News @ M-Media

Blog

  • အသင်းလက်မဲ့ဖြစ်နေသည့် အနယ်လ်ကာအား ဘရာဇီးလ် ကလပ် မင်နီရိုအသင်းမှ ခေါ်ယူ

    ဧပြီ ၇ ၊ ၂၀၁၄
    M-Media

    – ဂိုးသွင်းပြီး အောင်ပွဲခံရာတွင် အငြင်းပွားဖွယ် ဂျူးဆန့်ကျင်ရေး အမူအရာပြုလုပ်ခဲ့သည်နှင့် ပတ်သက်၍ ၀က်စ်ဘရွန်းအသင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသော ပြင်သစ် တိုက်စစ်မှူး အနယ်လ်ကာအား ဘရာဇီးကလပ် အက်သလက်တီကို မင်နီရိုအသင်းက ခေါ်ယူခဲ့သည်ဟု သိရသည်။

    378781_heroa

    အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အနယ်လ်ကာမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုတွင် အငြင်းပွားဖွယ် ဂျူးဆန့်ကျင်ရေးအမူအရာဖြင့် အောင်ပွဲခံခဲ့ပြီးနောက် ထိုအပြုအမူကြောင့် FA က ၅ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် ၀က်စ်ဘရွန်းအသင်းကလည်း ၎င်းနှင့် ချုပ်ဆိုထားသော စာချုပ်အား ဖျက်သိမ်းခဲ့သည်။

    အသင်းလက်မဲ့ဖြစ်နေသည့် အနယ်လ်ကာအား ခေါ်ယူနိုင်ခဲ့ပြီဟု ဘရာဇီးကိုပါ လီဘာတာဒိုးစ် ချန်ပီယံ မင်နီရိုအသင်းက ၎င်းတို့၏ Twitter စာမျက်နှာတွင်ဖော်ပြခဲ့သည်။

    FA ကမူ အနယ်လ်ကာ၏ ပွဲပယ်ပြစ်ဒဏ်ကို တစ်ကမ္ဘာလုံးတွင် အကျုံးဝင်ရန် ဖီဖာအား တောင်းဆိုထားပြီး ဖီဖာမှ လက်ခံခဲ့ပါက အနယ်လ်ကာမှာ မင်နီရိုအသင်း၏ ပထမဆုံးကစားမည့် ပွဲစဉ် ၅ ပွဲတွင် ပါဝင်ခွင့်ရမည်မဟုတ်ချေ။

  • ရုရှားနိုင်ငံရှိ ပြည်နယ် တစ်ခုတွင် အာဇန်(၀တ်ပြုရန် ဖိတ်ခေါ်သံ) ဟစ်ကြွေးမှု ပြိုင်ပွဲပြုလုပ်

    ဧပြီ ၆၊ ၂၀၁၄
    M-Media

    konkurs_muedzin– ရုရှားနိုင်ငံ Saratov ပြည်နယ်ရှိ အစ္စလာမ့်ဓမ္မ သင်တန်းကျောင်းမှ ကလေးငယ်များ အာဇန် (၀တ်ပြုရန် ဖိတ်ခေါ်သံ) ဟစ်ကြွေးမှုပြိုင်ပွဲ တစ်ခုကို ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    The II Annual ဟု အမည်ပေးထားသည့် အဆိုပါ အာဇန် ဟစ်ကြွေးမှုပြိုင်ပွဲကို Sheikh Said  အစ္စလာမ့် ဓမ္မ သင်တန်းကျောင်းက ပြည်နယ် အစ္စလာမ့် ခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ သင်တန်းကျောင်းမှ ကျောင်းသားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

    နောက်ဆုံး ဇကာတင် ၁၂ ဦးအား အုပ်စု ၂ စုခွဲကာ ယှဉ်ပြိုင်စေခဲ့ပြီး အာဇန် ဖိတ်ခေါ်မှု စကားလုံးများ၏ အနက် အဓိပ္ပါယ်ကို နားလည်မှု၊ မှန်ကန်စွာ ရွတ်ဖတ် ဟစ်ကြွေးနိုင်မှုနှင့် ဟစ်ကြွေးရာတွင် သောတ ပသာဒ ရှိမှုတို့ကို အခြေခံကာ ဒိုင်လူကြီးများက အမှတ်ပေးရွေးချယ်ခြင်းဖြစ်သည်။

