News @ M-Media

Blog

  • နိုင်ငံခြားဇာတ်လမ်းတွဲ လက်ဝယ်ထားလျှင် သေဒဏ်အထိပေးနိုင်မည့် ဥပဒေတစ်ခု မြောက်ကိုရီးယားပြဌာန်း

    နိုင်ငံခြားဇာတ်လမ်းတွဲ လက်ဝယ်ထားလျှင် သေဒဏ်အထိပေးနိုင်မည့် ဥပဒေတစ်ခု မြောက်ကိုရီးယားပြဌာန်း

    ဇွန် ၇၊ ၂၀၂၁
    M-Media

    -နိုင်ငံခြားရုပ်ရှင်ကြည့်သူတွေ၊ နိုင်ငံခြား အဝတ်အစား သုံးစွဲသူတွေနဲ့ နိုင်ငံခြားဗန်းစကား အသုံးပြုသူတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးမယ့် ဥပဒေတစ်ခုကို မြောက်ကိုရီးယားမှာ မကြာသေးမီကပဲ ပြဌာန်းလိုက်ပါတယ်။

    မြောက်ကိုရီးယား အာဏာရှင်အဆက်ဆက်ဟာ ပြည်တွင်းမှာ နိုင်ငံခြားဩဇာလွှမ်းမိုးမှု မရှိအောင် တင်းတင်းကြပ်ကြပ် ပြုလုပ်ထားပြီး နိုင်ငံခြားက ဆံပင်ပုံစံညှပ်တာ၊ နိုင်ငံခြားရုပ်ရှင် ကြည့်တာ၊ နိုင်ငံကခြားကလာတဲ့ အသုံးအဆောင် သုံးစွဲတာတွေကိုတောင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာပါ။

    မြောက်ကိုရီးယားပြည်သူတွေဟာ ​အင်တာနက်၊ ဆိုရှယ်မီဒီယာတွေ သုံးခွင့်မရှိသလို နိုင်ငံပိုင်မီဒီယာတွေကလည်း အာဏာရှင်အတွက် ဝါဒဖြန့်သက်သက်သာ ဖြစ်ပါတယ်။

    တောင်ကိုရီးယား အွန်လိုင်းသတင်းဌာန Daily NK က ရရှိခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဥပဒေအသစ်မှာ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်ဇာတ်ကားတွေလို နိုင်ငံခြားဇာတ်လမ်းတွဲတွေ အမြောက်အများ လက်ဝယ်ပိုင်ဆိုင်ရင် အမြင့်ဆုံး သေဒဏ်အထိ၊ ကြည့်ရှုတဲ့သူတွေကို အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ဖို့ ပြဌာန်းထားပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ မကြာသေးခင်က နိုင်ငံပိုင်မီဒီယာကို စာတစ်စောင်ပေးပို့ခဲ့ပြီး လူငယ်တွေမှာ ဆိုရှယ်လစ်ဆန့်ကျင်တဲ့ အယူအဆတွေ မဝင်ရောက်ရေး တားဆီးနှိပ်ကွပ်ဖို့ မြောက်ကိုရီးယား လူငယ်အဖွဲ့အစည်းကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံခြားဘာသာစကား၊ ဆံပင်ပုံစံနဲ့ အဝတ်အစားတွေဟာ ‘အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေ’ ဖြစ်တယ်လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

    ဒီတားမြစ်မှုကို အလုပ်သမားက ချိုးဖောက်ရင် စက်ရုံအကြီးအကဲ၊ သားသမီးက ချိုးဖောက်ရင် မိဘကို အပြစ်ပေးမှာဖြစ်သလို၊ မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကလူတွေ အပြန်အလှန် တင်းတင်းကြပ်ကြပ် ထိန်းကြောင်းဖို့ ဥပဒေမှာ ပြဌာန်းထားတယ်လို့ Daily NK အယ်ဒီတာချုပ် လီဆန်ယွန်က ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယားမှာ နိုင်ငံခြားပစ္စည်း သုံးစွဲသူတွေ၊ နိုင်ငံခြားဇာတ်ကားကြည့်သူတွေကို အရင်က အရေးယူအပြစ်ပေးတာမျိုး ရှိခဲ့ပါတယ်။

