News @ M-Media

Blog

  • ဘန်ကောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား ၂ ဦးဒဏ်ရာရ

    ဘန်ကောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား ၂ ဦးဒဏ်ရာရ

    မတ် ၇ ၊ ၂၀၁၄
    M-Media

    – အစိုးရဆန့်ကျင်ဆန္ဒပြသူများ၏ အဓိကအခြေစိုက်ရာ နေရာတစ်ခုဖြစ်သည့် ဘန်ကောက်မြို့ရှိ လူပီနီပန်းခြံတွင် ယနေ့နံနက် အစောပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။

    ထိုပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ရပြီး အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသမီးမှာ ဆေးရုံမှ ပြန်လည်ဆင်းသွားပြီဟု သိရသည်။ ပြီးခဲ့သည့် တစ်ပတ် သောကြာနေ့တွင် အတိုက်အခံခေါင်းဆောင် ဆွန်သပ်သောင်ဆူဘန်က အစိုးရကို အခက်တွေ့စေမည့် ကာလကြာရှည် ဆန္ဒပြမှုများအားလုံးကို ရုပ်သိမ်းပြီး လူပီနီပန်းခြံ တစ်ခုတည်းတွင် စုစည်းရန် ကြေညာခဲ့ပြီးနောက် ပထမဆုံးဖြစ်ပေါ်လာသည့် သွေးထွက် သံယိုမှုလည်းဖြစ်သည်။

    သောင်ဆူဘန်က ထိုကဲ့သို့ ကြေညာခဲ့သော်လည်း အချို့သော ဆန္ဒပြသူများမှာ အစိုးရ အဆောက်အအုံအချို့ အနီးနှင့် အစိုးရအိမ်တော်အနီးတို့တွင် ဆက်လက် စခန်းချ ဆန္ဒပြလျက်ရှိကြသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၃၀ ရက်နေ့မှ ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ထိုင်းနိုင်ငံတစ်ဝှမ်းဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင် ဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ကာ ၇၆၈ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဘန်ကောက်ရှိ အရေးပေါ်ကုသရေးဌာန၏ မှတ်တမ်းများအရ သိရသည်။ ဘန်ကောက်မြို့ တစ်ခုတည်းတွင်ပင် သေဆုံးသူ ၂၀နှင့် ဒဏ်ရာရသူ ၇၂၅ ဦး ရှိသည်။

  • ၁၁ မှတ်ဖြတ် ထားသော်လည်း ချန်ပီယံပြိုင်ပွဲ အဆုံးမသတ်သေးဟု ဂျူဗင်တပ် နည်းပြသတိပေး

    မတ် ၇၊ ၂၀၁၄
    M-Media

    374712_heroa

    – စီးရီးအေချန်ပီယံဖြစ်ရေးပြိုင်ဆိုင်မှုမှာ အဆုံးမသတ်သေးသောကြောင့် အသင်းရှိ ကစားသမားများ အာရုံစူးစိုက်မှု မကျသွားစေရန် ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးက သတိပေးခဲ့ပြီး၊ အသင်း၏ ပုံစံကောင်းများအတွက်လည်း ၎င်းက ချီးကျူးပြောဆိုခဲ့သည်။

    လက်ရှိချန်ပီယံဂျူတပ်စ်အသင်းမှာ စီးရီးအေ အမှတ်ပေးဇယား၌ ထိပ်ဆုံးတွင်ရှိနေပြီး ဒုတိယနေရာမှ ရိုးမားထက် တစ်ပွဲအသာ ၁၁ မှတ်ဖြတ်ကာ ဦးဆောင်ထားသည်။ သို့သော်လည်း လော်ရန်တေးက စီးရီးအေ ဖလားအား ထပ်မံဆွတ်ခူးရန်အတွက် မိမိတို့၏ လက်ရှိပုံစံကောင်းကို ရာသီကုန်အထိ ဆက်လက်ထိန်းသိမ်းသွားရမည်ဟု ဆိုသည်။

    “ရိုးမားအသင်းနဲ့ ဒီလိုအမှတ်တွေကွာအောင် လုပ်ဆောင်နိုင်ခဲ့တာ ကျွန်တော်မအံ့သြပါဘူး။ ကျွန်တော်တို့ရဲ့ အခြေအနေဟာ အခုအချိန်အထိ ပြောစရာမရှိပေမယ့် ဒီလိုအမှတ်တွေကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး” ဟု လော်ရန်တေးက Sky Sport Italia သို့ ပြောကြားခဲ့သည်။

    ဂျူဗင်တပ်စ်အသင်းမှာ ယူရိုပါလိဂ်တွင် ဖီအိုရင်တီးနားဖြင့် တွေ့ဆုံရမည်ဖြစ်ပြီး၊ ယခုနှစ်အစက စီးရီးအေရှုံးကြွေးအား ပြန်လည်ဆပ်သွားမည်ဟု လော်ရန်တေးက ထည့်သွင်းပြောကြားခဲ့သည်။

