News @ M-Media

Blog

  • အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ဂီနီနိုင်ငံတွင် သေဆုံးသူ ၇၀ အထိရှိလာ

    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    Ebola outbreak kills 70 in Guinea
    – အာဖရိကအနောက်ခြင်းမှ နိုင်ငံတစ်ခုဖြစ်သည့် ဂီနီနိုင်ငံအတွင်းပျံ့နှံ့နေသည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအရေအတွက်မှာ ၇၀ အထိရှိလာပြီဟု ဂီနီကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    အမြို့တော် ကိုနက်ရီ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး၊ နိုင်ငံအရှေ့တောင်ပိုင်း ဝေးလံခေါင်သီသောနေရာများတွင် အများဆုံးဖြစ်ပွားနေသည်ဟု ထည့်သွင်းဖော်ပြထားသည်။

    “ဇန်န၀ါရီလမှ မတ်လ ၂၈ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း အဆိုပါဗိုင်းရပ်စ်ကြောင့် အဖျားရောဂါခံစားနေရသော လူဦးရေမှာ ၁၁၁ ဦးရှိပြီး ထိုအထဲမှ ၇၀ သေဆုံးခဲ့ကာ၊ သေဆုံးမှုမှာ ၆၃ ရာခိုင်နှုန်းအထိရှိသည်” ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုဗိုင်းရပ်စ်ပိုးမှာ လူဦးရေ ၂ သန်းနေထိုင်သည့် မြို့တော်အတွင်းသို့ ကူးစက်ပျံ့နှံလာမည်ကို ဂီနီအာဏာပိုင်များက စိုးရိမ်နေသည်။ ကိုနက်ရီမြို့ရှိ Donak ဆေးရုံကမူ ထိုဗိုင်းရပ်စ်ကူးစက်နေသည့် လူနာ ၃၀၀ ခန့် ဆေးရုံသို့ လာရောက်ကုသခဲ့ပြီး၊ အခြားသူများသို့ ရောဂါပိုး ကူးစက်ခြင်းမှ တားဆီးရန် ရောဂါဖြစ်ပွားနေသူများအား ပြည်သူများက သီးသန့်ခွဲထားခြင်းကြောင့် ဆေးရုံရောက်သည့် အရေအတွက်မှာ လျော့ကျနေသဟု သတင်းထုတ်ပြန်ခဲ့သည်။

    ထို့ပြင် လိုက်ဘေးရီးယာနှင့် စီယာလီယိုနီ နိုင်ငံများတွင်လည်း အီဘိုလာရောဂါးပိုး ကူးစက်သူ ရာပေါင်းများစွာရှိနေပြီး အနည်းဆုံးသေဆုံးသူ ၆ ဦးနေပြီဟု သိရသည်။ ဆီနီဂေါနိုင်ငံကလည်း အီဘိုလာရောဂါပိုး နိုင်ငံအတွင်းသို့ မ၀င်ရောက်စေရန် နိုင်ငံရှေ့တောင်ပိုင်းရှိ ဂနီနယ်စပ်အား ပိတ်ပစ်ခဲ့သည်။

    အီဘိုလာဗိုပ်စ်ပိုးကြောင့် သွေးယိုသည့် အဖျားရောဂါဖြစ်ပွားနိုင်ပြီး ကြွက်သားများနာကျင်ခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ ၀မ်းရှောခြင်း စသည်တို့ ဆိုးရွားစွာဖြစ်နိုင်ကာ၊ ကိုယ်လက်အင်္ဂါများ အသုံးပြု၍ မရတော့ခြင်းနှင့် သွေးယိုမှု မရပ်တန့်ခြင်းတို့ဖြစ်ပွားနိုင်သည်။

    အဆိုပါ ဗိုင်းရပ်စ်ပိုးမှာ သွေး၊ မစင်၊ ချွေး စသည်တို့ဖြင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကူးဆက်နိုင်ပြီး၊ လိင်ဆက်ဆံခြင်းနှင့် ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသွားသည့် အလောင်းများအား အကာအကွယ်မရှိဘဲ ထိတွေ့ကိုင်တွယ်ခြင်းတို့ကြောင့်လည်း အီဘိုလာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နိုင်သည်။

