News @ M-Media

Blog

  • ဖက်ဒရယ် ဖွဲ့စည်းပုံ မူကြမ်း နိုင်ငံရေးဆွေးနွေး ပွဲမှသာ ချပြမည်ဟု UNFC အတွင်းရေးမှူးဆို

    ဖက်ဒရယ် ဖွဲ့စည်းပုံ မူကြမ်း နိုင်ငံရေးဆွေးနွေး ပွဲမှသာ ချပြမည်ဟု UNFC အတွင်းရေးမှူးဆို

    မတ် ၂၀၊ ၂၀၁၄
    M-Media
    KK

    နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး နိုင်ငံရေးဆွေးနွေး ပွဲရောက်မှသာ ဖရက်ဒရယ် ဖွဲ့စည်းပုံ မူကြမ်းကို တင်ပြ ဆွေးနွေးသွားမည်ဟု သိရသည်။

    “ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ အပစ်အခတ်ရပ်စဲရေးဟာ အဆင့်တစ် ဖြစ်နေတယ်။ ဒီအဆင့်တစ်မှာ ကသိကအောင့် မဖြစ်စေရန် စာမူကို မထုတ်ပြန်သေးခြင်းကြောင်း၊ တပ်မတော်ဘက်က အာမခံ ချက်ရှိရှိ ပါဝင်လာရန် အရင်ဆုံး စောင့်မည်ဖြစ်ကြောင်း UNFC တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

    တိုင်းရင်းသားများ၏ ဖွဲ့စည်းပုံပါ ဖက်ဒရယ်ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းပုံအခန်းသည် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကွာဟ နိုင်သည်ဟု ၎င်းကဆိုသည်။

    အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို UNFC နှင့် UNA တို့ ပူးပေါင်းကာ နိုင်ငံရေး ဦးဆောင် ကြီးကြပ်ရေး ကော်မတီဝင် ၆ ဦး၊ ဥပဒေရေးရာ အကြံပေးကော်မတီဝင် ၉ ဦးနှင့် မူကြမ်းရေးဆွဲရေး ကော်မတီဝင် ၁၆ ဦးက ၂၀၁၃ ခုနှစ် ဧပြီတွင် စတင်ရေးဆွဲခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် အင်္ဂလိပ် ဘာသာဖြင့် ရေးဆွဲပြီးစီးသွားပြီ ဖြစ်ပြီး မြန်မာဘာသာသို့ ပြန်ဆိုရန် ကျန်ရှိတော့သည်ဟု သိရှိရသည်။

    ၎င်းဖွဲ့စည်းပုံ မူကြမ်းအား တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA)တို့ ပူးပေါင်းရေးဆွဲထားခြင်းဖြစ်ပြီး အခန်း ၁၅-ခန်းနှင့် ပုဒ်မပေါင်း ၂၀၀-ကျော်ပါဝင်ကာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအကြောင်းနှင့် ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေး တပ်မတော်၏ ဖွဲ့စည်းပုံတို့ကိုလည်း အခန်း တစ်ခုစီဖြင့် သီးခြားဖော်ပြထားသည်။

  • အစ္စလာမ်ဘာသာဝင်များ လူမျိုး အမည် ဖြေဆိုရန် သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ အသိပေးချက်

    မတ် ၂၀၊ ၂၀၁၄
    M-Media

    တိုင်းရင်းသား ၊ နိုင်ငံသား အစ္စလာမ် ဘာသာဝင်များနှင့် သက်ဆိုင်သော ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း အထောက်အကူပြုကော်မတီမှ အစ္စလာမ် ဘာသာဝင်များ သန်းခေါင်စာရင်းတွင် လူမျိုးအမည် ဖြေဆိုခြင်းနှင့် စပ်လျဉ်းသည့် အသိပေးကြေညာချက် မတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။

    >> တိုင်းရင်းသား ဖြစ်လျှင် တိုင်းရင်းသား လူမျိုး အမည်သာဖြေပါ။

    >> ဖခင်(သို့) မိခင်ဘက် က တိုင်းရင်းသား သွေးပါလျှင် တိုင်းရင်းသား အမျိုးအမည် သာဖြေပါ။

    >> တိုင်းရင်းသား လူမျိုးအမည် (၂) မျိုးဖြစ်လျှင် (၁) မျိုးသာ ဖြေပါ။

    >> နိုင်ငံခြားသား မဟုတ်သော နိုင်ငံသားကျန်လူမျိုးများ 914 (လူမျိုးအမည်) ဖြေဆိုနိုင်ပါသည်။ သို့သော နိုင်ငံခြား (904)(909)(910) တွင် မဖြည့်ရန် သတိပြုပါ။

