News @ M-Media

Blog

  • စစ်တွေ မငြိမ်သက်မှု လူစုခွဲရာ တစ်ယောက် သေဆုံး

    မတ် ၂၇ ၊ ၂၀၁၄
    BBC (မြန်မာပိုင်း)
    10153755_729383977081864_905730691_n
    စစ်တွေမြို့မှာ ဖြစ်ခဲ့တဲ့ မငြိမ်မသက် ဖြစ်မှုကြောင့် ရဲတွေက ခြောက်လှန့် ပစ်ခတ် လူစုခွဲရာမှာ အသက် ၁၁ နှစ်အရွယ် ကလေးမ တစ်ယောက် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

    စစ်တွေမြို့က အန်ဂျီအို ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို မဖွယ်မရာ ပြုလုပ်တယ် ဆိုပြီး အန်ဂျီအို ရုံးတွေကို စစ်တွေ ဒေသခံတွေက ခဲတွေ တုတ်တွေနဲ့ ဝိုင်းဝန်း ဖြိုဖျက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထား ပါတယ်။

    တိုက်ခိုက်သူတွေဟာ အုပ်စုလိုက် အဖွဲ့တွေ ခွဲပြီး တိုက်ခိုက်ခဲ့တာကို ထိန်းသိမ်းဖို့ ခက်ခဲတဲ့အတွက် ညမထွက်ရအမိန့် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ဘီဘီစီကို ပြောပါတယ်။

    မတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့က စတင် ဖြစ်ခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုဟာ ည ၁၂ နာရီ အကျော်ထိ ထိန်းမနိုင် သိမ်းမရ ဖြစ်လာတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်တွေ မိုးပေါ်ထောင် ပစ်ပြီး လူစုခွဲခဲ့ရပါတယ်။

    နောက်တစ်နေ့ ကြာသပတေးနေ့မှာလည်း မကျေနပ်တဲ့ သူတွေက မနက်ပိုင်းကနေ ညနေပိုင်းအထိ အန်ဂျီအိုတွေရဲ့ နေအိမ်တွေကို တိုက်ခိုက် ခဲ့ကြတဲ့အတွက် အန်ဂျီအိုရုံး အတော်များများ ပျက်စီးသွားခဲ့ရပါတယ်။

    လောလောဆယ် နိုင်ငံခြားသားတွေ အပါအဝင် အန်ဂျီအို ဝန်ထမ်းတွေကို အာဏာပိုင်တွေက မနက်ပိုင်းအထိ ရဲစခန်းမှာ ခေါ်ယူ ထားတယ်လို့ ရဲစခန်းကို ရောက်ရှိတုန်း အန်ဂျီအို မြန်မာဝန်ထမ်း တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ရုန်းရင်း ဆန်ခတ်မူတွေ ဖြစ်ပွားခဲ့တဲ့အတွက် စစ်တွေမှာ ဈေးတွေနဲ့ ဆိုင်ခန်းတွေကို ပိတ်ထားခဲ့ရပါတယ်။

    ဒါပေမယ့် ကုလသမဂ္ဂ ဘက်ကတော့ သာသနာ့အလံကို အန်ဂျီအို ဝန်ထမ်းက မဖွယ်မရာ ပြုလုပ်တယ် ဆိုတာဟာ မှန်ကန်မှု မရှိဘူး၊ ကောလဟာလ ပြောကြတာလို့ ဘီဘီစီကို ပြောပါတယ်။

    ရန်ကုန်မှာ ရှိတဲ့ အမေရိကန် သံရုံးက အခု လတ်တလော ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

    Photo Credit- Pho Zaw (ရဲအရာရှိ) FB မှ ကူးယူဖော်ပြပါသည်။

    http://www.bbc.co.uk/burmese/burma/2014/03/140327_sittwe_ngo_144.shtml

     

  • ရပ်တည်မှုလမ်းဆုံ (အတွေးအမြင်)

