News @ M-Media

Blog

  • ကိုယ်ပိုင်အာကာသစခန်းအတွက် ယာဉ်မှူး ၃ ဦးကို တရုတ် စေလွှတ်

    ကိုယ်ပိုင်အာကာသစခန်းအတွက် ယာဉ်မှူး ၃ ဦးကို တရုတ် စေလွှတ်

    ဇွန် ၁၇၊ ၂၀၂၁
    M-Media

    -ကိုယ်ပိုင် အာကာစခန်းတည်ဆောက်ရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တရုတ်ဟာ ဒီက​နေ့မှာ အာကာသယာဉ်မှူး ၃ ဦးကို စေလွှတ်လိုက်ပါတယ်။

    ယာဉ်မှူးတွေ လိုက်ပါသွားတဲ့ Shenzhou-12 အာကာသယာဉ်ကို နိုင်ငံအနောက်မြောက်ပိုင်း Jiuquan စခန်းကနေ လွှတ်တင်ခဲ့တာပါ။ ပြီးခဲ့တဲ့လအနည်းငယ်က လွှတ်တင်ထားတဲ့ အာကာသစခန်း Tiangong ရဲ့ အဓိကအစိတ်အပိုင်း Tianhe နဲ့ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။

    ဒါဟာ ၅ နှစ်အတွင်း တရုတ်ရဲ့ ပထမဆုံး လူလိုက်ပါတဲ့ အာကာသ ခရီးစဉ်လည်း ဖြစ်ပါတယ်။

    အာကာသထဲ လူသားစေလွှတ်ရေး စီမံကိန်းရဲ့ လက်ထောက်ဒါရိုက်တာ ချန်ရှန်ဂွမ်းက အခုပထမအဆင့်ဟာ ချောချောမွေ့မွေ့ ဖြစ်ခဲ့ပေမယ့် ရှေ့ဆက် စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    အာကာသယာဉ်မှူး ၃ ဦးဟာ Tianhe အစိတ်အပိုင်း ထဲမှာ ၃ လကြာနေထိုင်ကာ အာကာသစခန်း အကောင်အထည်ပေါ်လာရေး စီမံဆောင်ရွက်မှာ ဖြစ်ပါတယ်။

    ၂၀၃၀ ခုနှစ်မှာ အာကာသအင်အားကြီးနိုင်ငံဖြစ်လာရေး တရုတ်ရဲ့ စီမံကိန်းမှာ ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်ရေးလည်း ပါဝင်ပါတယ်။ ဒီအာကာသစခန်းရဲ့ ပထမဆုံးအစိတ်အပိုင်း Tianhe ကို ဧပြီလမှာ တရုတ်က လွှတ်တင်ခဲ့ပါတယ်။

    တရုတ်ဟာ အမေရိကန်ပြီးရင် ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာမှာဖြစ်ပြီး၊ အင်္ဂါဂြိုဟ်ပေါ်ကို ဂြိုဟ်ဆင်းယာဉ် စေလွှတ်နိုင်မှုမှာလည်း အမေရိကန်ပြီးရင် ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကုလသမဂ္ဂ မှတ်တမ်းအမှားကြောင့် မြန်မာအတွက် မြောက်ကိုရီးယားက ငွေလှူဒါန်းခဲ့ဟု နိုင်ငံတကာ မီဒီယာများ ဖော်ပြမိ

    ကုလသမဂ္ဂ မှတ်တမ်းအမှားကြောင့် မြန်မာအတွက် မြောက်ကိုရီးယားက ငွေလှူဒါန်းခဲ့ဟု နိုင်ငံတကာ မီဒီယာများ ဖော်ပြမိ

    ဇွန် ၁၇၊ ၂၀၂၁
    M-Media

    ဇွန် ၁၇၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂကနေတစ်ဆင့် တောင်ကိုရီးယားဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ သိန်း လှုဒါန်းခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေအရ သိရပါတယ်။
    ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA ရဲ့ မှတ်တမ်းအရ တောင်ကိုရီးယားဟာ မေလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေအတွက် ဒီလို လှူဒါန်းခဲ့တာပါ။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်မငြိမ်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေကြောင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ပိုမိုကြီးမားလာပြီး ဒါကိုဖြေရှင်းဖို့ ကန်ဒေါ်လာ ၂၇၆ သန်းလောက် လိုအပ်မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

    မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် တောင်ကိုရီးယားဟာ အရင်ကလည်း ဒေါ်လာ ၆ သိန်း ကုလသမဂ္ဂကို လှူဒါန်းထားပါတယ်။

    မြန်မာစစ်တပ်နဲ့ ရထားတဲ့ ကာကွယ်ရေးသဘောတူညီချက်တွေ၊ လက်နက်ရောင်းချတာတွေကိုတော့ တောင်ကိုရီးယားက ရပ်ဆိုင်းထားပါတယ်။

    မြောက်ကိုရီးယားက မြန်မာအတွက် ဒေါ်လာ ၃ သိန်းလှူဒါန်းတယ်လို့ ကုလရဲ့ အချက်အလက်တွေကို ကိုးကားပြီး နိုင်ငံတကာမီဒီယာတွေက အစောပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

