News @ M-Media
Blog
  • အသင်းလူစာရင်းမှာ ဇရာထောင်းနေ၍ ဖာဂူဆန်ကိုင်လည်း ရုန်းကန်ရမည်ဟု မိုယက်ဆို
    မတ် ၃၀ ၊ ၂၀၁၄
    M-Media
    – အသင်း၏ ဇရာထောင်းနေသော လူစာရင်းကြောင့် ဖာဂူဆန် ကိုင်တွယ်ပါကလည်း ယခုကဲ့သို့ ရုန်းကန်ရမှုများ ရှိလိမ့်မည်ဟု မန်ယူအသင်းနည်းပြ မိုယက်စ်ကပြောကြားခဲ့သည်။
    380722_heroa
    ဂန္တ၀င်နည်းပြ ဖာဂူဆန်၏နေရာကို ဆက်ခံခဲ့သည့် မိုယက်စ်လက်ထက်တွင် မန်ယူအသင်းမှာ အခြေအနေဆိုးရွားနေပြီး ပြည်တွင်းရှုံးထွက် ဖလားများတွင်လည်း ထွက်ခဲ့ရကာ၊ အသင်းသမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ရှုံးပွဲ ၁၀ ပွဲတွေ့ခဲ့ရသည်။ ထို့ပြင် အသင်းမှာလည်း အဆင့် ၇ နေရာတွင်ရောက်နေသည်။
    အသင်းပရိတ်သတ်များက အဓိကပြိုင်ဘက်များဖြစ်သည့် လီဗာပူးလ်၊ မန်စီးတီးတို့ကို ရှုံးနိမ့်ခဲ့သောကြောင့် မကျေမနပ်ဖြစ်နေကြပြီး မိုယက်စ်အား ဝေဖန်သည့် နဖူးစီးတစ်ခုကိုပါ လေယာဉ်ဖြင့်ချိတ်၍ အိုးထရက်ဖိုဒ့်ကွင်းပေါ်သို့ ပျံသန်းရန် စီစဉ်ခဲ့ကြသည်။
    သို့သော်လည်း မန်ယူအသင်းရှိလူစာရင်းမှာ ဇရာထောင်းလားပြီဖြစ်သည့်အတွက် မည်သူကိုင်တွယ်သည်ဖြစ်စေ ခက်ခဲမည်ဟု မိုယက်စ်က ပြောကြားခဲ့သည်။
    “ဒီနှစ် ဆာအဲလက်စ် ဒီနေရာမှာ ရှိမယ်ဆိုရင်လည်း သူ့အတွက် ခက်ခဲမှာပါပဲ။ သူလည်းဒါကို သတိပြုမိမှာပါ။ အသင်းရဲ့ လူစာရင်းဟာ အိုမင်းနေတယ်ဆိုတာကို လူတွေကလည်း သိကြပါတယ်။ ဒါ့ကြောင့် ဒီရာသီမှာ ဘယ်သူပဲပဲ ကိုင်ကိုင် ခက်ခဲမှာပါပဲ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် လေယာဉ်ပျံသန်းမည့်အစီအစဉ်နှင့်ပတ်သက်၍ မိုယက်စ်က ပရိတ်သတ်များမှာ ၎င်းတို့၏ ခံစားချက်များကို ထုတ်ဖော်ခွင့်ရှိပြီး မိမိအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိကြောင်း၊ မိမိအား ကောင်း၊ မကောင်းဆုံးဖြတ်ရမည်မှာ မိမိကို ခန့်ထားသူသာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
  • အစိုးရဆန့်ကျင် ဆန္ဒပြသူ ၂ ဦး ဗင်နီဇွဲလားတွင် ထပ်မံသေဆုံး၊ သေဆုံးသူ ၃၉ ဦးအထိ ရှိလာ
    မတ် ၃၀၊ ၂၀၁၄
    M-Media
    – ယမန်နေ့က ဆန္ဒပြသူ ၂ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု၌ သေဆုံးသူများမှာ ၃၉ ဦး အထိ ရှိလာပြီဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။
    Venezuela death toll rises amid new protests