  • ဗားလ်ဒက်စ်ကို အစားထိုးရန် အတွက် ဂျာမနီလူငယ် ဂိုးသမားအား ဘာကာခေါ်ယူမည်

    မတ် ၇၊ ၂၀၁၄
    M-Media
    356673_heroa
    – ဘာစီလိုနာအသင်းမှာ အသင်း၏ ဂိုးသမားနေရာအတွက် ဂျာမနီကလပ် မိုချန်ဂလက်ဘက်ခ်ျအသင်း၏ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂန်အား လာမည့်နွေရာသီတွင် ခေါ်ယူရန် သဘောတူညီမှုရခဲ့သည်ဟု သိရသည်။

    အသင်း၏ အားထားရသည့် ဂိုးသမား ဗစ်တာဗားလ်ဒက်စ်မှာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာထားသောကြောင့် ဘာစီလိုနာမှာ ဂိုးသမား တစ်ဦးအား ရှာဖွေနေခဲ့ပြီး၊ အသင်း၏ အာကစား ဒါရိုက်တာမှာလည်း လွန်ခဲ့သည့် လများအတွင်း ဂျာမနီသို့ အကြိမ်များစွာ သွားရောက်ခဲ့ပြီးနောက် တာစတီဂန်အား ယူရို ၉.၁၂ သန်းဖြင့် ခ်ါယူရန် သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။ တာစတီဂန်မှာ ဘာစီလိုနာအသင်းနှင့် ၂၀၁၉ ခုနှစ်အထိ သက်တမ်းရှိမည့် စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။

    အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် ဂျာမန်ကစားသမား တာစတီဂန်မှာ BMG ဘောလုံးအကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၀-၁၁ ဘောလုံးရာသီမှ စတင်ကာ ဘွန်ဒစ်လီဂါတွင် ပွဲထွက်ခွင့်ရခဲ့သည်။ ယခုအချိန်အထိ ပွဲပေါင်း ၁၀၀ ကျော်ကစားထားပြီးဖြစ်သည့် တာစတီဂန်၏ လက်ရှိ စာချုပ်မျာ ၂၀၁၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်း မတိုးတော့ဟု ပြောကြားထားသောကြောင့် မိုချန်ဂလာဘက်ခ်ျအသင်းက ၎င်းအားရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    Ref: Goal

  • မျိုးစောင့် ဥပဒေရေးဆွဲမှု အပေါ် CNF တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာ ဆလိုင်း လျန်မုန်းနဲ့ မေးမြန်းခန်း

    မျိုးစောင့် ဥပဒေရေးဆွဲမှု အပေါ် CNF တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာ ဆလိုင်း လျန်မုန်းနဲ့ မေးမြန်းခန်း

    မတ်- ၇၊ ၂၀၁၄
    BBC (မြန်မာပိုင်း)

    အမျိုး ဘာသာ သာသနာ ကာကွယ်ရေး ဆိုင်ရာ ဥပဒေကြမ်းတွေ ရေးဆွဲရေးနဲ့ ပတ်သက်လို့ ကော်မရှင်ဖွဲ့ ဆောင်ရွက်မယ်လို့ သမ္မတဦးသိန်စိန်က လွှတ်တော်ကို ဒီကနေ့ပဲ အကြောင်းပြန်လိုက်ပါတယ်။

    အဲဒီ အကြောင်းပြန်လွှာထဲမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပညာရှင်တွေ ပါဝင်တဲ့ ကော်မရှင် ဖွဲ့ဖို့ အကြောင်း၊ ဘာသာကူးပြောင်းမှုနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေး ဥပဒေတွေကို သာသနာရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာနတွေက သက်ဆိုင်ရာ ပညာရှင်တွေ ပါဝင်တဲ့ ဥပဒေကြမ်း ကော်မရှင်ကို ဖွဲ့ပြီး ဆွဲဖို့အကြောင်း၊ လက်ထပ် ထိမ်းမြားခြင်းနဲ့ တစ်လင်တစ်မယား စနစ် ကျင့်သုံးရေး ဥပဒေကြမ်းတွေကိုတော့ ပြည်ထောင်စု လွှတ်တော်က ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို ဆက်သွယ် ဆောင်ရွက်ဖို့အကြောင်း သမ္မတက ပြောပါတယ်။

    ဒီတော့ အခု အချိန်မှာ ဒီဥပဒေတွေ ရေးဆွဲဖို့ လိုအပ်ပါပြီလား။ CNF ချင်းအမျိုးသား တပ်ဦးက တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ဆလိုင်း လျန်မုန်းက အခုလို ပြောပါတယ်။