    မတ် ၂၇ ၊ ၂၀၁၄
    ရေးသူ- ဂျူလိုင်ရဲရင့်

    575093_432489286777436_166854740007560_88220135_585777613_n

    ခေတ်အဆက်ဆက် မြန်မာ့ရာဇ၀င်ထဲက “တိုင်းရင်းသားများ” လို့ ဆိုရင် အလွန်ရိုးသားယဉ်ကျေးလို့ အေးဆေးတဲ့သူတွေဆိုပြီး ကမ္ဘာကျော်စာရေးဆရာတွေရဲ့ စာအုပ်တွေထဲမှာ မှတ်တမ်းတင်ခံရတဲ့အထိဘဲ။

    မြန်မာပြည်က ဗုဒ္ဓဘာသာရဲ့ပုံရိပ်လည်း အလွန်ကောင်းခဲ့တယ်။

    ဒီနှစ်ပိုင်းတွေမှာတော့ အမျိုးသားရေးဝတ်ရုံခြုံပြီး အမြတ်ထုတ်နေကြတဲ့ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တစ်စုကြောင့် Buddhist from Myanmar/Burma လို့ကြားတာနဲ့ နိုင်ငံတကာကလူတွေ တွန့်ရွံ့မဲ့ရွဲ့လာကြပြီ။

    ပြည်တွင်းလုပ်ကြံမီဒီယာက ၀ါဒမှိုင်းတိုက်မှုတွေကို ကျော်ပြီး နိုင်ငံရပ်ခြားမှာရှိနေသူတွေကို လက်တွေ့ ကြည့်ရှုမေးမြန်းနိုင်ပါတယ်။ တကယ့်ဗုဒ္ဓ၀ါဒီစစ်စစ်တွေအဖို့ အချောင်အထင်သေးခံကြရတာ တကယ်ကိုယ်ချင်းစာပါတယ်။

    ဘာသာရေးခုတုံးလုပ်ပြီး အကြီးအကျယ်သောင်းကျန်းချိန်တွေမှာ အမှန်ကို ချပြရင်ဆိုင်ရဲကြတဲ့ ဗုဒ္ဓဘာသာဝင်အရေအတွက်က လုံးဝ လက်တစ်ဆုပ်စာသာသာလေး ရှိခဲ့ကြတယ်။ (သူတို့လည်း အမှန်တရားပေါ်ရပ်တည်ကြလို့ တော်တော်လေး အဖဲ့ခံခဲ့ကြရတယ်။ လေးစားလောက်ပါတယ်)။

    ကမ်းကုန်အောင် မတရားမှန်းသိပါလျက်ကယ်နဲ့ အများစုက ရေငုံနှုတ်ပိတ်နေခဲ့ကြတယ်။ ဒီအကြောင်းတရားရဲ့အကျိုးဆက်တွေပါဘဲ။

    သာသနာတစ်ခုက ဂုဏ်သိက္ခာရှိရှိ ဆက်လက် မတည်တံ့နိုင်ရင် ပြန့်ပွားအောင်ဖြန့်ချိဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သာမန်အသိဥာဏ်နဲ့တောင် စဉ်းစားတတ်ကြပါတယ်။ တစ်နည်းဘဲကျန်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အမည်နာမ၊ အဆောင်အယောင်တွေကို အသုံးချနေတဲ့ သာသနာဖျက်တွေအပေါ်
    ဗုဒ္ဓဘာသာဝင်စစ်စစ်များက စုပေါင်း ပယ်လှန်လိုက်ရင် ရှိရင်း စွဲရောင်ဝါတွေ ပြန်လည်ထိန်လင်းလာပါလိမ့်မယ်။

    အလားတူစွာဘဲ ဒီရက်ပိုင်း ရခိုင်ပြည်နယ်ထဲ ရခိုင်အုပ်စုများရဲ့ ထင်ရာစိုင်းသောင်းကျန်းမှုဟာ နှစ်နှစ်တာအတွင်း ကမ္ဘာ့မီဒီယာ မျက်နှာပြင်ကနေ ဖော်ပြချက်များက ဒက်ထိကွက်တိ မှန်ကန်ပါကြောင်း မှတ်တိုင်စိုက်ထူလိုက်ခြင်းပါဘဲ။