    >> နိုင်ငံခြားသား (၁၃) မျိုး ကုဒ်နံပါတ် (901) မှာ (913)  ရေးသွင်းမည်။

    >> UCC ကိုင်သူ 914 (လူမျိုးအမည်) ဖြေနိုင်သည်။ သို့သော နိုင်ငံခြား (904) (909) (910) တွင် မဖြည့်ရန် သတိပြုပါ။

    >> ပသျှူး ၊ ပန်းသေး၊ မြေဒူး (914) ပသျှူး/ ပန်းသေး  / မြေဒူး ဟုဖြေပါ။

    >> အထက်ပါ အမျိုးအစားနှင့် Code Number (ဂဏန်း သင်္ကေတ) စာရင်းတွင် မပါဝင်သော နိုင်ငံသား လူမျိုးအားလုံး (914) ပသီ ဟုဖြေပါ။

    >> ပသီ(ခေါ်) မြန်မာမွတ်စလင်မ် ဟု လုံးဝ မဖြေပါနှင့် (914) ပသီ ဟုသာဖြေပါ။

    >> (နိုင်ငံအမည်) နှင့် (ဘာသာရေး အခြေခံသော အမည်) တွဲ၍ လူမျိုးအမည် မဖြေပါနှင့် ။

    M-Media တွင် ဖော်ပြပြီးသော သန်းခေါင်စာရင်းဆိုင်ရာ သတင်းနှင့် ဆောင်းပါးများကို အောက်ပါလင့်ခ်တွင် ဖတ်ရှုပါ။
    Link

    သန်းခေါင်စာရင်း လူမျိုးနံပါတ် Code စာရင်း အောက်က လင်ခ့်မှာကြည့်ပါ။
    Link

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ သန်းခေါင်စာရင်း ကိစ္စ အသိပေးချက်နှင့် သန်းခေါင်းစာရင်း မေးခွန်း ၄၁ ခုပါ ပုံစံနမူနာကို အောက်ပါလင့်ခ်တွင် ကြည့်ရှု့နိုင်ပါသည်။
    Link 1 2 3

  • စမတ်ဖုန်း အားလုံး ဖုန်းအားသွင်းကြိုး တမျိုးထဲသုံးရန် ဥရောပ နိုင်ငံရေးသမားများ ထောက်ခံ

    မတ် ၂၀၊ ၂၀၁၄
    M-Media

    စမတ်ဖုန်း ထုတ်လုပ်သူတွေကို တူညီတဲ့ ဖုန်းအားသွင်းကြိုးတစ်ခုပဲ သုံးဖို့ တွန်းအားပေးမယ့် စည်းမျဉ်းသစ်တစ်ခုကို ဥရောပ နိုင်ငံရေးသမားများက ထောက်ခံအားပေးလိုက်ပါတယ်။

    _73578115_a10ef4c4-1d41-4a4a-8be6-80b3fda6661d

    ၂၀၁၇ ခုနှစ် အမှီ တူညီတဲ့ ဘုံ စမတ်ဖုန်းအားသွင်းကြိုးတွေ မြင်တွေ့ရမယ့် စဉ်းမျဉ်းသစ်ကို ဥရောပ သမဂ္ဂ အဖွဲ့ကြီးက ကြာသာပတေးနေ့မှာ တက်ကြွစွာ မဲပေးခဲ့ကြပါတယ်။

    စည်းမျဉ်းသစ်ရဲ့ ရည်ရွယ်ချက်ကတော့ ဖုန်းအားသွင်းကြိုး သုံးစွဲတဲ့သူတွေ မလိုဘဲ လျှပ်စစ်ပြုန်းတီးမှုကို လျှော့ချနိုင်စေဖို့ဖြစ်ပါတယ်။

    ” ဒါဟာ ဖုန်းသုံးသူတွေကော သဘာဝပတ်ဝန်းကျင်အတွက် ပါ အကျိုးသက်ရောက်မှုရှိပါတယ် ” လို့ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဘာဘရာ ဝီလာ က ဆိုပါတယ်။ ” ဒါဟာ ရှုပ်ပွနေတဲ့ ဖုန်းအားသွင်းကြိုးတွေကို မမြင်ရတော့ပဲ နှစ်စဉ် လျှပ်စစ် စွန်ပစ် ပစ္စည်းတန်ပေါင်း ငါးသောင်း ကျော်ကို သက်သာစေပါမယ် ”

