News @ M-Media

Blog

  • မိတ္ထီလာအကြမ်းဖက်မှု တွင် မွတ်စလင် ၈၀၀ ကျော်ကို ကယ်ဆယ်ခဲ့သည့် ဆရာတော် ဦးဝိသုဒ္ဓက 7Day News Hero ဆုချီးမြင့်ခံရ

    မတ်- ၈ ၊ ၂၀၁၄
    7 Days News မှ ကူးယူဖော်ပြသည်။

    1794528_673585176036453_642945335_n
    လူ့အဖွဲ့အစည်းအားလုံးနှင့် ကမ္ဘာကပါ အံ့သြတုန်လှုပ်ခဲ့ ရသော ဖြစ်ရပ်ကြီး ၂၀၁၃ မတ်လ ၂၀ ရက်တွင် မိတ္ထီလာမြို့၌ စတင်ဖြစ်ပွားခဲ့သည်။ မိတ္ထီလာအကြမ်းဖက်မှု ကြီးဖြစ်ပွားနေစဉ် ဒုက္ခရောက်နေသူများကို စာနာစွာ သတ္တိရှိစွာဖြင့် စွန့်စွန့်စားစား ကယ်တင်ခဲ့သူများ လည်းရှိခဲ့သည်။

    မိတ္ထီလာမြို့ ရတနာဦးကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဝိသုဒ္ဓက ဒုက္ခသည်ရှစ်ရာကျော်ကို ဘေးမသီရန်မခအောင် ရဲဝံ့စွာ ကယ်တင်ခဲ့ပါသည်။

    သက်တော် (၅၅) နှစ်၊ ၀ါတော် (၃၅) ဝါရှိ ဆရာတော် ဦးဝိသုဒ္ဓက ဒုက္ခရောက်နေသည့် အစ္စလာမ်ဘာသာဝင် ရှစ်ရာကျော်အား ကျောင်း အတွင်း မေတ္တာရိပ်၌ ခိုလှုံခွင့်ပေးခဲ့ပြီး အန္တရာယ်ပြုရန် လာရောက် သူများက ထုတ်ပေးရန်ပြောရာ ၎င်းကိုသတ်ပြီးမှ ဒုက္ခသည်များကိုသတ် ပါဟု ရဲရင့်သောပြောစကား လုပ်ဆောင်မှုများကြောင့် အကြမ်းဖက်ရန် လာသူအချို့ လှည့်ပြန်သွားပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ သည်။

    ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအတွင်းမှာပင် ဘုရားသားတော် တစ်ပါး၏ မေတ္တာ၊ ကရုဏာ၊ သတ္တိတို့ကြောင့် လူ့အသက်ပေါင်းများစွာ ချမ်းသာရာရခဲ့ပြီး ဗုဒ္ဓဘာသာ၏ မေတ္တာ၊ ကရုဏာ ပြည့်စုံမှုအတွက်လည်း သာဓကကောင်း တစ်ခုဖြစ်ခဲ့ပါသည်။

    ဒုက္ခရောက်နေသူများကို ကယ်တင်ခဲ့မှုမှာ ဗုဒ္ဓ၏လမ်းညွှန်ချက်အ တိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဤသို့ကယ်တင်နိုင်ခဲ့၍် ပျော်ရွှင်ကျေနပ် ခဲ့ရကြောင်း ဆရာတော်က 7Day News သို့ မိန့်ကြားခဲ့သည်။

    ရတနာဦးကျောင်းတိုက်တွင် သံဃာ ၃၅ ပါးရှိပြီး ပဋိပက္ခဖြစ်ပွားနေ သည့် လေးရက်အတွင်း ဒုက္ခသည်ရှစ်ရာကျော် ကယ်တင်ပေးခဲ့ခြင်းဖြစ် သည်။

    ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများရှောင်ကြဉ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ဘာသာလူမျိုးမခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနှင့်နေထိုင်ကြ လျှင် မြန်မာ နိုင်ငံသာမက ကမ္ဘာမှာပင် ထာဝရငြိမ်းချမ်းမည်ဟု
    ဆရာတော်က အကြံ ပြုသည်။

    မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဆရာတော် ၏ စွမ်းဆာင်ချက်နှင့်အယူဝါဒမှာ နမူနာကောင်းဖြစ်ပြီး လူ့အသက် ပေါင်းများစွာ ကို စွန့်စွန့်စားစားကယ်တင်ပေးခဲ့သည့်အတွက် 7Day News က ၂၀၁၃ ခုနှစ်အတွက် 7Day News Hero ဆု ဆက်ကပ်ဂုဏ်ပြု ခဲ့ခြင်းဖြစ်ပါသည်။

    ဆုကို 7Day News ဂျာနယ်အယ်ဒီတာချုပ်ဦးသောင်းစုငြိမ်းမှ ဆပ်ကပ်ခဲ့ပါ သည်။

    ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

  • မွေးရာပါ သိစိတ်စွမ်းရည် နဲ့ အဆိပ်ဖြေဆေးသိတဲ့ ကြက်တောငှက်

    မတ် ၈ ၊ ၂၀၁၄
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    Life of Birdsလူတစ်ယောက်အနေနဲ့ အဆိပ်စားမိရင် သူ့အနေနဲ့ ဒီအဆိပ်ကို ပြေစေဖို့ဆေးဝါးတွေရဲ့အကူအညီ၊ နားလည် တတ်ကျွမ်းသူဆေးပညာရှင်တွေရဲ့ အကူအညီကိုယူ ရပါလိမ့်မယ်။ ဒါပေမဲ့လည်း တစ်ချို့သော တိရိစ္ဆာန်တွေကတော့ ဘာပညာ ဗဟုသုတမှ မဆည်းပူးခဲ့ဘဲ မွေးရာပါ ဗီဇစိတ်နဲ့တင် အဆိပ်ကိုဖြေနိုင်စွမ်း ရှိကြပါတယ်။

    ဥပမာအားဖြင့် ကြက်တူရွေး တစ်မျိုးဖြစ်တဲ့ ကြက်တောတွေဟာ အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ရှင်သန် ကျက်စားကြပါတယ်။ ထူးဆန်းတာက သူတို့ဟာ အဆိပ်ရှိတဲ့ အစေ့တွေကိုလဲ စားသောက်နေကြရတာပါ။ ဒါပေမဲ့ သူတို့ အဆိပ် မမိကြပါဘူး။ အဆိပ်စေ့ကို စားလိုက်ပြီဆိုတာနဲ့ သူတို့ဟာ ချက်ချင်းကျောက်တုံးတွေ ထူထပ်တဲ့ နေရာတစ်ခုဆီကို တိုက်ရိုက် ပျံသန်းပါတော့တယ်။ ပြီးရင် အဲဒီနေရာမှာရှိတဲ့ ရွှံ့စေးပါတဲ့ ကျောက်တွေကို ဝါးပြီးမြိုချကြပါတယ်။ ဒီရွှံ့ကျောက်တွေဟာ အစေ့ထဲမှာပါဝင်တဲ့ အဆိပ်တွေကို စုပ်ယူပစ်ပြီး အဆိပ် ဓာတ်ပြယ်စေပါတယ်။ ဒီလိုနည်းလမ်းနဲ့ ဒီငှက်တွေဟာအဆိပ်ပါတဲ့ အစေ့တွေကိုလဲ ဘေးမသီ ရန်မခဘဲ  စားသောက်နိုင်တာဖြစ်ပါတယ်။

    ရှင်းပါတယ်။ ဒီအသိတရားဟာ အဟိတ် တိရိစ္ဆာန်ငှက် တစ်ကောင်အနေနဲ့ အတန်းပညာကနေရတာလဲ မဟုတ်၊ စာပေဗဟုသုတ ဆည်းပူးရာကနေလဲ ရတာမဟုတ်၊ အတွေ့အကြုံအားဖြင့်လဲ ရနိုင်တာမဟုတ်ပါဘူး။ အဆိပ်စေ့ကို စားသောက်မိတုံးမှာ ဒီငှက်အနေနဲ့ ဘယ်လိုများ အဆိပ်ပြန်ဖြေ ရမလဲဆိုတာဟိုဟာ လေးစားကြည့်၊ ဒီဟာလေး စားကြည့်နဲ့  အဆင့်ဆင့် စူးစမ်းစစ်ဆေးပြီးနောက်မှ ဘယ်နည်းလမ်းဟာ မှန်ကန်တယ်ဆိုတဲ့ အတွေ့အကြုံအားဖြင့်သိသော ဖြစ်စဉ် မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဒါဟာ မွေးရာပါသိစိတ် စွမ်းရည်ပဲဖြစ်ပါတယ်။

    (DavidAttenborough, The Life of Birds, Princeton University Press, New Jersey, 1998,p.78.)

