News @ M-Media

Blog

  • MH370: ပျောက်ဆုံးနေသည့် မလေးလေယာဉ် လမ်းကြောင်းပြောင်း ပျံသန်းခဲ့သည့် ရေဒါမှတ်တမ်း ထိုင်းစစ်တပ် ထုတ်ပြန်

    မတ် ၁၈၊ ၂၀၁၄
    M-Media
    Flight_370_Route_Map_Wide
    – မတ်လ ၈ ရက်နေ့ကတည်းက ပျောက်သွားခဲ့သည့် မလေးရှားလေယာဉ်မှာ ဆက်သွယ်မှု ပြတ်တောက်သွားပြီးနောက်ပိုင်း အနောက်ဘက် စူးစူးသို့ ပြန်လှည့်သွားသည်ဟု ယုံကြည်ရသည့် ရေဒါ လမ်းကြောင်းတစ်ခုကို ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းသွားပြီး ဗီယက်နမ်နယ်စပ်တွင် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် အဆိုပါလေယာဉ်၏ ပုံမှန်လမ်းကြောင်းအား ထိုင်းစစ်တပ်မှ လက်ခံရရှိခဲ့သည်။ ထို့နောက် ၆ မိနစ်အကြာတွင် ထိုင်းစစ်တပ်ရေဒါ၌ အမည်မသိ အရာတစ်ခု ပျံသန်းနေကြောင်း တွေ့ရှိခဲ့ရသည်ဟု ထိုင်းတော်ဝင်လေတပ်မှ အရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ပျောက်ဆုံးသွားသော  မလေးလေယာဉ်ဖြစ်နိုင်သည့် အဆိုပါ လေယာဉ်မှာ မူလလမ်းကြောင်းနှင့် ဆန့်ကျင်ဘက် အနောက်စူးစူးသို့ ပျံသန်းသွားသည်ဟု ၎င်းကဆိုသည်။ ယခုအချိန်အထိ ရရှိထားသော အထောက်အထားများအရ ထိုလေယာဉ်မှာ ရည်ရွယ်ချက်ရှိရှိ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မလေး ကျွန်းဆွယ်ကိုဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာသို့ ပျံသန်းသွားသည်ဟု မလေးရှားအစိုးရကဆိုသည်။ ထိုင်းစစ်တပ်ရေဒါ၏ ဖမ်းယူနိုင်စွမ်း အကန့်အသတ်ကြောင့် အတိအကျ ဖမ်းယူနိုင်ခြင်း မရှိကြောင်း လေတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထိုင်းစစ်တပ်ရေဒါမှ ရရှိသည့် အထောက်အထားမှာ လေယာဉ် လမ်းကြောင်းပြောင်းကာ ပျံသန်းသွားသည်ဟု ယူဆရသည့် ဒုတိယမြောက် အထောက်အထားဖြစ်ပြီး၊ မလေးရှားလေတပ်ကလည်း လေယာဉ်မှာ မာလကာကို ဦးတည်၍ Pulau Perak ကျွန်းစု သို့ ဖြတ်ပျံသွားသည့် ရေဒါလ မ်းအထောက်အထား တစ်ခုကိုယခင်က တွေ့ရှိထားသည်။

  • သန်းခေါင်စာရင်း ပညာပေး အစီအစဉ်မှ မေးခွန်း(၈) လူမျိုးမေးခွန်း ဆိုင်ရာ ကောက်နှုတ်ချက်

    မတ်- ၁၈၊ ၂၀၁၄
    M-Media


    ဖြေကြားသူ၏ လူမျိုးသည် ယခင်သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် မပါပါက ဖြေသည့် လူမျိုးကို ဖြေသည့် အတိုင်း ကွက်လပ်တွင် ရေးသွင်း သွားမည်ဖြစ်ပါသည်။

    no 8
    မေးခွန်းနံပါတ် ၈ မှာ လူမျိုးကို မေးသည့် မေးခွန်းဖြစ်ပါသည်။ ဖြေဆိုသူပြောသည့် လူမျိုးကို ရေးသွင်းမည် ဖြစ်ပါသည်။

