News @ M-Media
Blog
  • ပွဲ ၁၀၀၀ ပြည့်မှာ အရှက်ကွဲခဲ့ရတဲ့ ၀င်းဂါးနဲ့ အသင်းကြီးတွေ ဂိုးမိုးရွာခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁
    မတ် ၂၄၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ကို စနေနေ့မှာ ၈ ပွဲနဲ့ တနင်္ဂနွေနေ့မှာ ၂ ပွဲကစားခဲ့ပြီး အံ့သြစရာရလဒ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
    chelsea-arsenal-premier-league-football-stamford-bridge_3105461
    ဒီရာသီအိမ်ကွင်းကောင်းဆုံးဖြစ်နေပြီး လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူ၊ စပါး အားလုံးကို အနိုင်ကစားနိုင်ခဲ့တဲ့ချယ်ဆီးတို့ စနေနေ့မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာလည်း ၆ ဂိုးပြတ်နဲ့ အံ့ဖွယ်အနိုင်ရခဲ့ပါတယ်။ ပွဲအစ ၇ မိနစ်မှာပဲ ၂ ဂိုးပေးလိုက်ရတဲ့ အာဆင်နယ်တို့ ချယ်ဆီးကွင်းလယ်ကို ယှဉ်မကစားနိုင်ခဲ့ဘဲ နောက်ပိုင်းမှာ နောက်ထပ် ၄ ဂိုးဆက် ထပ်ပေးခဲ့ရပါတယ်။ ဒီပွဲဟာ မိမိရဲ့အာဆင်နယ်နည်းပြ သက်တမ်းတစ်လျှောက်မှာ အဆိုးဆုံးပွဲဖြစ်တယ်လို့ ပွဲအပြီးမှာ အာဆင်ဝင်းဂါးက ၀န်ခံခဲ့ပါတယ်။
    ဇယားအောက်ခြက ရုန်းကန်နေရတဲ့ ကာဒစ်ဖ်နဲ့ ကစားခဲ့တဲ့ လီဗာပူးလ်တို့ကလည်း အမှားအယွင်းမရှိခဲ့ဘဲ ၆ ဂိုး ၃ ဂိုးနဲ့အနိုင်ရခဲ့ပြီး၊ မန်စီးတီးကလည်း ယာယာတိုးယေးရဲ့ ဟက်ထရစ်နဲ့အတူ ဇယားအောက်မှာ ကျောက်ချထားတဲ့ ဖူလ်ဟမ်ကို ၅ ဂိုးပြတ်ခဲ့ပါတယ်။
    ချန်ပီယံလိဂ်မှာ ဒုတိယအကျော့မှာ အကောင်းဆုံးခြေစွမ်းပြပြီး ကွာတားဖိုင်နယ်တက်သွားတဲ့မန်ယူလည်း အဝေးကွင်းမှာ ရူနီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး ၂ ပွဲဆက်ရှုံးထားတဲ့ စပါး ဒီတစ်ပတ်မှာတော့ ဆောက်သက်တမ်အသင်းကို ချေပဂိုးတွေ နောက်ကလိုက်သွင်းပြီး ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ စီဂါ့ဒ်ဆန်ရဲ့ သွင်းဂိုးနဲ့ ကံကောင်းထောက်မစွာ နိုင်ခဲ့ပါတယ်။ ဟားလ်စီးတီးနဲ့ နော်ဝစ်ခ်ျတို့ကလည်း အိမ်ကွင်းမှာ ၀က်ဘရွန်းနဲ့ ဆန်းဒါးလန်းတို့ကို ပထမပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။
    နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးထားပြီး ခြေမမှန်တဲ့ နယူးကာဆယ်တို့ ဒီတစ်ပတ်မှာလည်း ခြေစွမ်းကောင်းတွေကို သိပ်မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ဒမ်ဘာစစ်ဆေးက ခေါင်းတိုက်ဂိုးကြောင့် အိမ်ကွင်းမှာ အနိုင် ၃ မှတ်တော့ ရအောင်ယူနိုင်ခဲ့ပါတယ်။
    ပွဲစဉ် ၃၁ အပြီးမှာ ပရီးမီးယားလိဂ် ဇယားကို ချယ်ဆီးက ဆက်လက်ဦးဆောင်နေပြီး လီဗာပူးလ်၊ မန်စီးတီးတို့ အစဉ်လိုက်ရှိနေကာ အာဆင်နယ်ကတော့ တစ်ပွဲလျော့ ချယ်ဆီးနဲ့ ၇ မှတ်အကွာ စတုတ္ထနေရာမှာ ရှိနေပါတယ်။
