News @ M-Media

Blog

  • နိုင်ငံငယ်များဖွံဖြိုးရေး ကူညီမည့် စီမံကိန်းကို G7 အဖွဲ့ ထုတ်ပြ

    နိုင်ငံငယ်များဖွံဖြိုးရေး ကူညီမည့် စီမံကိန်းကို G7 အဖွဲ့ ထုတ်ပြ

    ဇွန် ၁၃၊ ၂၀၂၁
    M-Media

    -ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခြေခံအဆောက်အဦးတွေ ကူညီဆောက်လုပ်ပေးမယ့် အစီအစဉ်တစ်ခုကို စက်မှုထိပ်သီးနိုင်ငံများအဖွဲ့ G7 က ကြေငြာလိုက်ပြီး တရုတ်ရဲ့ ခါးပတ်တစ်ကွင်းလမ်းတစ်စင်း (BRI) စီမံကိန်းကို တန်ပြန်ဖို့ ဖြစ်ပါတယ်။

    ယူကေမှာလုပ်တဲ့ G7 ထိပ်သီးအစည်းအဝေးမှာ မနေ့က ထုတ်ပြန်တဲ့ အစီအစဉ်ကို ‘ပိုကောင်းတဲ့ကမ္ဘာကြီးတည်ဆောက်စို့’ B3W လို့ အမည်ပေးထားပါတယ်။

    တရုတ်ရဲ့ BRI စီမံကိန်းက နိုင်ငံတော်တော်များများမှာ ရထားလမ်း၊ ကားလမ်းနဲ့ ဆိပ်ကမ်းတွေအပါအဝင် အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ပေးတာပါ။ ဒါပေမယ့် နိုင်ငံငယ်တွေကို အကြွေးထောင်ချောက်ထဲဝင်အောင်လုပ်ပြီး အပိုင်သိမ်းဖို့ကြံတယ်လို့ စွပ်စွဲခ့ထားရပါတယ်။

    G7 ရဲ့ထုတ်ပြန်ချက်မှာ သူတို့ရဲ့ B3W အစီအစဉ်ဟာ အရည်အသွေးကို အဓိကထားပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးနဲ့ ဖော်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

    ငွေကြေးကိစ္စအပါအဝင် စီမံကိန်းအသေးစိတ်ကို လတ်တလော ထုတ်ပြန်မှာမဟုတ်သေးဘူးလို့ ဂျာမနီအဓိပတိ အန်ဂျလာ မာကဲလ်က ပြောပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေး အားထုတ်လုပ်ဆောင်သွားမယ်လို့လည်း G7 နိုင်ငံတွေက သဘောတူညီခဲ့ကြပါတယ်။

    Ref: BBC

  • မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဟု ဂျပန်အထက်လွှတ်တော် ဆုံးဖြတ်

    မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဟု ဂျပန်အထက်လွှတ်တော် ဆုံးဖြတ်

    ဇွန် ၁၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်နေတာကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဂျပန်အထက်လွှတ်တော်မှာ မနေ့က တစ်ညီတစ်ညွတ်တည်း အတည်ပြုလိုက်ပါတယ်။

    အောက်လွှတ်တော်မှာလည်း ပြီးခဲ့တဲ့တစ်ပတ်က အလားတူဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သွားဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေ၊ မျှော်လင့်ချက်တွေကို နင်းခြေဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် လက်ရှိ စစ်တပ်က ဖော်ဆောင်ထားတဲ့ အစိုးရကို လုံး၀ အသိအမှတ်မပြုကြောင်းလည်း ဆုံးဖြတ်ချက် ဆိုပါတယ်။

    “အကြမ်းဖက်မှု ဆက်ဖြစ်နေပြီး လူတွေအများအပြား အသတ်ခံနေရတာ၊ ညှင်းပမ်းခံနေရတာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်နေတာကို ချက်ခြင်းရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ စစ်ခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်”

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ထွန်းကားလာရေး သံတမန်နည်းလမ်းတွေ၊ အခြားနည်းလမ်းတွေကို အသုံးပြု ဆောင်ရွက်သွားမယ်လို့လည်း အထက်လွှတ်​တော်ရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အကူအညီအများအပြားပေးနေတဲ့ နိုင်ငံဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရှေ့ဆက် အကူအညီပေးတော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    Ref: The Daily Star

