News @ M-Media

Blog

  • ခရိုင်းမီးယားတွင် ယူကရိန်းထောက်ခံသူများအား ရုရှားလိုလားသူများက တိုက်ခိုက်

    မတ် ၁၀၊ ၂၀၁၄
    M-Media

    201439162919700734_20
    – ခရိုင်းမီယားဒေသ ယူကရိန်းမှ ခွဲမထွက်ရေးအတွက် ယမန်နေ့က ပြုလုပ်ခဲ့သည့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများအတွင်း ယူကရိန်းထောက်ခံသူများကို ရုရှားထောက်ခံသူများက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ခရိုင်းမီးယားရှိ ဆီဗက်စ်စတိုပိုလ်မြို့တွင် ယူကရိန်းသူရဲကောင်း ကဗျာဆရာ တာရက်စ် ရှက်ဗ်ချန်ကို၏ နှစ် ၂၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်သော အခမ်းအနားတွင် ယူကရိန်းထောက်ခံသူ လူနည်းစုအား ရုရှားထောက်ခံသူများက တိုက်ခိုက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က ၀င်ရောက်ဖြန်ဖြေခဲ့ ရသည်အထိ ဖြစ်ခဲ့သည်ဟု Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။

    ထိုအခမ်းအနားကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုတွင် အုပ်စုတစ်စုမှာ မြေပြင်ပေါ်တွင် လဲကျနေသည့် ယူကရိန်းတစ်ဦးအား ပြင်းပြင်းထန်ထန် ကန်ကျောက်နေပြီး လူတစ်ဦးကလည်း အနက်ရောင် လယ်သာကြာပွတ်ဖြင့် ရိုက်နေကြာင်းတွေ့ခဲ့ရသည်။

    ဆင်မ်ဖီရိုပိုလ်မြို့တွင်လည်း ရုရှားထောက်ခံသူများနှင့် ယူကရိန်းထောက်ခံသူများ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး၊ ရုရှားကို ဆန့်ကျင်သည့် ရာပေါင်းများစွာသော ပြည်သူများက ယူကရိန်းအလံမှ အရောင်များဖြစ်သည့် အပြာနှင့် အ၀ါရောင်ဘောလုံးများကို လွှတ်တင်ခဲ့ကြသည်။ ထို့ပြင် ယူကရိန်းနိုင်ငံတော်သီချင်းကိုလည်း နှစ်ကြိမ်တိုင်တိုင်ဆိုခဲ့ပြီး ခရစ်ယာန်အော်သိုဒေါ့စ် ဘုန်းတော်ကြီးတစ်ဦး ဦးဆောင်၍ ၀တ်ပြုမှု ဆုတောင်းမှုများ ပြုလုပ်ကာ၊ ဓမ္မတေးများကိုလည်း သီဆိုခဲ့ကြသည်။ ရုရှားထောက်ခံသည့် လူ ၂၀၀၀ ခန့်မှာလည်း ဆိုဗီယက်ခေါင်းဆောင် လီနင်အား ဂုဏ်ပြုထားသည့် လီနင် ရင်ပြင်တွင် စုရုံးခဲ့ကြပြီး၊ ဆိုဗီယက်ခေတ် သီချင်းများကို သီဆိုခဲ့ကြသည်။

    ရုရှားသမ္မတ ပူတင်ကမူ ထိုကဲ့သို့ ယူကရိန်းထောက်ခံကြောင်း ဆန္ဒပြမှုများမှာ ရန်လိုသောလုပ်ရပ်များဖြစ်သည်ဟုဆိုပြီး ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် တယ်လီဖုန်းပြောဆိုမှုတွင် ယူကရိန်းခေါင်းဆောင်သစ်များက နိုင်ငံအတွင်းရှိ အမျိုးသားရေး အစွန်းရောက်ဝါဒီများအား ထိန်းသိမ်းနိုင်ခြင်းမရှိဟုထည့်သွင်းပြောကြားခဲ့သည်။