    အဆိုပါ ဓမ္မသင်တန်းကျောင်း၏ ကျောင်းအုပ် ရာဆင်မ် ဟာဇရတ် ကွဇ်ယာမီတော့ဗ်ကမူ ထိုကဲ့သို့ပြိုင်ပွဲများပြုလုပ်ပေးခြင်းက ကလေးငယ်များပေါ် ကောင်းမွန်သော လွှမ်းမိုးမှုရှိလာပြီး၊ ဘာသာတရားအား လေ့လာရန် အတွက် ၎င်းတို့အား လှုံဆော်ပေးသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ကလေးငယ်များ၏ နှလုံးသားများတွင် ယုံကြည်ချက် ခိုင်မာလာစေရန်အတွက် မိမိတို့၏အိမ်ရှိ ကလေးငယ်များအား အာဇန်ဟစ်ကြွေးမှု သင်ကြားပေးရန် မိဘများကိုလည်း တိုက်တွန်းခဲ့သည်။

    အစ္စလာမ်ဘာသာဝင်များမှာ တစ်နေ့လျှင် ဆွလာသ် ငါးကြိမ်ဝတ်ပြုရပြီး၊ အကြိမ်တိုင်းတွင် အာဇန် ဟစ်ကြွေးမှုကို ပြုလုပ်ရသည်။ ထိုဟစ်ကြွေးမှုတွင် အလ္လာဟ်အရှင်မြတ် ကြီးကျယ်မြင့်မြတ်တော်မှုကြောင်း ချီးကျူးခြင်း၊အလ္လာဟ် တစ်ပါးတည်း တည်ရှိကြောင်းနှင့် တမန်တော် မုဟမ္မဒ်သခင်မှာ လူသားများအား တရား လမ်းမှန်ကို ညွှန်ကြားပြသရန် အလ္လာဟ်အရှင်မြတ်က စေလွှတ်ကြောင်း သက်သေခံခြင်းနှင့် ဆွလာသ် ၀တ်ပြုရန်ဖိတ်ခေါ်ခြင်း စသည့် အဓိပ္ပါယ် သက်ရောက်သော အာရဗီစာပိုဒ်များပါဝင်သည်။
    Ref: islam.ru

  • တရားမ၀င် အိမ်ယာ ဆောက်လုပ်မှု နိုင်ငံတကာ၏ အစ္စရေးအပေါ် သပိတ်မှောက်မှု ဥရောပ နိုင်ငံများ ပါဝင်လာ

    ဧပြီ ၆ ၊ ၂၀၁၄
    M-Media

    ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက အိမ်ယာများ ဆောက်လုပ်မှုအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့ သပိတ်မှောက်မှုများ အတွင်း ဥရောပသမဂ္ဂလည်း ပါဝင်လာခဲ့သည်ဟု သိရသည်။

    356427_Israel-settlement

    ဥရောပနိုင်ငံခြားရေးရာ ပေါ်လစီ အကြီးအကဲ ကက်သရင်းအက်ရှ်တန်သို့ ဥရောပ ပါလီမန်အဖွဲ့ဝင် ၂၉ နိုင်ငံမှ ယမန်နေ့က ပေးပို့သောစာတွင် ပါလက်စတိုင်း ပိုင်နက်တွင် တရားမ၀င်အိမ်ယာများ ဆောက်လုပ်နေသည့် အစ္စရေး ကုမ္ပဏီများနှင့် ဆက်သွယ်သော ဥရောပ ကုမ္ပဏီများအား ဟန့်တားအရေးယူမှုများပြုလုပ်ရန် မိမိတို့မှ တိုက်တွန်းကြောင်း ရေးသားဖော်ပြခဲ့သည်။

    အဆိုပါ အစ္စရေးကုမ္ပဏီများနှင့် စီးပွားရေးအရ ဆက်သွယ်မှုမှာ အစ္စရေး၏ နိုင်ငံတကာဥပဒေအား ချိုးဖောက်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းတို့အား အားပေး အားမြှောက်ပြုခြင်းသာဖြစ်သည်ဟု ဥရောပ ဥပဒေပြုအမတ်များက ပြောကြားခဲ့သည်။

    “(အစ္စရေးရဲ့) အိမ်ရာတွေ ချဲ့ထွင်ဆောက်လုပ်မှုကို ဥရောပ စီးပွားရေးလုပ်ငန်းတွေက နည်းလမ်းပေါင်းစုံနဲ့ ကူညီနေတယ်ဆိုတဲ့ အထောက်အထား အများအပြားရှိပါတယ်” ဟု ကက်သရင်း အက်ရှ်တန်သို့ ပေးပို့သော ထိုစာတွင် ဖော်ပြထားသည်။

