News @ M-Media

Blog

  • DVBT-2 လွှင့်စက်ရုံတိုးချဲ့ခြင်းနှင့် Set Top Box များ အခဲ့မဲ့ ဆက်လက်ဖြန့်ဝေသွားမည်

    DVBT-2 လွှင့်စက်ရုံတိုးချဲ့ခြင်းနှင့် Set Top Box များ အခဲ့မဲ့ ဆက်လက်ဖြန့်ဝေသွားမည်

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    လမင်း

    DSC00601

    ရန်ကုန်  ။     ။     မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနမှ DVBT-2 လွှင့်စက်ရုံတိုးချဲ့ခြင်းနှင့် Set Top Box များအခဲ့မဲ့ဆက်လက်ဖြန့်ဝေသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဦးဝင်းကြည်က ယနေ့ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့အနေနဲ့ မြို့ရွာတွေကကျောင်းတွေ၊ မိဘမဲ့ကလေးကျောင်းတွေ၊ ဂေဟာတွေ လိုအပ်နေတဲ့ နေရာတွေကို အဓိကထားပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မရောက်သေးတဲ့ မြို့တွေကိုလည်း ရောက်ရှိနိုင်အောင်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တကယ်လိုအပ်မယ့် ဒေသတွေကို ရောက်အောင်အရင် ပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    Analogue စနစ်မှ Digital စနစ်သို့ကူးပြောင်း၍ စက်ရုံများတည်ဆောက်ပြီး စစ်တွေ၊မော်လမြိုင်၊ ဘားအံ၊ မိတ္တီလာ၊ တောင်ငူ၊ တောင်ကြီး၊ ပုသိမ်၊ ကျောင်းကုန်း၊ မင်းဘူး၊ ပြည် အစရှိသည့်မြို့များတွင် စမ်းသပ်တပ်ဆင်ပြီး ထုတ်လွှင့်လျက်ရှိသည်။ ယနေ့အထိစက်ရုံပေါင်း ၁၃ ရုံကို ဒီဂျစ်တယ်စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့်မှုဆောင်ရွက်ပြီးဖြစ်သည်။

    ထိုကဲ့သို့ Analogue စနစ်မှ Digital စနစ်သို့ဖြင့် စတင်ပြောင်းလဲ ထုတ်လွှင့်နေသည့် ဒေသများတွင် ကြည့်ရှုသူများမှ DVBT-2 Set Top Box များကို သုံးစွဲ၍ဖမ်းယူကြည့်ရှုရမည်ဖြစ်ရာ DVBT-2 Set Top Box များကိုနိုင်ငံတောအနေနှင့်လိုအပ်သည့်နေရာများကို အခဲ့မဲ့ဖြန့်ဖြူးသွာရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

  • အငြင်းပွားနေသော ကျွန်းအား မူလတန်းပြဌာန်း စာအုပ်တွင် ဂျပန်ထည့်သွင်းမှု တောင်ကိုရီးယားဝေဖန်

    အငြင်းပွားနေသော ကျွန်းအား မူလတန်းပြဌာန်း စာအုပ်တွင် ဂျပန်ထည့်သွင်းမှု တောင်ကိုရီးယားဝေဖန်

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    – နှစ်နိုင်ငံ အငြင်းပွားနေသည့် ကျွန်းအား မူလတန်းကျောင်း ပြဌာန်း စာအုပ်တွင် ဂျပန်ပိုင် အဖြစ် ဖော်ပြထားခြင်းကို တောင်ကိုရီးယားနိုင်ငံက ယနေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားမှု ပြုလုပ်ခဲ့သည်။

    ဂျပန်မူလတန်းကျောင်း Grade 5 နှင့် Grade 6 လူမှုရေး ပြဌာန်း စာအုပ်တွင် တောင်ကိုရီးယားက Dokdo ဟုခေါ်ပြီး ဂျပန်နိုင်ငံမှ Takeshima ဟု အမည်ပေးထားသည့် ဂျပန် ပင်လယ်ပြင်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော အဆိုပါကျွန်းအား ဂျပန် ပိုင်နက်အဖြစ် ဖော်ပြရန် ပညာရေးဝန်ကြီးဌာက ပုံနှိပ်လုပ်ငန်း ၄ ခုအား ခွင့်ပြုခဲ့ပြီးနောက် တောင်ကိုရီးယား ဘက်က ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းက တောင်ကိုရီးယား ပိုင်နက်အား တရားမ၀င် ကျူးကျော် သိမ်းပိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ ပြဌာန်းစာအုပ်အား ၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင် စတင်အသုံးပြုမည်ဖြစ်ပြီး၊ တောင်တရုတ် ပင်လယ်အတွင်းရှိ ဂျပန်ပိုင် Senkaku(တရုတ်အခေါ် Diaoyu) ကျွန်းကို တရုတ်သင်္ဘောများက တရားမ၀င် ထိန်းချုပ်ထားသည်ဟုပါ ထည့်သွင်းဖေါ်ပြထားသည်။