    ကမ္ဘာပေါ်တွင် ကြောက်စရာကောင်းသည့် ဗိုင်းရပ်စ်ပိုးထဲမှ တစ်ခုဖြစ်သည့် အီဘိုလာဗိုင်းရပ်စ်ပိုးမှာ ၁၉၇၆ ခုနှစ်က ကွန်ဂိုနိုင်ငံတွင်လည်း ပျံ့နှံ့ခဲ့ဖူးပြီး ကူးစက်သူ ၂၅ မှ ၉၀ ရာခိုင်နှုန်းအထိ သေဆုံးခဲ့သည်။

    CAH/HSN/SS

  • ဇာတ်တိုက်ထားသည့် အင်န်ဂျီအို ဆန့်ကျင်ရေး တိုက်ခိုက်မှုများ

    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- မင်းထွဋ်ခေါင်

    10153755_729383977081864_905730691_n

    မြန်မာနိုင်ငံအနောက်ပိုင်း စစ်တွေမြို့တွင် လွန်ခဲ့သည့်ရက်သတ္တပတ်က ကူညီကယ်ဆယ်ရေး နိုင်ငံတကာ ၀န်ထမ်းတစ်ဦးသည် ၎င်းရုံးရှေ့မှ ဗုဒ္ဓဘာသာ သာသနာ့ အလံအား ဖယ်ရှားလိုက်သည့်နောက် အစိုးရမဟုတ်သော အဖွဲ့အစည်း NGO ရုံးနှင့် ၎င်းတို့၏ လုပ်သားများကို တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ ထိုဒေသ၌ တင်းမာမှုများက ပေါက်ကွဲလုမတတ် ဖြစ်နေသည်။

    ထိုအခြေအနေ၏နောက်ဆုံးရ သတင်းကို သိရှိနိုင်အောင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ အမည် မဖော်လိုသူ ထိပ်တန်းအရာရှိ တစ်ဦးနှင့် စကားစမြည်ဆိုခဲ့သည်။ ပြည်ပနှင့် ရခိုင် မဟုတ်သော ပြည်တွင်း ၀န်ထမ်းများ စစ်တွေမြို့မှ ဘေးကင်းရာသို့ ထွက်ခွာခြင်းသည် ပြဿနာအစိုင်အခဲ၏ အပေါ်ယံလွှာမျှသာ ဖြစ်ကြောင်း ရှင်းပြ၏။

    ယခုသော် နိုင်ငံတကာ အသိုင်းအ၀ိုင်းအဖို့ ရခိုင်ပြည်နယ်၌ အထောက်အပံ့ ပစ္စည်းများ ဆက်လက်ဖြန့်ဝေရန် ဖြစ်နိုင်ချေ  မရှိတော့ကြောင်း၊ ခြိမ်းခြောက်မှု (နှင့်) အစွန်အဖျားဒေသများထံဖြန့်ဝေရာ၌ အသုံးပြုသော လှေများ ယာဉ်များကို ဖျက်ဆီးမှုအားဖြင့် လုပ်ငန်းများ ဆက်လက် မလည်ပတ်နိုင်အောင် စံနစ်တကျ  ဖန်တီးခဲ့ကြောင်း သူက ဆိုသည်။

    ရိုဟင်ဂျာမွတ်စ်လင်မ် နှစ်သိန်းနီးပါး အပါအ၀င် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့နေထိုင်လျက် ရှိသော ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများသို့ ကျယ်ပြန့်စွာ အဓိကထောက်ပံ့ ကူညီနေသည်မှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့များ ဖြစ်ကြသည်။ ထိုတိုက်ခိုက်မှုများသည် ကယ်ဆယ်ရေး ပစ္စည်းများကိုသာ အားထားနေရသော အိုးအိမ်မဲ့ အပယ်ခံ ရိုဟင်ဂျာများအား ဦးတည်တိုက်ခိုက်ရာ ပင်မခြေလှမ်းတစ်ရပ်အဖြစ် ပေါ်လွင်လျက်ရှိသည်။