    OCHA ကတော့ သူတို့ရဲ့ မှတ်တမ်းမှာ တောင်ကိုရီးယားကို မြောက်ကိုရီးယားလို့ မှားယွင်းရေးသားမိခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းဌာကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • စစ်ကောင်စီ၏ လူမဆန်မှုများကို ထိထိရောက်ရောက်တားဆီးရန် ကုလသမဂ္ဂထံ မြန်မာသံအမတ်ကြီး စာပို့တောင်းဆို

    စစ်ကောင်စီ၏ လူမဆန်မှုများကို ထိထိရောက်ရောက်တားဆီးရန် ကုလသမဂ္ဂထံ မြန်မာသံအမတ်ကြီး စာပို့တောင်းဆို

    ဇွန် ၁၅၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

    ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂက ကြိုးပမ်းမှုတစ်ချို့ ရှိခဲ့ပေမယ့် ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံတစ်ချို့က ကန့်ကွက်မှုတွေ ရှိတာပါ။

    စစ်ကောင်စီကို အသိအမှတ်ပြုဖို့ ငြင်းဆိုထားတဲ့ ဦကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်လာနိုင်ချေကို တားဆီးဖို့ မေလ ၂၈ ရက်နေ့က ကုလသမဂ္ဂကိုပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ ဒီစာကို မနေ့က တရားဝင်ထုတ်ပြန်တာပါ။

    “​လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ချေ၊ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ဖြစ်လာနိုင်ချေတွေကို တားဆီးရေး နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းပြီး ထိရောက်တဲ့ အရေးယူမှုတွေ အလျင်အမြန်လုပ်ဖို့ အလွန်လိုအပ်နေပါတယ်”

    နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ခိုင်မာတိကျတဲ့ အရေးယူမှုမျိုး မရှိဘူးဆိုရင် စစ်​ကောင်စီတပ်တွေဟာ အရပ်သားတွေကို လူမဆန်စွာ ကျူးလွန်သတ်ဖြတ်မှုတွေ ဆက်လုပ်နေမှာဖြစ်ပြီး၊ နိုင်ငံအတွင်းက အပစ်မဲ့အရပ်သားတွေ ထပ်မံ သေကြေပျက်ဆီးလိမ့်မယ်လို့လည်း ဦးကျော်မိုးထွန်းက ထည့်သွင်းရေးသားထားပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိရောက်တဲ့ တုန့်ပြန်မှု မရှိတာဟာ စစ်ကောင်စီတပ်တွေက ဆန္ဒပြသူတွေအပေါ် ရက်ရက်စက်စက်ဖြိုခွဲဖို့ အထောက်အပံ့ပေးသလို ဖြစ်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

    “ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်တပ်အပေါ် တိကျခိုင်မာတဲ့ အရေးယူမှုမျိုးသာ အချိန်မီလုပ်ခဲ့မယ်ဆိုရင် အပစ်မဲ့သူ ၈၀၀ ကျော် သေဆုံးမှုကို တားဆီးနိုင်မှာပါ”

    မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဧပြီလ ၃၀ ရက်နေ့က နောက်ဆုံး ကျင်းပခဲ့ပြီး အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေး တိုက်တွန်းခဲ့ပါတယ်။

    အာဏာသိမ်းစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်ရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့လက အတည်ပြုဖို့ စီစဉ်ထားပေမယ့် တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်တာကြောင့် ကြာနေတာ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံမှာ တစ်လကျော်ကြာနေထိုင်ခဲ့ပြီး မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂီနာကို ခေါ်ယူကာ မြန်မာ့အရေး ကြားနာသွားမယ်လို့ လုံခြုံရေးကောင်စီက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref : The Star

  • အိန္ဒိယတွင် မိန်းမ ၃၈ ယောက်ယူထားသည့် အဖိုးအို ကွယ်လွန်

    အိန္ဒိယတွင် မိန်းမ ၃၈ ယောက်ယူထားသည့် အဖိုးအို ကွယ်လွန်

    ဇွန် ၁၅၊ ၂၀၂၁
    M-Media

    -မိန်းမ ၃၈ ယောက်ယူကာ ကလေး ၈၉ ယောက်မွေထားတဲ့ အိန္ဒိယက ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ဇီယိုနာ ချာနာဟာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

    မီဇိုရမ်ပြည်နယ်က အသက် ၇၆ နှစ်အရွယ်ရှိတဲ့ ချာနာဟာ Chana Pawl ဆိုတဲ့ ခရစ်ယာန်ဘာသာရေးဂိုဏ်းတစ်ခုကို ဦးဆောင်သူပါ။ မိန်းမအများအပြားယူတာကို အားပေးတဲ့ ဒီဂိုဏ်းကို ချာနာရဲ့ဖခင်က ၁၉၄၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

    မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက ကမ္ဘာ့အကြီးဆုံး မိသားစုကို ဦးဆောင်တဲ့ ချာနာ သေဆုံးမှုအတွက် ၀မ်းနည်းရတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ချာနာရဲ့မိသားစုကြောင့် မီဇိုရမ်က ဘက်တာ၀မ်ရွာဟာ ခရီးသွားလုပ်ငန်းရဲ့ အချက်အခြာနေရာ ဖြစ်လာတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ချာနာမှာ မြေး ၃၃ ယောက်ရှိပါတယ်။ ဆီးချို၊ သွေတိုးရောဂါတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး၊ ကွန်ဂရက်ပါတီက ထင်ရှားတဲ့ နိုင်ငံရေးသမားလည်းဖြစ်တဲ့ လာလ် သန်ဟော်လာက ချာနာကွယ်လွန်မှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ချာနဟာ ၁၉၅၉ ခုနှစ် အသက် ၁၇ နှစ်အရွယ်မှာ ပထမဆုံး အိမ်ထောင်ပြုခဲ့ပြီး၊တစ်နှစ်အတွင်း မိန်းမ ၁၀ ယောက်အထိ ယူတာမျိုး ရှိခဲ့ပါတယ်။ ချာနာရဲ့ နောက်ဆုံး လက်ထပ်မှုဟာ ၂၀၀၄ ခု နှစ်ကဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို ယူခဲ့တာပါ။

    အိန္ဒိယ ဥပဒေအရ မယားပြိုင်ထားတာကို ခွင့်မပြုပေမယ့် နိုင်ငံအရှေ့မြောက်ပိုင်းက လူမျိုးစုတစ်ချို့ရဲ့ ထုံးတမ်းဥပဒေမှာတော့ မယားပြိုင်ထားမှုကို တရား၀င်တယ်လို့ သတ်မှတ်ထားပါတယ်။

    Ref: Reuters

  • ပါရမီရှင်ကျောင်းသားများအား ထူချွန်အောင်လေ့ကျင့်ပေးမည့် အစီအစဉ်တစ်ခု ဆော်ဒီစတင်

    ပါရမီရှင်ကျောင်းသားများအား ထူချွန်အောင်လေ့ကျင့်ပေးမည့် အစီအစဉ်တစ်ခု ဆော်ဒီစတင်

    ဇွန် ၁၄၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်းက အလားအလာရှိတဲ့ ကျောင်းသူကျောင်းသားတွေကို ရွေးချယ်ပြီး သီးသန့် လေ့ကျင့်သင်ကြားပေးမယ့် ပညာရေးစွမ်းရည်မြှင့်သင်တန်းကို ဆော်ဒီအာရေဗျက စတင်လိုက်ပါတယ်။

    အစိုးရအကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ ‘ပါရမီနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ဖောင်ဒေးရှင်း’ (Mawhiba) က ပြုလုပ်တဲ့ ဒီစွမ်းရည်မြှင့်သင်တန်းဟာ ဇွန်လ ၁၃ ရက်နေ့ကနေ ဇူလိုင် ၁ ရက်နေ့အထိ ၂၁ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။

    ဒီအစီအစဉ်ဟာ ကမ္ဘာ့အကြီးမားဆုံး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ စွမ်းရည်မြှင့်သင်တန်တစ်ခုလည်း ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်းက ပါရီရှိတဲ့ ကျောင်းသူ၊ ကျောင်းသား ၆ ထောင်ကို ပညာရေးဝန်ကြီးဌာနက ရွေးချယ်ပြီး တက္ကသိုလ် ၅ ခုကနေ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာပညာ၊ ဆေးပညာ စတဲ့ ဘာသာရပ်တွေကို သင်ကြားပို့ချပေးမှာပါ။

    သင်ကြားမှုကို အွန်လိုင်းနဲ့ လူကိုယ်တိုင် ၂ ဖွဲ့ခွဲ့ထားပြီး အွန်လိုင်း သင်တန်းမှာတော့ ၂၁ ရက်တာ ကာလအတွင်း တက်ရက်ကို ၄ နာရီ စာသင်ချိန်- သတ်မှတ်ထားပါတယ်။ ၃ နာရီက ဆရာတွေ သင်ကြားမှာဖြစ်ပြီး ၁ နာရီက ကျောင်းသားတွေ လက်တွေ့ လေ့ကျင့်ရမှာပါ။

    စာသင်ခန်းက လူကိုယ်တိုင်သင်ကြားမှုမှာတော့ တစ်ရက်ကို ၆ နာရီ သတ်မှတ်ထားပြီး ၄ နာရီ စာသင်ကာ ၂ နာရီ လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။

    ဒီစွမ်းရည်မြှင့်အစီအစဉ်ရဲ့ ဒုတိယအဆင့်က ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဖြစ်ပါတယ်။

    “ပညာရပ်ဆိုင်ရာ စွမ်းရည်မြှင့်တဲ့ ဒီအစီအစဉ်မှာ သိပ္ပံဘာသာရပ်တွေ သင်ကြားပေးတာနဲ့ လက်တွေ့ကျွမ်းကျင်မှု မြှင့်တင်ပေးတာတွေ ပါဝင်မှာပါ။ ကျောင်းသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လူမှုဆိုင်ရာတွေ သင်ပေးမှာဖြစ်သလို၊ ၂၁ ရာစုမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကိုလည်း လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်” လို့ Mawhiba က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Arab News