  • INDEPENDENT မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ ဖော်ပြခံရ

    မတ် ၈ ၊ ၂၀၁၄
    M-Media

    ၂၀၁၄ ခုနှစ် မတ်လထုတ် INDEPENDENT မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ ဖော်ပြခံရ

    Burma's Brutal Buddhists

    မျက်နှာဖုံး ဆောင်းပါး ဖတ်ရန် =>http://www.independent.com/news/2014/mar/06/buddhist-rampage-burma/?on

  • မလေးရှားမှ ဘေဂျင်းသို့ ထွက်ခွာလာသော ခရီးသည်တင်လေယာဉ် တစ်စင်း အဆက်အသွယ် ပြတ်တောက်နေ

    မတ် ၈ ၊ ၂၀၁၄
    M-Media

    MasRelative080314e
    မလေးရှားလေကြောင်းခရီးစဉ် MAS ၏ လူ ၂၃၉ ဦးပါဝင် တင်ဆောင်လာသော 777-200 ဘိုးအင်းအမျိုးအစား MH370 လေယာဉ်မှာ ထိန်းချုပ်ရေးစခန်းမှ မည်သည့် အဆက်အသွယ်ပြု မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

    ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘေဂျင်းသို့ ဦးတည် ပျံသန်းလာသည့် ၎င်းလေယာဉ်မှာ ထွက်ခွာပြီး ၂ နာရီအကြာ ဒေသ စံတော်ချိန် နံနက် ၂း၄၀ နာရီ ဗီယက်နမ် လေကြောင်း ပိုင်နက်ထဲတွင် ဆက်သွယ်မှုပြတ်တောက်သွားကြောင်း၊ တရုတ်လေကြောင်း အာဏာပိုင်များက ထိုလေယာဉ်သည် တရုတ်လေကြောင်း ပိုင်နက်တွင်းသို့ ၀င်ရောက်လာမှု မရှိကြောင်း စင်ဟွာသတင်းဌာနက ပြောကြားသည်။

    လေယာဉ်ပေါ်တွင် ရင်ခွင်ပိုက်ကလေးငယ် ၂ ဦး၊ နိုင်ငံ(၁၄) နိုင်ငံမှ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးပါဝင်သည်။ ၎င်းတို့အနက် ၁၅၈ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေငြာသည်။

    လတ်တစ်လောတွင် မည်သည့်သတင်းမျှ ထပ်မံမရသေးကြောင်း မလေးရှားလေကြောင်းပြောဆိုခွင့်ရသူမှ ဆိုသည်။

    AFP
    လေယာဉ်ပေါ်တွင် ပါသွားသည့် ခရီးသည် တစ်ဦး၏ မိသားစုဝင် တဦး ဘေဂျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ငိုကြွေးနေစဉ် (PHOTO: REUTERS )

  • တောင်ရိုင်း တိရစ္ဆာန်များအား ကာကွယ်သည့် ဓမ္မသတ် အမိန့်တစ်ခု အင်ဒိုနီးရှားတွင် ထုတ်ပြန်

