News @ M-Media

Blog

  • သမိုင်းဝင် လင်းဇင်းကုန်း မွတ်စလင်သုဿာန်နှင့် ဗလီအား ဘူဒိုဇာထိုးဖျက်ဆီး

    မတ် ၂၃၊ ၂၀၁၄
    M-Media
    သုတမောင်

    ယနေ့မနက်ပိုင်းက ဘူဒိုဇာဖြင့်ထိုး၍  စတင်ဖျက်ဆီးနေပုံ (ဓါတ်ပုံ - ဒိုင်းခင်ခင် ဖေ့ဘွတ်မှ ရယူသည်)
    ယနေ့မနက်ပိုင်းက ဘူဒိုဇာဖြင့်ထိုး၍ စတင်ဖျက်ဆီးနေပုံ (ဓါတ်ပုံ – ဒိုင်းခင်ခင် ဖေ့ဘွတ်မှ ရယူသည်)

    မန္တလေး ။          ။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ လင်းဇင်းကုန်း သမိုင်းဝင် မွတ်စလင်သုဿာန်အတွင်းရှိ သင်္ချိုင်းဂူများနှင့် ဗလီတစ်လုံးအား မန္တလေးမြို့ စည်ပင်သာယာရေးအဖွဲ့က ယနေ့ မနက် ၆-နာရီမှ စတင်ကာ ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    ၎င်းအကြောင်းအရာနှင့် စပ်လျဉ်း၍ ခလီဖွှာဟ်ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းရာ “ဒီနေ့ မနက် ၆-နာရီက စပြီး ဘူဒိုဇာနဲ့ ထိုးဖျက်ပါတယ်။ ဟုတ်ပါတယ် ဒီသုဿာန်က သမိုင်းဝင်နေရာဖြစ်လို့ မဖျက်ရအောင် ဘုန်းတော်ကြီးတွေလည်း ၀ိုင်းဝန်းကန့်ကွက်ကြပါတယ်။ ကျွန်တော်တို့လည်း အစီအစဉ်အတိုင်း လုပ်နေကြပါတယ်။ ဒီမနက်တော့ ဖျက်လိုက်ပါတယ်။ အာဗစ်ရှားဟိုစိုင်နီသခင် ဒါရ်ဂါတော်၊ ဆရာကြီးဦးနု၊ ဦးပိန်တံတား တည်ဆောက်ခဲ့တဲ့ ဦးနု၊ မြို့ဝန်ဘိုင်ဆပ်တို့ရဲ့ဂူတွေကိုတော့ မဖျက်ပါဘူး။ ချန်ထားပါတယ်။ အခုဖျက်တဲ့နေရာတွေကို ပန်းခြံဆောက်မယ်လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ သင်္ချိုင်းမြေနေရာ ပြန်ရရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    သမိုင်းဝင်သုဿာန်ကို ဖျက်သိမ်းမည်ဟု ၂၀၁၂-ခု ဇူလိုင်လက စတင်၍ ကြေညာခဲ့သော်လည်း သမိုင်းဝင်နေရာဖြစ်သည့်အတွက် မဖျက်သိမ်းရန် အဆင့်ဆင့် ဆွေးနွေးခဲ့ကြကြောင်း၊ မန္တလေးမြို့ရှိ အစ္စလာမ်သာသနာပရမတ္တအဖွဲ့ (KAFTG)မှ ခလီဖွှဟ် ဦးသိန်းဝင်းအောင်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့နှင့် ရန်ကုန်မြို့တွင် မတူကွဲပြားသော ဘာသာဝင်တစ်ခုနှင့် တစ်ခုအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေးပွဲတွင် ရှေးဟောင်း သမိုင်းဝင်သုဿာန်နှင့်ပတ်သက်၍ ၂၀၁၃-ခု အောက်တိုဘာလအတွင်းက ရှင်းလင်းပြောပြခဲ့ပြီး၊ သမိုင်းဝင်နေရာအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက် ခွင့်ပြုရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံပေးစာ တစ်စောင်ပေးပို့ခဲ့ပြီး ၎င်းသမိုင်းဝင် ရှေးဟောင်းသုဿာန်နှင့် သာသနိက အဆောက်အအုံများ၊ ဂူဗိမ္မာန်များအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြုကြောင်း တရားဝင် အကြောင်း ပြန်ကြားစာ ရရှိခဲ့ပြီဟု သိရပါတယ်။ အဆိုပါဆွေးနွေးပြီးနောက် မန္တလေးမြို့မှ ရှေးဟောင်းသမိုင်းဝင် လင်းဇင်းကုန်း(မွတ်စလင်မ်) သုဿာန်အား ဖျက်သိမ်းမိန့် ရပ်ဆိုင်းပြီး ဆက်လက် ထိန်းသိမ်းခွင့်ပြုလိုက်သည်ဟု သိရှိရပြီး ယနေ့ မတ်လ ၂၃-ရက် မနက်ပိုင်းတွင် သုဿာန်များနှင့် ဗလီအား ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