    မြို့တော် ဆန်ခရစ္စတိုဘဲလ်တွင် လမ်းအားပိတ်ဆို့ရန် ဘီလ်ဘုတ်တစ်ခုကို ဆန္ဒပြသူများက သယ်လာစဉ် ဗို့အားပြင်း ဓာတ်ကြိုးတစ်ခု ရိုက်မိမှုကြောင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း မော်တာဗုံးတစ်လုံးသယ်ဆောင်လာစဉ် ပေါက်ကွဲခဲ့သောကြောင့် ယမန်နေ့တွင် သေဆုံးခဲ့ရသည်။
    နိုင်ငံအတွင်း ရာဇ၀တ်မှုများထူပြောလာခြင်း၊ ငွေကြေးဖောင်းပွမှု အလွန်မြင့်တက်လာခြင်းနှင့် မရှိမဖြစ် ကုန်ပစ္စည်းများ ပြတ်လတ်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံတွင် ဖောဖော်ဝါရီ ၄ ရက်နေ့ကတည်းက အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
    ဆိုရှယ်လစ်သမ္မတ နီကိုလက်စ်မာဒူရိုကမူ ထိုဆန္ဒပြမှုများမှာ ၎င်းတို့အစိုးရ ပြုတ်ကျရန်အတွက် အမေရိကန်၏ စီစဉ်မှုဖြစ်သည်ဟု ပြောကြားခဲ့ပြီး ၎င်းအား ထောက်ခံသူများကလည်း ကာရာကက်စ်မြို့တွင် တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
    “သူတို့(အစိုးရ)က ဆန္ဒပြတဲ့ ကျောင်းသားတွေကိုဖမ်းပြီး ရာဇ၀တ်မှုတွေနဲ့ လူဆိုးလူမိုက်တွေကိုကြတော့ လွှတ်ပေးထားပါတယ်။ ကျွန်တော်တို့ဟာ သီးခြားဖြစ်နေပြီး၊ ဘာမှပြောလို့လည်းမရပါဘူး။ စားဖို့ အစားအစာ အလုံအလောက်မရှိတာနဲ့၊ ကျွန်တော်တို့ရဲ့ ကလေးတွေကို သတ်ပစ်နေတဲ့ ရာဇ၀တ်မှုတွေကြားမှာ ကျွန်တော်တို့ နွမ်းလျနေပါပြီ” ဟု အသက် ၅၀ အရွယ် ပြည်သူ တစ်ဦးဖြစ်သူ မာတာ ပီရက်ဇ်က ပြောကြားခဲ့သည်။
    အတိုက်အခံခေါင်းဆောင်များနှင့် ဆက်သွယ်ကာ အာဏာသိမ်းကြံစည်သည်ဟူသော စွပ်စွဲချက်ဖြင့် လေတပ်ဗိုလ်ချုပ် ၃ ဦးကိုလည်း မတ်လ ၂၆ ရက်နေ့တွင် မာဒူရိုက ဖမ်းဆီးခဲ့သေးသည်။
    AFP
  • အငြင်းပွားနေသည့် ကျွန်းဆီသို့ ဖိလစ်ပိုင် သင်္ဘောစေလွှတ်မှု တရုတ်သတိပေး
    မတ် ၃၀၊ ၂၀၁၄
    M-Media
    – တောင်ရုတ်ပင်လယ်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နန်ရှာကျွန်းရှိ Ren’ai သန္တာကျောက်တန်းအား ဖိလစ်ပိုင်မှ သိမ်းပိုက်ရန် ကြိုစားမှုကို မည်သည့်အခါမှ လက်မခံဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    china-vs-ph-west-phillipine-sea-carousel-rappler-20143003
    ဖိလစ်ပိုင်နိုင်ငံမှ ဂျာနယ်လစ်များပါဝင်သည့် ထောက်ပံ့ရေးသင်္ဘောတစ်စင်းအား အဆိုပါ သန္တာကျောက်တန်းသို့ ယမန်နေ့က ပို့လွှတ်ခဲ့ပြီးနောက် ထိုလုပ်ရပ်အား တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟွန်လီက ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။