  • အစ္စလာမ်ဘာသာဝင်များနှင့် တစ်သားတည်းရှိကြောင်း ကနေဒါပြည်သူများ ချီတက်ဆန္ဒထုတ်ဖော်

    အစ္စလာမ်ဘာသာဝင်များနှင့် တစ်သားတည်းရှိကြောင်း ကနေဒါပြည်သူများ ချီတက်ဆန္ဒထုတ်ဖော်

    ဇွန် ၁၃၊ ၂၀၂၁
    M-Media

    -ကားနဲ့တိုက်သတ်ခံလိုက်ရတဲ့ မွတ်စလင်မိသားစုအတွက် စာနာဝမ်းနည်းကြောင်း၊ နိုင်ငံတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်အားလုံးနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ ချီတက်တက်ပွဲတစ်ခုကို ကနေဒါနိုင်ငံမှာ သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။

    ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်က လန်ဒန်မြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညပိုင်းက မွတ်စလင်မိသားစုတစ်ခု မျဉ်းကြားကူးဖို့ စောင့်ဆိုင်းနေစဉ် အသက် ၂၀ အရွယ် နသန်နီယဲလ် ဗဲလ်တ်မန်ဆိုသူက ထရပ်ကားနဲ့ ဝင်တိုက်ခဲ့တာပါ။

    အဲဒီအဖြစ်အပျက်အတွင်း မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့က ဒါဟာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးစိတ်ကို အခြေခံလုပ်ဆောင်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ကနေဒါ၀န်ကြီးချုပ် ဂျက်စတင် ထရူဒူက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    သောကြာနေ့က ထောင်နဲ့ချီတဲ့ ကနေဒါပြည်သူတွေဟာ အခင်းဖြစ်ပွားရာနေရာမှာ ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။ အဲဒီနောက် အနီးအနားမှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တစ်ခုကို ချီတက်ခဲ့ကြပြီး သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း၊ နိုင်ငံအတွင်းမှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။

    ဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ ‘အမုန်းအတွက်နေရာမရှိ’ ‘မေတ္တာက အမုန်းကို လွှမ်းမိုးရမည်’ ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ လူ့အဖွဲ့အစည်းတိုင်းက ကိုယ်စားလှယ်တွေက ဘာသာရေးလူမျိုးရေးမုန်းတီးမှုကို ဆန့်ကျင်ရှုတ်ချတဲ့မိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။

    တိုရွန်တို၊ အိုတာဝါ၊ မွန်ထရီယဲလ်၊ ကျူဘတ်မြို့တို့မှာလည်း ဒီလို ချီတက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

    မွတ်စလင်မိသားစုကို ကားနဲ့တိုက်သတ်ခဲ့တဲ့ ဗဲလ်တ်မန်ကို​ လူသတ်မှုစွဲချက် ၄ ခု၊ လူသတ်ရန်ကြိုးစားမှု စွဲချက်တစ်ခုနဲ့ တရားစွဲဆိုထားပါတယ်။

    Ref: Aljazeera

  • စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ကုလလူ့အခွင့်အရေးအကြီးအကဲ ရှုတ်ချ

    စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ကုလလူ့အခွင့်အရေးအကြီးအကဲ ရှုတ်ချ

    ဇွန် ၁၁၊ ၂၀၂၁
    M-Media

    -တိုက်ခိုက်မှုတွေ မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံဟာ ဒုက္ခတွင်းထဲ သက်ဆင်းနေရပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှလ် ဘာချလတ်က သတိပေးလိုက်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကိုလည်း ရှုတ်ချလိုက်ပါတယ်။

    ဘာချလတ်ဟာ ဧပြီလက မြန်မာကိုလာရောက်ဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။

    ဒီကနေ့ထုတ်ပြန်တဲ့ ဘာချလတ်ရဲ့ ကြေငြာချက်မှာ ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်လိုတဲ့ဆန္ဒမျိုး စစ်ကောင်စီမှာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် လတ်တလော ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွအတွင်း အရပ်သားတွေကို စစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ နေအိမ်တွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ သူတို့မှာရှိနေတယ်လို့လည်း ဘာချလတ်က ပြောပါတယ်။