    နိုင်ငံ့အခြေအနေရှုပ်ထွေးပြီး အစ္စလာမ်ဘာသာဝင်များအပေါ် ဘာသာရေးအကြမ်းဖက်မှုများ ပြုလုပ်နေသော အချိန်အခါနှင့်တိုက်ဆိုင်စွာ ယခုကဲ့သို့ ၀င်ရောက်ဖျက်ဆီးမှု ပြုခြင်းသည် ဘာသာရေးဖိနှိပ်ခွဲခြားအကြမ်းဖက်မှုများကို နိုင်ငံတော်အစိုးရမှ အားပေးအားမြှောက်ပြုထားခြင်းဖြစ်သည်မှာ ပေါ်လွင်နေသည်ဟု လူထုမှ သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

    လင်းဇင်းကုန်းသုဿာန်နှင့်ပတ်သက်သည့် ပို့စ်များဖတ်ရန် >> http://www.m-mediagroup.com/?s=%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%87%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%B8

  • ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နှစ် (၆၀)ပြည့်ပြီ

    ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နှစ် (၆၀)ပြည့်ပြီ

    မတ် ၂၂၊ ၂၀၁၄
    M-Media
    KK

    ဓါတ်ပုံ - အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင် ပြောကြားနေစဉ် (Myanmar Interfaith Group)
    ဓါတ်ပုံ – အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင် ပြောကြားနေစဉ် (Myanmar Interfaith Group)

    ရန်ကုန် ။ ။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ နှစ်(၆၀)ပြည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅-ချက်နှင့် စပ်လျဉ်း၍ ဘာသာပေါင်းစုံမှ ပါဝင်သော ဟောပြောပွဲကို ရန်ကုန်မြို့ YMCA ခန်းမ၌ ယနေ့ နေ့လည် ၃-နာရီက ကျင်းပခဲ့သည်။

    အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဦးကျော်စိုးက အမှာစကားပြောကြားခဲ့သည်။

    ၎င်းနောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅-ချက်နှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာကိုယ်စား အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင် က ဟောပြောခဲ့သည်။ အစ္စလာမ်ဘာသာဝင်များကိုယ်စား အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်၊ ဟိန္ဒူဘာသာဝင်များကိုယ်စား ဒေါ်ကတ်သရင်းသိန်းနှင့် ခရစ်ယာန်ဘာသာဝင်များကိုယ်စား သိက္ခာတော်ရ ဆရာတော် ဒေါက်တာစောမာဝေကြီးမှ ပြောကြားခဲ့ကြပြီး အခမ်းအနား နိဂုံးချုပ် စကားအား ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဌ အငြိမ်းစား သံအမတ်ကြီး ဦးစိန်ဝင်းအောင်မှ ပြောကြားခြင်းဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီး၏ နှစ် ၆၀ ပြည့်အထိမ်းအမှတ်ကို ကျင်းပခဲ့သည်။

  • စားသုံးရန် အန္တရာယ်ရှိသည်ဟု ဆိုထားသော်လည်း ဈေးကွက်တွင် ရောင်းလိုအား ကျဆင်းမှုမရှိ

    စားသုံးရန် အန္တရာယ်ရှိသည်ဟု ဆိုထားသော်လည်း ဈေးကွက်တွင် ရောင်းလိုအား ကျဆင်းမှုမရှိ

    မတ် ၂၂၊ ၂၀၁၄
    M-Media
    လမင်း

    333

    ရန်ကုန် ။      ။      အာလူးကြော် Oishi နှင့် Dee Do အချိုရည်တို့ကို စားသုံးရန်မသင့်တော်ကြောင်းကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ ကြေငြာထားသော်လည်း ဈေးကွက်တွင် ရောင်းလိုအားကျဆင်းမှုမရှိကြောင်းကိုတွေ့ရှိရသည်။

    “အစ်မတို့ ဆိုင်မှာတော့ လာဝယ်တဲ့ လူတွေလျော့သွားတာမျိုးမရှိပါဘူး၊ ပင်ရင်းဆိုင်တွေမှာလည်း ၀ယ်ရတာအရင်လိုပဲ ရှားပါးသွားတာမျိုး မရှိပါဘူး။ စားသုံးရန်မသင့်ဘူးလို့ပြောထားပေမဲ့လည်း လာဝယ်စားနေတဲ့လူတွေရှိနေတာပါပဲ။ ၀ယ်စားတဲ့ လူတွေရှိနေတော့ အစ်မတို့ကလည်း ရောင်းနေရ တာပဲလေ” ဟု ရန်ကုန်မြို့ ၃၅-လမ်းတွင် မုန့်ဆိုင်ဖွင့်ထားသော ဆိုင်ရှင်တစ်ဦးကပြောခဲ့သည်။