    အဆင့် ၁၄ ကနေ ၂၀ အထိ ၇ သင်းမှာ နောက်ဝစ်ခ်ျတစ်သင်းသာ အနိုင်ရခဲ့ပြီး၊ ဇယားအောက်ဆုံးမှာ ဆန်းဒါးလန်၊ ကာဒစ်ဖ်နဲ့ ဖူလ်ဟမ်တို့ အသီးသီးရှိနေပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ချယ်ဆီး ၆-၀ အာဆင်နယ်
    ကာဒစ်ဖ် ၃-၆ လီဗာပူးလ်
    အဲဗာတန် ၃-၂ ဆွမ်ဆီး
    ဟားလ်စီးတီး ၂-၀ ၀က်စ်ဘရွန်း
    မန်စီးတီး ၅-၀ ဖူလ်ဟမ်
    နယူးကာဆယ် ၁-၀ ခရစ္စတယ်ပဲလေ့စ်
    နော်ဝစ်ခ်ျ ၂-၀ ဆန်းဒါးလန်း
    စပါး ၃-၂ ဆောက်သက်တမ်
    ဗီလာ ၁-၄ စတုတ်စီးတီး
  • တိုင်းပြည်ခေါင်းဆောင်များ ငါးပါးသီလ လုံခြုံမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရမယ်လို့ သခင်ကိုယ်တော်မှိုင်း မွေးနေ့မှာ မဂ္ဂင် ဆရာတော်မိန့်ကြား
    မတ် ၂၃၊ ၂၀၁၄
    M-Media
    လမင်း
    ရန်ကုန်။        ။ မြန်မာနိုင်ငံကြီး အမှန်တကယ်ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ချင်ရင်တော့ တိုင်းပြည်ကိုဦးဆောင်ပြီး ခေါင်းဆောင်လုပ်နေတဲ့လူတွေ ငါးပါးသီလကို လုံခြုံနိုင်မှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးတစ်ခုကို ရရှိနိုင်မှာဖြစ်တယ်လို့ မဂ္ဂင်ဆရာတော်ကမိန့်ကြားခဲ့သည်။
    04
    ဆရာတော်သည် မတ်လ ၂၃ ရက်နေ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်သော ဆရာတော်ကြီး သခင်ကိုယ်တော်မှိုင်း (၁၃၈)နှစ်မြောက် မွေးနေ့ အခမ်းအနားတွင် အဆိုပါ စကားကို မိန့်ကြားတော်မှုခဲ့သည်။
    ဒီကနေ့ ဦးသိန်းစိန်အစိုးရကလည်း အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေး ဥပဒေကိုရဖို့ကို ဘယ်နှစ်လအတွင်း အပြီး တင်သွင်းဖို့ပြောမဲ့ အစား ဒေသအတော်အများမှာ ဘာသာရေး အဆောက်အအုံတွေ ဖျက်ဆီး၊ ဟို့ရွေ့ဒီရွေ့တွေ လုပ်ခိုင်း၊ မြေတွေယာတွေကို တောင်သူ လယ်သမားတွေဆီက သိမ်းနေတာတွေ လုပ်နေတာကို ဖြစ်ပေါ် မလာအောင် အမြန်ဆုံး ရပ်ဆိုင်းပေးပါလို့ ကြေညာလိုက်ရင် ပြည်သူတွေက ၀မ်းပမ်းတသာကြိုဆိုကြမှာဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးလုပ်နေတာတွေကိုလည်း ဆုတောင်းနေရုံနဲ့ မပြီးပါဘူး ၀ိုင်းဝန်း လုပ်ဆောင်သွားမှရမှာပါ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးက မြန်မာနိုင်ငံမှာ မရသေးပါဘူး။ တိုင်းပြည်ကလူတွေအားလုံး စည်းလုံးညီညွတ်စွာမှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မှာပါ” ဟုဆရာတော်မှထပ်လောင်း မိန့်ကြားခဲ့သည်။