    ဘယ်သူမပြု မိမိမှုပါ။

    လူမျိုးစုတစ်စုရဲ့ ကောင်းချက်ဖြစ်စေ ဆိုးချက်ဖြစ်စေ အများအားဖြင့် ကြိုးကိုင်မောင်းနှင်နေကြတာကတော့ အဲ့ဒီသက်ဆိုင်ရာ လူမျိုးစုရဲ့ ခေါင်းဆောင်များဖြစ်ကြတယ်။ ရှေ့ကနွား ဖြောင့်ဖြောင့်မသွားရင် နောက်တော်ပါးများက ကောက်ကွေ့နေမှာ သဘာဝပါဘဲ။

    အထိန်းအကွပ်မဲ့ ယုတ်ညံ့လွန်းတဲ့ လူတစ်စုကြောင့် အဲ့ဒီလူမျိုးနွယ်အားလုံး သိက္ခာမဲ့အရှက်ရပြီး ပုတ်ခတ်ရှုတ်ချခံကြရပါလိမ့်မယ်။ ဒါက ကမ္ဘာ့ရာဇ၀င်တစ်လျှောက် သမိုင်းကပေးတဲ့ သင်ခန်းစာပါ။

    တဆက်တည်းမှာဘဲ သောက ၀င်လာမိပါတယ်။ အဲ့ဒါနဲ့နွှယ်ပြီး အခြားတိုင်းရင်းသားများဟာလည်း နိုင်ငံတကာအမြင်မှာ ဒီပုပ်ထဲက ဒီပဲတွေပါလို့ ရောချသတ်မှတ်ခံရမှာ စိုးရိမ်စရာပါ။

    လူမျိုးရေး ဘာသာရေးဆိုတာ အလွန်အင်မတန်မှ ထိလွယ် ရှလွယ်ဖြစ်သလို အထင်မှားခြင်းရောဂါလည်း ကူးစက်နှုန်း မြန်ဆန်လွန်းပါတယ်။ ဒါကြောင့် အခြားတိုင်းရင်းသားတွေ အနေနဲ့ ငါတို့နဲ့မဆိုင်ဆိုပြီး ရေငုံနှုတ်ပိတ် ဆက်နေကြမလား ………..

    တိုင်းရင်းသား ဆိုတဲ့ ဝေါဟာရကြောင့် ထိခိုက်နစ်နာမှု မီးခိုးကြွက်လျှောက် လိုက်လာလေတော့မလား … ဆိုတာကို အစွဲကင်းစွာနဲ့ တွေးတောနေမိပါတယ်။

    (ဘာလူမျိုး ဘယ်ဘာသာဝင်ဖြစ်စေ မြန်မာပြည်ကထွက်လိုက်တာနဲ့ နိုင်ငံတကာက ကျွန်တော်တို့ကို Burman/Myanmar ဆိုပြီး ခြုံငုံခေါ်ဆိုကြတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းစံနှုန်းသတ်မှတ်ချက်မှန်သမျှ ပြည်တွင်းထဲမှာသာ အလုပ်ဖြစ်ကြောင်း နားလည်ထားကြမယ်ဆိုရင် အကောင်းဆုံးအဖြေ မဟုတ်တာတောင်မှ တစ်စုံတစ်ရာတော့ တုန့်ပြန်ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်)။

  • ရီးယဲလ်မှာ ချန်ပီယံဘွဲ့အား ဆွတ်ခူးနိုင်သည်ဟု အလွန်ဆိုပြော

    မတ် ၂၇ ၊ ၂၀၁၄
    M-Media

    – မိမိတို့အသင်းမှာ ကျန်ရှိသည့်လာလီဂါပွဲစဉ်များအားလုံးကို အနိုင်းကစားရမည်ဖြစ်ပြီး ချန်ပီယံဘွဲ့အား ဆွတ်ခူးနိုင်သည်ဟု ရီးယဲလ်ကွင်းလယ်လူ အလွန်ဆိုက ပြောကြားလိုက်သည်။