    ဇာတ်ကား လက်ဝယ်ထားသူတွေကို လူအများရှေ့မှာ သတ်ဖြတ်ပြတာ၊ အလုပ်ကြမ်းစခန်းပို့တာ၊ ကြည့်ရှုသူတွေကို ထောင်သွင်းအကျဉ်းချတာ၊ ကေပေါ့ဆံပင်ပုံစံထားပြီး၊ ဘောင်းဘီ ခြေသလုံးအထိ လိပ်တင်ဝတ်တဲ့ လူငယ်တွေကို ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်းပို့တာတွေ လုပ်လေ့ရှိပါတယ်။

    ဒါပေမယ့် အခု ဥပဒေအသစ်အရ သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ်အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

    မြောက်ကိုရီးယားမှာ နိုင်ငံခြားအသုံးအဆောင်တွေ၊ ဇာတ်ကားတွေဟာ တရုတ်ကနေတစ်ဆင့် မှောင်ခိုဝင်နေတာ ဖြစ်ပါတယ်။

    Ref: BBC

  • ကျူးကျော်မှုဆန့်ကျင်ရေး ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူကို အစ္စရေကဖမ်းဆီး

    ကျူးကျော်မှုဆန့်ကျင်ရေး ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူကို အစ္စရေကဖမ်းဆီး

    ဇွန် ၆၊ ၂၀၂၁
    M-Media

    -အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းနေအိမ်တွေ အဓမ္မ လုယူသိမ်းပိုက်ခံရမှုကို တားဆီးနိုင်ရေး ဆောင်ရွက်နေတဲ့ ပါလက်စတိုင်းအမျိုးသမီးတစ်ဦးကို အစ္စရေးတပ်ဖွဲ့တွေက ဒီကနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

    အသက် ၂၃ နှစ်အရွယ် မူနာ အလ်-ကာ့ဒ်ဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုစလင်က ရှိခ်ဂျာရာဒေသမှာ ဂျူးအခြေချနေထိုင်သူတွေ ပါလက်စတိုင်းနေအိမ်တွေကို သိမ်းပိုက်အပိုင်စီးနေမှုကို တွန်းလှန်နေသူပါ။

    အစ္စရေးရဲတပ်ဖွဲ့ဟာ အလ်-ကာ့ဒ်ကို နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး၊ သူမရဲ့ အမွှာမောင် မိုဟာမက်ကို ရဲစခန်းလာရောက် အဖမ်းခံဖို့ နို့တစ်စာပေးသွားတယ်လို့ ဖခင်ဖြစ်သူ နဘီလ် အလ်-ကာ့ဒ်က ပြောပါတယ်။

    အလ်-ကာ့ဒ်နဲ့ သူမရဲ့မောင်တို့ဟာ လွန်ခဲ့တဲ့ ၃ လကစတင်ကာ #SaveSheikhJarrah အမည်နဲ့ ဆိုရှယ်မီဒီယာမှာ ကမ်ပိန်းတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို အဓမ္မ ဝင်ရောက်အပိုင်စီးနေထိုင်မှုကို တားဆီးဟန့်တားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    အလ်-ကာ့ဒ်နဲ့ မောင်နှမတွေရဲ့ ကြိုးပမ်းမှုကြောင့် ဒီကမ်ပိန်းဟာ အောင်မြင်ခဲ့ပြီး ပါလက်စတိုင်းတွေရဲ့ နယ်မြေတွေ လုယူခံရမှုကို ကမ္ဘာတစ်ဝှမ်းက ပိုမို အာရုံစိုက်လာကြပါတယ်။

    အရှေ့ဥရောပက ဝင်ရောက်လာတဲ့ဂျူးတွေ ပါလက်စတိုင်းပိုင်နက်မှာ လက်နက်ကိုင်ပြီး အစ္စရေးနိုင်ငံထူထောင်တဲ့ ၁၉၄၈ ခုနှစ်ကတည်းက ပါလက်စတိုင်းတွေဟာ တစ်စတစ်စ နယ်မြေဆုံးရှုံးလာခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • မြန်မာ့အရေး​ဖြေရှင်းရန် သိုသိုသိပ်သိပ်ဆောင်ရွက်နေသည်ဟု ထိုင်းပြော

