News @ M-Media
Blog
  • ပရဟိတနှင့် လူမှုအကျိုးပြု စွမ်စွမ်းတမံ လုပ်ဆောင်သူ ကနေဒါ မွတ်စလင် ကျောင်းသူတစ်ဦးအား အစိုးရမှ ဂုဏ်ပြု
    မတ် ၁၄၊ ၂၀၁၄
    M-Media
    CanadaHonorsYoung-Muslim-Girl
    – ဒေသတွင်း ပရဟိတ လုပ်ငန်းများနှင့် ဘာသာ တရားများအကြား နားလည်မှု တည်ဆောက်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသည့် ကနေဒါ မွတ်စလင် အမျိုးသမီးငယ်တစ်ဦးကို ကနေဒါအစိုးရက ဂုဏ်ပြုခဲ့သည်ဟု သိရသည်။
    ကနေဒါ အရှေ့ပိုင်း  ၀ုဖ်ဗီလ်းမြို့ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် အဌမတန်းကျောင်းသူ Shakshuki မှာ ကျောင်းအတွင်း ယဉ်ကျေးမှုဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပြီး၊ ‘Free the Children’ ပရဟိတအဖွဲ့တွင်လည်း ပါဝင်ကာ အကူအညီပေးရေး လုပ်ငန်းများကိုလည်း တက်ကြွစွာလုပ်ဆောင်နေသည်။
    သူမစီစဉ်ခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်မှနေ၍ အစ္စလာမ် သာသနာ အပေါ် နားလည်မှု လွဲမှားနေမှုများအား ရှင်းလင်းဖြေရှင်းနိုင်ခဲ့သည်။ ဆဌမတန်းမှ စတင်၍ ထိုလှုပ်ရှားမှုများကို ဆောင်ရွက်လာသည့် သူမအား အလုပ်ကြိုးစားသောသူ တစ်ဦးနှင့် ခေါင်းဆောင် တစ်ဦးအဖြစ် ဆရာများက အမည်စာရင်း တင်သွင်းခဲ့ပြီးနောက် ၀ုဖ်ဗီလ်းမြို့ မြို့တော်ဝန်က Respectful Citizenship Award ဆု ပေးအပ်ခဲ့သည်။
    “သူမဟာ အရွယ်နဲ့မလိုက်အောင် ကြင်နာတယ်၊ တက်ကြွတယ်၊ ပြီးတော့ သူမရဲ့ဘ၀ကိုလည်း ရှင်သန်အောင် မွေးမြူပါတယ် ” ဟု ရှက်ရှူကီ၏ ဆရာဖြစ်သူ အန်ဂီရက်ရှ်တန်က ပြောကြားခဲ့သည်။
    ချို့တဲ့သူများအား အကူအညီပေးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် အတွက် Shakshuki မှာ လက်မှုပညာသင်တန်းနှင့် မုန့်ဖုတ်သင်းတန်း တစ်ခုကိုလည်း သူမ၏ သူငယ်ချင်း ၂ ယောက်နှင့်အတူ တက်ရောက်နေသည်။
    အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးနောက် ကနေဒါတွင် ယုံကြည်ကိုးကွယ်မှုအများဆုံး ဘာသာတရားတစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ ၃၂.၈ သန်း၏ ၁.၉ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။
    Ref: OnIslam & Newspapers
  • ရထားပေါ်တွင် ၀တ်လစ်စလစ်ဖြင့် လိုက်ပါသူအား စင်ကာပူ ရဲတပ်ဖွဲ့ဖမ်းဆီး
    မတ် ၁၄၊ ၂၀၁၄
    M-Media
    – စင်ကာပူရှိ ရထားတစ်စင်းပေါ်တွင် အ၀တ်အစားများချွတ်လျက် စီးနင်းလိုက်ပါသူ တစ်ဦးအား ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    Police_arrest_man_who_stripped_naked_on_MRT_train_-_Channel_NewsAsia_
    ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၀တ်လစ်စလစ်ဖြင့် ရထားပေါ်တွင် အိပ်၍ လိုက်ပါလာသော အဆိုပါခရီးသည်၏ ပုံမှာ အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ စင်ကာပူ SMRT ရထားလိုင်းမှ တာဝန်ရှိသူကလည်း ထိုဖြစ်ရပ်မှာ မှန်ကန်ကြောင်း ပြောကြားခဲ့ပြီး ရဲ တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။
    ထိုအဖြစ်အပျက်အား တွေ့ရှိပြီးနောက် အခြားခရီးသည်များက ညနေ ၆ နာရီ ၅၄ မိနစ်ခန့် တွင် အရေးပေါ် ခလုပ်အား နှိပ်ခဲ့ပြီး ဌာနသို့ သတင်း ပို့ခဲ့ကြောင်း၊  ၂ မိနစ်ခန့်အကြာ Khatib ဘူတာသို့ ရထားဆိုက်ရောက်ချိန်တွင် ၀န်ထမ်းများက ၎င်းအား သွားရောက် ခေါ်ဆောင်သွားခဲ့သည်ဟု SMRT ဌာနမှ ထပ်လောင်း ပြောကြားခဲ့သည်။
