News @ M-Media

Blog

  • ရိုဟင်ဂျာများအား ညှင်းပန်း နှိပ်စက်မှု လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်နေပြီဟု ကုလဆို

    ရိုဟင်ဂျာများအား ညှင်းပန်း နှိပ်စက်မှု လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်နေပြီဟု ကုလဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – မြန်မာနိုင်ငံရှိ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များအား နှိပ်စက်မှုမှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်နေပြီဟု ကုလသမဂ္ဂ ထိပ်တန်း အရာရှိတစ်ဦးက ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများကြောင့် ထွက်ပြေးခဲ့ရသည့် နိုင်ငံတကာမှ အကူအညီပေးရေး အဖွဲ့အစည်းများ ပြန်လည် ၀င်ရောက်ခွင့်ပေးရန် အတွက် အစိုးရတာဝန်ရှိသူများအား တိုက်တွန်းခဲ့သည်။

    “ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားနေတဲ့ အခြေအနေဟာ ရိုဟင်ဂျာ မွတ်စလင်တွေပေါ် နှစ်ပေါင်းများစွာ ခွဲခြားမှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေရဲ့ နောက်ဆုံးပြယုဂ်ပါပဲ။ ဒီလို ညှင်းပန်းနှိပ်စက်မှုတွေဟာ လူသားထုတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုလို့ ယူဆနိုင်ပါတယ်” ဟု ကင်တားနား၏ ကြေညာချက်တွင်ဖော်ပြထားသည်။

    နိုင်ငံတကာ အကူညီပေးရေးအဖွဲ့များကို ပစ်မှတ်ထားကာ ရခိုင်ပြည်နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အကူအညီပေးရေးဝန်ထမ်း ၁၇၀ မှာ ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့ရပြီး၊ ၎င်းတို့၏ ရုံးခန်းများနှင့် အကူအညီပေးရေးပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်များမှာလည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။

    ထိုကဲ့သို့ အကူအညီပေးရေး အဖွဲ့အစည်းများ မရှိခြင်းကြောင့် ၎င်းတို့၏ ဆေးခန်းများကို မှီခိုနေရသော မွတ်စလင် ဒုက္ခသည်များအတွက် ဆိုးရွားသော အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း၊ အချို့သော ဒုက္ခသည်စခန်းများတွင် ရေပြတ်လပ်မှုမှာ တစ်ပတ်အတွင်း စိုးရိမ်စရာအနေအထားသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ကင်တားနားက ထပ်လောင်းပြောကြားခဲ့သည်။
    MN/AS/MAM

  • ရ၀မ်ဒါလူမျိုးတုန်း သတ်ဖြတ်မှုအား မတားမြစ်နိုင်ခဲ့သည့် အတွက် ရှက်မိသည်ဟု ဘန်ကီမွန်ဆို

    ရ၀မ်ဒါလူမျိုးတုန်း သတ်ဖြတ်မှုအား မတားမြစ်နိုင်ခဲ့သည့် အတွက် ရှက်မိသည်ဟု ဘန်ကီမွန်ဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ၁၉၉၄ ခုနှစ်က ရ၀မ်ဒါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်မှုအား ဟန့်တားရန် ပျက်ကွက်ခဲ့မှုအတွက် ကုလသမဂ္ဂမှ ရှက်ရွံ့မိသည်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။

    ယမန်နေ့က ရ၀မ်ဒါနိုင်ငံမြို့တော် ကီဂါလီတွင် ပြုလုပ်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှု နှစ် ၂၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွင် ဘန်ကီမွန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အချိန်မီ ဟန့်တားနိုင်ခြင်းမရှိခဲ့သည့် အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။

    “ကျွန်တို့ဒီ ဒီထက်ပိုပြီး လုပ်နိုင်ခဲ့ရမှာဖြစ်ပြီး၊ ဒီထက်ပိုပြီးလည်း လုပ်နိုင်ခဲ့သင့်ပါတယ်။ ရ၀မ်ဒါမှာ စစ်တပ်တွေ အများဆုံးလိုအပ်နေတဲ့အချိန်မှာ (ကုလတပ်တွေကို) ရုပ်သိမ်းခဲ့တာပါ” ဟု ဆိုပြီး၊ အဆိုပါ လူမျိုးတုန်း သတ်ဖြတ်မှုမှာ လူ့သမိုင်းတွင် အမှောင်မိုက်ဆုံး စာမျက်နှာ တစ်ခုပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဘန်ကီမွန်မှာ ရ၀မ်ဒါ သမ္မတ ပေါလ် ကာဂိမ်းနှင့်အတူ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဖယောင်းတိုင်ထွန်းညှိခဲ့ပြီး ထိုဖယောင်းတိုင်အား ရက်ပေါင်း ၁၀၀ အထိ ထွန်းညှိထားမည်ဖြစ်သည်။

