News @ M-Media

Blog

  • စစ်တွေက NGO ရုံးရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်၊ အခြေအနေ မထိန်းနိုင်၍ သေနတ်ဖောက်ပြီး လူစုခွဲရ

    မတ် ၂၇ ၊ ၂၀၁၄

    1524590_762253577127552_865112570_n
    ဓါတ်ပုံ-Coral Arakan News

    စစ်တွေမြို့မှာ မာတေဇာ အန်ဂျီအိုရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာ အလံကို နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးက မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းထွက် လာပြီးနောက် ရာနဲ့ချီ ရှိတဲ့ ဒေသခံတွေက ရုံးကို မနေ့ညနေက သွားဝိုင်းရာကနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့ သေနတ် အချက်ပေါင်း အများအပြား ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

    ထိခိုက်ဒဏ်ရတဲ့ သတင်းကိုတော့ မရရှိသေးပါဘူး။

    အခင်း ဖြစ်ပွားပုံ ကတော့ မာတေဇာလို့ ခေါ်တဲ့ နိုင်ငံတကာ အန်ဂျီအို တစ်ခုက အမေရိကန်သူ တစ်ဦးဟာ သူတို့ရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာအလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုပြီး သတင်း ထွက်လာရာကနေ ရာနဲ့ချီရှိတဲ့ ဒေသခံတွေဟာ မာတေဇာ ရုံးကို သွားဝိုင်းပြီး အဲဒီအမျိုးသမီးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    ညဉ့် ၁၁ နာရီကျော်ခန့်မှာ အခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

    သေနတ်ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ လူစုကွဲသွားခဲ့ပြီး အခြေအနေဟာ ငြိမ်သက် သွားခဲ့တယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခြေအနေတွေ မတည်မငြိမ် ဖြစ်နေချိန်မှာ ခုလို ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး သေနတ် ပစ်ခတ်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတဲ့ အတွက် အများပြည်သူတွေကတော့ အထူး ထိတ်လန့် စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်

    မွတ်စလင်ဆန့်ကျင်ရေး ဆိုရှယ်မီဒီယာ အကောင့်တွေနဲ့ စာမျက်နှာတွေမှာတော့ အဆိုနိုင်ငံခြားသူဟာ တူရကီနိုင်ငံသူ ဖြစ်တယ်ဆိုတဲ့ သွေးထိုးလှုံဆော်တဲ့ အရေးအသားတွေ ပြန့်နှံ့နေတာကို တွေ့ရပါတယ်။

    ၂၀၁၂ ခုနှစ် ဇွန်လ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြို့နယ် တော်တော်များများမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပေမယ့် ယခုလို လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်တွေဘက်က သတိပေး အရေးယူမှု တစုံတရာ ပြုလုပ်တယ်ဆိုတာ သတင်းတွေမှာ မတွေ့ရပါဘူး။

    ကိုးကား BBC (မြန်မာပိုင်း)

  • အစ္စရေးနှင့် အီဂျစ်တို့ ဂါဇာအား ပိတ်ဆို့ထားမှုကို ရုပ်သိမ်းရန် ကုလတိုက်တွန်း

    မတ် ၂၆၊ ၂၀၁၄
    M-Media

    – ဂါဇာကမ်းမြှောင်ဒေသအား ပိတ်ဆို့ထားခြင်းများနှင့် နယ်စပ်ဖြတ်ကျော်ကန့်သတ်မှုများအား ဖွင့်ပေးရန် အစ္စရေးနှင့် အီဂျစ်နိုင်ငံတို့အား ကုလသမဂ္ဂမှ တိုက်တွန်းခဲ့သည်ဟု သိရသည်။

    356050_Gaza-UNRAW-Israel

    ပါလက်စတိုင်း ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် UNRWA အဖွဲ့မှ အထွေထွေမဟာမင်းကြီး ဗီလစ်ပို ဂရန်ဒီ (ပုံ) က အကျဉ်းထောင်တွင် ပိတ်မိနေသကဲ့သို့ ဂါဇာကမ်းမြောင်တွင် ပိတ်မိနေသည့် ၁.၈ သန်းသော ပါလက်စတိုင်းများ၏ ဒုက္ခသုက္ခများအား အဆုံးသတ်ပေးရန်အတွက် အစ္စရေးနှင့် အီဂျစ်တို့အား ယမန်နေ့က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

    “ဂါဇာဒေသကလူတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ကမ္ဘာကြီးက မေ့မထားသင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ သူတို့ရဲ့ လုံခြုံရေးဟာ လူတိုင်းရဲ့လုံခြုံရေးလို တန်ဖိုးရှိပြီး လူသားချင်း စာနာထောက်ထားတဲ့ အမြင်တွေနဲ့ရှုမြင်ဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်” ဟု ဂရန်ဒီက ပြောကြားခဲ့သည်။

    ဂါဇာဒေသအား အစ္စရေး၏ တရားမ၀င်ပိတ်ဆို့မှုကို ဖွင့်ပေးရန် ဂရန်ဒီက တိုက်တွန်းပြောကြားခဲ့ပြီး၊ ထိုဒေသအတွင်း ကုလမှဆောက်လုပ်နေသည့် အဆောက်အဦးများတွက် ပစ္စည်းများအား အကန့်အသတ်ဖြင့် အစ္စရေးက ခွင့်ပြုသော်လည်း သွင်းကုန်ထုတ်ကုန်များအား ပိတ်ဆို့ထားခြင်းကြောင့် ဂါဇာဒေသမျာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဂါဇာရှိ ကျောင်းသားများနှင့် ဆေးကုသမှုခံယူရမည့် ပြည်သူများအတွက် အီဂျစ်ရှိ ရာဖာနယ်ခြားအား ဖြတ်ကျော် ခွင့်ပေးရန်လည်း မေတ္တာ ရပ်ခံခဲ့သည်။

    ဂါဇာ၏ မြေပြင်၊ ဝေဟင်၊ ရေပြင် အ၀င်အထွက်များကို အစ္စရေးက ပိတ်ဆို့ထားသည်မှာ ၇ နှစ်ရှိပြီဖြစ်ပြီး၊ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရကလည်း ၂၀၁၃ခုနှစ် နွေရာသီမှစ၍ နိုင်ငံအတွင်းသို့ ဂါဇာမှ ၀င်ရောက်မှုအား တင်းကျပ်စွာ ထိန်းချုပ်ထားသည်။

    ထိုကဲ့သို့ ပိတ်ဆို့ထားမှုက အကျယ်ချုပ်သဘောမျိုးဖြစ်စေပြီး လူနေမှုအဆင့်အတန်း နိမ့်ပါးလာကာ၊ အလုပ်လက်မဲ့နှုန်းနှင့် ဆင်းရဲမွဲတေမှုနှုန်းများအား အလျင်အမြန်မြင့် တက်လာစေခဲ့သည်။ ပါလက်စတိုင်းတာဝန်ရှိသူများကမူ ဂါဇာကမ်းမြှောင်အတွင်း အလုပ်လက်မဲ့နှုန်းမှာ ၄၀ ရာခိုင်နှုန်း အထိရှိသည်ဟု ပြေကြားခဲ့သည်။  UNRWA က ၎င်းတို့အနေဖြင့် ဂါဇာပြည်သူများ၏ ၈၀ ရာခိုင်နှုန်းအား အကူအညီများပေးအပ်နိုင်သည်ဟု ဆိုသည်။

    MRS/AS/MHB

  • ရုရှားမှာ အိမ်နီးချင်းနိုင်ငံများအား ဗိုလ်ကျသည်ဟု အိုဘာမားမှတ်ချက်ပေး

    မတ် ၂၆၊ ၂၀၁၄
    M-Media

    – ယူကရိန်း၏ ခရိုင်းမီးယားဒေသအား ရုရှားမှ သိမ်းပိုက်ခြင်းမှာ ပြီးဆုံးသွားသည့် အပေးအယူတစ်ခု မဟုတ်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားခဲ့ပြီး ရုရှားနိုင်ငံအနေဖြင့် အားနည်းသော အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်နေသည့် ဗိုလ်ကျသောနိုင်ငံအဖြစ် မှတ်ချက်ပေးခဲ့သည်ဟု သိရသည်။