    ထို့နောက် အသက် ၃၂ နှစ်အရွယ်ရှိ အဆိုပါ ခရီးသည်အား ရဲလက်သို့ လွှဲအပ်ခဲ့ပြီး မဖွယ်ရာသောလုပ်ရပ်ကျူးလွန်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။
    CNA/de
  • မိကျောင်းကန် တတိယအကြိမ် သပိတ်စခန်း ပြန်လည်ဖွင့်မည်
    မိကျောင်းကန် တတိယအကြိမ် သပိတ်စခန်း ပြန်လည်ဖွင့်မည်
    မတ် ၁၄၊ ၂၀၁၄
    M-Media
    လမင်း
    ရန်ကုန်။ ။ ၂၀၁၃ ဒီဇင်ဘာ ၁၂ တွင်ရပ်နားခဲ့သည့် မိကျောင်းကန်သပိန်စခန်းကို ယခုလ မတ်လ ၂၄ ရက်နေ့တွင် ပြန်လည်၍ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
    “ဦးခိုင်မောင်ရည်နဲ့ ဦးအောင်သိန်းလင်းက လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းပေးမယ်ဆိုပြီးတော့ အခုထိထူးခြားမှုမရှိသေးပါဘူး။ ဒီအတိုင်း ပြောထားမျိုးပဲရှိနေသေးတယ်။ ကျွန်တော်တို့ကို သက်ဆိုင်ရာကနေလည်း ဘာမှလိုက်လျောပေးမှုမရှိတဲ့အတွက် ကျွန်တော်တို့ပြောထားတဲ့အတိုင်း အခု တတိယအကြိမ်မြောက် သပိတ်စခန်းကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်”ဟု မိကျောင်းကန်သပိတ်စခန်းမှ ဦးစိန်သန်းကပြောကြားခဲ့သည်။
    မတ်လ ၂၄ ရက်နေ့တွင်ဖွင့်လှစ်မည့် တတိယအကြိမ်မြောက် သပိတ်စခန်းကို ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ မြို့တော်ခန်းမရှေ့တွင်သော် လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့တွင်သော်လည်းကောင်း၊ မိကျောင်းကန်သပိတ်စခန်းရှေ့တွင်သော်လည်းကောင်း တစ်နေရာရာ၌  ဖွင့်လှစ်ရန်စီစဉ်ထားရှိကြောင်းသိရသည်။
    ယခုလိုမိကျောင်းကန်မြေကိုသိမ်းပိုက်ထားတာ မြေသိမ်းဥပေဒနှင့် မညီကြောင်း ကျွန်တော်တို့ကို မိကျောင်းကန်မြေကို ပြန်လည်ပေးအပ်မယ်ဆိုကာမှပဲ ကျွန်တော်တို့ရဲ့ သပိတ်စခန်းကို ပိတ်သိမ်းသွားမှာဖြစ်ကြောင်း မိကျောင်းကန်သပိတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြေကြားခဲ့ပါသည်။
    သပိတ်စခန်းဖွင့်နေစဉ်အတွက် စားရေးသောက်ရေးနှင့် ကျန်းမာရေးအသုံးအဆောင်ဆေးဝါးများကို ယခုချိန်ကတည်းက စတင်စုဆောင်းနေလျက် ရှိကြပြီး ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဟု သိရသည်။
    မိကျောင်းကန်ပြည်သူများသည် ဆန္ဒထုတ်ဖော်မှုကို ကိုးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ကြပြီး သပိတ်စခန်းကို နှစ်ကြိမ်တိုင်ဖွင့်လှစ်ခဲ့ရာ ဒုတိယကြိမ်မြောက် သပိတ်စခန်းကို ၂၀၁၄ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် သပိတ်စခန်းကို သုံးလတိုင်တိုင် ခေတ္တနားခဲ့ကြပါသည်။
  • အခွန်ရှောင်တိမ်းမှုအတွက် တရားစွဲဆိုခြင်းခံနေရသည့် ဘိုင်ယန်ဥက္ကဌ ထောင်ဒဏ် ၅ နှစ်ကျော် ကျခံရဖွယ်ရှိနေ
    အခွန်ရှောင်တိမ်းမှုအတွက် တရားစွဲဆိုခြင်းခံနေရသည့် ဘိုင်ယန်ဥက္ကဌ ထောင်ဒဏ် ၅ နှစ်ကျော် ကျခံရဖွယ်ရှိနေ
    မတ် ၁၃၊ ၂၀၁၄
    M-Media
    – အသင်း၏ ၀င်ငွေခွန်ရှောင်တိမ်းမှုနှင့် စပ်လျဉ်း၍ တရားရင်ဆိုင်နေရသည့် ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဌ ယူလီ ဟိုနက်စ်အား ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ရန် တရားလိုဘက်မှ တောင်းဆိုလိုက်သည်ဟု သိရသည်။