    ဆရာကြီးသခင် ကိုယ်တော်မှိုင်းသည်လည်း နယ်ချဲ့စနစ် ဖိနှိပ်မှု လက်အောက်တွင် နေထိုင်ခဲ့ရသူ တစ်ဦးဖြစ်ပြီး ၎င်းတို့လက်အောက်မှ လွတ်မြောက်အောင်ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ လူသားတို့ အပေါ်ကြီးမားသော မေတ္တာ၊ ဂရုဏာဖြင့် ကမ္ဘာငြိမ်းချမ်းရေး ၊ပြည်တွင်း ငြိမ်းချမ်းရေး ထိန်းသိမ်း ကာကွယ်နိုင်ရန် အတွက် စစ်မက်လိုလားသူတို့၏ ပဋိပက္ခ ဖန်တီး လုပ်ကြံမှုများကို ဖော်ထုတ်ရှုတ်ချ ဆန့်ကျင်ကာ ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း “ကျွန်တော်တို့ငြိမ်းချမ်းရေး ဖခင်ကြီးရဲ့ ရုပ်ထုကိုမြန်မာပြည်က ဘယ်မြို့မှာမှ မတွေ့ရဘူး၊ သေတဲ့လူက ဂုဏ်ပြုခြင်း မခံရဘူး။ ငြိမ်းချမ်းရေးတွေကို ဖော်ဆောင်ရာနေရာမှာလည်း ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့ငြိမ်းချမ်းရေးမျိုး မဖြစ်စေချင်ပါဘူး။ ငြိမ်းချမ်းရေးကို တကယ် လိုလားရင်တော့ အမှန်တကယ်ကြိုးစားသင့်ပါတယ်။ ဆရာကြီးမျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးကို လုပ်ဆောင်ဖို့ကျွန်တော်တို့ကြိုးစားသင့်ပါတယ်” ဟုပြောခဲ့သည်။
    ဆရာကြီး၏ ၁၃၈ နှစ်မြောက်အခမ်းအနားတွင် ဆရာကြီးကိုဂုဏ်ပြုသော တေးကဗျာများ၊ သ၀ဏ်လွှာများ၊ ဂုဏ်ပြုစကားများ ကို အဖွဲ့အစည်းအသီးသီး ရွတ်ဖတ်ခဲ့ပြီး ဆရာကြီးမွေးနေ့အား ဂုဏ်ပြုခဲ့ကြသည်။
    ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကိုဦးဆောင်သည့် တို့ဗမာအစည်းအရုံးကြီး၏ နာယက အဖြစ်လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကြီး၏ နာယကအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။
  • သမိုင်းဝင် လင်းဇင်းကုန်း မွတ်စလင်သုဿာန်နှင့် ဗလီအား ဘူဒိုဇာထိုးဖျက်ဆီး (ဓါတ်ပုံ)
    မတ် ၂၃၊ ၂၀၁၄
    M-Media
    သုတမောင်
    မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ လင်းဇင်းကုန်း သမိုင်းဝင် မွတ်စလင်သုဿာန်အတွင်းရှိ သင်္ချိုင်းဂူများနှင့် ဗလီတစ်လုံးအား မန္တလေးမြို့ စည်ပင်သာယာရေးအဖွဲ့က ယနေ့ မနက် ၆-နာရီမှ စတင်ကာ ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    သတင်းဖတ်ရန် http://www.m-mediagroup.com/news/25640
    1011618_678450885530718_1712348098_n
    1506986_678450702197403_761300330_n
    1518286_678450785530728_312927711_n
    1907599_678450862197387_226805309_n 1920264_678450715530735_1299930048_n
    1978788_678450825530724_1406096032_n
    10003180_678450822197391_267255654_n
    10013255_678450802197393_1736203598_n
    10153736_678450728864067_134301169_n
  • ခရိုင်မီးယားက တာတာ မွတ်စလင်တွေ ရုရှ လက်အောက် ခက်ထန်ကြမ်းတမ်းမယ့် ကာလတွေ အတွက် စိုးရိမ် ထိတ်လန့်နေကြ
    M-Media
    မတ်လ ၂၃ ရက်၊ ၂၀၁၄