    မာကဲလ်ကလည်း ခရိုင်းမီးယားဒေသ ရုရှားသို့ဝင်ရောက်ရေးအတွက်  မတ်လ ၁၆ ရက်နေ့တွင် စီစဉ်ထားသည့် ပြည်သူ့ဆန္ဒခံယူပွဲမှာ တရားမ၀င်ဟု ပူတင်အားသတိပေးခဲ့သည်။ ခရိုင်းမီးယားဒေသအတွင်း နိုင်ငံရေးတင်းမာမှုများမှာ ရုရှားလိုလားသော သမ္မတဟောင်း ယာနူကိုဗစ်ခ်ျကို ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်းတွင် စတင်လာခဲ့ခြင်းဖြစ်ပြီး ဒေသတစ်ခုလုံးကိုလည်း မည်သူမည်ဝါမှန်း မသိသေးသည့် လက်နက်ကိုင်များက သိမ်းပိုက်ခဲ့ကြသည်။ ယူကရိန်းဝန်ကြီးချုပ် ယက်ဆန်ယွတ်ကမူ ယူကရိန်းနိုင်ငံအား ရုရှားမှ သိမ်းပိုက်ခြင်းကို ကာကွယ်ရန် သန္ဓိဌာန်ချထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးမှာ ကတောက်ကဆဖြစ်ခဲ့ပြီး၊ အမေရိကန်ကလည်း ရုရှားနှင့်ပြုလုပ်နေသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ခဲ့သည်။

    Ref: Agencies

  • သမိုင်းဝင် ရှုံးပွဲ ထပ်တွေ့ခဲ့တဲ့ မန်စီးတီး၊ ဟားလ်စီးတီးနဲ့ ရှက်ဖီးတို့ ဆီမီးတက်တဲ့ FA ဖလား ကွာတားပွဲစဉ်

    မတ် ၁၀ ၊ ၂၀၁၄
    M-Media

    _73469864_jamesperchgetty1

    – FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ကျန်ရှိတဲ့ ၃ ပွဲကို မနေ့က ကစားခဲ့ပြီး ပြီခဲ့တဲ့နှစ် ဗိုလ်လုပွဲမှာ ၀ီဂန်ကို ရှုံးနိမ့်ကာ ချန်ပီယံဖြစ်ခွင့် လက်လွှတ်ခဲ့ရတဲ့ မန်စီးတီးတို့ ဒီပွဲမှာလည်း ၀ီဂန်ကို ထပ်မံရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

    ပိုယက်ရဲ့ ဆန်းဒါးလန်း အသင်းကလည်း အဝေးကွင်းမှာ ဟားလ်စီးတီးကို ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပြီး၊ ဒုတိယတန်းက ရှက်ဖီးကတော့ ချာလ်တန်ကို ၂ မိနစ် ၂ ဂိုးနဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။

    အင်္ဂလိပ်ပထမတန်းမှာ ခြေစွမ်းပြနေပြီး နောက်ဆုံး ၄ ပွဲစလုံးအနိုင် ကစားထားတဲ့ ၀ီဂန်ကို ပြည်တွင်းဖလား သုံးလုံးမှန်းနေတဲ့ လိဂ်ဖလား ပူပူနွေးနွေးချန်ပီယံ မန်စီးတီးတို့ အကောင်းဆုံး ၁၁ ယောက်နဲ့ အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံခဲ့တာပါ။ ပွဲကိုလည်း မန်စီးတီးကသာ စိုးမိုးထားနိုင်ပေမယ့် ခံစစ်ကစားပြီး၊ တန်ပြန်တိုက်စစ်ကနေ ဂိုးရဖို့ကြိုးစားခဲ့တဲ့ ၀ီဂန်နောက်တန်းကြောင့် ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ၂၅ မိနစ်မှာတော့ ဧရီယာအတွင်း ဘောလုံးဆွဲဝင်လာတဲ့ ၀ီဂန်ကစားသမား ဖော်ကျွန်းကို ဒီမစ်ချယ်လီ ချိတ်သလိုဖြစ်သွားတဲ့အတွက် ဒိုင်လူကြီးက ပင်နယ်တီပေးခဲ့ပြီး ဂိုမက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ကာ ၀ီဂန်တို့ဦးဆောင်ဂိုး စရခဲ့ပါတယ်။