    ယခင် အနောက်ဂျာမနီလက်ရွေးစင်တစ်ဦးဖြစ်သူ ဟိုနက်စ်မှာ အခွန်ရှောင်လွှဲခဲ့သည်ဟုသော စွဲချက်ဖြင့် ယခုတစ်ပတ် တနင်္လာနေ့တွင် တရားရုံး၌ စတင်ကြားနာခဲ့ပြီး ယနေ့တွင် အမိန့်ချမှတ်ရန် ရှိနေသည်။ အသက် ၆၂ နှစ်အရွယ်ရှိ ဟိုနက်စ်မှာ အခွန်ငွေ ၁၈.၅ သန်းပေးဆောင်ရန် ကျန်ရှိနေပြီး တရားလိုများကမူ ၎င်းအား ထောင်ဒဏ်ချမှတ်စေလိုနေသည်။
    ထိုအမှုအား တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် အချင်မ် ဗွန် အန်ဂျဲလ်ကမူ ဟိုနက်စ်မှာ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ရရှိခဲ့သည့် ၀င်ငွေ ယူရို ၃၃ သန်းကို တရားဝင်ကြေညာခဲ့ခြင်းမရှိဟု ယုံကြည်နေပြီး၊ ထိုဝင်ငွေများအတွက် အခွန်ငွေ ၃.၅ သန်းပေးဆောင်ရမည်ဖြစ်သည်။
    ထိုကဲ့သို့ အခွန်ရှောင်ခြင်းကြောင့် ဟိုနက်စ်မှာ ထောင်ဒဏ် ၅ နှစ်ခွဲ ချခံရဖွယ်ရှိနေသော်လည်း ၎င်း၏ ရှေ့နေကမူ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ရန်အတွက် တောင်းဆိုခဲ့သည်။ ဟိုနက်စ်မှာ စာရွက်စာတမ်းများ မမှန်မကန်လုပ်ခြင်းကြောင့် ၂၀၁၃ ခုနှစ်ကလည်း တရားစွဲဆိုခြင်းခံခဲ့ရကာ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။
    ဥရောပဖလား သုံးကြိမ်ရခဲ့ပြီး ဒူးဒဏ်ရာကြောင့် အသက် ၂၇ နှစ်အရွယ်၌ ဘောလုံးကစားခြင်းမှ အနားယူခဲ့ရသော ဟိုနက်စ်မှာ ဂန္တ၀င် ဘိုင်ယန် အသင်းတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသူလည်းဖြစ်သည်။
    Ref: Goal
  • ဘာကာမှာ ချန်ပီယံလိဂ်တွက် အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်ရတော့မည်ဟု ဇာဗီဆို
    ဘာကာမှာ ချန်ပီယံလိဂ်တွက် အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်ရတော့မည်ဟု ဇာဗီဆို
    မတ် ၁၃၊ ၂၀၁၄
    M-Media
    – မန်စီးတီးအသင်းအား ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်လာခဲ့သည့် ဘာစီလိုနာအသင်းမှာ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် အခက်ခဲဆုံး အချိန်နှင့် ရင်ဆိုင်ရတော့မည်ဟု ဘာစီလိုနာအသင်း၏ ၀ါရင့်ကွင်းလယ်လူ ဇာဗီက ပြောကြားလိုက်သည်။
    ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့တွင် ဘာစီလိုနာမှာ မန်စီးတီးအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၁ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
    အသင်း၏ အဓိကမောင်းနှင်အားဖြစ်သည့် ဇာဗီက အသင်းမှာ ၎င်းတို့၏ အကောင်းဆုံးပုံစံထဲမှ တစ်ချို့ကို ပြန်လည်ရရှိခဲ့ပြီး၊ ဥရောပအမြင့်ဆုံး ချန်ပီယံ လိဂ် ဆုဖလားအတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုတွင် သက်သေပြရမည်ဟု ဆိုသည်။
    “ဒါဟာ ချန်ပီယံလိဂ်ပါ။ အခုအချိန်မှာ ကျွန်တော်တို့ဟာ ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းရတော့မယ်ဆိုတာ သိပါတယ်။ (မန်စီးနဲ့ပွဲမှာ) ကျွန်တော်တို့ ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကလည်း ကောင်းခဲ့ပြီး၊ ရည်ရွယ်ချက်ကလည်း ကွာတားဖိုင်နယ်ကို ရောက်ဖို့ပါ။ ပရိသတ်တွေ ကလည်း သောင်းသောင်းဖျဖျရှိခဲ့ပါတယ်” ဟု ဇာဗီ၏ ပြောကြားမှုကို ဘာစီလိုနာအသင်း၏ ၀ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
    ဘာစီလိုနာအသင်းမှာ လာလီဂါတွင် ခြေစွမ်းကျဆင်းနေပြီး ထိပ်ဆုံးမှ ရီးယဲလ်မက်ဒရစ်နှင့် ၄ မှတ်အကွာ တတိယနေရာတွင်ရှိနေသည်။
    Ref : Goal