    ဒေသတွင်း ကယ်ဆယ်ကူညီရေး ပစ္စည်းဖြန့်ဝေခြင်း၌ နိုင်ငံခြား လုပ်သားများက အဓိကအခန်း ကဏ္ဍတွင် ရှိနေသော်လည်း နေ့တစ်ဓူဝ ကွင်းဆင်းဆောင်ရွက်မှု အများအပြားကို ဒေသခံ မြန်မာ လုပ်သားများက ဆောင်ရွက်နေကြသည်။ ရခိုင်လူမျိုး ၀န်ထမ်းများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းတွင်  မပါဝင်ရန်၊ အခြေခံ ၀န်ဆောင်မှုများကိုလည်း ငြင်းဆိုရန် ၎င်းတို့၏ လူ့အဖွဲ့အစည်းက သတိပေးထားသည်။ ဤသည်ကို မလိုက်နာပါက အကြမ်းဖက်ခံရမည်ဟူ၍ပင် ခြိမ်းခြောက်ခံထားကြရသည်။ ထိုရခိုင်လူ့အဖွဲ့အစည်းသည် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် လုပ်ကိုင်နေသူတို့ကို သစ္စာဖောက်များအဖြစ် သတ်မှတ်လျက် ပြောင်ပြောင်တင်းတင်း စာရင်းထုတ်ပြန်ထားသည် အထိပင်။ အင်န်ဂျီအိုရုံးများအား တိုက်ခိုက်မှုတို့မှာ ထွက်ပေါ်ခဲ့သည့် သတင်းများထက်ပင် ပြင်းထန်ခဲ့သည်။

    အနုစိပ်ကြိုတင်ကြံစည်ထားသည့် တိုက်ခိုက်မှုဖြစ်ကြောင်း သုံးသပ်ချက်များ ရှိနေကြသည်။ ထိုဖြစ်စဉ်အတွင်း ပိုင်ဆိုင်မှု(နေရာ) ၃၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရရာ လူ့အသိုင်းအ၀ိုင်းနှစ်ရပ် စလုံးအတွက် စီစဉ်ပေးနေသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ရိက္ခာ သိုလှောင်ရုံသည်လည်း အဖျက်ဆီးခံ သိုလှောင်ရုံ ၇ ခုအနက် အပါအ၀င် ဖြစ်သည်။

    မြန်မာအစိုးရ၏ တုန့်ပြန်မှုမှာ စစ်တွေသို့ စစ်တပ်ကိုစေလွှတ်ပြီး ထိန်းချုပ်စေသည့် လှုပ်ရှားမှုသာ ဖြစ်၏၊ ကူညီကယ်ဆယ်ဖြန့်ချိရေး လုပ်ငန်းကို ပြန်လည်သက်ဝင်လာအောင် မည်သည်ကိုမျှ ဆောင်ရွက်ပေးခြင်း မရှိချေ။

    မြန်မာနိုင်ငံအနောက်ပိုင်းဒေသ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဖြတ်တောက်ခံရခြင်း၏ နောက်ကွယ်၌ရှိ သူများသည် လုပ်သားများနှင့် ပစ္စည်းပစ္စယများကိုသာ ပစ်မှတ်ထားခြင်းမဟုတ်၊ ကူညီဖြန့်ချိရေး လမ်းကြောင်းများကိုပါ ဖျက်ဆီးပစ်လိုက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ မိုးရာသီဝင်ရောက်သည်နှင့် ဒုက္ခသည်စခန်း များစွာသို့ အရောက်သွားနိုင်သည့် (တစ်ခုတည်းသော နည်းလမ်း)လှေငယ်များအား ပစ်မှတ်ထားခဲ့ခြင်းက ဤသည်ကို လွယ်လင့်တကူ သိနားလည်နိုင်ပေသည်။