    383615_heroa

    ပြီးခဲ့သည့် တစ်ပတ်က ဘာစီလိုနာအသင်းအား ၄ ဂိုး ၃ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ရီးယဲလ်မှာ ယနေ့နံနက်က ကစားခဲ့သည့် ဆီးဗီးလားအသင်းနှင့် ပွဲတွင် ၂ ဂိုး ၁ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် နှစ်ပတ်ကျော်က ဇယားထိပ်ဆုံး၌ ရှိနေသည့် ရီးယဲလ်မှာ ယခုအခါ တတိယနေရာအထိ ကျသွားခဲ့ပြီး ထိပ်ဆုံးမှ အက်သလက်တီကိုအသင်းနှင့် ၃မှတ်ကွာဟနေသည်။

    ရီးယဲလ်အနေဖြင့် ချန်ပီယံဘွဲ့အား ကိုင်မြှောက်လိုပါက လာမည့်ပွဲများတွင် ခြေချော်၍ မဖြစ်ဟု အလွန်ဆိုက ဆိုသည်။

    “ကျန်တဲ့ပွဲတွေအားလုံးကို ကျွန်တော်တို့ နိုင်ကိုနိုင်ရပါမယ်။ (ဘာစီလိုနာအားရှုံးနိမ့်မှုကို) ကျွန်တော်တို့ မေ့ပစ်ချင်ခဲ့ပြီး ဒီကို(ဆီးဗီးလားကွင်းကို) လာခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ အကောင်းဆုံး အဆင့်မှာ ရှိမနေပါဘူး” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။

  • အလုပ်ခွင်တွင် ဟိဂျဘ် ဝတ်ခွင့်ပိတ်ပြီး ခွဲခြား ဆက်ဆံသည့် မန်နေဂျာ တစ်ဦးအား ဖင်လင်တရားရုံးမှ အရေးယူ

    မတ် ၂၇ ၊ ၂၀၁၄
    M-Media

    – ဟိဂျဘ်ဝတ်ဆင်ထားသော အစ္စလာမ်ဘာသာဝင် ၀န်ထမ်းတစ်ဦးအား ခွဲခြားမှုပြုလုပ်ခဲ့သည့် အတွက် ဖင်လန်နိုင်ငံ အထည်ဆိုင်တစ်ခုရှိ မန်နေဂျာတစ်ဦးအား တရားရုံးက အရေးယူခဲ့သည်ဟု သိရသည်။

    ဖင်လန်နိုင်ငံ ဟယ်လင်စကီးမြို့ရှိ အထည်ဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်သော အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦအား ဆိုင်းအတွင်း၌ ဟိဂျဘ်ဝတ်ဆင်ခြင်းမပြုရန် မန်နေဂျာက ပြောကြားခဲ့သည်။ သို့သော်လည်း တစ်လစာချုပ်ဖြင့် အလုပ်ဝင်သည့် အဆိုပါ အစ္စလာမ်ဘာသာဝင် ၀န်ထမ်းမှာ မန်နေဂျာဖြစ်သူနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရခဲ့ဘဲ ဟိဂျဘ်ဝတ်ဆင်ခြင်းကြောင့် ပထမနေ့တွင်ပင် အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

    ထိုနောက်ထိုပြဿနာအား ဟယ်လင်စကီးမြို့ရှိ တရားရုံးမှ ကြားနာခဲ့ပြီးနောက် မန်နေဂျာဖြစ်သူအား ရက်ပေါင်း ၂၀ အလုပ်မဆင်းရန် မတ်လ ၂၄ ရက်နေ့ တနင်္လာနေ့က အမိန့်ချမှတ်ခဲ့သည်။ ဖင်လန်ရှိ လုပ်ငန်းခွင်များတွင် စော်ကားမှုများ တားဆီးခြင်း၏ ပထမခြေလှမ်းဖြစ်သည့် ထိုကဲ့သို့ အရေးယူခြင်းအား ဥဒဒေရေးရာ ပညာရှင်များက ချီးကျူးခဲ့ကြသည်။

    ဘာသာရေးဆိုင်ရာ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ငြင်းခုံရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ၊ ဦးခေါင်းခြုံလွှာ၊ ခေါင်းပေါင်း စသည့် ဘာသာရေးဆိုင်ရာ ဆင်ယင်ထုံးဖွဲ့မှုများက  ဖင်လန်နိုင်ငံတစ်ဝှမ်းတွင် ငြင်းခုံမှုများ၊ ဥပဒဆိုင်ရာ အငြင်းပွားမှုများကို မြင့်တက်စေသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဗန်တာမြို့တွင် ဘာသာရေးဆိုင်ရာခေါင်းပေါင်းဝတ်ဆင်သည့် ဆစ်ခ်ဘာသာဝင် ယာဉ်မောင်းတစ်ဦးမှာ ထိုကဲ့သို့ ပြဿနာဖြင့်ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းမှာ အဆိုပါခေါင်းပေါင်းအား ၀တ်ဆင်ခွင့်ရခဲ့သည်။