    ဂျပန်မူလတန်းကျောင်းသားများအတွက် ၂၀၁၀ ခုနှစ်တွင် အတည်ပြုခဲ့သည့် ပြဌာန်းစာအုပ် ငါးအုပ်၌ တစ်အုပ်တွင်သာ Dokdoနှင့် Diaoyu ကျွန်းများ အကြောင်းဖော်ပြထားသည်။ ထို့ပြင် အငယ်တန်းနှင့် အကြီးတန်း အထက်တန်းကျောင်းသားများအား သင်ကြားရေး လက်စွဲစာအုပ်များတွင် Dokdoနှင့် Diaoyu ကျွန်းတို့အား ဂျပန်ပိုက်နက်အဖြစ် ပြင်ဆင်ရန် ယခုနှစ်ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ဂျပန်အစိုးရက သဘောတူခဲ့သောကြောင့် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ဒေါသထွက်ခဲ့သည်။

    အထက်တန်းကျောင်းသားများ၏ သင်ကြားရေး လက်စွဲ စာအုပ်များတွင် ထိုကဲ့သို့ ပြင်ဆင်ခဲ့ပြီး မူလတန်း ပြဌာန်း စာအုပ်များတွင်ပါ ထိုအကြောင်းအရာအား ထည့်သွင်းရန် ဂျပန်အစိုးရ၏ ခွင့်ပြုမှုကို မိမိတို့အစိုးရက ရှုတ်ချကြောင်း ၊ လိုရာဆွဲ သင်ကြားခြင်း၊ အဖြစ်မှန်အား ဖုံးကွယ်ထားခြင်းက နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဝေးကွာ စေသည့် ရလဒ်သာ ထွက်ပေါ်လာလိမ့်မည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။
    ဆင်ဟွာ

  • ဘာစီလိုနာ၏ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှု မိမိတို့ စနက် မဟုတ်ဟု ရီးယဲလ်ဆို

    ဧပြီ ၅၊ ၂၀၁၄
    M-Media

    – ဘာစီလိုနာအသင်းအား အပြောင်းအရွှေ့မပြုလုပ်ရန် ဖီဖာမှ ပြစ်ဒဏ်ချမှတ်ခဲ့သည့် အပေါ် မိမိတို့အသင်းအနေဖြင့် ပါဝင်ပတ်သက်မှု မရှိဟု ရီးယဲလ် ဒုတိယဥက္ကဌ ပက်ဒရို လိုပက်ဇ် ဂျီမီနက်ဇ်က ပြောကြားခဲ့သည်။

    386101_heroa

    အသက် ၁၈ နှစ်အောက် နိုင်ငံခြားကစားသမားများအား ခေါ်ယူစုဆောင်းခြင်းနှင့် ပတ်သက်သော စည်းကမ်းချက်များကို ဘာကာမှ ချိုးဖောက်မှုအတွက် လာမည့်အပြောင်းအရွှေ့ကာလနှစ်ခုတွင် ကစားသမားခေါ်ယူခြင်း၊ ရောင်းချခြင်းမပြုရန် ဖီဖာမှ မကြာသေးမီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

    အသင်း၏ လူငယ်ကစားသမားပေါ်လစီအတွက် အမည်မဖေါ်လိုသည့် ကလပ်အသင်းတစ်ခုက ထူးခြားသည့် တိုင်ကြားမှုများ ရှိခဲ့သောကြောင့် ဖီဖာက စုံစမ်းခဲ့ခြင်းဖြစ်သည်ဟု ဘာကာနည်းပြ ဘာတိုမြူက ယမန်နေ့တွင်ပြောကြားခဲ့ပြီးနောက်၊ ထိုတိုင်ကြားမှုတွင် ရီးယဲလ်အသင်းမှာ တစ်နည်းနည်းဖြင့် ပါဝင်သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း ဂျီမီနက်ဇ်ကမူ ၎င်းတို့၏ ခါးသီးသောပြိုင်ဘက် ဘာစီလိုနာအား ပြစ်ဒဏ်ချမှတ်မှုတွင် မိမိတို့ ပါဝင်ခြင်းမရှိဟု ဆိုသည်။