    လက်တစ်ဆုပ်စာမျှ ကုလ ၀န်ထမ်းများသာ မြို့ပေါ်၌ တင်းကြပ်သောလုံခြုံရေးဖြင့် ထားရှိခံရသည်။ မြန်မာအစိုးရ၏ တုန့်ပြန်မှုမှာ စစ်တွေသို့ စစ်တပ်ကိုစေလွှတ်ပြီး ထိန်းချုပ်စေသည့် လှုပ်ရှားမှုသာ ဖြစ်၏၊ ကူညီကယ်ဆယ်ဖြန့်ချိရေး လုပ်ငန်းကို ပြန်လည်သက်ဝင်လာအောင် မည်သည်ကိုမျှ ဆောင်ရွက်ပေးခြင်း မရှိချေ။

    ယင်းဖြစ်စဉ်သည် အကြမ်းဖက်မှုဖြစ်ကြောင်း အလွန်ရှင်းလင်း ထင်ရှားသည့် အကြောင်းတစ်ရပ်လည်း ရှိနေပါသည်။ နိုင်ငံခြားသူဝန်ထမ်းတစ်ဦးသည် ရုံးပြင်ဖက်မှ ဗုဒ္ဓဘာသာသာသနာ့အလံအား ဖယ်ရှားပြီး နေရာတကျ ပြန် မထားမီ ၅ မိနစ်အတွင်း ဖြစ်ပွားသွားခြင်းဖြစ်သည်။ အလံကိုင်ပြီး ကခုန်ခြင်း၊ သူမ၏ခါး၌ (မဖွယ်မရာပြု) ပတ်ထားခြင်း ဟူသော သတင်းများမှာ မမှန်ကန်ချေ။ မည်သို့ပင်ဆိုစေကာမူ သူမက အလံကို ဖယ်ရှား လိုက်သည်နှင့် ဒေါထွက်နေသည့် လူအုပ်ကြီးက ရုတ်တရက် လျင်မြန်စွာ ထွက်ပေါ်စုရုံးလာခဲ့သည်။

    ၎င်းမှာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများကို တစ်ချက်တည်းနှင့် ရပ်တန့် သွားအောင် ကြိုတင် ဇာတ်တိုက်ထားသော စင်တင်ပြကွက် တစ်ခုအဖြစ် ပေါ်လွင်နေပါသည်။

    လွန်ခဲ့သည့် မတ်လအစောပိုင်းက MSF (နယ်စည်းမထား ဆရာဝန်များအဖွဲ့)အား နှင်ထုတ်ကြချိန် – အစိုးရ၏ ဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများအပေါ် လူမျိုးကြီးဝါဒဖြင့် ခွဲခြားဖယ်ကြဉ်မှု သာမက ညှင်းပန်းနှိပ်စက်ရေးနှင့်ကျ န်းမာရေး ၀န်ဆောင်ချက်ဖြတ်တောက်မှုကို အတိအကျကြံစည်တော့မည့် မဟာဗျူဟာ အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်ကြောင်း ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုယေး ကင်တားနားမှ ပြောဆိုခဲ့သည်။ ယခုသော် အမှန်ဖြစ်ကြောင်း ဤဖြစ်စဉ်က ထုတ်ပြနေပေသည်။ ၎င်းတို့၏ ပျက်လို ဖျက်ဆီးပြုမှုချက်များမှာ ပြင်ပမှ ၀င်လာသည့် ထောက်ပံ့ကူညီမှုများအား အပြီးတိုင်ဖြတ်တောက်ရန် သီးသီးသန့်သန့် လုပ်ဆောင်ခြင်းမှ တစ်ပါး မည်သည့်အရာမျှ မဟုတ်ခဲ့သည်ကို လွယ်လင့်တကူ သုံးသပ်၍ ရနေပေသည်။