    ဘာသာပြန်ဆောင်းပါး
    ခရိုင်းမီးယားကို ရုရှတို့မှ ကျူးကျော်ပြီး ၎င်းတို့ပိုင်နက်အဖြစ် အောင်ပွဲခံသောအခါ ပင်လယ်နက်ကျွန်းဆွယ်ရှိ တာတာမွတ်စ်လင်မ်များ သည် ရုရှစိုးမိုးမှုအောက်တွင် မိမိတို့၏ ကိုယ်ပိုင်လက္ခဏာနှင့်လွတ်လပ်မှု ပျောက်ဆုံးသွားမည်ကို စိုးရိမ်သည့်အသံများ ပွင့်အံထွက်လာသည်။
    “ ရုရှရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ဘာကြောင့် မဖြစ်စေချင်သလဲဆိုတာ သိကြပါသလား။  ရုရှအစိုးရရဲ့ ခေါင်းပိုင်းမှာ အာဏာရှင်တစ်ဦး တက်ထိုင်နေတာကြောင့် မခန့်မှန်းနိုင်အောင် အပြောင်းအလဲမြန်တတ်လို့ပဲ ဖြစ်ပါတယ် ” ဟူ၍ ခရိုင်းမီးယားနယ်သား ဒေသခံတာတာခေါင်းဆောင် မွတ်စ်သွဖာ အဆ်ွဗာက ရိုက်တာသို့ မတ်လ ၁၈ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
    ခရိုင်းမီးယားကို ယူကရိန်းမှ ဖယ်ထုတ်ခြင်းကို လိုလားသော ထောက်ခံမဲ ၉၆ ရာခိုင်နှုန်းရရှိပြီးသည့်နောက် လူထုဆန္ဒခံယူပွဲရလဒ်ကို ခရိုင်းမီးယားရွေးကောက်ပွဲတာဝန်ရှိသူတို့မှ တနင်္လာနေ့အစောပိုင်း၌ အတည်ပြုခဲ့သည်။
    မော်စကိုထောက်ခံသော ခရိုင်းမီးယားပါလီမန်မှ အငြင်းပွားကျွန်းဆွယ်ဒေသအား ရုရှ၏၀င်ရောက်ကျူးကျော်မှုကိုခွင့်ပြုသည့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအဖွဲ့၏အဆင့်ဆင့်သော ခြေလှမ်းဖြင့် ဆန္ဒခံယူပွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    အင်္ဂါနေ့တွင် ရုရှသမ္မတ ပလာဒီမာ ပူတင်မှ “ ဒီကျွန်းဆွယ်ဒေသဟာ ရုရှရဲ့အစိတ်အပိုင်းအဖြစ် ရှိနေခဲ့ပြီးသားပါ ” ဟုဆိုလျက် ခရိုင်းမီးယားကို ရုရှလက်အောက်သို့ သွတ်သွင်းရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးလိုက်သည်။
    ခရိုင်းမီးယားသို့ ရုရှကျူးကျော်သိမ်းပိုက်မှုနောက်ဝယ် တာတာမွတ်စ်လင်မ်တို့၏စိုးရိမ်သောကမှာ နှစ်ဆတိုးသွားပါ၏။ ၁၉၉၄ ခုနှစ်က သူတို့ရင်ဆိုင်ခဲ့ရသည့် ဖိနှိပ်မှုနှင့် နယ်နှင်မှုကို ပြန်လည်တွေးမိသည်ဖြစ်၍ လွတ်လပ်မှုပျောက်ဆုံးမှုအရေးအပေါ် စိုးရိမ်ခြင်းအသံများ ထွက်ပေါ်လာကြသည်။
    သစ်တွေ ခြံထဲမှာ စုပုံနေတဲ့ တာတာမွတ်စလင်တစ်ဦး
    သစ်တွေ ခြံထဲမှာ စုပုံနေတဲ့ တာတာမွတ်စလင်တစ်ဦး
    “ ကျွန်တော်တို့ဟာ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ထာဝစဉ်မြတ်နိုးသူများ ဖြစ်ကြတယ်။ တကယ်လို့ သူတို့ (ရုရှ)တွေ ဖိနှိပ်ညှင်းပန်းမှုပြုလာမယ်ဆိုရင် ကျွန်တော်တို့ကတော့ ခုခံတွန်းလှန်ရပါလိမ့်မယ်။ ကျွန်တော်တို့အဖို့ ရွေးချယ်စရာမရှိတော့ ထောင်အပြင် တန်းမရှိတော့ပါဘူး ” ဟု တာတာခေါင်းဆောင် အဆ်ွဗာမှ အတည်ပြုပြောဆိုသည်။
    ခရိုင်းမီးယား၏လူဦးရေ ၂ သန်းအနက် ၁၃ ရာခိုင်နှုန်း(နှစ်သိန်းခွဲကျော်) မှာ တာတာလူမျိုးများ ဖြစ်ကြသည်။