    “ဘာစီလိုနာ အပေါ် ဒီလိုပြစ်ဒဏ် ချမှတ်မှုဟာ ရီးယဲလ်အသင်းနဲ့ရော၊ ဖီဖာရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကျွန်တော်နဲ့ရော ဘာမှ ပတ်သက်မှုမရှိပါဘူး။ ကစားသမားပြောင်းရွှေ့မှု အခြေအနေ စောင့်ကြည့်ရေးကော်မတီမှာ ကျွန်တော့်ရဲ့ အဖွဲ့ဝင်ဖြစ်မှုကလည်း ဖလော်ရန်တီနို ပီရက်ဇ်(ရီးယဲလ်ဥက္ကဌ)၊ ရီးယဲလ်အသင်းနဲ့ ဆက်စပ်မှု မရှိပါဘူး” ဟု ဂျီမီနက်ဇ်က AS သတင်းစာသို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်းကမူ ထိုပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ကြာသာပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဘာကာမှာ နေးမာ၏ အပြောင်းအရွှေ့ကိစ္စအတွက်လည်း တရားရုံး၌ တရားရင်ဆိုင်နေရသည်။
    Goal

  • လှည်းကူးမှ ဆူပူမှု ဖမ်းဆီးထားသူ မရှိသေးကြောင်း ဒုရဲမှူးကြီးပြော၊ ရန်ပွဲမှာ ဒဏ်ရာရခဲ့သူ မျက်လုံး ထိခိုက်မှုမရှိ

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    ဇာဏီ

    လှည်းကူးမှ ဆူပူ သောင်းကျန်းသူ ဖျက်ဆီးသူများအား ဖမ်းဆီး အရေးယူမှု  မရှိသေးကြောင်း ဒုရဲမှူးကြီး BBC ကိုပြော၊ ရန်ပွဲတွင် ဒဏ်ရာရှိသူမှာ မျက်လုံးထိခိုက်ခဲ့ခြင်းမရှိ ယခုအခါ ဆေးရုံမှ ဆင်း

    screen shoot from riot

    လှည်းကူးမြို့တွင် ဧပြီလ ၄-ရက် နေ့လည် ၃-နာရီခန့်မှာ စတင်ဖြစ်ပွားတဲ့ လူငယ် ၂-ဦး ရန်ဖြစ်ရာမှ အစပြုပြီး ဘာသာရေး အကြမ်းဖက်မှု အသွင် ဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့သော်လည်း အချိန်မီ တားဆီးနိုင်ခဲ့သဖြင့် ယခုအခါ လှည်းကူးမြို့တွင် တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။

