News @ M-Media

Blog

  • သာသနာ့အလံတော် အသုံးပြုရမည့်နေ့ရက်များ

    556968_365908493486680_927227280_n

    (က)အခါကြီး ရက်ကြီးများ
    1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
    2. နယုန်လပြည့် (မဟာသမယနေ့)
    3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
    4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
    5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
    6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
    7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
    8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

    (ခ)ပွဲတော်နှင့် အခမ်းအနားများ
    1. ၀ါဆိုပွဲတော် အခမ်းအနား
    2. အဘိဓမ္မာအခါတော်နေ့
    3. ကထိန်ပွဲတော်
    4. ရဟန်းခံရှင်ပြုပွဲ
    5. ဆွမ်းကြီးလောင်းလှူပွဲ
    6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
    7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
    8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
    9. ဘုရားထီးတင်ပွဲ
    10. ဗုဒ္ဓပူဇနိယပွဲတော်
    11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
    12. သံဃာ့အစည်းအဝေး
    13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
    14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

    (ဂ)လွှင့်ထူ အသုံးပြုနည်း၊
    အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။
    လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။
    မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။
    သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်။

    (ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊
    1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
    2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

    [ မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့၊ သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၊ အပိုဒ်(၃၅၈)၊ အပိုဒ်(၃၉၅) ]

    via-ကပ္ပိယ သာ ဂိ FB

    ** မည့်သည် လူမျိုးနှင့် ဘာသာကိုမျှ ပုတ်ခတ်စော်ကားသည့် မှတ်ချက်များ မပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

  • စစ်တွေမှ INGO ရုံးများ အကြမ်းဖက်ခံရမှု ကုလသမဂ္ဂက ကြေညာချက် ထုတ်

    မတ် ၂၈၊ ၂၀၁၄
    M-Media

    UN
    ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် INGO ရုံးများကို အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူး Mr. Toily Kurbanov  မတ်လ ၂၇ ရက်နေ့စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

    ကုလသမဂ္ဂနှင့် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို အကြမ်းဖက် ဖျက်ဆီးမှု များအပေါ် အလွန်စိုးရိမ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အစိုးရမှ ကာကွယ်ပေးဖို့တောင်းဆိုကြောင်း ၊  ကုလ သမဂ္ဂ၏ လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများက အကူအညီများ ဆက်လက်ပေးသွားမည်ဟု ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဆက်လက်ပြီး အကူညီပေးရေးလုပ်ငန်းများ လျော့ကျလာပါက ထိခိုက်လွယ်သူများအား အကာအကွယ်ပေးနိုင်မှုများစွာ ထိခိုက်လာနိုင်ခြင်းအပေါ် အလွန်စိုးရိမ်တဲ့ကြောင်း ထပ်လောင်းပြောကြားထားပါတယ်။

    ပြစ်မှုကျူးလွန်သူများကို အရေးယူဖို့ သက်ဆိုင်ရာအာဏာပိုင်များ သင့်လျော်တဲ့တုံပြန်မှုများ ဆောင်ရွက်ရန် ကြေညာချက်မှာ တိုက်တွန်းရေးသားထားပါတယ်။

  • စစ်တွေ အကြမ်းဖက်မှု အတွက် အလွန်အမင်း စိုးရိမ်ကြောင်း အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်

    M-Media
    မတ်လ ၂၈ ရက်၊ ၂၀၁၄

    USDeeplyConcernedbyViolenceinSittwe

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ စစ်တွေအကြမ်းဖက်မှုအတွက် အလွန်အမင်းစိုးရိမ်ကြောင်း ကြေညာချက်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် အမေရိကန်အနေဖြင့် စစ်တွေ၌ လွန်ခဲ့သည့် နေ့များက ဖြစ်ပွားခဲ့သော အိုင်အင်ဂျီအိုများကို ဦးတည်သည့် လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် နက်ရှိုင်းစွာ စိုးရိမ်ကြောင်း၊ တိုက်ခိုက်မှုများကြောင့် အဆောက်အဦများ ပျက်စီးခဲ့ရသလို အင်ဂျီအို ၀န်ထမ်းများကိုလည်း အရေးပေါ်နေရာရွှေ့ပြောင်းပေး ခဲ့ရကြောင်း၊ ထိုဝန်ထမ်းများ အထဲတွင် အမေရိကန်လူမျိုး ၃ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် ကြေညာချက်က မြန်မာအာဏာပိုင်များ အနေဖြင့် လုံခြုံရေးဆောင်ရွက်နေသော်လည်း မလုံလောက်မှုများ ဆက်လက်ရှိ၍လည်းကောင်း၊ စစ်တွေ၌ တရားဥပဒေစိုးမိုးမှု  ပပျောက်နေ၍လည်းကောင်း၊ အင်ဂျီအိုဝန်ထမ်းများကို အကာအကွယ်ပေးမှုများ၊ အကြမ်းဖက်မှုပျံ့နှံ့ နေသည့်ကိစ္စများ အတွက်လည်းကောင်း အလွန်အမင်းစိုးရိမ်ကြောင်း တင်ပြထားသည်။