    မြန်မာ့အရေး​ဖြေရှင်းရန် သိုသိုသိပ်သိပ်ဆောင်ရွက်နေသည်ဟု ထိုင်းပြော

    ဇွန် ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေအတွက် စိုးရိမ်မိတယ်လို့ ထိုင်းနိုင်ငံက ပြောကြားလိုက်ပြီး၊ ပြဿနာတွေကို ဖြေရှင်းဖို့လည်း စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၈၄၀ ကျော်​လာပြီး ထောင်နဲ့ချီ ဒဏ်ရာရကာ၊ ဖမ်းဆီးခံထားရသူတွေကလည်း ထောင်ချီ ရှိနေပါတယ်။

    အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက စစ်ကောင်စီကို ရရာလက်နက် စွဲကိုင်တော်လှန်လာကြတာကြောင့် နိုင်ငံတစ်ဝှမ်းမှာလည်း တိုက်ခိုက်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။

    “မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေကို စိုးရိမ်စွာနဲ့ ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ နေရာဒေသတော်တော်များများမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေပါ” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာနီ ဆန်ဂရက်က ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဧပြီလက အာဆီယံထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက် ၅ ချက်ကို ခိုင်ခိုင်မာမာအကောင်အထည်ဖော်ဖို့လည်း ဆန်ဂရက်က တိုက်တွန်းခဲ့ပါတယ်။

    ​အာဆီယံ လက်ရှိဥက္ကဌ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအတွင်းရေးမှူးတို့ဟာ ဇွန်လ ၃ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ဇွန်လ ၄ ရက်နေ့မှာတော့ စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံခဲ့ပါတယ်။

    အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ စစ်ခေါင်းဆောင်ဟောင်း ပရာယွတ် ချန်အိုချာရဲ့ ထိုင်းအစိုးရဟာ စစ်ကောင်စီဖက်ယိမ်းပြီး မြန်မာ့အရေးဖြေရှင်းဖို့ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိဘူးလို့ ဝေဖန်ခံနေရတာပါ။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မြန်မာကိစ္စမှာ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    “ထိုင်းနိုင်ငံက ဆောင်ရွက်ခဲ့တာတွေ တော်တော်များများကို လူသိရှင်ကြား ထုတ်ပြန်မှာမဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေအကြား သိုသိုသိပ်သိပ်လုပ်တဲ့ သံခင်းတမန်ခင်းဟာ ပိုမိုထိရောက်ပြီး ထိုင်းနိုင်ငံရဲ့ ယခင်ရှိခဲ့တဲ့ သံတမန်မူဝါဒနဲ့လည်း ကိုက်ညီတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

    Ref: Reuters

  • ဘင်္ဂလားဒေ့ရှ်၏ တိုးတက်အောင်မြင်မှုကို တောင်အာရှနိုင်ငံများ အသိအမှတ်ပြုရတော့မည်

    ဘင်္ဂလားဒေ့ရှ်၏ တိုးတက်အောင်မြင်မှုကို တောင်အာရှနိုင်ငံများ အသိအမှတ်ပြုရတော့မည်

    ဇွန် ၅၊ ၂၀၂၁
    M-Media

    -နယ်ပယ်စုံမှာ ဖွံဖြိုးတိုးတက်လာတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အောင်မြင်မှုကို အိန္ဒိယ၊ ပါကစ္စတန်တို့အပါအဝင် တောင်အာရှနိုင်ငံတွေက အသိအမှတ်ပြု လက်ခံရလိမ့်မယ်လို့ Bloomberg က ဆောင်းပါးတစ်ပုဒ်မှာ တိုက်တွန်းထားပါတယ်။

    ၁၉၇၁ ပါကစ္စတန်ကနေခွဲထွက်ပြီး လွတ်လပ်ရေးယူစဉ်တုန်းက ပါကစ္စတန်ဟာ ဘင်္ဂလာဒေ့ရှ်ထက် ၇၀ ရာခိုင်နှုန်းလောက် ချမ်းသာကြွယ်၀ပြီး၊ အင်အားတောင့်တင်းခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ကတော့ စစ်ဒဏ်၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခါးစည်းခံခဲ့ရပါတယ်။