    ၁၉၄၄ ပုံရိပ်
    ========
    ရုရှတို့၏ ခရိုင်းမီးယားကျူးကျော်စီးနင်းမှုက မွတ်စ်လင်မ်များအဖို့  ၁၉၄၄ ခုနှစ်က ဂျိုးဇက် စတာလင်၏ အဓမ္မမောင်း ထုတ်နယ်နှင်ခြင်း ပုံရိပ်များကို ပြန်လည်မြင်ယောင်သွားစေခဲ့သည်။
    “ လူတွေဟာ တကယ့်ကို စိုးရိမ်ပူပန်နေကြပါတယ်။ ကျွန်မမှာ ရင်သွေးတစ်ဦးရှိနေလို့ ကျွန်မကိုယ်တိုင်က ကြောက်ရွံ့နေပါတယ်ရှင်။ ကျွန်မတို့ရဲ့အိမ်ခြေအများအပြားကို စာရင်းမသွင်းထားကြပါဘူး။ ရုရှတွေရဲ့ အဲ့လိုစည်းမျဉ်းများက အင်မတန် တင်းကြပ်လွန်းနေပါတယ် ” ဟု  Belgorsk မြို့ရှိ ဈေးဆိုင်မန်နေဂျာ နီယာရာက ပြောပြပါသည်။
    Belgorsk မြို့က တုန်လှုပ်နေရှာသည့် လူနည်းစုဝင်တို့သည် အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်လျက်ရှိကြသည်။ ရိက္ခာများကို စုဆောင်းသိုလှောင်ခြင်း၊ လက်နက်ကိုင်ဆောင်မထားသော ပတ္တရောင်များမှ နယ်မြေအတွင်း မပြတ်ကင်းလှည့်ခြင်း တို့ကို ဆောင်ရွက်နေသည်။
    တင်းမာမှုမြင့်မားနေပါသော်လည်း တာတာလူမျိုးအများစုမှာ မိမိတို့ဇာတိမြေမှ စွန့်ခွာရန် စိတ်ကူးပင် မရှိကြချေ။
    “ ကျွန်တော်ထင်ပါတယ်။ တာတာ ၉၅ ရာခိုင်နှုန်းက ဘယ်လိုအနေအထားပဲကြုံကြုံ ဒီမှာဘဲ ရှိနေကြပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရိုင်းမီးယားဟာ ကျွန်တော်တို့ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေ ဖြစ်နေလို့ပါဘဲ။ ဒါကလွဲလို့ ကျွန်တော်တို့ ရွေးချယ်စရာ မရှိပါဘူး ” ဟု အဆ်ွဗာက ဆိုသည်။
    တာတာလူမျိုးတို့သည် ခရိုင်းမီးယားတွင် နေထိုင်လာသည်မှာ ရာစုနှစ်များစွာ ကြာညောင်းပြီဖြစ်၏။ ၎င်းတို့သည် နာဇီများနှင့် ပူးပေါင်းသူများဟု စွပ်စွဲကာ ၁၉၄၄ ခုနှစ်တွင် စတာလင်မှ နယ်နှင်ခဲ့ဖူးသည်။
    လူဦးရေ နှစ်သိန်းကျော် တာတာလူမျိုးအားလုံးတို့မှာ လူမဆန်သောဆက်ဆံမှုအတွင်းမှ မိုင်ထောင်ချီဝေးကွာသည့် ဥဇဘက်ကစ္စတန် နှင့် အခြားဒေသများထံသို့ ပို့ဆောင်ခံခဲ့ရသည်။  လမ်းခုလပ်၌လည်းကောင်း၊ သတ်မှတ်နယ်ပယ်သို့ရောက်ရှိပြီး များမကြာမီ၌လည်းကောင်း လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။
    ဆိုဗီယက်များသည် သူတို့၏အိမ်ရာများကို သိမ်းယူကြသည်။ ဗလီဝတ်ကျောင်းတော်များကို ဖျက်ဆီး၍ ကုန်သိုလှောင်ရုံများ အဖြစ် ပြုလုပ်ကြသည်။ ဗလီတစ်လုံးကိုမူ ဘာသာမဲ့တိတ္ထိပြခန်းအဖြစ် အသွင်ပြောင်းလိုက်ကြသည်။
    ၁၉၈၀ ခုနှစ်များနှောင်းပိုင်း အပြောင်းအလဲကာလမရောက်မချင်း တာတာအများစုမှာ ပြန်လာခွင့် မရခဲ့ချေ။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲ၍ ယူကရိန်းလွတ်လပ်ရေးရပြီးသည့်နောက်မှ တဖွဲဖွဲ ပြန်လည်ပြောင်းရွှေ့ဝင်ရောက်လာကြသည်။