    Asian Correspondent တွင် Francis Wade  ရေးသားသည့် Full extent of anti-NGO attacks in western Burma emerging ဆောင်းပါးကို မင်းထွဋ်ခေါင် (M-Media) မှ ဆီလျောက်အောင် ဘာသာပြန်ဆိုပါသည်။

  • မြို့ထဲဝင်မည့် ဟိုင်းလတ်ယာဉ်များအား ပညာပေးကာလစတင်

    မြို့ထဲဝင်မည့် ဟိုင်းလတ်ယာဉ်များအား ပညာပေးကာလစတင်

    ဧပြီ ၂၊ ၂၀၁၄
    M-Media
    လမင်း

    DSC01598

    ရန်ကုန်  ။       ။        မ.ထ.သ (ဗဟို)မှ မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ဟိုင်းလတ်ယာဉ်များကို ပိတ်သိမ်းခဲ့ပြီး ဧပြီလ ၁-ရက်နေ့မှ စတင်ကာ မြို့တွင်းသို့ဝင်ရောက်ပြေးဆွဲမည့် ဟိုင်းလတ်ကားများကို ပညာပေးလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မ.ထ.သ (ဗဟို)ထံမှ သိရသည်။

    “ကျွန်တော်တို့ ထောက်ကြံ့မှာလာစောင့်ပြီး ဖမ်းနေပါတယ်။ နံပါတ်တွေလည်းမှတ်ထားပါတယ်။ အထူးစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မ.ထ.သ က ပညာပေးလုပ်ဆောင်နေတဲ့အချိန်ပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပညာပေးကာလပြီးရင် ဥပဒေအရ အရေးယူ သွားမှာ ဖြစ်ပါတယ်” ဟု မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်ကပြေကြားခဲ့သည်။

    မော်တော်ယာဉ်လမ်းကြောင်း စမ်းသပ်မှု၊ ယာဉ်အစီးအရေ အလုံအလောက်မတင်သွင်းနိုင်ခြင်း စသည့်တို့ကြောင့် ဟိုင်းလပ်ယာဉ်များ ပြောင်းလဲ ရွေ့ဆိုင်းမှုကို သုံးကြိမ်တိုင်ရွေ့ဆိုင်းပြောင်းလဲခဲ့ပြီးဖြစ်ပြီး မတ်လ ၃၁ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။

    ထိုကဲ့သို့ ဟိုင်းလပ်ယာဉ်များ စည်ပင်သာယာနယ်နမိတ်အတွင်းပြေးဆွဲခြင်းကို တားမြစ်သောကြောင့် လွန်ခဲ့သော မတ်လ ၃၀-ရက်နေ့က ဟိုင်းလပ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များမှ ဖြုတ်သိမ်းခြင်းကို ရုတ်သိမ်းပေးပါရန် မဟာဗန္ဓုလပန်းခြံအနီးတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

  • Mizzima :အစ္စလာမ်ဘာသာဝင်အချို့ကို သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးအမည် မမေးဟုဆို

    Mizzima :အစ္စလာမ်ဘာသာဝင်အချို့ကို သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးအမည် မမေးဟုဆို

    ဧပြီ ၁၊ ၂၀၁၄
    Mizzima
    ရေခဲ(ပြည်)
    အစ္စလာမ်ဘာသာဝင်အချို့ကို ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မေးမြန်း ခြင်းမရှိဘဲ ကောက်ယူသွားသည်ဟု ပဲခူးတိုင်း မြန်မာမွတ်ဆလင် လူငယ်များအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်မြင့် က မတ်လ ၃၁ ရက်တွင် ပြောသည်။

    သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်တွင်းရှိ အစ္စလာမ် ဘာသာဝင်များသည် ဘင်္ဂါလီ၊ ရိုဟင်ဂျာတို့ နှင့်အတူ မြန်မာနိုင်ငံ အတွင်းရှိ အခြားလူမျိုးများနှင့် အခြားနိုင်ငံခြားသားများအဖြစ် ကုတ်နံပါတ်(၉၁၄)အုပ် စုတွင် ပါဝင်သည်ဟု ဆိုသည်။

    “ကျွန်တော့်ကို အနယ်နယ်အရပ်ရပ်က အစ္စလာမ်ဘာသာဝင်တွေ ဖုန်းနဲ့ အကြောင်းကြားတယ်။ လူမျိုး အမည် ဖြည့်ခွင့်မရလိုက်ဘူး။ ကုတ်ပဲဖြည့်လိုက်ရတယ်လို့ ပြောတယ်။ မော်လမြိုင်နဲ့ ပေါက်ခေါင်းမှာ တော့ ပြန်ဖြည့်ခွင့်ရသွားကြပြီ။ ပြည်မှာတော့ မရသေးဘူး။ အခုလို လူမျိုးအမည်မရေးဘဲ(၉၁၄)ပဲ ရေး မယ်ဆိုရင် ကျွန်တော်တို့ အလိုလို ဧည့်နိုင်ငံသားထဲရောက်သွားမယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။

    သို့သော် သန်းခေါင်စာရင်းကောက်ယူရာတွင် အစ္စလာမ်ဘာသာဝင်များကို လူမျိုးအမည် ထည့်သွင်းဖော် ပြပေး ခဲ့သည်ဟု ပြည်မြို့၊ ကျောင်းကြီးအိုးတန်း ရပ်ကွက် သန်းခေါင်စာရင်းရုံးမှ စာရင်းစစ် ဦးရဲလွင်က တုံ့ ပြန်ပြောဆိုသည်။

    “လူမျိုးထည့်ရေးပေးပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်းပဲ လုပ်တယ်။ ကျန်တာရေးလို့မရ ဘူး။ ကျွန်တော်တို့က မှားပြီးရေးလို့မရဘူး။ သူတို့ဘက်က မှန်မှန်ကန်ကန်ပြောဖို့လိုသလို ကျွန်တော်တို့ ဘက်ကလည်း မှန်မှန်ကန်ကန်ရေးဖို့လိုတယ်”ဟု ဆိုသည်။

    သန်းခေါင်စာရင်းကောက်ယူသည့် နေရာတချို့တွင် အစ္စလာမ် ဘာသာဟု ပြောလိုက်ရုံဖြင့် လူမျိုးအမည် မေးမြန်းခြင်းမရှိဘဲ ကုတ်နံပါတ်(၉၁၄)ဟုသာ ဖော်ပြမှုများရှိနေကြောင်း ၊ အစိုးရက နိုင်ငံခြားသားအဖြစ် အသိအမှတ်ပြုသွားမည်ကို အစ္စလာမ်ဘာသာဝင်များက စိုးရိမ်နေကြောင်း ဦးခင်မောင်မြင့်က သုံးသပ် ပြောဆိုသည်။

    ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ဟိန္ဒူစတန်နီလူမျိုး ဦးဇော်ဝင်းဆိုသူက “ကျွန်တော်က အစ္စလာမ် ဘာသာလို့ ပြောလိုက်တာနဲ့ (၉၁၄)ပဲဆိုပြီး လာကောက်တဲ့ဆရာမက သူ့ဟာ သူဖြည့်လိုက်မယ်လို့ ပြောတယ်။ လူမျိုးဖြည့်ပေးဖို့ ရုံးသွားပြောတော့ ထည့်လိုက်ပါပြီ။ စိတ်ချပါလို့ပဲ ပြော တယ်။ ဖြည့်လား မဖြည့်လား ဘာမှကို မမြင်ရတာ။ ကျွန်တော် ဘာလူမျိုးပါဆိုတာ ပြောခွင့် မရသလိုဖြစ် နေတယ်”ဟု ပြောသည်။