    မြန်မာအစိုးရကိုလည်း လိုက်လျောညီထွေဖြစ်သည့် အဖြေတစ်ခုကို ထုတ်ပေးပြီး ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား ကိုင်တွယ်ဖြေရှင်းရေးသာမက တာရှည်ခံသည့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုပါ လုပ်ဆောင်သွားရန် အဆိုပါကြေညာချက်က တိုက်တွန်းထားသည်။

    ကြေညာချက်အပြည့်အစုံဖတ်ရှုရန် (အင်္ဂလိပ်ဘာသာဖြင့်)
    goo.gl/Cbsvyd

  • MH370: ပျောက်ဆုံး မလေးရှားလေယာဉ်ပျက် သြစတြေးလျ အနီးတွင် တွေ့ပြီဟုဆို

    မတ်လ ၂၈ရက်(မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ ခန့်)
    ရောဘတ်အယ်လ်ဟို့စ်

    1504152_220778044787802_1479558291_n

    သြစတြေးလျနိုင်ငံ တာဝန်ရှိသူများ၏ ယခု ကင်ဘာရာမြို့တွင် ပြုလုပ်နေသော သ တင်းစာရှင်းလင်းပွဲ ပြောဆိုမှုများအရ မတ်လ ၈ ရက်နေ့က လူပေါင်း ၂၃၉ ဦးနှင့် အတူ ပျောက်ဆုံး သွားခဲ့သော မလေးရှား ခရီးသည်တင်လေယာဉ် MH-370 ၏ အပျက်အစီးများ ဟု အတည်ပြုနိုင်သည့် အပျက်အစီးအပိုင်းအစများ ကို သြစတြေးလျနိုင်ငံ အရှေ့ဖက်ကမ်းရိုး တန်း မြို့ ဖြစ်သည့် ပါ့သ်မြို့၏ အရှေ့မြောက်ပိုင်း ၆၈၄ မိုင် အကွာ ရှိ အိန္ဒိယ သမု ဒ္ဓရာ ရေပြင် တွင် ရှာတွေ့ခဲ့ပြီ ဟု ဆိုသည်။

    အဆိုပါနေရာသို့ အားဖြည့်ရှာဖွေရန် နောက်ထပ် လေယာဉ် ၁၀ စင်း နှင့် သင်္ဘောခြောက်စင်းကို ထပ်မံ ပို့လွှတ်ထးသည်ဟု ဆိုသည်။ ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုအရ အဆို ပါလေယာဉ် သည် မီးလောင် မပျက်ကျခင် ရှိသင့်ရှိထိုက်သည့် အမြန်နှုန်းထက် အဆပေါင်း များစွာ ပိုမြန်သည့် အရှိန်ဖြင့် မောင်းနှင်ခဲ့သည်ဟု ဆိုသည်။ု

ုယခုနောက်ဆုံးတွေ့ရှိရသည့် လေယာဉ်ပျက် အပိုင်းအစများကို မတ်လ ၂၇ ရက်နေ့ က ပါ့သ်မြို့ အရှေ့တောင်ဖက် မိုင် ၁၇၁၉မိုင် ကျော် ရေပြင်တွင် ပထမဦးဆုံး စတင်တွေ့ရှိ ခဲ့ရပြီး သမုဒ္ဓရာရေပြင် အတွင်း ဆက်လက်မျောပါနေခဲ့ရာမှ ယခုတည်နေရာအရောက်တွင် အတည်ပြုနိုင်ခဲ့ခြင်းဟု ဆိုထားသည်။

    ခန့်မှန်းတွက်ဆချက်များကို သြစတြေးလျ ကမ်းခြေစောင့်တပ်များ ၏ ရေဒါပုံရိပ် တွင် ပေါ်ခဲ့သည့် အချက်အလက်များအပေါ် အခြေခံထားကြောင်း သြစတြေးလျ တာ ၀န်ရှိသူများက ယခုလေးတွင် ပြုလုပ်ပြီးစီးသွားသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်အား ဖြေကြားရှင်းလင်းသွားသည်။