    ခိုက်ရန်ဖြစ်ပွားသည့် လူငယ် ၂-ဦးသည် ယခင် လွန်ခဲ့သော ၅-လ ခန့်ကတစ်ကြိမ် ခိုက်ရန်ဖြစ်ပွားခဲ့သည် ရန်ငြိုးရှိထားခဲ့ကြပြီး ဆိုင်နီးချင်းဖြစ်သည့် အားလျော်စွာ မနေ့က နေ့လည် ၃-နာရီခန့်တွင် ဈေးရောင်းနေရာမှ စကားများကြခြင်းဖြစ်သည်။ တာပေါ်လင် မိုးကာများရောင်းသည်တွင် မိုးကာလိတ်လဲကျသွားရာမှ စကားများရင်း လူငယ်တစ်ဦးမှ ချွန်ထက်သောအရာဖြင့် ထိုးလိုက်သည့် အတွက် အခြား လူငယ်တစ်ဦး၏ မျက်ခွံတွင် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားပြီး ဒဏ်ရာရသူ လူငယ်၏ ဆွေမျိုးမိဘများ၏ တိုင်တန်းသဖြင့် ရဲစခန်းမှ ကျူးလွန်သူလူငယ်အား လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသော်လည်း ဒေါသဖြစ်နေသော လူအုပ်ကြီးရောက်လာပြီး ကျူးလွန်သူ လူငယ်၏ အဒေါ်အိမ်အား ခဲများဖြင့် ပစ်ပေါက်ပြီး အိမ်တွင်းရှိ ပစ္စည်းများကို ဖျက်ဆီးခဲ့ကြကြောင်း၊ ညပိုင်းတွင် ညနေ ၆-နာရီမှ မနက် ၆-နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ကြေငြာခဲ့သော်လည်း ည ၁၀-နာရီနောက်ပိုင်းအထိ လှည်းကူးမြို့ပေါ်ရှိ မြို့မျက်နှာဖုံး ဘာသာမတူ အိမ်များကို ခဲများဖြင့် ပစ်ပေါက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    လှည်းကူးမြို့ဖြစ်စဉ်တွင် နေအိမ်အား ခဲဖြင့် ပစ်ပေါက်ဖျက်ဆီးခံရသူတစ်ဦးအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    “ဖြစ်သွားတာက ဘာသာမတူတဲ့ လူငယ် ၂-ယောက် ပြဿနာဖြစ်တယ်။ ဘာသာမတူတာကို ခုတုံးလုပ်ပြီး ဘာသာရေးအကြမ်းဖက်မှုတစ်ခုဖြစ်အောင် ဖန်တီးတယ်။ စဖြစ်တာက ဗုဒ္ဓဘာသာနဲ့ မွတ်စလင် လူငယ် ၂-ယောက်ရန်ဖြစ်ကြတယ်။ သူတို့ ၂-ယောက်က အခုမှဖြစ်တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅-လ လောက်ကတည်းက ပြဿနာ  တစ်ခုဖြစ်ပြီး ရန်ငြိုးရှိခဲ့ကြတာ။ နောက်ပြီးတော့ သူတို့က စီးပွားရေး လုပ်ငန်းကလည်း ရောင်းတာချင်းက အတူတူ ဆိုင်နီးချင်းလည်းဖြစ်နေတယ်။ မနေ့နေ့လည် ၃-နာရီလောက်မှာတော့ မိုးကာလိတ်က လဲကျသွားတယ်။ အဲ့လို လဲကျသွားတာကို အကြောင်းပြုစကားတော့ မွတ်စလင်ကောင်လေးက အချွန်တစ်ခုနဲ့ ထိုးလိုက်တော့ မျက်လုံးအပေါ်နား နည်းနည်းထိသွားတယ်။ အဲ့ဒီမှာ ထိုးတဲ့ကောင်လေးက သူ့အဒေါ် ဆိုင်ဘက်ကို ထွက်ပြေးသွားတော့ ၀ိုင်းလိုက်ပြီး ကောင်လေးကို ထုတ်ပေးဆိုပြီး ဆိုင်ကိုလည်း ခဲတွေနဲ့ ၀ိုင်းထုကြတယ်။ ခဲတွေနဲ့ဝိုင်းပေါက်ကြလို့ ကောင်လေး အဒေါ်မိသားစု ၆-ယောက် ဒဏ်ရာရသွားတယ်။ ကျူးလွန်တယ်ဆိုတဲ့ကောင်လေးကိုတော့ ရဲကဖမ်းခေါ်သွားပြီး ညတွင်းချင်း အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ဒဏ်ရာရသူတွေကိုလည်း ရန်ကုန်ဆေးရုံကြီးကို ခေါ်သွားတယ်။

    အဲဒါ ညနေစောင်းလောက်ကျတော့ တံတားပေါ်ကနေ လူအုပ်ကြီးက တအားများလာပြီး ရဲတွေလည်း အများကြီးရောက်လာတယ်။ ညနေ ၆-နာရီ ၀န်းကျင်လောက်မှာ ကောင်လေးကို စထုတ်သွားတဲ့အိမ်ကို စဖျက်တယ်။ အိမ်ပေါ်တက်ပြီး အိမ်ထဲက ပစ္စည်းတွေကို လမ်းမပေါ်ပြစ်ချပြီးဖျက်ဆီးကြတာ။ ကားကိုလည်း ဖျက်ဆီးကြတယ်။ အဲ့ဒီအချိန်မှာ ရဲတွေကလည်း ဘာမှတော့ မလုပ်ဘူးဗျ။

    ညပိုင်းမှာ ပုဒ်မ ၁၈၈ ထုတ်ပြီး ည ၆-နာရီကနေ မနက် ၆-နာရီထိ ညမထွက်ရ အမိန့်ထုတ်တယ်ဆိုပြီး လိုက်အော်ပေမယ့် ည ၁၀-နာရီကျော်တဲ့အထိ လူတွေကို အိမ်တွေကို ခဲတွေနဲ့ လိုက်ထုပြီး ဖျက်ဆီးနေတာကို ဘယ်သူမှ မတားဆီး မထိန်းသိမ်းပဲ ကြည့်နေကြတယ်။

    ဒါနဲ့ ညပိုင်းမိုးချုပ်လာတဲ့အခါကျတော့ မွတ်စလင်ကောင်လေးရဲ့ အမျိုးတွေဖြစ်တဲ့ ဟူစိန်မုန့်ဆိုင်ရယ်၊ ရွှေစင် ထမင်းဆိုင်ရယ်ကို မှန်တွေရိုက်ခွဲတယ်၊ ဖျက်ဆီးတယ်။ ပစ္စည်းတွေကို လမ်းမတွေပေါ် လွှင့်ပစ်တယ်။ နောက် ဗလီက စာသင်ကျောင်းအပေါ်ထပ်က မှန်တွေကို ခဲတွေနဲ့ ပစ်ပေါက် ဖျက်ဆီးတယ်။ နောက်တော့ ကျွန်တော်တို့အိမ်ဘက်ကို လူအင်အား ၅၀၀ လောက်ရှိတဲ့လူတွေ ရောက်လာပြီး မှန်တွေကို ခဲတွေနဲ့ ပစ်ပေါက် ဖျက်ဆီးခဲ့တယ်။ နောက်တခြားလမ်းက မြို့မျက်နှာဖုံး မွတ်စလင်အိမ် ၂-အိမ်ကိုလည်း အဲ့လိုပဲ ဖျက်ဆီးတယ်။ နောက်တော့ လူသံတွေရော ရိုက်နှက် ဖျက်ဆီးသံတွေရော ကြားနေရတယ်။ ကျွန်တော်တို့လည်း အိမ်ထဲမှာပဲနေပြီး နားစွင့်နေလိုက်တယ်။ အိမ်ပြင်လည်းမထွက်ရဲကြဘူး။ အခုမိုးလင်းမှ အိမ်ကနေ ထွက်လာလိုက်တယ်။ အိမ်မှာက အမျိုးသမီးနဲ့ ကလေးတွေရှိတော့ သူတို့ကို ဘေးလွတ်ရာနေရာ တစ်ခုကို ပို့ထားဖို့ စီစဉ်ရတယ်။ ညပိုင်းမှာ ပုဒ်မ ၁၈၈ ထုတ်ပြီး ည ၆-နာရီကနေ မနက် ၆-နာရီထိ ညမထွက်ရ အမိန့်ထုတ်တယ်ဆိုပြီး လိုက်အော်ပေမယ့် ည ၁၀-နာရီကျော်တဲ့အထိ လူတွေကို အိမ်တွေကို ခဲတွေနဲ့ လိုက်ထုပြီး ဖျက်ဆီးနေတာကို ဘယ်သူမှ မတားဆီး မထိန်းသိမ်းပဲ ကြည့်နေကြတယ်။”ဟု လှည်းကူးဒေသခံ တစ်ဦးက ပြောပြလာပါတယ်။

    ဆူပူသောင်းကျန်းဖျက်ဆီးမှု ဓါတ်ပုံနှင့် ဗီဒီယို များမှာ သတင်းစာမျက်နှာများပေါ်တွင် ပျံနှံ့နေပြီး ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရသည့်အထိ လုပ်ဆောင်မှုများ ရှိခဲ့သော်လည်း အဆိုပါ ဆူပူသောင်းကျန်းသူများကို အရေးယူ ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိဘူးလို့ အင်းစိန်မြို့နယ်မှ ဒုတိယ ရဲမှူးကြီးကျော်သီဟက BBC နဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။

    ရန်ဖြစ်ခဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရခဲ့တဲ့ သက်ပိုင်ဦး မှာ မျက်လုံးထိခိုက်ချင်း မဟုတ်ဘဲ မျက်ခမ်းပေါက်ပြဲ ဒဏ်ရာ ရရှိခြင်းသာဖြစ်သဖြင့် (၆) ချက်ချူပ် ကုသပြီး ဒဏ်ရာ စိုးရိမ်တဲ့အခြေအနေမရှိလို့  ၅.၄.၂၀၁၄ ရက်နေ့ ၀၇:၁၅ နာရီမှာ ဆေးရုံကဆင်းသွားပြီလို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ FB စာမျက်နှာမှ သတင်းထုတ်ပြန်ပါတယ်။