    ပြီးခဲ့တဲ့နှစ် ဘင်္ဂလားဒေ့ရှ်ရဲ့ တစ်ဦးချင်း ဂျီဒီပီ (GDP per capita) ဟာ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီးတဲ့ ဒေါ်လာ ၂၂၂၇ ရှိလာပါတယ်။ ဒါဟာ ​ပါကစ္စတန်နိုင်ငံထက် ၄၅ ရာခိုင်နှုန်း ပိုသာနေတာဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့စီးပွားရေးဟာ လက်ရှိအနေအထားတိုင်းသွားမယ်ဆိုရင် ၂၀၃၀ ခုနှစ်အရောက်မှာ ဘင်္ဂလားဒေ့ရှ်ထံကနေ အကူအညီယူရတဲ့အထိ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    အိန္ဒိယရဲ့ ၂၀၂၀-၂၁ GDP per capita က ဒေါ်လာ ၁၉၄၇ သာ ရှိပြီး ဒါဟာ ဘင်္ဂလားဒေ့ရှ်ထက် နည်းနေတာလည်း ဖြစ်ပါတယ်။

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က လက်ယာစွန်းရောက်တွေက ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ စားရမဲ့သောက်ရမဲ့ ခိုကိုးရာမဲ့ဖြစ်နေပြီး အိန္ဒိယဖက်ကို ခိုးဝင်လာနေတယ်လို့ ပုံဖော်နေပေမယ့် တကယ်တမ်းမှာတော့ ဟိန္ဒူအမျိုးသားရေးအစွန်းရောက်တွေက ဘင်္ဂါလီ ‘ခြ’ တွေလို့ အမုန်းဝါဒဖြန့်နေတဲ့ ပြည်နယ်တွေထက် ဘင်္ဂလားဒေ့ရှ်ဟာ ပိုချမ်းသာတယ်လို့ Bloomberg က ဆောင်းပါးမှာ ရေးသားထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ ပြည်ပတင်ပို့မှု၊ လူမှုစီးပွားနဲ့ ဘဏ္ဍာရေး ထိန်းချုပ်စီမံမှုတွေမှာ သိသိသာသာ တိုးတက်လာနေတာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း ပြည်ပပို့ကုန် ပျမ်းမျှတိုးတက်မှုက ၀.၄ ရာခိုင်နှုန်းရှိနေတဲ့အချိန် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်ပပို့ကုန်ဟာ နှစ်စဉ် ၈.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ ထုတ်ကုန် အထူးသဖြင့် အထည်ချုပ်လုပ်ငန်းကို အဓိကထား အကောင်အထည်ဖော်မှုကြောင့် ဒီလို တိုးတက်လာတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်မှု အရေအတွက်ဟာလည်း အိန္ဒိယ၊ ပါကစ္စတန်တို့ထက် သိသိသာသာကို မြင့်မားပါတယ်။

    ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံ စာရင်းထဲမှာ ပါဝင်နေတဲ့အတွက် အခွန်ကင်းလွတ်ခွင့်လို ကမ္ဘာ့စီးပွားရေးယန္တရားမှာ အခွင့်ထူးခံ ရနေတာကလည်း ဘင်္ဂလားဒေ့ရှ်ကို တစ်ပန်းသာစေခဲ့တာပါ။ စီးပွားရေး တိုးတက်လာတာကြောင့် အဲဒီအခွင့်ထူးတွေကို ဘင်္ဂလားဒေ့ရှ်က ၂၀၂၆ ခုနှစ်မှာ စွန့်လွှတ်ရဖို့ ရှိပါတယ်။

    စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးလာတာနဲ့အမျှ အထည်ချုပ်လုပ်ငန်းကနေ တစ်ခြား တန်ဖိုးမြင့်တဲ့ပို့ကုန်တွေ တင်ပို့နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်က ခြေလှမ်းလာဖွယ် ရှိနေပါတယ်။