    ပါလက်စတိုင်းများ အပေါ်ထားရှိသည့် ရန်လိုသော ပေါ်လစီများအတွက် အစ္စရေးမှာ ဖယ်ထုတ်ခြင်းနှင့် ရင်ဆိုင်နေရပြီး၊ ၎င်း၏ တရားမ၀င်အိမ်ယာများအတွက်လည်း နိုင်ငံတကာမှ ဆန့်ကျင်မှုများရှိနေသည်။ ထိုတရားမ၀င် အိမ်ယာများတွင် အခြေပြုသည့် အစ္စရေး၏ ရပ်တည်မှုများကို ငွေကြေးထောက်ပံ့ခြင်းနှင့် ခွင့်ပြုချက်အားလုံးကိုလည်း ဥရောပသမဂ္ဂက ပိတ်ဆို့ခဲ့သည်။

    အမေရိကန်ပညာရေး အဖွဲ့တစ်ခုဖြစ်သည့် The American Studies Association နှင့် ဥရောပရှိ ပညာရေးဆိုင်ရာအဖွဲ့များစွာက ပါလက်စတိုင်းများအပေါ် အစ္စရေး၏ ခွဲခြားဆက်ဆံမှု အတွက် သပိတ်မှောက်သွားရန် ဆုံးဖြတ်ပြီးပြီဟု ပြီးခဲ့သည့်လများက ကြေညာခဲ့သည်။

    Boycott, Divestment and Sanctions (BDS) ဟုအမည်ရသော အစ္စရေးထွက်ကုန်များအား သပိတ်မှောက်သည့် လှုပ်ရှားမှုတစ်ခုကိုလည်း နိုင်ငံတကာက ပြုလုပ်ထားပြီး ထိုလှုပ်ရှားမှုကြောင့် ယခုအချိန်အထိ အစ္စရေးအစိုးရမှာ ကန်ဒေါ်လာ သန်း ၃၀ ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ ပါလက်စတိုင်း နယ်မြေများအတွင်း အစ္စရေး၏ တရားမ၀င် အိမ်ယာများ ဆောက်လုပ်ခြင်း ရပ်တန့်ရန်အတွက် နိုင်ငံတကာ၏ ဖိအားပေးမှုများတွင် BDS လှုပ်ရှားမှုမှာလည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။

    ပါလက်စတိုင်းပိုင်း အရှေ့ဂျေရုစလင်နှင့် အနောက်ဘက်ကမ်းခြေတို့အား ၁၉၆၇ ခုနှစ်တွင် အစ္စရေးက သိမ်းယူခဲ့ပြီးနောက်ပိုင်း ထိုဒေသများတွင် ဆောက်လုပ်ခဲ့သည့် တရားမ၀င်အိမ်ယာများမှာ ၁၂၀ ခန့်ရှိပြီး၊ ထိုအိမ်ရာများတွင် အစ္စရေးနိုင်ငံသား သန်းဝက်ခန့် နေထိုင်နေကြသည်။ ထို့ပြင် အနောက်ဘက်ကမ်းခြေရှိ အိမ်ယာ ၆ ခုတွင် လူ ၂၀၀၀ ကို ထပ်မံ၍ နေရာချထားပေးရန် အစ္စရေးက စီစဉ်နေသည်။
    DB/HSN/HRB

  • ကျွန်းပိုင်ဆိုင်မှုကိစ္စ တစ်ဖက်သတ် ဆောင်ရွက်ခြင်း မပြုရန် တရုတ်အား အမေရိကန် သတိပေး

    ဧပြီ ၆၊ ၂၀၁၄
    M-Media
    201446553271580_20
    – ဂျပန်နှင့် အခြားသော အရှေ့တောင် အာရှနိုင်ငံများနှင့် ဖြစ်ပွားနေသည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းများကို ဖြေရှင်းရာတွင် တစ်ဘက်သတ် ဆောင်ရွက်မှုများ မပြုလုပ်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က တရုတ်နိုင်ငံအား သတိပေး ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ၏ စစ်ရေးပြင်ဆင်မှု၊ အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်နိုင်ငံနှင့် အငြင်းပွားနေသော ကျွန်းစုအား ရဲရဲတင်းတင်း လုပ်ကိုင်ဆောင်ရွက်နေမှုများကြောင့် စိုးရိမ်မှုများ တိုးပွားလာနေသည့် မဟာမိတ် ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက် ရှိစဉ်အတွင်း ချက်ဟေဂယ်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ ဟေဂယ်မှာ မနက်ဖြန်တွင် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။