    လက်ရှိ စည်းမျဉ်း မူကြမ်းကို ဥရောပဝန်ကြီးများကောင်စီက ထောက်ခံရမှာဖြစ်ပြီး လက်ရှိမှာ တရားဝင်မထုတ်ပြန်ရသေးတဲ့ ထောက်ခံမှုတွေ ရရှိပြီး အတည်ပြုဖို့အလားအလာရှိပါတယ်။

    စည်မျဉ်းသစ်ကို ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ပြီး ထုတ်လုပ်သူတွေကို ၁၂ လအတွင်း ဒီဇိုင်းအသစ်ကို ပြောင်းလဲစေမှာဖြစ်ပါတယ်။

    ဘုံသုံးမယ့် အားသွင်းကြိုးအဖြစ် ဟန်းဆက် အများအပြားမှာ အသုံးပြုတဲ့ (Micro USB Connector) ကို သုံးကြဖို့ ရှိပါတယ်။

ှSource : BBC

  • တင်းမာမှုကြားက ခေါင်းမာနေဆဲ မြန်မာ့ သန်းခေါင်စာရင်း

    မတ် ၂၀၊ ၂၀၁၄
    M-Media
    myanmar-census-2012
    သန်းခေါင်စာရင်းအား နိုင်ငံတော်ကျောထောက်နောက်ခံဖိနှိပ်မှုအဖြစ် အသုံးချလာမည်ကို အချို့က စိုးရိမ်နေကြသည်။

    နာမည်ဆိုးဖြင့် ကျော်ကြားနေသော မွတ်စ်လင်မ်ဆန့်ကျင်ရေးသံဃာ အရှင်ဝီရသူသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံ၏ အကြီးစား အကြမ်းဖက်ဒေသဖြစ်သည့် ရခိုင်ပြည်နယ်သို့ အခြွေအရံတအုံ တကျင်းဖြင့်ရောက်လာသည်။ ကလေးငယ်များက ဗုံမောင်းတီး၍ ကြိုဆိုခဲ့ကြသည်။

    သူ၏ ရုတ်ခြည်းရောက်လာမှုက နိုင်ငံတော်သန်းခေါင် စာရင်းကောက်ခံတော့မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ မိမိကိုယ်ကို “ဗမာဘင်လာဒင်”ဟု ဖော်ပြလေ့ရှိသော ယင်းသံဃာမှာ နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် သန်းခေါင် စာရင်းဆိုင်ရာ စိန်ခေါ်ချက်၏ အကြီးစား သင်္ကေတတစ်ရပ်ဖြစ်လို့နေသည်။

    ကုလကျောထောက်နောက်ခံပြု ပရောဂျက်သည် ရခိုင်ပြည်နယ်၌လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်တို့ အကြား၌လည်ကောင်း အကြမ်းဖက်မီးစ ပြန်လည်ထတောက်မည့် အန္တရာယ်ကို ကြုံနေရပေပြီ။ လူမျိုးနှင့်ဘာသာဆိုင်ရာ သန်းခေါင်စာရင်း ပုံစံအပေါ် ထွက်ပေါ်လာသည့် မေးခွန်းများ၊ ပြဿနာများကလည်း နိုင်ငံတစ်ဝှမ်းလုံးတွင် ရှုပ်ထွေးလျက် ရှိသည်။ နိုင်ငံတစ်ဝှမ်းရှိလက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေးကို အစိုးရဖက်မှကြိုးစားနေသော်လည်း လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေများ အတွင်း ထောင်ပေါင်းများစွာသော လူတို့မှာ သန်းခေါင်စာရင်း မှတ်တမ်းထဲ ရောက်ဖွယ်ရာ လမ်းမမြင်နိုင်သေး။

    သန်းခေါင်စာရင်းကောက်ခံမည့် လူပေါင်း တစ်သိန်းခွဲမှာ တောကြိုအုံကြား နယ်ပယ်ဒေသများ၊ ဒုက္ခသည်စခန်းအသီးသီးသို့ အနက်ရောင် 2B ခဲတံ ကိုင်ဆောင်လျက် မေးခွန်း ၄၁ ချက်နှင့်အတူ ဖြန့်ကျက်ပို့လွှတ်ထားပြီးလေပြီ။