    ဟိဂျဘ်ဝတ်ဆင်ခြင်းနှင့် ပတ်သက်၍ ဥရောပနိုင်ငံများတွင် ၂၀၀၄ ခုနှစ်ကစတင်ကာ တားမြစ်ပိတ်ပင်မှုများရှိခဲ့သော်လည်း ဥရောပလူ့အခွင့်အရေးဆိုင်ရာတရားရုံးကမူ အလုပ်ရှင်များအနေဖြင့် ထိုကဲ့သို့ ၀တ်ဆင်ခြင်းအား ပိတ်ပင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

    လုပ်ငန်းခွင် ဘက်လိုက်မှု

    အစ္စလာမ်ဘာသာဝင်အမျိုးသမီးများအပေါ် နားလည်မှုလွဲမှားမှုများအား ပြင်ဆင်ပေးသော ပထမဆုံး ခြေလှမ်းဖြစ်သည့် တရားရုံးမှ ထိုဆုံးဖြတ်ချက်အား လူနည်းစု အစ္စလာမ်ဘာသာဝင်များက ချီးကျူးခဲ့ကြသည်။

    FinlandsProHijab-Ruling-Praised
    ရိုဒါ ဟာဆန်

    “တစ်ခါတစ်လေမှာ လူတွေက အမျိုးသမီးတွေ၊ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေဟာ အလုပ်မလုပ်ချင်ကြဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ ဘာသာတရားနဲ့၊ ခင်ပွန်းတွေက အလုပ်လုပ်ဖို့ ပိတ်ပင်ထားတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒါဟာအမှန်တော့မဟုတ်ပါဘူး။ ဒီအမျိုးသမီးတွေက အလုပ်လုပ်ချင်ပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းက သူတို့ကို ခွဲခြားကြတာပါ” ဟု ဘာသာပြန်အဖြစ် အလုပ်လုပ်ကိုင်နေသည့် တာကူမြို့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရိုဒါ ဟာဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် ဖင်လန်နိုင်ငံရှိ အလုပ်ရှင်များအား နိုင်ငံ၏ လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုနှင့် ချိန်ညှိကြရန်၊ ဟယ်လင်စကီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှ ပေးထားသည့် တူညီဝတ်စုံများအတိုင်း လိုက်နာဆောင်ရွက်ရန် ဟာဆန်က တိုက်တွန်းခဲ့သည်။

    “ဆေးရုံတွေမှာ အလုပ်လုပ်နေသူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ဝတ်စုံရှိပြီး အဲဒီဝတ်ဆုံမှာ ခေါင်းဆောင်းအငယ်တစ်ခု ပါဝင်ပါတယ်။ ဒီခေါင်းဆောင်းဟာ သူတို့ရဲ့အလုပ်ကို နှောက်ယှက်မှုမရှိပါဘူး။ ဥပမာအားဖြင့် ဆွီဒင်နိုင်ငံမှာ ရဲအရာရှိတွေဟာ ခေါင်းဆောင်ပုဝါ ဒါမှမဟုတ် ဂျူးအယူဝါဒရဲ့ ကီပါလို့ခေါ်တဲ့ ခေါင်းဆောင်းကို ၀တ်ဆင်နိုင်ပါတယ်။ လစ်ဘရယ်ကျတဲ့ ဒီလိုချဉ်းကပ်မှုတွေကို နားလည်ဖို့အတွက် ကျွန်တော်တို့မှာ ခက်ခဲတဲ့အချိန်တစ်ခု ရှိကောင်းရှိနိုင်ပါတယ်။ ဒါပမယ့် ဆွီဒင်မှာအလုပ်ဖြစ်နေတဲ့ အဲဒီပုံစံဟာ ဘာ့ကြောင့် ဒီမှာ အလုပ်မဖြစ်ရမှာလဲ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ၁၉ ရာစုမှ စတင်ကာ ဖင်လန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ယခုအချိန်တွင် ဖင်လန်နိုင်ငံလူဦးရေ ၅.၂ သန်းတွင် ၄ သောင်းမှ ၄သောင်းခွဲအကြားမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