    ရန်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး  ပြစ်မှုကျူးလွန်သူ ၃ ဦးကို ဖမ်းဆီးအရေးယူထားကြောင်းက ရဲတပ်ဖွဲ့ရဲ့  သတင်းထုတ်ချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါသတင်းထုတ်ပြန်ချက်မှာ လူမျိုးဘာသာများ ထည့်သွင်းရေးသားခြင်းမရှိပေမယ့်  မှတ်ပုံတင်မှာ အမည်မပါတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနာဘွဲ့ နာမည်များကို ထည့်သွင်း ဖော်ပြတာဟာ  ပဋိပက္ခုကို ပိုပြီး ဖြစ်ပွားအောင် မီးစာထိုးရေးသားခြင်းဖြစ်တယ်လို့ ရန်ကုန်မြို့က မိဒီယာသမားတဦးက သုံးသပ်ပါတယ်။

    ကိုးကား

    အွန်လိုင်း စာမျက်နှာပေါ်မှ ဗီဒီယို မှတ်တမ်းများ =>http://www.youtube.com/watch?v=ovpkhmM0E6Y&index=2&list=PLrN3vEHYCFKKiZ9PqI5x_rC3xZ89LGrlo
    BBC =>https://soundcloud.com/bbcburmese/qlftdvbxuudb
    ရန်ကုန်တိုင်း ရဲတပ်ဖွဲ သတင်းထုတ်ပြန်မှု =>https://www.facebook.com/yangonpolice/posts/469029656559640

  • ရန်ကုန်မြို့တွင် လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်နိုင်ရန် ပြည်သူ့ ဟစ်တိုင် ပြုလုပ်ပေးမည်

    ဧပြီ ၄၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။      ။ အများပြည်သူများ မည်သူမဆိုလွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်ရန်  လူထုဟစ်တိုင် ရန်ကုန်မြို့တွင် ဆောက်လုပ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့ပါတယ်။

    DSC00353

    “ဆန္ဒပြသမှုများကြောင့် အများပြည်သူများ အပန်ဖြေသည့်နေရာများတွင် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ် ။ မြို့တော်ခန်းမရှေ့ဆိုရင် ကမ္ဘာလှည့်ခရီးသွား အများဆုံးလာတဲ့နေရာတစ်ခုပါ။ ဆန္ဒပြသူအများစုကလည်း ဒီမှာပဲလာပြနေကြတော့ နိုင်ငံတကာက လူတွေမြင်သွားရင် မကောင်းဘူး။ နောက်ပြီး နိုင်ငံကိုဝင်လာမယ့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေလည်း တွန့်ဆုတ်သွားနိုင်တယ်” ဟု၎င်းက ဆက်လက်ပြောပါတယ်။

    နေရာအနေအထား အကျယ်အ၀န်းတွေ့ပါက လူများများနှင့်ပြောဆိုနိုင်သော ဟစ်တိုင်တစ်ခု ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ဟစ်တိုင်ဆောက်ပြီးပါကလည်း မည်သည့် ကန့်သတ်ချက်မှ လုပ်ဆောင်မည် မဟုတ်ဘဲ စိတ်ကြိုက်ပြောဆို လုပ်ဆောင်နိုင်ကြောင်း ၊ ပြည်သူများ၏ ဆန္ဒပြရသည့် အကြောင်းအရင်းများကို နားလည်မှုရှိသော်လည်း ဥပဒေနှင့်အညီ အရေးယူရမှုများရှိကြောင်း၊  ညှိုနှိုင်းဖြေရှင်းခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံဘေးတွင် မတ်လ ၂၄ ရက်မှစတင်ကာ မိကျောင်းကန်မြေယာများပြန်လည်ရရှိရေးအတွက် သပိတ်စခန်း ဖွင့်လှစ်ခဲ့ကြပြီး ၎င်းသပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့ နံနက် ၃ နာရီတွင် တစ်ကြိမ်၊ မတ်လ ၃၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် တစ်ကြိမ် လူအများ အိပ်နေချိန်တွင် စည်ပင်ဝန်ထမ်း၊ အရပ်ဝတ် လူများက အင်အားသုံး ဖြိုခွင်းခဲ့ကြပါတယ်။