    သန်းခေါင်စာရင်းကောက်မှုနှင့်ပတ်သက်၍ ဖြည့်စွက်ပြီးစာရင်းစာရွက်များအား စာရင်းစစ်၊စာရင်းကောက် နှင့် ကော်မရှင်မှသာ ကြည့်ခွင့်ရှိသဖြင့် ကာယကံရှင်များ ပြန်လည်စစ်ဆေးခွင့်မပေးနိုင်ကြောင်း၊ လူမျိုး အမည်စာရင်း ထည့်သွင်းခြင်းမရှိဟုဆိုသည်မှာလည်း အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၎င်းတို့၏ ထင် မြင်ယူဆချက်ကို တစ်ဖက်သတ်ပြောဆိုခြင်းဖြစ်ကြောင်း ဦးရဲလွင်က ပြန်လည်ပြောဆိုသည်။

    Mizzima မှ ကူးယူဖော်ပြပါသည်။

  • တရုတ်စီးပွား သောင်းကျန်းမှုကြောင့် မြန်မာ့ရှားပါး မျောက်များ မျိုးသုဉ်းတော့မည်

    ဧပီ ၂ ၊ ၂၀၁၄
    M-Media

    Myanmar Endangered Monkeys

    ရန်ကုန်။    ။ တရုတ်နိုင်ငံ၏ တရားမ၀င်သစ်ထုတ်လုပ်ခြင်းနှင့် မျောက်အရိုး ရှာဖွေခြင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရှားပါး မျောက်မျိုးနွယ်များအဖို့ အန္တရာယ်ရင်ဆိုင်နေရပြီဟု လေ့လာဆွေးနွေးမှု အုပ်စုတစ်ခုက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

    ဗြိတိန်အခြေစိုက် Fauna & Flora International က တရုတ်နိုင်ငံ၏ တရားမ၀င်သစ်ထုတ်လုပ်ခြင်း၊ ရိက္ခာနှင့် ရိုးရာတိုင်းရင်းဆေးဝါးအတွက် အမဲလိုက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော သစ်တောပြုန်းတီးမှုသည် မြန်မာ့ရှားပါးတိရစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်သည့် ၎င်း snub-nosed မျောက်များအပေါ် အဓိက ခြိမ်းခြောက်လျက်ရှိကြောင်း၊ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးစေ့စပ်မှုလုပ်ငန်းစဉ်တိုးတက်လာပြီး ထိုနေရာ၌ Imawbum အမျိုးသားပန်းခြံတည်ဆောက်နိုင်မှသာ တိရစ္ဆာန်များမျိုးသုဉ်းမှုအန္တရာယ်ကို ကာကွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

    ၂၀၁၀ ခုနှစ်က ကချင်ပြည်နယ်တွင် ရှာဖွေတွေ့ရှိခဲ့သော အဆိုပါမျောက်အမျိုးအစားကို အပြည်ပြည်ဆိုင်ရာ သဘာ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သမဂ္ဂ IUCN မှ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ် အရှိဆုံးစာရင်း၌ ထည့်သွင်းခဲ့သည်။ လူသူ မပေါက်ရောက်သော တောနက်အတွင်း အဆိုပါမျောက်များမှာ အကောင်ရေ ၂၆၀ မှ ၃၃၀ အထိသာ ကျန်ရှိနေသည်ဟု IUCN မှ ခန့်မှန်းထားသည်။
    AP

    ဓါတ်ပုံ အညွှန်း- ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် စောလော်၌ မျောက်မ တစ်ကောင်အား တောလိုက်မုဆိုးတို့မှ ပစ်ခတ်ပြီးနောက် သစ်ပင်ထက်မှ မွေးကင်းစအရွယ် မျောက်လေး တစ်ကောင်ပြုတ်ကျလာပြီး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ၎င်းမျောက်မှာ နှာခေါင်းတိုအထက်လှန်နေသည့် ရှားပါးမျိုးနွယ် ဖြစ်သည်။ ၂၀၁၁ ဧပြီ ၂၂ ရက်ထုတ် Fauna & Flora International မဂ္ဂဇင်းခေါင်းကြီးပိုင်းတွင်ဖော်ပြထားသည့် snub-nosed မျောက်မျိုးနွယ် (AP ဓာတ်ပုံ- Jeremy Holden)