    ဥပမာ – ဖြေဆိုသူက ဗမာ၊ ကချင်၊ မွန်၊ ရခိုင်၊ ချင်း၊ ကယား၊ ရှမ်းစသည်ဖြင့် ပြောသည့်အတိုင်း မှတ်တမ်းတင်မည် ဖြစ်ပါသည်။ ၎င်းလူမျိုးများတွင် ပါဝင်သည့် လူမျိုးစုကို ပြောလျှင်လည်း ဖြေဆိုသူတွင် ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် ရှိသည်ဖြစ်၍ ပြောသည့်အတိုင်း ရေးသွင်းပေးမည်ဖြစ်ပါသည်။ လူမျိုးစုငယ်ကိုပြောတိုင်း မူလလူမျိုးတွင်လည်း အရေအတွက် တိုးသွားပါမည်။

    တိုင်းရင်းသားသွေးနှောများအနေဖြင့် ဖြေကြားသူဆန္ဒအတိုင်း လူမျိုးတစ်မျိုးကိုသာ ဖြေကြားရမည် ဖြစ်ပါသည်။

    ဥပမာ – အဖေမွန် အမေက ကရင် ဖြစ်ပါက သားသမီးသည် အသက် ၁၅ နှစ် ပြည့်ပြီးသူဖြစ်က သူ့ဆန္ဒအတိုင်း ကရင်ဟုလည်းကောင်း (သို့မဟုတ်) မွန်ဟုလည်းကောင်း တစ်မျိုးတည်းသာ ဖြေရမည်ဖြစ်သည်။

    အသက် ၁၅ နှစ် အောက်ဖြစ်က နိုင်ငံတကာကျင့်စဉ်အတိုင်း၊ မိဘတစ်ဦးဦးက ပြောသည့် လူမျိုးကို ထည့်ပေးမည်ဖြစ်သည်။ မိဘ (၂) ဦးလုံးက မဆုံးဖြတ်နိုင်ပါက ဘခင်၏ လူမျိုးကို ဖြည့်သွင်းမည် ဖြစ်ပါသည်။

    ဖြေကြားသူ၏ လူမျိုးသည် ယခင်သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် မပါပါက ဖြေသည့်လူမျိုးကို ဖြေသည့်အတိုင်း ကွက်လပ်တွင် ရေးသွင်းသွားမည်ဖြစ်ပါသည်။

     မူလစာရင်းမှာမပါ၍ ကုတ်နံပါတ် ကြိုမပေးထားသည်မှလွဲပြီး မည်သည့် ထိခိုက်နစ်နာမှုမှ မရှိပါ။ နောင်လူမျိုး အမည် ပြန်လည်ဆန်းစစ်သည့် အခါတွင် အသစ်ထည့်သည့် လူမျိုးအမည် ပါဝင်လာမည် ဖြစ်ပါသည်။

    သန်းခေါင်စာရင်းဆိုင်ရာ ပညာပေး ဆောင်းပါးများနှင့်  သတင်းများကို လ.ဝ.က ဝန်ကြိးဌာနရဲ့ တရားဝင် FB စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။
    Click Here

    ၂၀၁၃ ခုနှစ် မတ် ၁၈ ကြေးမုံသတင်းစာမှ

    Image via-Nay San Lwin

  • မက်ဆီ ထွက်ခွာမည်ဆိုသည့် သတင်းအား ဘာကာငြင်းဆို

    မတ် ၁၈၊ ၂၀၁၄
    M-Media
    379981_heroa
    – အသင်း၏ တိုက်စစ်မှူး မက်ဆီ ဘာစီလိုနာမှ ထွက်ခွာမည်ဆိုသည် သတင်းအား ငြင်းဆိုလိုက်ပြီး၊ အသင်းတွင်သာ ဆက်လက်ရှိနေမည်ဟု ဘာကာ ဒုတိယဥက္ကဌ ဂျာဗီယာ ဖောက်စ်က ပြောကြားခဲ့သည်။

    မက်ဆီမှာ စာချုပ်သစ်အတွက်ဆွေးနွေးရာတွင် အသင်း တာဝန်ရှိသူများနှင့် မကျေမလည်ဖြစ်နေပြီး၊ အသင်းမှ ထွက်ခွာတော့မည်ဆိုသော သီတင်းများကြောင့် ဖောက်စ်က ထိုကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။