    ထိုအခမ်းအနားသို့ အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သည်ဟု ရ၀မ်ဒါသမ္မတက စွပ်စွဲပြောဆိုထားခြင်းကြောင့် ပြစ်သစ်နိုင်ငံကမူ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

    ဟူတူလူမျိုးများက တွတ်ဆီလူမျိုများအား လူမျိုးတုန်းသတ်ဖြတ်ခဲ့သည့် အဆိုပါ ကြောက်မက်ဖွယ်ဖြစ်ရပ်ကြီးအား အနောက်နိုင်ငံများနှင့် အခြားသောနိုင်ငံများက လုံလောက်အောင် ဟန့်တားခြင်းမရှိဘဲ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့မှာ ထိုသတ်ဖြတ်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ဟု ရ၀မ်ဒါနိုင်ငံက စွပ်စွဲထားသည်။

    ၁၉၉၄ ခုနှစ် ဧပြီလ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် အဆိုပါလူမျိုးတုန်း သတ်ဖြတ်မှုကြီးမှာ ရက်ပေါင်း ၁၀၀ နီးပါး ကြာမြင့်ခဲ့ပြီး တွတ်ဆီနှင့် ဟူတူလူမျိုးစုစုပေါင်း ၅ သိန်းမှ ၁ သန်းကြား သေဆုံးခဲ့ရသည်။

    ဓါတ်ပုံ အညွှန်း -အခမ်းအနား တက်ရောက်လာသူများမှာ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးများ ပြန်လည်အောက်မေ့သတိရမိ၍ စိတ်ထိခိုက်သူ အမျိုးသမီး (Photo-AFP)

    CAH/HSN/HRB

  • တမန်တော် မုဟမ္မဒ်သခင်၏ ထေရုပ္ပတ္တိ အော်ပရာ ဒူဘိုင်းတွင်ပြသ

    တမန်တော် မုဟမ္မဒ်သခင်၏ ထေရုပ္ပတ္တိ အော်ပရာ ဒူဘိုင်းတွင်ပြသ

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – တမန်တော် မုဟမ္မဒ်သခင်၏ ဘ၀ခရီးနှင့် သွန်သင်မှုများကို မတူညီသော ဘာသာတရားများအကြား နားလည်စေရန် ရည်ရွယ်၍ မုဟမ္မဒ်သခင်၏ ထေရုပ္ပတ္တိကို ဖော်ကြူးသော အော်ပရာပြဇာတ်တစ်ခုကို ယူအေအီးနိုင်ငံ ရှာရ်ဂျာမြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Clusters of Light ဟု အမည်ပေးထားသည့် အဆိုပါ အော်ပရာပြဇာတ်ကို မတ်လ ၃၀ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယူအေအီးနိုင်ငံ တာဝန်ရှိသူများနှင့် အာရပ်ကမ္ဘာတစ်ဝှမ်းမှ အနုပညာရှင်များလည်းတက်ရောက်ခဲ့ကြသည်။

    “တစ်ယောက်နဲ့တစ်ယောက်နားလည်ဖို့၊ ဆွေးနွေးဖို့ဆိုတာဟာ အစ္စလာမ်သာသနာရဲ့ ချဉ်းကပ်မှုပါ။ ဒီလို နားလည်မှုတွေ၊ ဆွေးနွေးမှုတွေဟာ တမန်တော်မြတ်ကိုယ်တော်တိုင် ဖော်ကျူးခဲ့တာဖြစ်ပြီး ယဉ်ကျေးမှုဖွံ့ဖြိုးတဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုလည်းဖြစ်ပါတယ်” ဟု ရှာရ်ဂျာဘုရင် ရှိခ် ဆူလ်တန် ဘင် အလ် ကာစီမီက Emirati သတင်းစာသို့ ပြောကြားခဲ့သည်။