    ကိုးကား – CNN Live
    ဓာတ်ပုံ – မတ်လ ၂၇ ရက်နေ့က ပါ့သ်မြို့ အရှေ့တောင်ဖက် မိုင် ၁၇၀၀ ကျော်တွင် ပျောက်ဆုံးမလေးရှား လေယာဉ် အပိုင်းအစများကို စတင် ခြေရာခံနိုင်ခဲ့သည့် နေရာ အား သြစတြေးလျအာဏာပိုင်များက ထုတ်ပြန်ခဲ့သည့် ဂရပ်ဖစ်ပုံ။

    #MH370

  • စစ်တွေ မငြိမ်သက်မှု လူစုခွဲရာ တစ်ယောက် သေဆုံး

    မတ် ၂၇ ၊ ၂၀၁၄
    BBC (မြန်မာပိုင်း)
    10153755_729383977081864_905730691_n
    စစ်တွေမြို့မှာ ဖြစ်ခဲ့တဲ့ မငြိမ်မသက် ဖြစ်မှုကြောင့် ရဲတွေက ခြောက်လှန့် ပစ်ခတ် လူစုခွဲရာမှာ အသက် ၁၁ နှစ်အရွယ် ကလေးမ တစ်ယောက် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

    စစ်တွေမြို့က အန်ဂျီအို ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို မဖွယ်မရာ ပြုလုပ်တယ် ဆိုပြီး အန်ဂျီအို ရုံးတွေကို စစ်တွေ ဒေသခံတွေက ခဲတွေ တုတ်တွေနဲ့ ဝိုင်းဝန်း ဖြိုဖျက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထား ပါတယ်။

    တိုက်ခိုက်သူတွေဟာ အုပ်စုလိုက် အဖွဲ့တွေ ခွဲပြီး တိုက်ခိုက်ခဲ့တာကို ထိန်းသိမ်းဖို့ ခက်ခဲတဲ့အတွက် ညမထွက်ရအမိန့် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ဘီဘီစီကို ပြောပါတယ်။

    မတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့က စတင် ဖြစ်ခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုဟာ ည ၁၂ နာရီ အကျော်ထိ ထိန်းမနိုင် သိမ်းမရ ဖြစ်လာတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်တွေ မိုးပေါ်ထောင် ပစ်ပြီး လူစုခွဲခဲ့ရပါတယ်။

    နောက်တစ်နေ့ ကြာသပတေးနေ့မှာလည်း မကျေနပ်တဲ့ သူတွေက မနက်ပိုင်းကနေ ညနေပိုင်းအထိ အန်ဂျီအိုတွေရဲ့ နေအိမ်တွေကို တိုက်ခိုက် ခဲ့ကြတဲ့အတွက် အန်ဂျီအိုရုံး အတော်များများ ပျက်စီးသွားခဲ့ရပါတယ်။

    လောလောဆယ် နိုင်ငံခြားသားတွေ အပါအဝင် အန်ဂျီအို ဝန်ထမ်းတွေကို အာဏာပိုင်တွေက မနက်ပိုင်းအထိ ရဲစခန်းမှာ ခေါ်ယူ ထားတယ်လို့ ရဲစခန်းကို ရောက်ရှိတုန်း အန်ဂျီအို မြန်မာဝန်ထမ်း တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ရုန်းရင်း ဆန်ခတ်မူတွေ ဖြစ်ပွားခဲ့တဲ့အတွက် စစ်တွေမှာ ဈေးတွေနဲ့ ဆိုင်ခန်းတွေကို ပိတ်ထားခဲ့ရပါတယ်။

    ဒါပေမယ့် ကုလသမဂ္ဂ ဘက်ကတော့ သာသနာ့အလံကို အန်ဂျီအို ဝန်ထမ်းက မဖွယ်မရာ ပြုလုပ်တယ် ဆိုတာဟာ မှန်ကန်မှု မရှိဘူး၊ ကောလဟာလ ပြောကြတာလို့ ဘီဘီစီကို ပြောပါတယ်။

    ရန်ကုန်မှာ ရှိတဲ့ အမေရိကန် သံရုံးက အခု လတ်တလော ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

    Photo Credit- Pho Zaw (ရဲအရာရှိ) FB မှ ကူးယူဖော်ပြပါသည်။

    http://www.bbc.co.uk/burmese/burma/2014/03/140327_sittwe_ngo_144.shtml