    Ren’ai  သန္တာကျောက်တန်းကို တရားမ၀င်သိမ်းပိုက်ရန် ဖိလစ်ပိုင်၏ ကြိုးစားမှုမှာ တောင်တရုတ်ပင်လယ်ရှိ နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုကို ဆွပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဟွန်လီက ပြောကြားခဲ့သည်။ သို့သော်လည်း Ren’ai သန္တာကျောက်တန်းအပါအ၀င် နန်ရှာကျွန်းအပေါ် တရုတ်နိုင်ငံက သက်ရောက်သည့် အချုပ်ခြာအာဏာကို ပြောင်းလဲနိုင်မည်မဟုတ်ဘဲ၊ အချုပ်ခြာအာဏာအား တရုတ်နိုင်ငံက ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ခြိမ်းခြောက်နိုင်မည်မဟုတ်ဟု ဟွန်လီက ထည့်သွင်းပြော ကြားခဲ့သည်။
    ထို့ပြင် ၂၀၀၂ ခုနှစ်က အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ ချုပ်ဆိုခဲ့သော တောင်တရုတ်ပင်လယ် စီမံခန့်ခွဲမှု ကြေညာချက် DOC ကို ဖိလစ်ပိုင်မှ ချိုးဖောက်ခြင်းကိုလည်း တရုတ်နိုင်ငံက ခွင့်ပြုသွားမည်ဟုတ်ဟု ဆိုသည်။
    တရုတ်နိုင်ငံမှ နန်ရှာကျွန်းဟုခေါ်သည့် စပရက်တလီကျွန်းမှာ တောင်တရုတ်ပင်လယ်အတွင်း တည်ရှိပြီး တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူးနိုင်းတို့က ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသော ကျွန်းလည်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၉၉ ခုနှစ်တွင် ထိုကျွန်းတို့ စစ်တပ်များစေလွှတ်ခဲ့ပြီး၊ စစ်အင်အားတိုးချဲ့ရေးအတွက် အဆောက်အဦများ ဆောက်လုပ်ရန်လည်း ပစ္စည်းကိရိယာများ ပေးပို့ခဲ့ဖူးသည်။
    ဆင်ဟွာ
  • ချယ်ဆီးတို့ ခွာလိပ်၊ အာဆင်နယ် နှင့် မန်စီးတီး ၁ မှတ်ဆီ ခွဲယူ၊ မန်ယူ နိုင်ပွဲပြန်ရတဲ့ စနေည EPL ပွဲစဉ် ၃၂
    မတ် ၃၀၊ ၂၀၁၄
    M-Media
    ချန်ပီယံ မဖြစ်နိုင်တော့ဟု ၀န်ခံခဲ့တဲ့မော်ရင်ဟို၊ ရာသီကုန်အထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ၀င်းဂါးနဲ့ ပရိတ်သတ်အားလုံး ထောက်ခံနေပါတယ်ဆိုတဲ့ မိုယက်စ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ စနေနေ့ညပွဲများ
    MU and as
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ရဲ့ ၇ ပွဲကို မနေ့က ကစားခဲ့ပြီး မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဂိုးပြတ်နဲ့နိုင်ခဲ့ကာ ချန်ပီယံဆုအတွက် အမှားခံလို့မရတဲ့ ချယ်ဆီးအသင်းကတော့ အဝေးကွင်းမှာ ၃ မှတ် လက်လွှတ်ခဲ့ရပါတယ်။ ဒီတစ်ပတ်ရဲ့ Match of The Week ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ပွဲကတော့ တစ်ဂိုးစီသရေနဲ့ ပွဲသိမ်းခဲ့ပါတယ်။
    နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲရှုံးထားတဲ့ မန်ယူအသင်းကတော့ ဒီနေ့ပွဲမှာ အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ခံစစ်ကောင်းတဲ့ အက်စတွန်ဗီလာကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ပွဲအစမှာ မန်ယူတို့ အထနှေးခဲ့ပြီး ဗီလာအတွက် ဦးဆောင်ဂိုးကို ၁၃ မိနစ်မှာ ၀က်စ်ဝုဒ်က ဖရီးကစ်ကနေတစ်ဆင့် သွင်းပေခဲ့ပါတယ်။ ဦးဆောင်ဂိုးသွင်းပြီး နောက်ပိုင်းမိနစ်အနည်းငယ်နဲ့ ဒုတိယပိုင်းအစတို့မှာ ဗီလာဟာ မန်ယူဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးရလုရခင်အနေအထားမျိုးအထိဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းပွဲတွေမှာ အနိုင်ရသင့်တဲ့အသင်းကို နိုင်အောင်ကစားတတ်တဲ့ မန်ယူတို့ ပထမပိုင်းမှာ ၂ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး မန်ယူပရိတ်သတ်တွေကို နှစ်သိမ့်နိုင်ခဲ့ပါတယ်။ မန်ယူအတွက် ဂိုးတွေကိုတော့ ရူနီက ပင်နယ်တစ်တစ်လုံးအပါအ၀င် ၂ ဂိုး မာတာနဲ့ ဟာနန်ဒက်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့တာပါ။ ပွဲအပြီးမှာတော့ ပရိတ်သတ်တွေအားလုံး မိမိအနောက်မှာ ရှိနေပါတယ်လို့ မိုယက်စ်က ပြောခဲ့ပါတယ်။
    ပွဲစဉ် ၃၀ မှာ အက်စတွန်ဗီလာကို မထင်မှတ်ဘဲ ရှုံးခဲ့ရတဲ့ ချယ်ဆီး မနေ့ကပွဲမှာလည်း တန်းဆင်းဇုန်နားက ခရစ္စတယ်ပဲလေ့စ်ကို ပြတ်ပြတ်သားသား ဖိကစားနိုင်ခဲ့ပေမယ့် ဂျွန်တယ်ရီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အဖိုးတန်အနိုင် ၃ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို ၆ ဂိုး သွင်းနိုင်ခဲ့တဲ့ ချယ်ဆီးတိုက်စစ်ဟာ ဒီနေ့ပွဲမှာလည်း ဂိုးသွင်းခွင့်ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။ ပွဲအပြီးမှာတော့ ချန်ပီယံဆုကိုရဖို့ မဖြစ်နိုင်တော့ဘူးလို့ မော်ရင်ဟိုက ၀န်ခံသွားခဲ့ပါတယ်။
    အီမရိတ်မှာကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ပွဲမှာတော့ ၂ သင်းစလုံး လူစုံထုတ်ခဲ့ပြီး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ပထမအကျော့က ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးထားတဲ့ အာဆင်နယ်တို့ ဒီပွဲမှာတော့ သတိထားကစားခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ မန်စီးတီးအသင်း ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီး ၁၈ မိစန်မှာ ဆေးလ်ဗားက ဧရိယာအတွင်းကနေ အနီးကပ်ကန်သွင်းကာ မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဆင်နယ်တို့ ကစားပုံ ပိုမိလာပြီး မန်စီးတီးအသင်းဘက်ကို ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ ၅၃ မိနစ်မှာတော့ ပိုဒေါစကီးရဲ့ ဖန်တီးပေးမှုကနေ ကွင်းလလ်လူ ဖလာမီနီက ဘယ်ခြေနဲ့ အဆုံးသတ်ပြီး အာဆင်နယ်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ အာဆင်နယ်ကို ပြန်လာပြီးနောက်ပိုင်း သူ့ရဲ့ ဒုတိယမြောက်ဂိုးလည်းဖြစ်ပါတယ်။ ချန်ပီယံဖြစ်ဖို့အခွင့်အရေး တော်တော်လေးမှေးမှိန်သွားခဲ့ပေမယ့် ၀င်းဂါးကတော့ ရာသီကုန်အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုခဲ့ပါတယ်။
    ခုနောက်ပိုင်းပွဲတွေမှာ အနိုင်ရအောင်ကစားလာနိုင်တဲ့ စတုတ်စီးတီးအသင်းကလည်း ဟားလ်စီးတီးကို ပီတာ အိုဒမ်ဝင်ဂီရဲ့ ဒုတိယပိုင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဆေက်သက်တမ်နဲ့ ဆွမ်ဆီးတို့ကလည်း အိမ်ကွင်းမှာ နယူးကာဆယ်နဲ့ နော်ဝစ်ခ်ျတို့ကို ဂိုးပြတ်ခြေပြတ်နိုင်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ၀က်စ်ဘရွန်းကတော့ အိမ်ကွင်းမှာ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ထိန်းမထားနိုင်ခဲ့တာကြောင့် မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားရဲ့ ကာဒစ်ဖ်အသင်းကို ၃ ဂိုးပြန်ပေးခဲ့ရပြီး ၁ မှတ်သာ ရခဲ့ပါတယ်။ ဒီပွဲမှာ ကစားပုံကောင်းတဲ့ ကာဒစ်ဖ်တို့အတွက် ထိုက်တန်တဲ့ သရေတစ်မှတ်လို့လည်း ဆိုနိုင်ပါတယ်။
    မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၄-၁ အက်စတွန်ဗီလာ
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ချယ်ဆီး
    ဆောက်သက်တမ် ၄-၀ နယူးကာဆယ်
    စတုတ်စီးတီး ၁-၀ ဟားလ်စီးတီး
    ဆွမ်ဆီး ၃-၀ နော်ဝစ်ခ်ျ
    အာဆင်နယ် ၁-၁ မန်စီးတီး
  • ဂျပန်ဖက်ရှင် သီတင်းပတ်တွင် ဟိဂျဘ်ဖက်ရှင် လူကြိုက်များ
    မတ် ၂၉ ၊ ၂၀၁၄
    M-Media
    Hijab-Shines-At-Tokyo-Fashion-Week-1
    – ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် ဖက်ရှင်သီတင်းပတ်တွင် လှပသည့် ဖက်ရှင်ဝတ်စုံများနှင့် ဟိဂျဘ်များပေါင်းစပ်ကာ ဒီဇိုင်းထုတ် ပြသမှုများရှိခဲ့ပြီး ပရိတ်သတ်များ၏ အားပေးထောက်ခံမှုလည်း ရရှိခဲ့သည်ဟု သိရသည်။
    “ရိုးရိုးယဉ်ယဉ်ဟိဂျဘ်တွေဟာ အတားအဆီးမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဒီလိုဆင်မြန်းပြီး၊ ပေါ့ပေါ့ပါးပါးနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ပြတာပါပဲ” ဟု အဆိုပါ ဖက်ရှင် သီတင်းပတ်တွင် ၀င်ရောက်ပြသခဲ့သည့် ဒီဇိုင်နာ ၀ီဒီယက်စတာ ဒါရီက သတင်းထောက်များအား ပြောကြားခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။
