဖွားနှုန်း ကန့်သန့်ထိန်းချုပ်ရန်တွက် ကျန်းမာရေးဝန်ထမ်းများမှာ ကွန်ဒုံးများ၊ သန္ဓေတားဆေးများကို ဝေငှနိုင်မည်ဖြစ်ပြီး၊ ကျောင်းများတွင် လိင်ပညာပေး သင်ကြားမှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ပြင် မိသားစုစီမံကိန်း လေ့ကျင့်မှုများကို ကျန်းမာရေးလုပ်သားများက ပြုလုပ်ပေးနိုင်မည်ဖြစ်ပြီး သဒ္ဓေဖျက်ချခြင်းမှာလည်း တရားဝန်ဖြစ်လာမည်ဖြစ်သည်။

    ခရစ်ယာန်ကက်သလစ် အသင်းတော်မှ မိသားစု မည်သည့်ပုံစံကိုမဆို ၁၅နှစ်ကျော်ကြာ အောင်မြင်စွာ ကန့်ကွက်နိုင်ခဲ့သည်။ ထို့ပြင် မွေးဖွားနှုန်း ထိန်းချုပ်သည့် ဥပဒေမှာ စက်ဆုပ်စရာကောင်းသည့် ဥပဒေဖြစ်ကြောင်း လမ်းပေါ်ထွက် ဆန္ဒပြမှုများလည်းရှိခဲ့သည်။ သို့သော်လည်း ဖိလစ်ပိုင်သမ္မတ အကွီနိုကမူ အသင်းတော်၏ ဖိအားပေးမှုကို ဆန့်ကျင်ကာ ဥပဒေပြဌာန်းရန် လက်မှတ်ထိုးပေးခဲ့သည်။

    ထိုဥပဒေမှာ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်နေသည်ဟု ခရစ်ယာန်အဖွဲ့များမှ အသနားခံစားများပေးပို့သောကြောင့် တရားရုံးချုပ်က စောစောပိုင်းတွင် ဆိုင်းငံ့ခဲ့သော်လည်း ယခုနောက်ဆုံးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ မွေးဖွားနှုန်းထိန်းချုပ်သည့် ဥပဒေမှာ ယခုနှစ် ဒီဇင်ဘာလတွင် စတင်သက်ရောက်မည်ဖြစ်သည်။
    AFP/nd