    ကောက်နှုတ်ချက်ဖြစ်ပါသည်။

    ** လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်မှာ လူမျိုးတိုင်းဟာ ကိုယ်အမျိုးဘာသာ သာသနာရှိတယ်။

    ** လူမျိုးခွဲခြားတဲ့ ဥပဒေ၊ ဘာသာခွဲခြားတဲ့ ဥပဒေကို ပြဌာန်းခြင်း အားဖြင့် ပြည်တွင်း ပဋိပက္ခတွေကို ပိုပြိးရှုတ်ထွေးစေနိုင်၊

    ** အခု ပစ်မှတ်ထားတာ မွတ်စလင်မ်တွေကိုဖြစ်တယ် ဒါပြီးရင် ကျနော်တို့ ခရစ်ယာန်တွေကို ဖိနှိပ်လာလိမ့်မယ်။

    ** အဲဒီလိုသာ ဆက်လုပ်ရင် ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းစစ်တွေ၊ လူမျိုးရေးမုန်းတီးမှုတွေ ပိုပြီးများလာဖို့ရှိတယ်။ ဘာသာရေးပြသနာတွေ ပိုများလာဖို့ရှိတယ်။ ဒါကြောင့် ဒီဥပဒေဟာ သမ္မတကိုယ်တိုင် လွှတ်တော်ကို တင်ကို မတင်သင့်တဲ့ ဥပဒေဖြစ်တယ်။

    ** နှစ်ပေါင်း ၂၀ ၅၀ အတွင်း မှာ တိုင်းရင်းသားတွေကိုးကွယ်မှုကို ပပျောက်အောင်လုပ်မယ့် ဥပဒေဖြစ်တယ်။ သိပ်ပြီးအန္တရာယ်ကြီးတယ်။

    BBC မြန်မာပိုင်း ကောက်နှုတ်ချက်ဖြစ်ပါသည်။

  • ခရိုင်းမီးယားမှ ရုရှားနှင့် ပေါင်းစည်း၊ ရုရှားဝင်စွက်မှု အမေရိကန် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ဟု အိုဘားမားပြော

    မတ် ၇ ၊ ၂၀၁၄
    M-Media

    Crimean city declares itself part of Russia

    – ခရိုင်းမီးယားဒေသအား ရုရှား၏ပိုက်နက်အတွင်းသို့ ၀င်ရောက်ရန် ခရိုင်းမီးယား ပါလီမန်က မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ယူကရိန်းမြို့တစ်မြို့ဖြစ်သည့် ဆီဗက်စတိုပိုလ်မြို့ကလည်း ၎င်းတို့အနေဖြင့် ရုရှားပိုက်နက်အတွင်းသို့ ခိုလှုံပြီဟု ကြေညာခဲ့သည်။

    ခရိုင်းမီးယားကျွန်းဆွယ်ရှိ အဆိုပါ မြို့မှာ ရုရှားရေတပ်၏ ပင်လယ်နက် ရေတပ်စခန်းရှိရာ ဌာနဖြစ်ပြီး ထိုကြေညာချက်အား ယမန်နေ့ည နှောင်းပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကြေညာမှုအား ယူကရိန်းနိုင်ငံက ရှုတ်ချခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂကလည်း ယူကရိန်းမှ ခွဲထွက်ရန်အတွက် ခရိုင်းမီးယား ပါလီမန်၏ ဆုံးဖြတ်ချက်အား တရားမ၀င်ဟု ပြောကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၆ ရက်နေ့တွင် လူထုဆန္ဒခံယူရန် စီစဉ်ထားသည်။

    ယူကရိန်းနိုင်ငံကမူ ထိုလုပ်ရပ်မှာ ဥပဒေနှင့် မည်ကဲ့သို့မှ ကိုက်ညီခြင်း မရှိဟု ပြောကြားခြဲံ့ပီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြည်သူ့ဆန္ဒ ခံယူခြင်းမှာ ယူကရိန်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်

    သို့သော်လည်း ခရိုင်းမီးယားဒေသ၏ ဒုတိယ၀န်ကြီးချုပ်ဖြစ်သူ ရက်စ်တမ် တီမာဂလီယက်ဗ်ကမူ ထိုဆုံးဖြတ်ချက်မှာ ချက်ခြင်းအာဏာတည်ပြီး ရုရှား၏ လက်နက်ကိုင်တပ်များသာ ခရိုင်းမီးယား၏ တရားဝင် တပ်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်နက်ချမလား၊ ရုရှားနိုင်ငံသားခံယူပြီး ရုရှားစစ်တပ်ထဲဝင်မလားဆိုတာကို ရွေးချယ်ရပါမယ်။ တကယ်လို့သူတို့ ဒါကိုသဘောမတူဘူးဆိုရင် သူတို့ရဲ့ မိခင်နိုင်ငံ ယူကရိန်းကို အန္တရာယ်ကင်းစွာပြန်ဖို့ ကျွန်တော်တို့ စီစဉ်ပေးပါ့မယ်” ဟု တီမာဂလီယက်ဗ်က ဆိုသည်။

    ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် ယက်ဆန်ယွတ်က ခရိုင်းမီးယားပါလီမန်၏ မဲခွဲဆုံးဖြတ်မှုမှာ တရားမ၀င်ဟုဆိုပြီး၊ သမ္မတ တာချီနော့ဗ်ကလည်း ခရိုင်းမီးယား ပါလီမန်အမတ်များမှာ သေနတ်ပြောင်းအောက်တွင် အလုပ်လုပ်နေရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းအရေး ရုရှားမှ ၀င်ရောက်စွက်ဖက်မှုမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး ပေါ်လစီအား ပေါ်ပေါ်ထင်ထင်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု သတိပေးခဲ့သည်။

    Ref: Al Jazeera and agencies