    ထိုအော်ပရာတွင် တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်တော်မူစဉ်မှ ကွယ်လွန်ချိန်အထိ ကိုယ်တော်၏ အထုပ္ပတ္တိ၊ အစ္စလာမ်သာသနာအတွက် ကြိုးပမ်းမှု စသည်တို့ကို တင်ဆက်ထားခြင်းဖြစ်ပြီး သရုပ်ဆောင် ၂၀၀ ကျော်၊ တေးသံရှင် ၇၀ ကျော်တို့ပါဝင်ခဲ့သည်။ ထို့ပြင် ရုပ်ရှင်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များ၊ ဖျော်ဖြေ တင်ဆက်မှုများလည်း ပါဝင်ခဲ့သည်။

    ပြဇာတ်ကို မုဟမ္မဒ်သခင် မဖွားမြင်မီ ထွန်းကားခဲ့သည့် ရုပ်ပွား၊ ဆင်းတု ကိုးကွယ်မှုများဖြင့် အစပြုခဲ့ပြီး၊ ကုရ်အာန်ကျမ်းတော်မြတ် စတင်ကျရောက်လာခြင်း၊ မုဟမ္မဒ်သခင် မေအ့်ရာဂ်ျ ကောင်းကင်ခရီးသွားခြင်း၊ အဘီစီးနီးယားသို့ ပထမအသုတ် ပြောင်းရွှေ့ခြင်း၊ မုဟမ္မဒ်သခင် မဒီနာသို့ ပြောင်းရွှေ့ တရားဟောကြားခြင်း၊ ကျူးကျော်စော်ကားမှုအတွက် ခုခံကာကွယ်စစ်များ၊ မုဟမ္မဒ်သခင် ကွယ်လွန်ခြင်း စသည်တို့အပါအ၀င် အစ္စလာမ့်သမိုင်း၏ အဓိက အဖြစ်အပျက်များကို ထည့်သွင်းဖော်ပြထားသည်။

    အဆိုပါ အော်ပရာပြဇာတ်ကို ဆော်ဒီကဗျာဆရာတစ်ဦးဖြစ်သည့် ဒေါက်တာ အဘ်ဒူ ရဟ်မန် အလ် အရှ်မာဝီက ဇာန်ညွှန်း ရေးဖွဲ့ခဲ့ခြင်းဖြစ်ပြီး ဘာရိန်း အနုပညာရှင် ခါလစ် အလ် ရှိခ်က ထိုအော်ပရာတွင် ပြောရမည့် စကားများကို ရေးစပ်ခဲ့သည်။ ပြဇာတ်အား ကပြရန်အတွက် လပေါင်းများစွာ ပြင်ဆင်ခဲ့ရပြီး ၂၀၁၂ အိုလံပစ်ဖွင့်ပွဲ ပိတ်ပွဲအခမ်းအနားဖန်းတီးရာတွင် ပါဝင်ခဲ့သည့် ပီယာ့စ် ရှက်ပါ့ဒ် အပါအ၀င် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဖန်တီးခဲ့ခြင်းဖြစ်သည်။

    အစ္စလာမ်သာသနာ၏ သွန်သင်ချက်အရ မုဟမ္မဒ်သခင်၏ ဇာတ်ရုပ်အား ပါဝင်သရုပ်ဆောင်စေခြင်းမရှိခဲ့ဘဲ အလင်းတန်းဖြင့်သာ အစားထိုးဖော်ပြခဲ့သည်။ ထိုအော်ပရာပြဇာတ်တွင် အစ္စလာမ်နှင့် ပတ်သက်သည့် အထင်အမြင်လွဲမှားမှုများ အထူးသဖြင့် အမျိုးသမီးများနှင့် ပတ်သက်သည့် ကဏ္ဍများကိုလည်း အရှိအတိုင်း ဖော်ပြထားသည်ဟု ရှက်ပါ့ဒ်က ဆိုသည်။

    “အစ္စလာမ့်နဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားနေတာကို ကြည့်မယ်ဆိုရင်၊ ဒါတွေဟာ လုံးဝမရှိခဲ့ဘူးဆိုတာ တွေ့ရမှာပါ။ ဒီလို လွဲမှားမှုတွေကို ဒီပြပွဲမှာ အရှိအတိုင်း ပြသခဲ့ရတဲ့အတွက် သိပ်ကိုကောင်းပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Clusters of Light အမည်ရ အဆိုပါ အော်ပရာကို  ရှာရ်ဂျာမြို့ရှိ ကဇာတ်ရုံတွင် လေးရက်တိုင်တိုင် ပြသခဲ့ပြီး၊ နောက်ပိုင်းတွင် အာရဗ်နိုင်ငံများသို့ လှည့်လည်ပြသသွားမည်ဟု သိရသည်။