    ဒုတိယပိုင်းအစမှာ ၀ီဂန်တို့ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ဘယ်ခြမ်းက ဖျက်တင်ပေးလိုက်တဲ့ဘောလုံးကို ဂျိမ်းစ်ပါ့ခ်ျက ပိတ်သွင်းခဲ့တာပါ။ ဒီဂိုးဟာလည်း ဒီမစ်ချယ်လီရဲ့ အမှားနဲ့ မကင်းပါဘူး။ နောက်ပိုင်းမှာ မန်စီးတီးတို့ ဂိုးရဖို့ ကြိုးစားလာခဲ့ပြီး ၆၈ မိနစ်မှာ နာဆရီက အဝေးကန်ချက်နဲ့ ချေပဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်နေတဲ့ နောက်ထပ်ချေပဂိုး ၁ ဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့သွင်းယူနိုင်ခြင်းမရှိတဲ့အတွက် အိမ်ကွင်း အီတီဟတ်မှာ ရှုံးနိမ့်ခဲ့ရပြီး FA ဖလားကို ကွာတားအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

    ပရီးမီးယားလိဂ် ကလပ်အသင်း ၂ သင်းဖြစ်တဲ့ ဟားလ်စီးတီးနဲ့ ဆန်းဒါးလန်းတို့ပွဲမှာတော့ အိမ်ရှင် ဟားလ်စီးတီးက ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဆန်းဒါးလန်းအသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးခဲ့တဲ့လူစာရင်းကို ၆ နေရာအပြောင်းအလဲလုပ်ခဲ့ပေမယ့် သိပ်အလုပ်မဖြစ်ခဲ့ဘဲ တစ်ပွဲလုံးမှာ ဂိုးသွင်းခွင့် ၂ ကြိမ်လောက်သာရခဲ့ပါတယ်။ ဟားလ်စီးတီးအသင်းဟာ ပထမပိုင်းမှာ ပင်နယ်တီ ၁ လုံးရခဲ့ပေမယ့် ဆုန်းအလူကို ကန်သွင်းချက်ဂိုးမ၀င်ခဲ့ပါဘူး။ ဒါပေမယ့် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်းမှာရခဲ့ပြီး ကာတစ်ဒါဗီးစ်၊ ဒေးဗစ် မေလာနဲ့ မတ်ဖရိုက်ယက်တို့က သွင်းယူပေးခဲ့တာပါ။

    ရှက်ဖီးယူနိုက်တက်နဲ့ ချာလ်တန်တို့ရဲ့ပွဲမှာတော့ ရှက်ဖီးတို့ ဒုတိယပိုင်း ၆၅မိနစ်နဲ့၊ ၆၇ မိနစ်သွင်းဂိုး၂ ဂိုးနဲ့ ဆီးမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ကစားဖို့အတွက် မဲခွဲခဲ့ရာမှာတော့ စနေနေ့က အဲဗာတန်ကိုနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ မန်စီးတီးကို ဖြုတ်ချနိုင်ခဲ့တဲ့ လက်ရှိချန်ပီယံ ၀ီဂန်နဲ့ တွေ့ရမှာဖြစ်ပြီး၊ ဟားလ်စီးတီးအသင်းကတော့ ဒုတိယတန်းကလပ် ရှက်ဖီးယူးနိုက်တက်နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ ဆီးမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဧပြီ ၁၂ရက်နဲ့ ၁၃ ရက်တွေမှာ ကစားသွားမှာပါ။

    FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များ

    အာဆင်နယ် VS ၀ီဂန်
    ဟားလ်စီးတီး VS ရှက်ဖီး

    Goal

  • အိန္ဒိယ သဲပန်းပု ပညာရှင်ရဲ့ MH370 အတွက် ဆုတောင်း (ဓါတ်ပုံသတင်း)

    မတ် ၁၀ ၊၂၀၁၄
    M-Media
    via-Koung Loon

    အိန္ဒိယက သဲပန်းပု ပညာရှင် Sudarshan Patnaik က ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်း ရဲ့ လေယာဉ်နဲ့ ခရီးသည်တွေအတွက် သြဒိသျှပြည်နယ် ပူရီ ဆိပ်ကမ်းက သဲပြင်ပေါ်မှာ အခုလို ဖန်တီးပုံဖေါ်ပြီး ဆုတောင်းခဲ့ပါတယ်..