    လာမယ့် ၁၀ စုနှစ်တွေအတွင်း စီးပွားရေး အခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ဘင်္ဂလားဒေ့ရှ်မှာ အများကြီး ရှိနေပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို အထင်အမြင်သေးတာဟာ အသိဉာဏ်နည်းရာကျကြောင်း လွန်ခဲ့တဲ့ နှစ် ၅၀ က သက်သေပြနေပါတယ်။ ၁၉၇၁ ခုနှစ်က အောင်မြင်မှုဆိုတာကို မမျှော်မှန်းနိုင်ခဲ့ဘဲ လူ သန်း ၁၆၀ နဲ့ ကြပ်ညပ်နေတဲ့ နိုင်ငံတစ်တစ်ခုဟာ အခုအချိန်မှာတော့ တောင်အာရှက နမူနာယူစရာ အောင်မြင်မှုပြယုဂ်ဖြစ်နေပြီလို့ Bloomberg က ဆောင်းပါးမှာ နိဂုံးချုပ် သုံးသပ်ထားပါတယ်။

    Ref: Bloomberg

  • ဂါဇာကမ်းမြှောင် ပြန်တည်ဆောက်ရေး အီဂျစ်က ဆောက်လုပ်ရေးပစ္စည်းများ ပေးပို့

    ဂါဇာကမ်းမြှောင် ပြန်တည်ဆောက်ရေး အီဂျစ်က ဆောက်လုပ်ရေးပစ္စည်းများ ပေးပို့

    ဇွန် ၅၊ ၂၀၂၁
    M-Media

    -ပြီးခဲ့တဲ့လ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားခဲ့တဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် အီဂျစ်က ဆောက်လုပ်ရေးပစ္စည်းတွေကို ပို့ဆောင်လိုက်ပါတယ်။

    ဘူဒိုဇာတွေ၊ ကရိန်းတွေ၊ ဆောက်လုပ်ရေးသုံး ထရပ်ကားတွေ အပါအဝင် ဆောက်လုပ်ရေးပစ္စည်းတွေကို ရာဖာနယ်ခြားကနေတစ်ဆင့် ဂါဇာကမ်းမြှောင်ကို ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ အီဂျစ်က ပေးပို့လိုက်တာပါ။ ဆောက်လုပ်ရေးမှာ ကူညီပေးဖို့အတွက် အီဂျစ်အင်ဂျီနီယာတွေလည်း ဂါဇာကမ်းမြှောင်ကို လိုက်သွားခဲ့ကြပါတယ်။

    “ပါလက်စတိုင်းတွေနဲ့အတူ လက်တွဲပြီး ပြန်လည်ထူထောင်ရေးလုပ်ဖို့ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးတွေ၊ ပစ္စည်းပစ္စယာတွေ၊ ပိုင်ဆိုင်တာတွေအားလုံးယူပြီး အမြန်ဆုံး သွားခဲ့ကြတာပါ။မွတ်စလင်တိုင်း၊ အီဂျစ်ပြည်သူတိုင်း ဒီတည်ဆောက်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ဆန္ဒရှိကြပါတယ်” လို့ ထရပ်ကားမောင်းသူ မဟ်မူဒ် အစ္စမာအီလ်က ပြောပါတယ်။

    မေလ ၁၀ ရက်နေ့ကစတင်တဲ့ အစ္စရေးရဲ့ ၁၁ ရက်ကြာ လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂၅၀ ကျော် သေဆုံးကာ ထောင်ချီ ဒဏ်ရာရခဲ့ပါတယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးပေးခန်းတွေ၊ လူနေအိမ်တွေအပါအဝင် ဂါဇာက အဆောက်အဦးတော်တော်များများကို အစ္စရေးက ပစ်မှတ်ထား ဖျက်ဆီးခဲ့ပါတယ်။

    အဆောက်အဦးပေါင်း ၁၅၀၀ ကျော်လောက် လုံး၀ ပျက်ဆီးခဲ့ပြီး တစ်စိတ်တစ်ပိုင်း ပျက်ဆီးခဲ့တဲ့ အဆောက်အဦးက ၁၇၀၀၀ ကျော်လောက် ရှိပါတယ်။ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၅၀၀ လောက် ကုန်ကျမယ်လို့ ခ့န့်မှန်းထားပါတယ်။

    Ref: Alarabiya