    Ref: OnIslam

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဆိုနီကုမ္ပဏီရဲ့ E-Ink Tablet

    Screenအကျယ်13.3 လက်မရှိပြီး pdf ဖတ်ဖို့အပြင် ကလောင်တံသုံးပြီး ရေးသားနိုင်မယ့်  E-Ink display သုံး Digital Paper လို့အမည်ပေးထားတဲ့ tablet ကို ဈေးနှုန်း ၁၁၀၀ ဒေါ်လာ သတ်မှတ်ထားတဲ့ အတွက် ပြိုင်ဘက် Kindle Paperwhite 3G နဲ့ယှဉ်ရင် အလွန်အမင်း ဈေးများနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ Kindle Paperwhite 3G ကတော့ screenအကျယ် ၆လက်မ သာရှိပေမယ့် ဈေးနှုန်းကလည်း ဒေါ်လာ ၁၉၀ သာ ဖြစ်ပါတယ်။

    sony paper
    ____________________________________

    Rubik’s Cube ကို 3.253 စက္ကန့်အတွင်း အဖြေညှိနိုင်တဲ့ စက်ရုပ်

    Cubestormer 3 လို့ အမည်ပေးထားတဲ့ စက်ရုပ်ကို ကစားစရာလီဂိုအပိုင်းတွေနဲ့ တည်ဆောက်ပြီး ကွန်ပျူတာအဖြစ် Samsung Galaxy S IV ကို အသုံးပြုထားပါတယ်။ ဒီစက်ရုပ်ကို တည်ဆောက်သူ နှစ်ဦးကတော့ ARM အင်ဂျင်နီယာ David Gilday နဲ့ Securi-Plex ကအင်ဂျင်နီယာ Mike Dobson တို့ဖြစ်ပါတယ်။ ပုံမှန် ၃x၃ အတုံးလေးတွေစီထားတဲ့ Rubik’s Cube ကို ၃.၂၅၃ စက္ကန့်နဲ့ မျက်နှာပြင်ခြောက်ဘက်ကို ညှိနိုင်ခဲ့လို့ ကမ္ဘာ့ ဂင်းနစ်စံချိန် တင်နိုင်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကတော့ နောက်ထက်ပိုမို အဆင့်မြင့်တဲ့ စက်ရုပ် နှစ်မျိုး ကိုလည်း တည်ဆောက်ခဲ့ပါသေးတယ်။ MultiCuber 3 စက်ကတော့ ၄x၄x၄ အတုံးလေးတွေ ပါတဲ့ Rubik’s Cube ကိုတော့ ၁မိနစ် 18.68 စက္ကန်နဲ့ ချိန်ညှိပေးနိုင်ပြီး MultiCuber 999 စက်က ၉x၉x၉ Rubik’s Cube ကို ၃၄မိနစ် ၂၅.၈၉ စက္ကန် နဲ့ ချိန်ညှိနိုင်ပါတယ်။
    video https://www.youtube.com/watch?v=X0pFZG7j5cE

    rubik
    ____________________________________
    NASA က ရုရှနှင့် လုပ်ဆောင်မှုတွေကို လျှော့ချမည်

    ရုရှနိုင်ငံက ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသကို သိမ်းပိုက်လိုက်တဲ့ နောက်မှာ အမေရိကန်က ရုရှ အစိုးရခေါင်းဆောင် အချို့ကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ပေမယ် နိုင်ငံတကာ အာကာသစခန်း နဲ့ပတ်သတ်ရင်တော့ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားရအုံးမှာ ဖြစ်ပါတယ်။ NASA က အာကာသ လွန်းပျံယာဉ် အစီအစဉ် ရပ်နားခဲ့ပြီးတဲ့နောက် ရုရှရဲ့ ဆိုယုဇ် အာကာသယာဉ်တွေကို အားကိုးနေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ ၂၅ရက်ကပဲ ရုရှ နှစ်ဦး အမေရိကန်တစ်ဦး ဟာ ဆိုယုဇ် အာကာသယာဉ်နဲ့ နိုင်ငံတကာ အာကာသစခန်း ကို တက်ရောက်ခဲ့ရပါတယ်။ NASA တာဝန်ရှိသူတွေကတော့ ရုရှနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေကို လျှော့ချ သွားမယ်လို့ ပြောပေမယ့် NASA အာကာသယာဉ် အသစ်ကတော့ ၂၀၁၇မှသာ စတင်နိုင်မှာ ဖြစ်ပါတယ်။ အခြား ဖြစ်နိုင်ခြေကတော့ ပုဂ္ဂလိကပိုင် SpaceX ရဲ့ အာကာသယာဉ်နဲ့ ၂၀၁၅မှာ လူလိုက်ပါနိုင်တဲ့ ခရီးစဉ် စတင်ဖို့ပဲ ဖြစ်ပါတယ်။