    တာတာတို့ပြန်လည်ဝင်ရောက်လာရာ၌လည်း မူလပိုင်ဆိုင်မှုနှင့်မြေယာများကို ပြန်လည်ရယူခြင်းနှင့်စပ်လျဉ်း၍ ပဋိပက္ခများ ကြိမ်ဖန်များစွာ ကြုံတွေခဲ့ရသည်။ အများစုမှာ ရုရှလူမျိုးတို့၏ ပိုင်ဆိုင်မှုများအဖြစ် အသွင်ပြောင်းသွားခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
    တရားဥပဒေစိုးမိုးမှု ကင်းမဲ့သောအနေအထား
    ===============================
    ခရိုင်းမီးယားကို ရုရှမှချုပ်ကိုင်လိုက်မှုကြေငြာပြီးနောက်တစ်နေ့တွင် ပင်လယ်နက်ကျွန်းဆွယ်၏လမ်းမများ၌ ပူုဆွေးမှု နှင့် အားရကျေနပ်မှုမြင်ကွင်းများကို တစ်ပြိုင်နက် ဖြစ်ပေါ်ရောထွေးသွားပါသည်။
    ရာနှင့်ချီသော ပရိသတ်တက်ရောက်ကြသည့် တာတာလူမျိုးရေးလှုပ်ရှားသူတစ်ဦး၏ဈာပနအခမ်းအနားတွင် တရားဥပဒေစိုးမိုးမှုကင်း မဲ့သော အခြေအနေတစ်ရပ် ပွင့်အံကြီးစိုးခဲ့ပါသည်။
    “ လွန်ခဲ့တဲ့အပတ်က Reshat Ametov ပျောက်ကွယ်ခြင်း နဲ့ သတ်ဖြတ်ခံရခြင်းဟာ ခရိုင်းမီးယားနယ်အတွင်း တရားဥပဒေစိုးမိုးမှုကင်းမဲ့နေကြောင်း အလွန်ရှင်းလင်းထင်ရှားစွာ ပုံဖော်ပြသွားပါတယ်။ ခရိုင်းမီးယားအာဏာပိုင်တွေအနေနဲ့ ဒီအမှုအပေါ် စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူဟာ မည်သူပင်ဖြစ်စေ အရေးယူအပြစ်ပေးဖို့ လိုအပ်ပါတယ် ” ဟု ဥရောပနှင့်ဗဟိုအာရှ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး Rachel Denber မှ ပြောဆိုကြောင်း  OnIslam.net က ဖော်ပြခဲ့သည်။
    တာတာလူမျိုးရေးလှုပ်ရှားသူ Reshat Ametov(၃၉ နှစ်) သည် လွန်ခဲ့သည့်နှစ်ပတ်က ကန့်ကွက်ဆန္ဒပြမှုတစ်ခုအတွင်း စစ်တပ်ပုံဟန် ဂျာ ကင်ဝတ်လူများ၏ တွန်းထုတ်ခံရပြီးနောက် ပျောက်ဆုံးသွားသည်။ သူ၏ရုပ်အလောင်းကို အကြမ်းဖက်ဒဏ်ရာများစွာဖြင့် တနင်္ဂနွေနေ့က တောအုပ်တစ်ခုအနီး ရှာတွေ့ခဲ့ကြသည်။
    ဆောက်လုပ်ရေးလုပ်သားနှင့် ရင်သွေးသုံးဦးဖခင်ဖြစ်သော Reshat Ametov သည် ထင်ရှားသည့် လူမှုလှုပ်ရှားသူတစ်ဦးဖြစ်သည်။ သူသည် ဒေသအာဏာပိုင်များကို ဆန့်ကျင်ဝေဖန်လေ့ရှိပြီး၊ လတ်တစ်လော တစ်ဖက်သတ်ဆန်ဆန် ဆန္ဒခံယူမှုအား ကန့်ကွက်အရေး ဆို သူလည်း ဖြစ်သည်။
    “ ကမ္ဘာစစ်တုန်းက ကျွန်မတို့ရဲ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူ့အဖိုးလိုပဲ သူဟာ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်။ သူက ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ထိုက်တန်သူပါ။ လူယုတ်မာတွေလက်ထဲမှာ မသေသင့်ပါဘူး ” ဟု ၎င်း၏ဈာပနအခမ်းအနားတက်ရောက်လာသော သူ၏အဒေါ်ဖြစ်သူမှ Washington Post သို့ ပြောကြားသည်။