    “လီယို(မက်ဆီ) ထွက်ခွာဖို့ အန္တရာယ်မရှိပါဘူး။ (အသင်းဥက္ကဌ) ဘာတိုမြူ၊ အသင်းဒါရိုက်တာတွေနဲ့ မက်ဆီ ကိုယ်တိုင်လည်း ဒါကိုပြောပြီးပါပြီ၊ သူကော၊ ကျွန်တော်တို့ကော ဒီမှာ အတူတကွ ဆက်ရှိချင်နေပါတယ်” ဟု ဖောက်စ်က RAC1 သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်းမှာ မက်ဆီးအား စံချိန်တင်လစာဖြင့် စာချုပ်ချုပ်ချင်နေပြီး ဘိုင်ယန်၊ မန်စီးတီး စသည့်အသင်းကြီးများကလည်း မက်ဆီးအား ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ဘာကာအသင်း နည်းပြဖြစ်သူ မာတီနိုမှာလည်း ရာသီကုန်လျှင် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ထိုသတင်းကိုလည်း ဖောက်စ်က ငြင်းဆိုခဲ့သည်။

  • အသင်းဥက္ကဌ ထောင်ကပြန်လွတ်သည့် အထိ ဘိုင်ယန်၌ ဆက်ရှိနေမည်ဟု နည်းပြ ဂွာဒီယိုလာပြော

    မတ် ၁၈၊ ၂၀၁၄
    M-Media
    379088_heroa
    – အခွန်ရှောင်မှုကြောင့် ထောင်ဒဏ် ၃ နှစ်ခွဲ ကျခံရမည့် အသင်းဥက္ကဌ ဟိုနက်စ် ထောင်မှ ပြန်လွတ်လာသည်အထိ အသင်း၌ ဆက်လက်ရှိနေမည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့သည်။

    ဟိုနက်စ်မှာ အခွန်ရှောင်မှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်က တရားစွဲဆိုခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ မိမိမှာ ၀မ်းနည်းမိသည်ဟု ဂွာဒီယိုလာက ဆိုသည်။

    “ဟိုနက်စ်ပြန်လာတဲ့အချိန်အထိ ကျွန်တော် ဒီမှာဆက်ရှိမှာပါ။ အသင်းအတွက် အကောင်းဆုံးကို ကျွန်တော် လုပ်ပေးချင်ပါတယ်။ နောက်ထပ် ၂ နှစ် ၃ နှစ်လောက် ဒီမှာဆက်ပြီး အလုပ်လုပ်ချင်ပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်ကတော့ သူ(ဟိုနက်စ်) လာတဲ့အထိ ဒီမှာရှိဖို့ပါ” ဟု ပြောကြားခဲ့သည်။

    ဟိုနက်စ်၏ အသင်းအပေါ် အရေးပါမှုကိုလည်း ဂွာဒီယိုလာက ချီးကျူးခဲ့ပြီး ဟိုနက်စ်မရှိပါက ဘိုင်ယန်အသင်း ရရှိခဲ့သည့် အောင်မြင်မှုများမှာ ဖြစ်လာ လိ့မ်မည် မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ဂွာဒီယိုလာနှင့် ဘိုင်ယန်တို့၏ စာချုပ်မှာ လာမည့် ၂၀၁၆ ခုနှစ်တွင် ပြည့်မည်ဖြစ်သည်။
    Goal

  • အလှူဒါနပြုခြင်းကို အသားပေးသည့် အစ္စလာမ့် အသိပညာပေးရေး သီတင်းပတ် လန်ဒန်တွင် ကျင်းပ

    အလှူဒါနပြုခြင်းကို အသားပေးသည့် အစ္စလာမ့် အသိပညာပေးရေး သီတင်းပတ် လန်ဒန်တွင် ကျင်းပ

    မတ် ၁၈၊ ၂၀၁၄
    M-Media
    LondonHosts-Islam-Awareness-Week
    – အစ္စလာမ်မှ သင်ကြားသည့် အလှူဒါနပြုရေး ရည်ရွယ်ချက်များကို သိရှိစေရန်နှင့် လူ့အဖွဲ့အစည်းတွင်း ရင်းနှီးနွေးထွေးမှုများ ရရှိလာရန် ရည်ရွယ်၍ အစ္စလာမ့် အသိ ပညာပေးရေး လှုပ်ရှားမှု သီတင်းပတ်ကို လန်ဒန်မြို့၌ မတ်လ ၁၇ နေ့တွင် စတင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ၂၁ ကြိမ်းမြောက်ဖြစ်ပြီး “အလှူဒါန အိမ်မှစ၏” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အဆိုပါ လှုပ်ရှားမှုတွင် အလှူဒါနပြုခြင်း၏ သဘောတရားနှင့် အစ္စလာမ်မှ သွန်သင်သည့် အလှူဒါနပြုလုပ်ခြင်း အကြောင်းတို့ကို လူအများသိရှိစေရန် အာရုံစိုက်လုပ်ဆောင်မည်ဖြစ်သည်။