    “အင်အားကြီးနိုင်ငံတစ်ခုမှာ ကြီးမားတဲ့ တာဝန်ယူမှုလည်း ရှိရပါမယ်။ တရုတ်နိုင်ငံဟာ အင်အားကြီး နိုင်ငံတစ်ခုပါ” ဟု ဟေဂယ်ကဆိုပြီး တရုတ်နိုင်ငံ၏ စစ်အင်အား အသုံးပြုမှုနှင့် စပ်လျဉ်း၍လည်း တရုတ်နိုင်ငံနှင့် ဆွေးနွေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဟေဂယ်မှာ ပြီးခဲ့သည့် သီတင်းပတ်ကလည်း အရှေ့တောင်အာရှနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသည့် ပိုင်ဆိုင်မှုအငြင်းပွားခြင်းများနှင့် ပတ်သက်၍ အမေရိကန်မှာ စိုးရိမ်မှု ကြီးထွားလာနေသည်ဟု သတိပေးခဲ့သည်။

  • ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရ၍ နှစ်ပတ်လည် အခမ်းအနား ပြင်သစ် မတက်တော့

    ဧပြီ ၆၊ ၂၀၁၄
    M-Media

    – ရ၀မ်ဒါလူမျိုးတုန်းသ တ်ဖြတ်မှုတွင် ပြင်သစ်နိုင်ငံ ပါဝင်ခဲ့သည်ဟု ရ၀မ်ဒါသမ္မတက စွပ်စွဲခဲ့ပြီးနောက် လူမျိုးတုန်း သတ်ဖြတ်မှု နှစ် ၂၀ မြောက် ၀မ်းနည်းဖွယ် အခမ်းအနားကို တက်ရောက်တော့မည် မဟုတ်ဟု ပြင်သစ်နိုင်ငံက ပြောကြားလိုက်သည်။

    357379_Rwanda-genocide

    ၁၉၉၄ ခုနှစ်တွင် ရ၀မ်ဒါ၌ဖြစ်ပွားခဲ့သော လူမျိုးတုန်း သတ်ဖြတ်မှုအတွက် နိုင်ငံရေးအရ ပြင်ဆင်မှုများပြုလုပ်မှုတွင် ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတို့မှာ တိုက်ရိုက်ပါဝင်ခဲ့သည်ဟု ရ၀မ်ဒါသမ္မတ ပေါလ် ကာဂိမ်းက ပဲရစ်မြို့ထုတ် အပတ်စဉ်ဂျာနယ် Jeune Afrique ၏အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

    ကာဂိမ်း၏ ထိုပြောကြားချက်က နှစ်နိုင်ငံကြား ရင်ကြားစေ့ရေး ကြိုးပမ်းမှုကို အနှောက်အယှက်ဖြစ်စေသည်ဟု ပြင်သစ်ဘက်က ပြန်လည်တုံ့ပြန်ခဲ့ပြီး ရ၀မ်ဒါမြို့တော် ကီဂါလီ၌ မနက်ဖြန်တွင်ပြုလုပ်မည့် လူမျိုးတုန်းသတ်ဖြတ်မှု နှစ် ၂၀ မြောက် ၀မ်းနည်းဖွယ် အခမ်းအနားအား ပြင်သစ် တရားရေးဝန်ကြီးက တက်ရောက်ရန် စီစဉ်ထားမှုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    နိုင်ငံတောင်ပိုင်း လူသားချင်းစာနာသည့် တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြင်သစ်စစ်သားများကိုလည်း “သွေးကန်ထဲမှ မင်းသားများ” ဟု ကာဂိမ်းက စွပ်စွဲခဲ့ပြီး၊ ပြင်သစ်ဘက်ကမူ ထိုစွပ်စွဲချက်အား ငြင်းဆိုခဲ့ကာ ၎င်းတို့၏စစ်သားများမှာ အရပ်သားများအား ကာကွယ်ခဲ့သည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

    ရ၀မ်ဒါ-ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အေးစက်ခဲ့သော်လည်း နောက်ပိုင်းတွင် အနည်းငယ် တိုးတက်ခဲ့သည်။ ပြင်သစ် ဘက်ကမူ ရ၀မ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ရ၀မ်ဒါစစ်တပ် အရာရှိဟောင်း ပါစကယ် စင်မ်ဘီကန်ဂွါအား  ပြီးခဲ့သည့်လက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီး ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ပထမဆုံး ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

    AFP