    တိုကျိုဖက်ရှင်သီတင်းပတ်ကို တစ်နှစ်လျှင်နှစ်ကြိမ် ပြုလုပ်လေ့ရှိပြီး ဟိဂျဘ်ဝတ်ဆင်မှုအား ကမ္ဘာကို တင်ဆက်ပြသည့် အာရှမှ ဒီဇိုင်နာများလည်း ၀င်ရောက်ယှဉ်ပြိုင်ကြသည်။ ဒီဇိုင်နာ နူရ်ဇာဟာက “သစ္စာအလွှာများ” ခေါင်းစဉ်ဖြင့် နွေဦးရာသီနှင့် ဆောင်းရာသီဖက်ရှင်များကို ပြသခဲ့ပြီး ရိုးရိုးယဉ်ယဉ် ဟိဂျဘ်များကို ဆန်းပြားသောဖက်ရှင်ပုံစံဖြစ်လာအောင် တီထွင်ပြသသွားခဲ့သည်။
    နူရ်ဇာဟာပြသည့် ဒီဇိုင်းများတွင် ရှီဘိုရီဟု ခေါ်သည် ဂျပန်တို့၏ ရိုးရာဖြစ်သော သဘာဝအတိုင်း အင်္ကျီဆေးဆိုးနည်းနှင့် အင်ဒို ပါတိတ်ဆေးဆိုးနည်းတို့ကို အသုံးပြုထားသည့် အ၀တ်များအား ချည်သား သို့မဟုတ် ပိုးသားဟိဂျဘ်များဖြင့် တွဲဖက်ကာ ဆင်မြန်းထားသည့် ဖက်ရှင်များလည်း ပါဝင်သည်။ ထို့ပြင် ကနုတ်များဖြင့် ကြာပွင့်များ၊ ပန်းပွင့်များသဏ္ဍာန် ပုံဖော်ထားသည့် ဒီဇိုင်းများနှင့် တူရကီတို့၏ ပန်းပွင့်များဖြင့် ပုံဖော်ထားသည့် ဒီဇိုင်းများလည်းပါဝင်သည်။
    သာမန်ပုဝါများအား စတိုင်ကျသော အ၀တ်အစားများနှင့် ပေါင်းစပ်ကာ ပြုလုပ်ခဲ့သည့် ဒီဇိုင်းအသစ်များမှာ ပေါ့ပေါ့ပါးပါးရှိသည်ဟု ဒါရီက ပြောကြားခဲ့သည်။
    “ဟီဂျဘ်ဆင်မြန်းတာဟာ ခက်ခဲတဲ့အရာမဟုတ်ဘဲ ဘယ်သူမဆို ၀တ်ဆင်နိုင်တယ်ဆိုတာကို လူတွေအားကျလာစေချင်တာပါ” ဟု သူမကဆိုသည်။
    အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများမှ ကျန်မာရေးနှင့်ညီညွတ်သော ဟာလာလ်အစားအသောက်များအထိ ကျယ်ပြန့်လာခဲ့သည့် အစ္စလာမ့်ရှရီအသ်နှင့် ဆက်စပ်သည့် ကဏ္ဍများတွင် အစ္စလာမ့်ဖက်ရှင်မှာလည်း လူအများနှစ်ခြိုက်မှုများလာသည့် ကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။ ဘာသာတရား အဆုံးအမနှင့် ညီညွတ်မှု၊ ဣနြေ္ဒသိက္ခာရှိမှုတို့မှာ တိုးတက်လာသော အစ္စလာမ့်ဖက်ရှင်၏ အဓိကအသက်ဖြစ်ပြီး အင်ဒိုနီးရှား၊ ဒူဘိုင်းတို့မှ အစပြုကာ အစ္စလာမ့်ဖက်ရှင်မှာ မွန်တီကာလိုအထိ ကျယ်ပြန့်လာခဲ့သည်။
    ဂျပန်နိုင်ငံတွင် အစ္စလာမ်သာသနာမှာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး လူဦရေး ၁၂၇ သန်းရှိသည့် ထိုနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ ယခုအခါ ၁၂၀၀၀၀ ခန့် ရှိလာသည်။
    OnIslam & News Agencies