    “အလှူဒါနပြုတယ်ဆိုတာ ပိုက်ဆံပေးထာထက်ကိုပိုပါတယ်။ သင့်ရဲ့အချိန်ပေးတာ၊ အရည်အချင်းတွေပေးတာ၊ မတူညီတဲ့ နည်းလမ်းတွေနဲ့ အခြားလူတွေရဲ့ ကိစ္စတွေမှာ အသင်ကိုယ်တိုင်ပါဝင်ဆောင်ရွက်တာမျိုးပါ။ ပြီးတော့ အိမ်နီးချင်းတွေကို ဂရုစိုက်ဖို့နဲ့ သင်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့လည်း ပါဝင်ပါတယ်” ဟု ၂၀၁၄ အစ္စလာမ့်အသိပညာရေး သီတင်းပတ်အတွက် ထုတ်ဝေသော စာအုပ်ငယ်တွင် ရေးသားဖော်ပြထားသည်။

    ထိုလှုပ်ရှားမှုတွင် မွတ်စလင်များ ဦးဆောင်လှုပ်ရှားသည့် ပရဟိတ လုပ်ငန်းများကို ဥပမာပေးကာ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း အကြောင်းအရာများလည်း ပါဝင်မည်ဖြစ်သည်။

    “မတူညီတဲ့ ဘာသာတရားတွေ၊ အသိုင်းအ၀ိုင်းတွေက လူတွေနဲ့ အတူ လိုအပ်နေတဲ့ ဒီလို(ပရဟိတ) အလုပ်မျိုးတွေမှာ ပါဝင်လာဖို့အတွက် လူတွေကို လှုံ့ဆော်ဖို့ အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်” ဟု အဆိုပါစာအုပ်ငယ်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ လှုပ်ရှားမှုများကို ဘရက်ဖို့ဒ်၊ ရှက်ဖီး၊ လက်စတာ၊ ဟာလီဖက်စ်မြို့များနှင့် ယူကေ တစ်ဝှမ်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။ စကော့တလန်နိုင်ငံတွင်လည်း အားကစားပွဲများ၊ ဘာသာရေးပွဲများပါဝင်သည့် အစ္စလာမ့်အသိပညာပေးရေးသီတင်းပတ်ကို မတ်လ ၁၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်သည်။

    အစ္စလာမ့် အသိပညာပေးရေး သီတင်းပတ် လှုပ်ရှားမှုကို ဗြိတိန်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းမှ ၁၉၉၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ လူအများ အာရုံစိုက်နေသည့် အကြောင်းအရာများကို ဦးစားပေးကာပြုလုပ်ခဲ့သည့် ထိုလှုပ်ရှားမှုများမှ အစ္စလာမ်အပေါ် အထင်အမြင် လွဲမှားမှုများကို လျော့ချနိုင်ခဲ့သည်။

    အစ္စလာမ်၏ အလှူဒါန ပြုမှုတွင် “ဇကားသ်” နှင့် “ဆွဒကဟ်” ဟူ၍ အဓိက ပညတ် ၂ ခုရှိပြီး၊ “ဇကားသ်” ဟူသည် ငွေကြေးချမ်းသာသော အစ္စလာမ် ဘာသာဝင်များ ၎င်းတို့၏ ပိုင်ဆိုင်မှုများမှ ၂.၅ ရာခိုင်နှုန်းကို တစ်နှစ်တစ်ခါ ထုတ်နှုတ်၍ သူဆင်းရဲများ၊ လိုအပ်နေသူများအား မဖြစ်မနေ ပေးကမ်းလှူဒါန်းရန် သတ်မှတ်ထားခြင်းဖြစ်သည်။ “ဆွဒကဟ်” မှာမူ မိမိ၏ စိတ်ဆန္ဒ စေတနာအလျောက် လှူဒါန်းရခြင်းဖြစ်သည်။

    အလှူဒါနပြုမှုများအား မှတ်တမ်းတင်သည့် JustGiving ၀ဘ်ဆိုဒ်၏ ဖော်ပြချက်အရ ဗြိတိန်တွင် အစ္စလာမ်ဘာသာဝင်များမှာ အခြား ဘာသာဝင်များနှင့် နှိုင်းယှဉ်လျှင် အလှူအတန်း ရက်ရောက်ကြသူများဖြစ်သည်ဟု ဖော်ပြထားသည်။ ဗြိတိန်တွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ ခန့်မှန်းခြေ ၂.၇ သန်းခန့်ရှိသည်

    OnIslam