    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒေသခံ မွတ်စလင်များမှ မိမိတို့လူမျိုး အမည် ရိုဟင်ဂျာ ဆိုသည်ကို မိမိတို့ဆန္ဒအလျောက် ထည့်သွင်းမည့်ကိစ္စအား ဗုဒ္ဓဘာသာဝင် အမျိုးသားရေး ၀ါဒီများက ဆန့်ကျင်ကန့်ကွက်လျက် ရှိနေသည်။ ၎င်းသူတို့က ရိုဟင်ဂျာတို့အား ဘင်္ဂါလီဟုသာ အမည်သုံးဖြည့်သွင်းလိုက်ရန်၊ နိုင်ငံသားနှင့်မထိုက်တန်သည့် တရားမ၀င် ခိုးဝင်လာသူများ အဖြစ် သတ်မှတ်ရန် အတင်းအဓမ္မ ကြံဆောင်နေကြပေသည်။

    wirathu
    ဦးဝီရသူ စစ်တွေကို ရောက်စဉ် ကြိုဆိုသည့် ရခိုင်လူမျိုးများ (ဓါတ်ပုံ ဦးဝီရသူ FB)

    မွတ်စလင်တို့မှာ ဒေသတွင်းပြည်သူတို့အား လွှမ်းမိုး လာတော့မည်ဟူသော မှိုင်းတိုက်ချက်ဖြင့် စစ်တွေမြို့တွင် တရားဟောပြောပြီးနောက် ဦးဝီရသူသည် အရှေ့ဖက် ကီလိုမီတာ ၆၀ အကွာ မြေပုံမြို့၊ သန်းခေါင် စာရင်းဆန္ဒပြပွဲအား ဦးဆောင်သွားရောက်ခဲ့သည်။

    “ ဦးဇင်းတို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ အမည် နာမမျိုး မရှိဘူး ” ဟု သူက ပြည်တွင်းသတင်းထောက်များထံ တနင်္ဂနွေနေ့က ပြောကြားသည်။

    သန်းခေါင်စာရင်းကို ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးကာလ ၁၉၈၃ ခုနှစ်တွင် နောက်ဆုံး ကောက်ခံခဲ့သည်။ ၎င်းမှာ ထင်ရာစိုင်း လုပ်ရပ်တစ်ခုအဖြစ် ကျော်ကြားခဲ့ပြီး မွတ်စလင်တို့အား ထည့်သွင်းရေတွက်ခဲ့မှုမရှိဟု လူ့အခွင့်အရေး အုပ်စုများက ဆိုထားသည်။ ယခင်က မွတ်စလင်ဦးရေ ၄ ရာခိုင်နှုန်းသာရှိသည်ဟု ထုတ်ပြန်ခဲ့သော စာရင်းအင်းမှာ ပကတိ အခြေအနေ၌ ထိုထက်မက များပြားနေနိုင်သည်။

    “ ဒါဟာ မွတ်စလင်တွေအပေါ် အမုန်းတရား သွတ်သွင်းပြီး အကြမ်းဖက်နေသူ အစွန်းရောက် အမျိုးသားရေးဝါဒီတွေအဖို့ မတရားပြုမူအောင် တွန်းအားပေးရာရောက်စေတယ် ” ဟု European Burma Network မှ သန်းခေါင် စာရင်းကောက်ခံမှုအား ရွှေ့ဆိုင်းရန် အရေးဆိုသည့်ထုတ်ပြန်ချက်၌ ပြောထားသည်။ အခြား အပြည်ပြည်ဆိုင်ရာ အုပ်စုများကလည်း ရွှေ့ဆိုင်းရန် တောင်းဆိုထားကြသည်။

    သန်းခေါင်စာရင်းကို မိုက်ရူးရဲဆန်ဆန် မလုပ်သင့်ကြောင်း Burma Campaign UK မှ ဆိုထားသလို၊ မြန်မာနိုင်ငံရှိ ကရင်လူမျိုး ကိုယ်စားပြု အုပ်စု ၂၈ စုပါဝင်သည့် နိုင်ငံတကာ မဟာမိတ်အဖွဲ့အစည်း တစ်ရပ်ကလည်း ၎င်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပျက်သုဉ်းစေနိုင်ကြောင်း သတိပေးထား၏။

    မြန်မာစစ်တပ်သည် ၎င်းသတင်း အချက်အလက်ကို တိုင်းရင်းသား လက်နက်ကိုင်တို့အား ချေမှုန်းရာ၌ အသုံးချဖို့ များနေကြောင်း ကရင်အမျိုးသမီး အဖွဲ့အတွင်းရေးမှူး K’nyaw Paw က ယုံကြည်ထားသည်။
    “ အဲ့ဒီစာရင်းဇယားမှာ တိုင်းရင်းလက်နက်ကိုင် အုပ်စုအရေအတွက်တွေ၊ တိုင်းရင်း လက်နက်ကိုင်အုပ်စုများရဲ့ မိသားစုဝင်တွေ၊ တိုင်းရင်း လက်နက်ကိုင် အုပ်စုတွေအပေါ် အားပေးထောက်ခံကြတဲ့ လူတွေရဲ့အနေအထား အားလုံးကို သိရှိစေတယ်။ သူတို့(စစ်တပ်)အတွက် မဟာဗျူဟာ တစ်ရပ်ဖော်ဆောင်ဖို့ အလွန်အင်မတန် လွယ်ကူသွားမယ်လေ ” ဟု Anadolu သတင်းအေဂျင်စီသို့ သူမက ပြောကြားခဲ့သည်။