    obama2

    နယ်သာလန်နိုင်ငံ ဟော့ဂ်မြို့တွင်ပြုလုပ်ခဲ့သည့် နျူးကလီးယားလုံခြုံရေး အစည်းအဝေးအပြီး ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ၀င်ရောက်ရမည်ဟု ရုရှားကထင်နေခြင်းနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းက ရုရှားအနေဖြင့် အိမ်နီးချင်းနိုင်ငံများအား သြဇာလွှမ်းမိုးမှုမရှိကြောင်း ဖော်ပြသကဲ့သို့ဖြစ်နေသည်ဟု သူကဆိုသည်။

    “ကျွန်တော်တို့ (အမေရိကန်) အနေနဲ့ အိမ်နီးချင်းတွေပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှုရှိပါတယ်။ သူတို့နဲ့ ခိုင်မာပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ဆက်ဆံရေးရဖို့ ကျွန်တော်တို့ ကျူးကျော်စရာမလိုပါဘူး” ဟု အိုဘာမားက ဆိုသည်။

    ထို့ပြင် ခရိုင်းမီးယားနှင့် ယူကရိန်းရှိ ရုရှားစကားပြောသူများမှာ ခြိမ်းခြောက်ခံနေရပြီး၊ ခရိုင်းမီးယားသိမ်းပိုက်မှုကို ကိုဆိုဗိုနှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည့် ရုရှာသမ္မတပူတင်၏ မှတ်ချက်ကိုလည်း ငြင်းပယ်ခဲ့ကာ၊ ထိုနှိုင်းယှဉ်မှုမှာ အဓိပ္ပါယ်မရှိကြောင်း၊ သို့သော်လည်း ခရိုင်းမီးယားဒေသအား ယူကရိန်းလက်သို့ပြန်ရောက်ရေးအတွက် စစ်အင်အားကို အသုံးပြုမည်မဟုတ်ကြောင်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    ခရိုင်းမီးယားအား ရုရှားမှ ၀င်ရောက်ကျူးကျော်မှုကို ဆန့်ကျင်သောအားဖြင့် အမေရိကန်နှင့် အခြားသောအင်အားကြီးနိုင်ငံများက ရုရှားအစိုးရထိပ်ပိုင်းအရာရှိများကို ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ကန့်သတ်ခြင်း စသည့် ပိတ်ဆို့မှုများကိုပြုလုပ်ထားသည်။ ထို့ပြင် စက်မှုထိပ်သီးနိုင်ငံများအဖွဲ့ဖြစ်သည့် G8 အဖွဲ့မှ ရုရှားကိုထုတ်ပယ်လိုက်ပြီး၊ အရေးယူမှုများကို ထပ်မံ၍ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

    Agencies

  • ဘွန်ဒစ်လီဂါ အမှတ်ပေးချန်ပီယံ ဘိုင်ယန်ဆွတ်ခူး၊ သမိုင်းတစ်လျှောက် ရာသီမကုန်ခင် အစောဆုံး ချန်ပီယံဖြစ်လာ

    မတ်-၂၆၊ ၂၀၁၄
    M-Media

    – ယနေ့နံနက်က ကစားခဲ့သည့် ဟာသာဘာလင်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းမှာ ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံဘွဲ့အား ဆွတ်ခူးရရှိသွားသည်ဟုသိရသည်။

    382805_heroa

    ဘွန်ဒစ်လီဂါပွဲစဉ်ပြီးဆုံးရန် ၇ ပွဲလိုသေးသော်လည်း ၇၇ မှတ်ရရှိထားသည့် ဘိုင်ယန်မြူးနစ်အသင်းမှာ ဒုတိနေရာမှ ဒေါ့မွန်အသင်းအား ၂၅ မှတ်ဖြတ်ထားနိုင်သောကြောင့် ချန်ပီယံဘွဲ့အား စောစီးစွာ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ချန်ပီယံဘွဲ့အား အစောဆုံး ဆွတ်ခူးနိုင်သည့် စံချိန်ကိုလည်း ရရှိခဲ့သည်။