    မတ်- ၇ ၊ ၂၀၁၄
    M-Media

    _73387588_hi017997518

    – မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် တိရစ္ဆာန်များအား တရားမ၀င် အမဲလိုက်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့အား တားမြစ်သော ဖသ်ဝါ ဓမ္မသတ်တစ်ခုကို အင်ဒိုနီးရှားရှိ အစ္စလာမ်ဘာသာရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့က ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ုထိုဖသ်ဝါဓမ္မသတ်အား တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များက ချီးကျူးကြိုဆိုခဲ့ကြပြီး သယံဇာတကြွယ်ဝသည့် အင်ဒိုနီးရှားနိုင်ငံ အတွင်း သာမန်ဥပဒေနှင့် ရာဇ၀တ်မှုများ အကြား ရှိနေသည့်လစ်ဟာမှုကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဘာသာရေးဆိုင်ရာ ကျိုးကြောင်းခိုင်လုံတဲ့ အချက်၊ ဒါမှမဟုတ် ဥပဒေအရ ခွင့်ပြုထားခြင်း မရှိဘဲနဲ့ တောင်ရိုင်း တိရစ္ဆာန်တွေ မျိုးတုန်းစေနိုင်တဲ့ အပြုအမူ၊ လုပ်ရပ် အားလုံးဟာ ဟရမ် (ပိတ်ပင်ထားခြင်း) ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေထဲမှာ တရားမ၀င် အမဲလိုက်ခြင်းနဲ့ မျိုးတုန်းမယ့် အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်တွေကို ကုန်ကူးတာတွေ ပါဝင်ပါတယ်” ဟု အင်ဒိုနီးရှား အိုလမာကောင်စီ MUI ဖသ်ဝါ ဓမ္မသတ်ဌာနမှ အတွင်းရေးမှူး အက်စ်ရိုရန် နီအမ် ရှိုလေးက AFP သတင်းဌာနသို့ မတ်လ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ပထမဆုံးထုတ်ပြန်သော အဆိုပါဖသ်ဝါ ဓမ္မသတ်အား အင်ဒိုနီးရှားနိုင်ငံ၏ ဂေဟစနစ်ကို အန္တရာယ် ရှိစေနိုင်မည့် တောရိုင်း တိရစ္ဆာန်များနှင့် ပတ်သက်သော ရာဇ၀တ်မှုများကို လျော့ချရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဇန်န၀ါရီ ၂၂ ရက်နေ့ကတည်းက စတင်ပြဌာန်း ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့တွင် တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။

    စိုက်ပျိုးရေးလုပ်ငန်းများ ချဲ့ထွင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် သစ်ခုတ်ခြင်းတို့မှာ အင်ဒိုနီးရှားနိုင်ငံ၏ တောင်းရိုင်းတိရစ္ဆာန်ကဏ္ဍကို ခြိမ်းခြောက်နေသည်။ ထို့ပြင် သစ်တောများ အတွင်း သစ်ခုတ်ခြင်းကလည်း ဆူးမားတြား ကျားမျိုးစိတ်၊ ဘောနီယိုနှင့် ဆူမားတြား ကျွန်းတို့တွင်သာ တွေ့ရသည့် ရှားပါး လူဝံမျိုးစိတ်နှင့် ဆူမားတြားဆင် မျိုးစိတ်တို့ကဲ့သို့ ရှားပါးတိရစ္ဆာန်မျိုးစိတ်များအား မျိုးတုန်းပျောက်ကွယ်စေနိုင်သည့် အန္တရာယ်များလည်း ရှိနေသည်။

    ထိုဖသ်ဝါက ကျားကဲ့သို့သော တောရိုင်း တိရစ္ဆာန်များအား အမဲလိုက်ကြသည့် ရွာသားများအကြားတွင်လည်း စိုးရိမ်ပူပန်မှုများကိုဖြစ်စေသည်။

    “ဒီဖသ်ဝါကိုထုတ်ပြန်တယ်ဆိုတာ ရှင်းလင်းစေဖို့ဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်တွေအတွက် တိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ဆိုတဲ့ ကဏ္ဍမှာ ရှရီအသ်ရဲ့ ရှုထောင့်ကနေ သုံးသပ်ထားတဲ့ လမ်းညွှန်ချက်လည်းဖြစ်ပါတယ်။ လူတွေဟာ အစိုးရရဲ့ ဥပဒေတွေကနေ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်ကနေပြီးတော့ မလွတ်မြောက်နိုင်ပါဘူး” ဟု အိုလမာကောင်စီ ပတ်ဝန်းကျင်နှင့် သဘာဝ အရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ဥက္ကဌ ဟာယု ပရာဘိုဝို၏ ပြောကြားချက်အား National Geographic သတင်းဌာနမှ ဖော်ပြခဲ့သည်။