    ယူကေအခြေစိုက် လေ့လာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Daniel Gray မှ Maplecroft ကလည်း ယင်းအချက်ကို သဘောတူသည်။

    “ ဒေသဆိုင်ရာ နဲ့ နိုင်ငံရေးရာလှုပ်ရှားသူတွေရဲ့ သတင်းအချက်အလက်အသေးစိတ်ပေးလိုက်တာဟာ ပိုမိုပြင်းထန်တဲ့ နိုင်ငံတော် ဖိနှိပ်မှုဖြစ်အောင် ကျားကိုအတောင်ပံ တပ်ပေးလိုက်သလိုပါပဲ ” ဟု Maplecroft က ဆိုသည်။

    သို့သော် မြန်မာနိုင်ငံအနေနှင့် ၎င်းကို အရေးပေါ် လိုအပ်လျက်ရှိသည်။ တိုင်းပြည်လူဦးရေမှာ ၄၈ သန်းမှ ၆၅ သန်းအထိ ပြောင်းလဲ များပြားလာကြောင်း ခန့်မှန်းထားကြသည်။ မည်သည့်နေရာဒေသတွင် ဆေးရုံများ၊ ကျောင်းများ၊ လမ်းသစ်ဖောက်လုပ်ရေးများ အပူတပြင်းလိုအပ်နေသည်ကို ပြုပြင်ပြောင်းလဲမှုယိမ်း အစိုးရအား သိရှိစေ၍ ချွတ်ခြုံကျ တိုင်းပြည်အား ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခြင်း၌ အထောက်အကူပြုစေမည်ဖြစ်၏။

    အမှောင်ချပိတ်ဆို့ထားသော အာဏာရှင်အစိုးရအောက်တွင် နှစ်ပေါင်း ငါးဆယ်မျှ ရှူနာရှိုက်ကုန်းဖြစ်နေရသည့် တိုင်းပြည်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ တိုးတက်မှု တစိတ်တပိုင်းဖြစ်ပါသည်ဟု ထောက်ခံသူများက ဆိုကြသည်။ ဤစီမံကိန်းအတွက် ဒေါ်လာ ၇၅ သန်းထောက်ပံ့ကူညီထားသော ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့နှင့်တစ်ကွ ဗြိတိန်၊ ဂျာမဏီ အစရှိသည့်နိုင်ငံများက သန်းခေါင်စာရင်းကောက်ခံမှုသည် ဖြိုခွဲခံနိုင်ငံအား ပြန်လည်စုစည်းလာအောင် အထောက်အကူပြုလိမ့်မည်ဟု ဆိုနေပေ၏။

    ဤသန်းခေါင်စာရင်းကောက်ခံမှုမှာ အချိန်အခါနှင့် သင့်တင့်လျောက်ပတ်သော သမိုင်းဝင်လုပ်ရပ်ဖြစ်ကြောင်း ကုလလူဦးရေ ရံပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ်ဖြစ်သူ ဂျက်နက် ဂျက်ဆင်မှ ပြီးခဲ့သည့်လ သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။

    “ ဒါဟာ အနိမ့်ဆုံးအားဖြင့် လူတိုင်းအဖို့ လာမဲ့ဆယ်နှစ်စာ သူတို့ရဲ့သမိုင်းကို ပြောပြနိုင်စေတဲ့ အခွင့်အရေး တစ်ရပ် ဖြစ်ပါတယ် ”။

    သို့သော် စာရင်းဇယားသေချာတိကျမှုနှင့်ပတ်သက်၍ သေချာတပ်အပ် မဆိုနိုင်သေး။ စစ်အုပ်ချုပ်ရေးအလွန် ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်မှ သမ္မတအဖြစ်တာဝန်ယူပြီးကတည်းက လူပေါင်းများစွာတို့သည် မိမိတို့၏ ပုဂ္ဂလအချက် အလက်များပေးအပ်ရန် တွန့်ဆုတ်နေကြဆဲဖြစ်သည်။ ၎င်းတို့အထဲ ဦးသိန်းစိန်ကိုယ်တိုင် ပါဝင်နေပါသည်။