    “တင်းမာမှုလျော့ချရေး ကြိုးပမ်းတာမျိုး လုံး၀မရှိဘဲ၊ အဓိကဒေသတွေမှာ တပ်ဖွဲ့တွေ ထပ်တိုးချထာတာမျိုး၊ အကြမ်းဖက်မှု ရပ်ပေးမယ်ဆိုပြီး အာဆီယံမှာ ပေးခဲ့တဲ့ ကတိကဝတ်နဲ့ ဆန့်ကျင်ဖက်လုပ်တာမျိုးကိုပဲ တွေ့ရပါတယ်”

    မြန်မာနိုင်ငံကပြဿနာဖြေရှင်းရေးမှာ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ဘာချလတ်က တိုက်တွန်းခဲ့ပြီး၊ NUG အပါအဝင် နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးမှု ချက်ခြင်းလိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “စစ်တပ်က အရပ်သားတွေနဲ့ အရပ်သားအဆောက်အဦးတွေပေါ်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဟာ လက်မခံနိုင်စရာကိစ္စဖြစ်ပြီး ဒါကိုရပ်တန့်ရေး နိုင်ငံတကာအသိုင်းအဝိုင်းက တစ်ညီတစ်ညွတ်တည်း တောင်းဆိုဖို့ လိုအပ်ပါတယ်။ ဒီပြဿနာအတွက် စစ်ခေါင်းဆောင်တွေမှာသာ တာဝန်ရှိပြီး၊ ဒါကို သူတို့ကပဲ တာဝန်ခံရပါမယ်”

    NUG က ဖွဲ့စည်းထားတဲ့ PDF အဖွဲ့၊ အခြားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း အရပ်သားတွေ ထိခိုက်မှုမရှိအောင် နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်ဖို့ ဘာချလတ်က တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters

  • အီရန်ကို ရုရှားက အဆင့်မြင့်ဂြိုဟ်တုတစ်လုံး ထောက်ပံ့မည်

    အီရန်ကို ရုရှားက အဆင့်မြင့်ဂြိုဟ်တုတစ်လုံး ထောက်ပံ့မည်

    ဇွန် ၁၁၊ ၂၀၂၁
    M-Media

    မနှစ်က အီရန်မှလွှတ်တင်လိုက်သည့် စစ်ဖက်ဆိုင်ရာ ဂြိုဟ်တု

    -အရှေ့အလယ်ပိုင်းတစ်ဝှမ်းက စစ်ဖက်ပစ်မှတ်တွေကို ခြေရာခံစောင့်ကြည့်နိုင်မယ့် အဆင့်မြင့် ဂြိုဟ်တုတစ်လုံး အီရန်ကို ထောက်ပံ့ပေးဖို့ ရုရှားက ပြင်ဆင်နေပါတယ်။

    Kanopus-V အလို့အမည်ရတဲ့ ဂြိုဟ်တုဖြစ်ပြီး ပုံရိပ်တွေကို ပြတ်သားစွာ ရိုက်ကူးနိုင်မယ့် အဆင့်မြင့်ကင်မရာတပ်ဆင်ထားကာ လာမယ့်လအနည်းငယ်အတွင်း ရုရှားက လွှတ်တင်မှာဖြစ်ပါတယ်။

    ပါရှန်ပင်လယ်ကွေ့က ရေနံတွင်းတွေ၊ အစ္စရေးရဲ့ စစ်စခန်းတွေကနေ အီရတ်နိုင်ငံမှာရှိနေတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေအထိ စောင့်ကြည့်ခြေရာခံနိုင်လိမ့်မယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူ နှစ်ဦးနဲ့ အရှေ့အလယ်ပိုင်းက သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

    အမေရိကန်နဲ့ အီရန်တို့ဟာ ထရမ့်လက်ထက်မှာ ပျက်လုနီးပါးဖြစ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေး တစ်ဆင့်ခံဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။

    အီရန်ဟာ Kanopus-V ဂြိုဟ်တု ရရှိဖို့အတွက် ၂၀၁၈ ခုနှစ်ကတည်းက ရုရှားနဲ့ ညှိနှိုင်းဆွေးနွေးလာတာဖြစ်ပါတယ်။ အီရန်ဟာ ၂၀၂၀ ခုနှစ် ဧပြီလမှာ နိုင်ငံရဲ့ ပထမဆုံး စစ်ဖက်ဆိုင်ရာဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့ပါတယ်။

    Ref: Washington Post