    တောင်ရိုင်းတိရိစ္ဆာန်များအား အင်ဒိုနီးရှား ဥပဒေက အကာအကွယ်ပေးထားပြီး၊ တားမြစ်ထားသည့် တိရစ္ဆာန် ရောင်းချသူများကို ထောင်ဒဏ် ၅ နှစ်အထိနှင့် ငွေဒဏ် ရူပီ သန်း ၁၀၀ (ကန်ဒေါ်လာ ၈၇၀၀) ပေးဆောင်ရန် အပြစ်ပေးနိုင်သည်။

    ချီးကျူးကြ

    သားရိုင်းတိရိစ္ဆာန်များနှင့် ပတ်သက်သည့် အဆိုပါ ဖသ်ဝါဓမ္မသတ်ကို နိုင်ငံတကာ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့များက ကြိုဆိုခဲ့ကြပြီး၊ ဂေဟစနစ်အား ကာကွယ်ရန် အကျိုးရှိသည့် ခြေလှမ်းအဖြစ် ရှုမြင်ကြသည်။

    “ဒါ(ဖသ်ဝါ)ဟာ ဘာသာရေးဆိုင်ရာ ယူဆချက်တစ်ခုကို သိစေပါတယ်။ ပြီးတော့ ကျားနဲ့ ကြံ့တို့လို မျိုးတုန်းဖို့ တော်တော်လေး အန္တရာယ်ရှိနေပြီး တိုင်းပြည်အတွင်းမှာ ကျန်ရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကယ်တင်ဖို့၊ ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ကူညီမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ သတိဝိရိယကိုလည်း တိုးမြင့်စေပါတယ်” ဟု ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ WWF ၏ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဆက်ဆံရေးဒါရိုက်တာ ညိုမန် အစ်ဝါရာ ယိုဂါက ဆိုသည်။

    အင်ဒိုနီးရှားနိုင်ငံ၏ သစ်တောရေးရာ ၀န်ကြီးဌာနနှင့် ဘာသာရေးဆိုင်ရာ တာဝန်ရှိသူများကလည်း ထိုဖသ်ဝါဓမ္မသတ်နှင့် ပတ်သက်၍ မတ်လ ၁၂ ရက်နေ့တွင် ပူတွဲကြေညာချက် ထုတ်မည်ဟု သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုဖသ်ဝါဓမ္မသတ်မှာ တစ်ဦးချင်း အပြင် အစိုးရအပေါ်သို့လည်း သက်ရောက်ပြီး၊ တောရိုင်းတိရစ္ဆာန်များအား ထိခိုက်နိုင်မည့် ကုမ္ပဏီများကို ခွင့်ပြုထားခြင်းအပေါ် ပြန်လည်ဆန်းစစ်ရန် အစိုးရ အာဏာပိုင်များအား တိုက်တွန်းခြင်းလည်းဖြစ်သည်။

    အင်ဒိုနီးရှားနိုင်ငံမှာ အရှေ့တောင်အာရှတွင် သစ်တောဧရိယာ အကျယ်ဝန်းဆုံး နိုင်ငံတစ်ခုဖြစ်ပြီး အမြဲစိမ်းသစ်တော ဟက်တာ သန်း ၁၂၀ ရှိသည်။ နိုင်ငံအတွင်းရှိ သဘာဝပတ် ၀န်းကျင်ကို ထိန်းသိမ်းရန် အဖွဲ့တစ်ခုကို အင်ဒိုနီးရှား အိုလမာကောင်စီက ၂၀၁၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များကိုလည်း ဖိတ်ခေါ်ခဲ့သည်။

    ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ တစ်နှစ်လျှင် သစ်သော ဟက်တာ ၁.၈၇ သန်း ဆုံးရှုံးနေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ဆိုပြီး၊ သစ်တော ၀န်ကြီးဌာန၏ မှတ်တမ်းများအရ အင်ဒိုနီးရှား လမုသစ်တော ဟက်တာ ၇.၇၆ သန်းမှ ၃.၂၅ သန်းမှာ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

    Ref: OnIslam & News Agencies