    NASA ISS

    ____________________________________
    ပိုးမွှားတစ်မျိုးကြောင့် သတ္တဝါတွေ မျိုးသုန်းကွယ်ပျောက်ခဲ့

    လွန်ခဲ့တယ် နှစ်ပေါင်း ၂၅၂ သန်းအကြာက ၉၀%သော ရေနေသတ္တဝါတွေနဲ့ ၇၀%သော ကုန်းနေသတ္တဝါတွေဟာ Methanosarcina လို့ခေါ်တဲ့ ပိုးမွှားကြောင့် မျိုးသုန်းပျောက်ကွယ် ခဲ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ Massachusetts Institute of Technology က သုတေသန အရ ဒီပိုးမွှားတွေဟာ အခြား ပိုးမွှားရဲ့ မျိုးရိုးဗီဇကို ကူးပြောင်းရာကနေ မီသိန်းဓါတ်ငွေ့ အလွန်အမင်းထုတ်လွှတ်ခဲ့တဲ့အတွက် ပင်လယ်မှာ အက်ဆစ်ဓါတ်မြင့် တက်ခဲ့ပြီး လေထုကို ညစ်ညမ်းစေခဲ့ပါတယ်။ ဒီပိုးမွှားဟာ ဆဲလ်တစ်ခု ဘက်တီးရီးယား ဖြစ်ပြီး ဆဲလ်ထဲမှာ နူကလီးယပ်စ် မပါဝင်တဲ့အပြင် အခြားထူးခြားတဲ့ ဆဲလ်တည်ဆောက်ပုံတွေ ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

    microbe

  • တန်းဆင်းဇုန်နား ရောက်နေသည့် နော်ဝစ်ခ်ျ အသင်း နည်းပြ ထုတ်ပယ်ခံရ

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ပရီးမီးယားလိဂ်တွင် အဆင့် ၁၇ သို့ရောက်ရှိနေပြီး ရလဒ်များဆိုးဝါးနေသည့် နော်ဝစ်ခ်ျအသင်းက ၎င်းတို့၏ နည်းပြဖြစ်သူ ခရစ်ဟူတန်အား ထုတ်ပယ်လိုက်ပြီဟု ကြေညာခဲ့သည်။

    Neil Adams

    နော်ဝစ်ခ်ျအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ၆ ပွဲတွင် လေးပွဲအထိ ရှုံးနိမ့်ထားပြီး၊ ရာသီပြီးဆုံးရန် ၅ ပွဲသာ လိုတော့ချိန်တွင် အဆင့် ၁၇ နေရာတွင်ရှိနေသည်။ ထို့ကြောင့် ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက် မပေးနိုင်သည့် နည်းပြဟူတန်အား ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

    လစ်လပ်သွားသော နည်းပြနေရာအတွက် ယခင်နော်ဝစ်ခ်ျအသင်း တောင်ပံကစားသမားဖြစ်ပြီး လူငယ်အသင်းအား FA လူငယ်ဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည့် နီးလ်အဒမ်အား ခန့်အပ်ခဲ့သည်ဟု အသင်း၏ကြေညာချက်တွင် ဖော်ပြထားသည်။

    နော်ဝစ်ခ်ျအသင်းအတွက် ၆ နှစ်ကြာကစားခဲ့ပြီး လက်ရှိတွင် ယူ ၁၈ အသင်းအား တာဝန်ယူကိုင်တွယ်နေသည့် အဒမ်က အသင်းကြီးအား ကိုင်တွယ်ခွင့်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ လက်ကျန် ၅ ပွဲမှာ မိမိတို့အတွက် စမ်းသပ်မှုကြီးတစ်ခုဖြစ်ပြီး၊ ပရိတ်သတ်များ၏ ထောက်ခံမှုနှင့်အတူ ရည်မှန်းချက်အောင်မြင်ရန် အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Goal

    Photo-BBC