    အားလူးကြော် Oishi နှင့် Dee DOအချိုရည်တို့ကို မြန်မာနိုင်ငံစားသုံးသူများအသင်းမှ သမ၀ါယမ လက်အောက်ရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့ပြီး စားသုံးရန်မသင့်ကြောင်းကို လွန်ခဲ့သည့်ရက်များကဖော်ပြခဲ့သည်။

    “ဆရာတို့ဘက်ကလည်း အန္တရာယ်ရှိလို့ စားသုံးရန်မသင့်ကြောင်းကို အများပြည်သူတွေကိုအသိပေးထားပါတယ်။ သက်ဆိုင်ရာကတာဝန်ရှိသူတွေက လုံးဝမစားသင့်ကြောင်းကို တိုက်တွန်းပေးရင်ပိုမိုကောင်းမွန်မှာပါ လို့ဆရာထင်ပါတယ်” ဟု မြန်မာနိုင်ငံစားသုံးသူများအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က သုံးသပ် ပြောကြားခဲ့သည်။

  • လယ်သမားတွေအတွက် သင့်တော်တဲ့မြေနေရာ ပြန်လိုချင်တဲ့ ဒဂုံအရှေ့ပိုင်း စစ်ပင်တောင်ရွာသားများ

    လယ်သမားတွေအတွက် သင့်တော်တဲ့မြေနေရာ ပြန်လိုချင်တဲ့ ဒဂုံအရှေ့ပိုင်း စစ်ပင်တောင်ရွာသားများ

    မတ် ၂၂၊ ၂၀၁၄
    M-Media
    လမင်း

    DSC00753

    ရန်ကုန်  ။        ။         ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့ပိုင်း စစ်ပင်တောင်ရွာ လယ်သမားများသည် အိုးအိမ်ဌာနမှ သိမ်းယူထားသော မြေများအား သင့်တော်တဲ့  မြေနေရာလေးတစ်ခုပြန်လည်ရယူလိုကြောင်းကို ယနေ့မတ်လ ၂၂ ရက်နေ့တွင် မြန်မာဂျာနယ်လစ်ရုံးခန်းတွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ လယ်သမားတစ်ဦးဖြစ်သူ ဦးလေးမောင်ကပြောကြားခဲ့သည်။

    ၁၉၉၃/၉၄ တွင်မည့်သည့်ဥပဒေမှမတပ်ဘဲ မြို့ပြစီမံကိန်းဖော်ထုတ်ရန်ဟု အိုးအိမ်ဌာနမှ နစ်နာကြေးမပေးပဲ လယ်သမားများ ထံမှသိမ်းယူခဲ့ကြောင်း သိရသည်။ သို့သော် ၁၉၉၇ တွင်မြေလပ်၊ မြေရိုင်းများကို မြို့နယ် အာဏာပိုင် အဖွဲ့အစည်းများမှ လုပ်ကိုင်ခွင့်ပြုသည်ဆိုသောကြောင့် လယ်သမားများ ၎င်းတို့မြေများတွင်ပြန်လည်လုပ်ကိုင်ခဲ့ကြသည်။ တဖန် ၂၀၀၇ ခုနှစ်တွင် ဦးပိုင်လီမီတက်မှ အိုးအိမ်ဌာန၏ခွင့်ပြုချက်ဖြင့် လယ်ယာမြေများကို လုပ်ကိုင် ခဲ့ကြ သည်။ ထိုအခါလယ်သမားတစ်ဦးကို ၂၅ပေ× ၆၀ပေ ပေကြိုးတိုင်းကွက်ချပေးခဲ့ပြီး မိမိလယ်မြေပေါ်တွင် လယ်တဲ(အိမ်)ကိုများဆောက်စေခဲ့သည်။

    ဤသို့ဖြင့် လယ်သမားမိသားစု ၁၂၅-ဦး အိမ်ခြေ ၂၀ တို့မှာနေထိုင်လာခဲ့ရာ ၂၀၁၄ မတ်လ ၁၄-ရက်နေ့တွင် လယ်သမား ဦးလေးမောင်အား အုပ်ချုပ်ရေးမှူးကခေါ်ယူကာ သံတောင်ငြိမ်းချမ်းရေးအဖွဲ့၏ တိုင်ကြားချက်အရ ၎င်းတို့အပိုင်းတွင်း ဆောက်လုပ်ထားကြောင်း ပြောကြားခဲ့သည်။ ဦးလေးမောင်က ၎င်းမြေသည် ဘိုးဘွားပိုင်မြေဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း နှစ်ဦးဖြေရှင်းရန်ပြောကြားခဲ့ပြီး ဖြေရှင်းရန်မရပါက တရားဥပဒေ အတိုင်းဆောင်ရွက်ရန်ပြောခဲ့သည်။