    ဘိုင်ယန်မြူးနစ်အသင်းမှာ ယခုနှစ်ဘွန်ဒစ်လီဂါ ကစားပြီးသည့် ၂၇ ပွဲတွင် အမြင့်ဆုံးရနိုင်သည့်အမှတ်ထက် ၄ မှတ်သာလျော့ခဲ့သည်။ ဘိုင်ယန်အား ပထမဆုံးကိုင်တွယ်သည့်ရာသီမှာပင် စံချိန်သစ်ဖြင့် ဘွန်ဒစ်လီဂါဖလားကို ရရှိခဲ့သည့် ဂွါဒီယိုလာက

    “ကျွန်တော်တို့ လုပ်နိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ အသင်းရဲ့ နောက်ထပ်ဆုဖလားတစ်ခုဖြစ်ပြီး အရေးကြီးတဲ့ ဆုဖလားလည်းဖြစ်ပါတယ်။ တစ်ရာသီလုံးကောင်းကောင်း ကစားခဲ့တဲ့အတွက် ဒီလိုခံစားရတာပါ။ ဘွန်ဒစ်လီဂါဆိုတာ ကျွန်တော်တို့အတွက် ပါမုန့်ထောပတ်သုတ်ပါပဲ (သိပ်ကိုချိုမြိန်ပါတယ်)” ဟု ပွဲအပြီးတွင် မီဒီယာသို့ပြောကြားခဲ့သည်။

    ဂျာမန်ရှုံးထွက်ဖလားပြိုင်ပွဲတွင် ဆီးမီးဖိုင်နယ်၊ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်သို့ ရောက်ရှိနေသည့် ဘိုင်ယန်မြူးနစ်မှာ ယမန်နှစ်ကကဲ့သို့ ဖလားသုံးလုံးရရှိရန် အလားအလာလည်းရှိနေသည်။

  • ရန်ကုန်မြို့တွင်း၌ ယာဉ်ရပ်နားခကို ဧပြီလဆန်းတွင် ပြန်လည် ကောက်ခံမည်

    ရန်ကုန်မြို့တွင်း၌ ယာဉ်ရပ်နားခကို ဧပြီလဆန်းတွင် ပြန်လည် ကောက်ခံမည်

    မတ်လ ၂၆၊ ၂၀၁၄
    M-Media
    လမင်း

    Photo - Wiki
    Photo – internet

    ရန်ကုန်  ။      ။  ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခကောက်ခံမှုကို ၂၀၁၃-ခုနှစ် ဧပြီလကစ၍ ရုတ်သိမ်းခဲ့ပြီးနောက် ယခု ၂၀၁၄-ခု ဧပြီလအတွင်း ပြန်လည် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (လမ်းနှင့်တံတား) မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

    ၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ်တွင် ငွေကြေး တစ်စုံတစ်ရာ မကောက်ခံဘဲ ပြည်သူများ အဆင်ပြေ ချောမွေ့အောင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယခု ယာဉ်ရပ်နားခ ပြန်လည်ကောက် ခံရခြင်းမှာ အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားထာခြင်း၊ ယာဉ်နှစ်ထပ် ရပ်နားခြင်းတို့အတွက် လမ်းကြော ပိတ်ဆို့မှုများ ဖြစ်ခြင်းတို့ကြောင့် ပြန်လည်ကောက်ခံခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ယာဉ်ရပ်နားခပြန်လည်ကောက် ခံမည့်နေရာများမှာ ဗိုလ်အောင်ကျော်လမ်းနှင့် လမ်းမတော် လမ်းကြား၊ ဗိုလ်ချုပ်လမ်းနှင့်ကမ်းနားလမ်းကြား တို့ရှိ အမည်တပ်လမ်းများတွင်သာ ကောက်ခံသွားမည်ပြီး ယာဉ်ရပ်နားခကို တစ်နာရီလျှင် ၂၀၀ ကျပ်နှုန်းဖြင့်ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။