    နိုင်ငံ့ဒေသအချို့၌ သန်းခေါင်စာရင်းကောက်ခံမှု ဖြစ်မြောက်နိုင်ချေမရှိပါ။ ခရစ်ယာန်အများစုရှိသည့် မြောက်ပိုင်း ကချင်ပြည်နယ်မှ အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များက မိမိတို့ပိုင်နက်အတွင်း ၀င်ရောက်ခွင့်ကို ယခုလအတွင်း ငြင်းဆိုပြောကြားထားသည်။ ယင်းနယ်မြေ၌ လူဦးရေ အနည်းဆုံး ၈၀၀၀၀ ခန့် ရှိနေကြသည်။

    ပြည်နယ်အတွင်းရှိလူအတော်များများသည် မျိုးနွယ်ကွဲများကိ ၁၂ စုအဖြစ် တရားဝင် တစ်ဖက်သတ်ခွဲခြမ်းလိုက်ခြင်းအပေါ် မကြေမလည်ဖြစ်နေကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းမှာ ၎င်းတို့၏ လူမျိုးရေးဆိုင်ရာအမှတ်လက္ခဏာနှင့်နိုင်ငံရေးသြဇာကို အားပျော့သွားအောင် ကြံဆောင်စီစဉ်ထားခြင်းဖြစ်ကြောင်း ကချင်အုပ်စုများက ပြောကြားသည်။

    ရှမ်းပြည်နယ်မှ ပလောင်လူမျိုးများအပါအ၀င် အခြားလူမျိုးစုတို့ကလည်း လက်တွေ့နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည့်ပြဿနာ အပေါ် စောဒက၀င်လျက်ရှိသည်။ မိမိတို့၏ ကိုယ်ပိုင်မျိုးနွယ် အမည်ကို အသုံးပြုခွင့်ပေးရမည့်အစား နီးစပ်ရာအင်အားကြီး မျိုးနွယ်စုများအတွင်း သွတ်သွင်းခံရခြင်းကြောင့် ဖြစ်သည်။

    ၁၉၈၂ ခုနှစ်တွင် ရေးဆွဲလိုက်သော တရားဝင်အသိအမှတ်ပြု တိုင်းရင်းမျိုးနွယ် ၁၃၅ မျိုးစာရင်းမှာ လှောင်ပြောင်နှိမ့်ချ စရာဖြစ်နေခြင်းက စောဒကတို့၏ အရင်းအမြစ်ဖြစ်နေပါသည်။

    ပြီးခဲ့သည့်လအတွင်း ဦးသိန်းစိန်၏မိန့်ခွန်းတစ်ရပ်တွင် သန်းခေါင်စာရင်းကောက်ခံမှုသည် လူမျိုးစုအရေးအပေါ် မှားယွင်းသည့် နည်းစဉ်ဖြင့် ချဉ်းကပ်မိခြင်းဖြစ်သည်ဟု ၀န်ခံခဲ့သော်လည်း ထိုအတိုင်းသာ ရှေ့ဆက်ရန် ဆုံးဖြတ်ထားကြောင်း ထုတ်ဖော်ပြောဆိုသွား၏။

    ရှမ်းပြည်အရှေ့ပိုင်းရှိ လူနည်းစုဝင်တို့ကမူ တရားဝင်စာရင်းအင်းကောက်ခံမှုအပေါ် အယုံအကြည် မရှိသည်ကို ဖော်ပြသောအားဖြင့် အစိုးရဖက် စာရင်းကောက်ခံမှုပြီးစီးသည်နှင့် မိမိတို့၏စာရင်းကို မိမိတို့ဖာသာ ထုတ်ပြန်မည်ဟု ပြတ်သားစွာ ကြေညာထားပေသည်။

    “ ကျွန်တော်တို့ ကိုယ်ပိုင်နည်းစဉ်အောက်ကနေ တိုင်းရင်းမျိုးနွယ်အသီးသီးရဲ့ လူဦးရေစာရင်းအမှန်ကို ဆုံးဖြတ်ဖို့ ရည်ရွယ်ထားပါတယ် ” ဟု ရှမ်းပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်သူ ဦးဝင်းမြင့်က ဆိုသည်။