    “ကျွန်တော်တို့မြေတွေကို အကြိမ်ကြိမ် မတရားသိမ်းပိုက်ခဲ့ပြီး အခုချိန်ထိလည်း သိမ်းထားတဲ့မြေနေရာတွေအတွက် လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိသေးပါဘူး။ အခုလည်း သံတောင်ငြိမ်းချမ်းရေးအဖွဲ့က တပ်ပိုင်မြေဆိုပြီး ဗီနိုင်းချိတ်ပြီး ခြံစည်းရိုးများခတ်ခဲ့ရာ လယ်သမားတစ်ဦးအိမ်နဲ့ မလွတ် သောကြောင့် ဖျက်ပေးခိုင်းနေတယ်။ အခုနှစ်အိမ်ဖျက်ပေးရမယ် နောက်ဆိုတခြားအိမ်တွေပါလာတော့မယ်ထင်တယ်” လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။

    ထိုနေရာဒေသရှိ လယ်သမားများသည် မူလမိရိုးဖလာအရ ထိုနေရာတွင်မွေး ထိုနေရာတွင်ကြီးပြင်းခဲ့ပြီး ၎င်းတို့မှာ ကျူးကျော်သူများအဖြစ် သတ်မှတ် ခံထား ရကြောင်း စစ်ပင်တောင်ရွာရှိလယ်သမားများက ပြောကြားခဲ့သည်။

  • ဘိုင်ယန်မှာ ယမန်နှစ်ထက် ပိုကောင်းလာပြီး ဆုဖလားများ ထပ်ရမယ်လို့ နောက်ခံလူ ဖိလစ်လမ်းဆို

    မတ် ၂၂ ၊ ၂၀၁၄
    M-Media

    – ဂွာဒီယိုလာလက်ထက် ဘိုင်ယန်အသင်းမှာ ယမန်နှစ်ကထက်ပိုကောင်းလာပြီး ဆုဖလားများလည်း ထပ်မံဆွတ်ခူးလိမ့်မည်ဟု ယုံကြည်ကြောင်း  ဘိုင်ယန်မြူးနစ်နှင့် ဂျာမန် လက်ရွေးစင် ခံစစ်မှူးး ဖီးလစ်လမ်းက ပြောကြားလိုက်သည်။

    336875_heroa

    ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းမှာ ယခုနှစ် ဘွန်ဒစ်လီဂါတွင် ၂၃ မှတ်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင်ထားပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နှင့် ဂျာမန်ရှုံးထွက်ဖလားတွင် ဆီးမီးဖိုင်နယ်သို့ ရောက်ရှိနေသည်

    ဘိုင်ယန်အသင်းမှာ ယမန်နှစ်ကထက် ပိုကောင်းလာပြီး၊ ဖလားသုံးလုံး ဆက်လက်ရယူနိုင်မည်ဟု ယုံကြည်နေသည့် ဖိလစ်လမ်းက

    “၂၀၁၃ ခုနှစ်ကတော့ ကျွန်တော်တို့အတွက် သိပ်ကောင်းတဲ့ နှစ်ပါပဲ။ ဒါပေမယ့် ဘိုင်ယန်ဆီက  အစွမ်းအစတွေ အများကြီး လာပါလိမ့်မယ်။ ပွဲတိုင်းကို ကျွန်တော်တို့ ထိန်းချုပ်ပြီး၊ ရလဒ်တွေက အမြဲတမ်း ကျွန်တော်တို့လက်ထဲမှာရှိပါတယ်။ ဒီယုံကြည်မှုက ရလဒ်ကောင်းတွေရစေပြီး မနှစ်ကထက်လည်း အသင်းကို ပိုကောင်းစေပါတယ်” ဟု လမ်းက SID သတင်းဌာနသို့ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းအား ရင်ဆိုင်ရန်ခက်ခဲသည်ဟု ပြိုင်ဘက်အသင်းများက ထင်မြင်နေခြင်းအား အလွန်ကျေနပ်မိသည်ဟု လမ်းက ထပ်လောင်းပြောကြားခဲ့သည်။ လမ်းမှာ ဘိုင်ယန်အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ယခုနှစ်ကစားခဲ့သည့် ပြိုင်ပွဲအားလုံးတွင် ပါဝင်ခွင့်ရထားသူဖြစ်သည်။
    Goal