    Reshat Ametov ပျောက်ဆုံးပြီးသတ်ဖြတ်ခံရခြင်းက တာတာတို့အဖို့ ရုရှထိန်းချုပ်မှုအောက်မှ မရေရာသောအနာဂတ်အပေါ် စိုးရိမ်စိတ် ပိုမိုမြင့်မားလာစေသည်။ ထိုဖြစ်ရပ်က လူနည်းစုဝင်မွတ်စ်လင်မ်တို့အပေါ် ဖြိုခွဲခြင်းကို ထင်ရှားနေစေ၍ဖြစ်ပေသည်။
    ခရိုင်းမီးယား၏ မတည်ငြိမ်မှုက ဒေသတွင်း ခုခံကာကွယ်ရေးအင်အားစုများ ပေါ်ထွက်လာအောင် ဦးတည်စေကြောင်း၊ ၎င်းတို့၏တည်ရှိမှုအား အာဏာပိုင်တို့မှ အမြစ်ပြတ်သုတ်သင်ခဲ့သော အနာဟောင်းကို ပြန်ဆွရာရောက်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့က ဆိုသည်။
    “ ဘယ်သူဘယ်ဝါမှန်း မသိရဘဲ လက်နက်ကိုင်ပြီး မျက်နှာဖုံးစွပ်ထားသူများက လူတွေကို ရက်သတ္တပတ်များစွာ အနှောင့်အယှက်ပေး ခြောက်လှန့်ခဲ့ကြတယ်။ ဒီလိုစော်ကားမှုကို ရပ်တန့်ဖို့ နဲ့ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခြင်း ဟာ စော်ကားသောင်းကျန်းသူတွေကို ရဲဆေးတင်ပေးရာရောက်နေပါတယ် ” ဟု HRW မှ Denber က ပြောကြားသည်။
    ကျွန်းဆွယ်ကို ကျူးကျော်သိမ်းပိုက်မှုသည် လိုရာပန်းတိုင်သို့ရောက်မည်မဟုတ်ပဲ အကြီးစားတုန့်ပြန်မှု ခံစားရလိမ့်မည်ဖြစ်ကြောင်း ခရိုင်းမီးယားမွတ်စ်လင်မ်များက ပူတင်အား သတိပေးစာထုတ်ပြန်ခဲ့သည်။
    Belogorsk ရှိ ခရိုင်းမီးယားတာတာတို့၏ ခေါင်းဆောင် အဆ်ွဗာက “ ငါးနှစ်တာကာလအတွင်း ရုရှမှာ ဒီလိုအဖြစ်မျိုး ပြန်ကြုံရ ပါလိမ့်မယ်။ အကြောင်းရင်းကတော့ သူဟာ ငကြောက်ဖြစ်လို့ပါပဲ။ လွန်ခဲ့တဲ့တစ်နှစ်တုန်းက Viktor Yanukovich ကို ဖယ်ရှားနိုင်သူ မရှိဘူးလို့ ဘယ်သူတစ်ဦးကမှ မထင်မှတ်ထားခဲ့ကြဘူး မဟုတ်လားဗျာ ” ဟု ပြောကြားလိုက်ပါသည်။
  • သမိုင်းဝင် လင်းဇင်းကုန်း မွတ်စလင်သုဿာန်နှင့် ဗလီအား ဘူဒိုဇာထိုးဖျက်ဆီး
    မတ် ၂၃၊ ၂၀၁၄
    M-Media
    သုတမောင်
    ယနေ့မနက်ပိုင်းက ဘူဒိုဇာဖြင့်ထိုး၍  စတင်ဖျက်ဆီးနေပုံ (ဓါတ်ပုံ - ဒိုင်းခင်ခင် ဖေ့ဘွတ်မှ ရယူသည်)
    ယနေ့မနက်ပိုင်းက ဘူဒိုဇာဖြင့်ထိုး၍ စတင်ဖျက်ဆီးနေပုံ (ဓါတ်ပုံ – ဒိုင်းခင်ခင် ဖေ့ဘွတ်မှ ရယူသည်)
    မန္တလေး ။          ။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ လင်းဇင်းကုန်း သမိုင်းဝင် မွတ်စလင်သုဿာန်အတွင်းရှိ သင်္ချိုင်းဂူများနှင့် ဗလီတစ်လုံးအား မန္တလေးမြို့ စည်ပင်သာယာရေးအဖွဲ့က ယနေ့ မနက် ၆-နာရီမှ စတင်ကာ ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    ၎င်းအကြောင်းအရာနှင့် စပ်လျဉ်း၍ ခလီဖွှာဟ်ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းရာ “ဒီနေ့ မနက် ၆-နာရီက စပြီး ဘူဒိုဇာနဲ့ ထိုးဖျက်ပါတယ်။ ဟုတ်ပါတယ် ဒီသုဿာန်က သမိုင်းဝင်နေရာဖြစ်လို့ မဖျက်ရအောင် ဘုန်းတော်ကြီးတွေလည်း ၀ိုင်းဝန်းကန့်ကွက်ကြပါတယ်။ ကျွန်တော်တို့လည်း အစီအစဉ်အတိုင်း လုပ်နေကြပါတယ်။ ဒီမနက်တော့ ဖျက်လိုက်ပါတယ်။ အာဗစ်ရှားဟိုစိုင်နီသခင် ဒါရ်ဂါတော်၊ ဆရာကြီးဦးနု၊ ဦးပိန်တံတား တည်ဆောက်ခဲ့တဲ့ ဦးနု၊ မြို့ဝန်ဘိုင်ဆပ်တို့ရဲ့ဂူတွေကိုတော့ မဖျက်ပါဘူး။ ချန်ထားပါတယ်။ အခုဖျက်တဲ့နေရာတွေကို ပန်းခြံဆောက်မယ်လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ သင်္ချိုင်းမြေနေရာ ပြန်ရရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
    သမိုင်းဝင်သုဿာန်ကို ဖျက်သိမ်းမည်ဟု ၂၀၁၂-ခု ဇူလိုင်လက စတင်၍ ကြေညာခဲ့သော်လည်း သမိုင်းဝင်နေရာဖြစ်သည့်အတွက် မဖျက်သိမ်းရန် အဆင့်ဆင့် ဆွေးနွေးခဲ့ကြကြောင်း၊ မန္တလေးမြို့ရှိ အစ္စလာမ်သာသနာပရမတ္တအဖွဲ့ (KAFTG)မှ ခလီဖွှဟ် ဦးသိန်းဝင်းအောင်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့နှင့် ရန်ကုန်မြို့တွင် မတူကွဲပြားသော ဘာသာဝင်တစ်ခုနှင့် တစ်ခုအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေးပွဲတွင် ရှေးဟောင်း သမိုင်းဝင်သုဿာန်နှင့်ပတ်သက်၍ ၂၀၁၃-ခု အောက်တိုဘာလအတွင်းက ရှင်းလင်းပြောပြခဲ့ပြီး၊ သမိုင်းဝင်နေရာအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက် ခွင့်ပြုရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံပေးစာ တစ်စောင်ပေးပို့ခဲ့ပြီး ၎င်းသမိုင်းဝင် ရှေးဟောင်းသုဿာန်နှင့် သာသနိက အဆောက်အအုံများ၊ ဂူဗိမ္မာန်များအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြုကြောင်း တရားဝင် အကြောင်း ပြန်ကြားစာ ရရှိခဲ့ပြီဟု သိရပါတယ်။ အဆိုပါဆွေးနွေးပြီးနောက် မန္တလေးမြို့မှ ရှေးဟောင်းသမိုင်းဝင် လင်းဇင်းကုန်း(မွတ်စလင်မ်) သုဿာန်အား ဖျက်သိမ်းမိန့် ရပ်ဆိုင်းပြီး ဆက်လက် ထိန်းသိမ်းခွင့်ပြုလိုက်သည်ဟု သိရှိရပြီး ယနေ့ မတ်လ ၂၃-ရက် မနက်ပိုင်းတွင် သုဿာန်များနှင့် ဗလီအား ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
    နိုင်ငံ့အခြေအနေရှုပ်ထွေးပြီး အစ္စလာမ်ဘာသာဝင်များအပေါ် ဘာသာရေးအကြမ်းဖက်မှုများ ပြုလုပ်နေသော အချိန်အခါနှင့်တိုက်ဆိုင်စွာ ယခုကဲ့သို့ ၀င်ရောက်ဖျက်ဆီးမှု ပြုခြင်းသည် ဘာသာရေးဖိနှိပ်ခွဲခြားအကြမ်းဖက်မှုများကို နိုင်ငံတော်အစိုးရမှ အားပေးအားမြှောက်ပြုထားခြင်းဖြစ်သည်မှာ ပေါ်လွင်နေသည်ဟု လူထုမှ သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။
    လင်းဇင်းကုန်းသုဿာန်နှင့်ပတ်သက်သည့် ပို့စ်များဖတ်ရန် >> http://www.m-mediagroup.com/?s=%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%87%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%B8