    ရိုဟင်ဂျာတို့သည် သန်းခေါင်စာရင်းကောက်ခံမှု အတွင်း အသုံးပြုသည့် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှ ထုတ်ပယ်ခံထားရ၏။ ထိုအစား “အခြား”အုပ်စုဝင်အောက်၌ ၎င်းတို့မှ ၀င်ရောက်ကြရမည်ဖြစ်သည်။

    cencus
    ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုများ ဖြစ်ပွားချိန်မှ စတင်ပြိး အတားအဆီးများဖြင့် ပိတ်ဆို့တင်းကြပ်ထားသော စစ်တွေမြို့မှ ရိုဟင်ဂျာများ နေထိုင်ရာ ရပ်ကွက်

    ယခုလအတွင်း သန်းခေါင်စာရင်း အရေးဆွေးနွေးရန် လ၀က၀န်ကြီး ဦးခင်ရီနှင့် ဂျက်ဆင်တို့သည် စစ်တွေရှိ ရခိုင်နှင့်ရိုဟင်ဂျာခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခဲ့ကြသော အစ္စလာမ် လူ့အဖွဲ့အစည်းခေါင်းဆောင်များ၏ အဆိုအရ လ၀က၀န်ကြီးသည် ရိုဟင်ဂျာတို့အား ဘင်္ဂါလီဟုသာ မှတ်တမ်းရေးသွင်းရန်မှာကြားပြီး ရိုဟင်ဂျာဟု ထည့်သွင်းပါက အကြမ်းဖက်မှုများထံ ပိုမို ဦးတည်သွားနိုင်သည်ဟု ပြောကြားသွားကြောင်း သိရသည်။

    စစ်တွေမြို့သည် ၂၀၁၂ နှစ်လည်ပိုင်းမှ စတင်သော လူမျိုးရေး အဓိကရုဏ်း ဇာတ်လမ်းတွဲများ၏ ဘူမိနက်သန် နေရာဖြစ်သည်။ ၎င်းမှ တဆင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ခဲ့သည်။ တိုင်းရင်းနွယ်များ အနက် ထောင်ချီပြီး အိုးအိမ်မဲ့သွား ရသူနှင့် ရာချီပြီးသတ်ဖြတ်ခံရသူ အများစုမှာကား ရိုဟင်ဂျာတို့ ဖြစ်နေသည်။

    အကြမ်းဖက်ဖြစ်စဉ် စတင်ကတည်းကပင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာအများစုသည် သွားလာခွင့်နှင့်ပတ်သက်၍ လက်နက်ကိုင် ရဲတပ်ဖွဲ့များနှင့် စစ်ဆေးရေးဂိတ်များ၏ တင်းကြပ်ကန့်သတ်မှုကို ခံနေကြရပါ၏။

    “ ကျွန်တော်တို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သီးခြားခွဲထွက်နယ်ဖြစ်လာဖို့ မျှော်ကိုးနေသူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ရိုဟင်ဂျာလူမျိုးတွေ ဖြစ်ပါတယ်။ ရခိုင်လူမျိုးများ နှစ်သက်သည်ဖြစ်စေ မနှစ်မြို့သည်ဖြစ်စေ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ဘဲ ဖြည့်သွင်းမှာပါ ” ဟု လူ့အဖွဲ့အစည်းနှင့်ဘာသာရေး ခေါင်းဆောင်ဖြစ်သူ နူးရ် အလာမ်းက ဆိုခဲ့ပေသည်။

    ** Worldbulletin တွင်ဖော်ပြခဲ့သည့်  Myanmar goes ahead with census despite tensions သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • ကျနော်တို့ ဘယ်တုန်းကမှ မြန်မာမဖြစ်ခဲ့ဘူး (သူ့အတွေး သူ့အမြင်)

    မတ် ၁၉ ၊ ၂၀၁၄
    ရေးသူ- အောင်တင်
    know_yourself_logo.35115544_std
    နှစ်တစ်ထောင်ကျော် မြန်မာနိုင်ငံသမိုင်းနဲ့ ထပ်တူ သက်တမ်းရှိတဲ့ မွတ်စလင် လူ့အဖွဲ့အစည်းရဲ့ သမိုင်းတစ်လျှောက်လုံး ကျနော်တို့ ဘယ်တုန်းကမှ မြန်မာဖြစ်ခဲ့ဖူးသောသမိုင်း မရှိပါ။

    လူမျိုးပေါင်းစုံတွေနဲ့ ဒေသခံ တိုင်းရင်းသားပေါင်းစုံတို့မှ ပေါင်းဖက်ဆင်းသက်လာတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းကြီးကို သမိုင်းတစ်လျှောက် ပသီ၊ ကုလား၊ ပသီကုလား၊ မိုဟာမေဒင်၊ ဇေတဘာဒီ၊ မြန်မာမွတ်စလင်၊ ဗမာမွတ်စလင်လို့ အမည်အမျိုးမျိုးတပ် အခေါ်ခံရပေမဲ့ ဘယ်တုန်းကမှ မြန်မာ သို့မဟုတ် ဗမာလို့ ခေါ်တွင်ခဲ့တဲ့ သမိုင်း မရှိဘူးပါ။