  • ရွေးကောက်ပွဲဝင်ရန် အီဂျစ် စစ်တပ် အကြီးအကဲ အလ်စီစီ ယူနီဖောင်းချွတ်

    မတ် ၂၇၊ ၂၀၁၄
    M-Media

    – ဒီမိုကရေစီနည်းကျ ပထမဆုံးတင်မြှောက်ခဲ့သော သမ္မတ မော်စီအား ဖြုတ်ချခဲ့သည့် အီဂျစ် စစ်တပ် အကြီးအကဲ အဘ်ဒဲလ် ဖာတာ အလ်စီစီမှာ ရှေ့လတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် ရာထူးမှ နှုတ်ထွက်ခဲ့သည်ဟု သိရသည်။

    egypt-s-army-chief-abdel

    စစ်ယူဖောင်း အပြည့်အစုံ ၀တ်ထားကာ နိုင်ငံအား ယမန်နေ့က မိန့်ခွန်းပြောကြားခဲ့သည့် စီစီက ၎င်းအနေဖြင့် စစ်ဝတ်စုံဝတ်ခြင်းမှာ နောက်ဆုံးဖြစ်ပြီး နိုင်ငံအားကာကွယ်ရန် ယူနီဖောင်း ချွတ်တော့မည်ဖြစ်ပြီး၊ ရွေးကောက်ပွဲတွင် လွယ်လွယ်ကူကူအနိုင်ရရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “နိုင်ငံရဲ့အကျိုးအတွက် ကျွန်တော့်ဘ၀တစ်ခုလုံးကို စစ်တပ်မှာကုန်ဆုံးခဲ့ပါတယ်။ အီဂျစ်နိုင်ငံရဲ့ သမ္မတနေရာမှာ ယှဉ်ပြိုင်ဖို့ ဆန္ဒရှိတယ်ဆိုတာကို ကျွန်တော်ပြောပါမယ်။ ပြီးတော့ ခင်ဗျားတို့ဆီကထောက်ပံ့မှုဟာ ကျွန်တော့်ကို ဒီလိုအခွင့်အရေး ပေးပါလိ့မ်မယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အီဂျစ်နိုင်ငံအား အကြမ်းဖက်များက ခြိမ်းခြောက်နေပြီး၊ တိုင်းပြည်၏ ဂုဏ်သိက္ခာ ပြန်လည်ရရှိရေးကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ အသက် ၅၉ နှစ်အရွယ်ရှိ စီစီမှာ လာမည့်လတွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဟု အများစုက မျှော်မှန်းထားကြသည်။ စီစီ သမ္မတဖြစ်လာပါက ၁၉၅၂ ခုနှစ်မှစတင်ကာ စစ်တပ်က  ကျောထောက်နောက် ခံပြုထားသည့် သမ္မတ နိုင်ငံအား အုပ်ချုပ်သည့် စနစ်မှာ အီဂျစ်တွင် ပြန်လည် ထွန်းကားလာဖွယ်ရှိနေသည်။

    တိုင်းပြည်၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သည့် သမ္မတ မိုဟာမက်မော်စီအား ဖြုတ်ချခဲ့ပြီးနောက် စီစီမှာ နိုင်ငံတွင်  သြဇာရှိသောသူ တစ်ဦးဖြစ်လာခဲ့သည်။ ထို့နောက် မော်စီ၏ မွတ်စလင်ညီနောင်များအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထိုအဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့ဟု ကြေညာခဲ့သည်။

    ထို့ပြင် ယခုသီတင်းပတ်အတွင်း မွတ်စလင်ညီအကိုများအဖွဲ့ဝင် ၅၀၀ ကျော်အား သေဒဏ်ပေးခဲ့သေးသည်။

    Al Jazeera and agencies