    မြန်မာမွတ်စလင်လူမျိုး၊ ဗမာမွတ်စလင်လူမျိုးကိုလည်း ဘယ်တုန်းကမှ မြန်မာလူမျိုး၊ ဗမာလူမျိုး အစ္စလာမ်သာသနာဝင်ဟူ၍ မမြင်ကြပါ။ သီးခြားလူမျိုးအဖြစ်နှင့်သာ မြင်ကြသည်။

    အစ္စလာမ်သာသနာကို ကူးပြောင်းလာသော မြန်မာလူမျိုးများလည်း အများအပြားရှိပါသည်။ သို့သော် ထိုသူများကိုပင် မြန်မာများက ဘာသာမတူမှုပေါ်ကို အခြေခံပြီး မြန်မာမဟုတ်တော့ဘူး။ ကုလားဖြစ်သွားပြီဟု ဆိုကြပြန်ပါသည်။

    ဗမာကို ဗမာကသိရေးဆိုပြီး ကျနော်တို့ မွတ်စလင်များ ကြိုးပမ်းဖူးသည့် နှစ်ကာလတိုလေး ရှိခဲ့ဖူးသော်လည်း လုံးဝ မအောင်မြင်ခဲ့ပါ။ ရုပ်ပျက်ဆင်းပျက် ကျရှုံးခဲ့ရသည်။

    ဆရာကြီးဦးရာဇတ်က သီးခြားတိုင်းရင်းသား အဖြစ် ရပ်တည်မည့်အစား၊ ဗမာ(မြန်မာ)အဖြစ် ရပ်တည်ဖို့ ဦးဆောင်ဆုံးဖြတ်ခဲ့သော ကာလတစ်ရပ်ရှိခဲ့သော်လည်း ကျနော်တို့ကို ဘယ်မြန်မာကမှ ဘယ်တုန်းကမှ မြန်မာအဖြစ် အသိအမှတ်ပြုခြင်းကို မခံရဖူးပါ။

    အစ္စလာမ်သာသနာဝင် မြန်မာများ ဟုတ် မဟုတ်ကို စဉ်းစားဖို့ အချိန်နှစ်မီနစ်တောင် မလိုဘူးဆိုတဲ့စကားစုကို ဦးနုက နှစ်စက္ကန့်ကျော်လောက်နဲ့ ပြောခဲ့ဖူးသော်လည်း မြန်မာ့လူ့အဖွဲ့အစည်းတွင် ကျနော်တို့ ဘယ်တုန်းကမှ မြန်မာတစ်ကယ် မဖြစ်ခဲ့ဖူးခြင်းသည် သမိုင်းမှန်ဖြစ်သည်။

    လူမျိုးတစ်မျိုးဆိုတာ လူ့အဖွဲ့အစည်းတစ်ခုမှာ ဓလေ့ထုံးတမ်းတူ၊ အမူအကျင့်တူ၊ ယဉ်ကျေးမှုတူ၊ သားပေးခြင်း သမီးယူခြင်းဟူသော လက်ထပ်ထိမ်းမြားခြင်းကို စိတ်အနှောင့်အယှက်ကင်းကင်း ပြုလုပ်နိုင်သော လူ့အဖွဲ့အစည်းဝင် အချင်းချင်းကို လူမျိုးတူလို့ သတ်မှတ်ပါတယ်။ သွေးနဲ့ လူမျိုးကို သတ်မှတ်တယ်ဆိုတာ အသိဥာဏ်နည်းသော စကား၊ လက်တွေ့မဖြစ်နိုင်သော စကား ဖြစ်ပါတယ်။

    မတူတာကို တူချင်ယောင် မဆောင်ကြပါနဲ့။ အတင်း မတူချင်ကြပါနဲ့။

    ကရင်တစ်ယောက်သည် ကရင်လူမျိုးဖြစ်လျှက်၊ ကရင်ကို ချစ်လျှက် တိုင်းပြည်အကျိုးးကို ဆောင်နိုင်လျှင် ကျနော်တို့ မွတ်စလင်လူ့အဖွဲ့အစည်းသည်လည်း ပသီဖြစ်လျှက်၊ ပသီကို ချစ်လျှက်နှင့် တိုင်းပြည်ကို ချစ်နိုင်၊ အကျိုးဆောင်နိုင်ကြရပါမယ်။

    ** စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။