    9809201_600x400

    Photo- Reuters

    #MH370

  • တိုက်စစ်မှူး ဗန်ပါစီ ရာသီကုန်လျှင် မန်ယူမှ ထွက်ခွာဖွယ်ရှိနေ

    မတ်လ ၉ ၊ ၂၀၁၄
    M-Media
    Robin-van-Persie-3187222
    – မန်ယူအသင်း၏ ရလဒ်ဆိုးများကို စိတ်ပျက်နေပြီး မိုယက်စ်၏ နည်းစနစ်များကို မနှစ်သက်သည့် တိုက်စစ်မှူး ဗန်ပါစီအနေဖြင့် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ရန် ပစ်မှတ်ထားနေသည်ဟု သိရသည်။

    ဗန်ပါစီအနေဖြင့် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး ယခုအချိန်တွင် အသင်းမှ ထွက်ခွာသွားခဲ့ပါက အသင်းမှပေးအပ်မည့် သစ္စာရှိကြေး ပေါင် ၁၀ သန်းခန့်ကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိနေသည်။ သို့သော်လည်း မန်ယူအသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် ဂျူဗင်တပ်စ်အသင်း၏ စိတ်ဝင်စားမှုကို ဗန်ပါစီက လက်ခံရန်ရှိနေသည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့တွင် အိုလံပီယာကော့စ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဗန်ပါစီမှာ နည်းပြမိုယက်စ်၏ နည်းစနစ်များကို ဝေဖန်ခဲ့ပြီး၊ အသင်းနှင့် ပတ်သက်၍ ခံစားနေရသည့် ၎င်း၏ ခံစားချက်ကိုလည်း ထုတ်ဖော်ခဲ့သည်။ ယမန်နေ့က ကစားခဲ့သည့် ၀က်စ်ဘရွန်းအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း ၆၃ မိနစ်၌ ဗန်ပါစီကို မိုယက်စ်က လူစားလဲခဲ့ပြီး၊ ဗန်ပါစီက ခေါင်းကို ခါရမ်းခဲ့ကာ မနှစ်သက်သည့် အမူအရာ ပြသခဲ့သည်။

    မန်ယူအသင်းကမူ ဗန်ပါစီမှာ ရောင်းရန်မဟုတ်ဟု ပြောဆိုထားသော်လည်း ဂျူဗင်တပ်စ်အသင်းအနေဖြင့် အာဆင်နယ်အသင်းမှ ၀ယ်ယူခဲ့သည့် ပေါင် ၂၄ သန်းပေးပါက မန်ယူမှ ရောင်းချရန်ရှိနေသည်ဟု ဗန်ပါစီနှင့် နီးစပ်သည့်သတင်းများအရ သိရသည်။ ဗန်ပါစီမှာ ၂၀၁၂ ခုနှစ်က ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့ဖူးပြီး ထိုစဉ်က မန်ယူနည်းပြ ဖာဂူဆန်က အကြေအလည်ဆွေးနွေးခဲ့ကာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
    Ref: Mirror

  • ခရိုင်းမီးယား ခွဲမထွက်ရေး ယူကရိန်း နိုင်ငံတစ်ဝှမ်းတွင် ဆန္ဒပြမည်

    မတ် ၉ ၊ ၂၀၁၄
    M-Media
    women-hold-ukrainian-and
    – ခရိုင်းမီးယားအရေးအတွက် ရုရှားနှင့် အနောက်နိုင်ငံများ အကြား မကျေလည်မှုများမှာ ပြေလည်မည့် လက္ခဏာ မတွေ့သေးဘဲ ယူကရိန်းထောက်ခံသူများက ထိုဒေသအား ယူကရိန်း ပိုင်နက်ဖြစ်ကြောင်း ထောက်ခံသည့် ဆန္ဒပြပွဲများကို နိုင်ငံ တစ်ဝှမ်းတွင် ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

    မတ်လ ၉ ရက်နေ့ (ယနေ့)မှာ ယူကရိန်း အမျိုးသား သူရဲကောင်း ကဗျာဆရာ တာရက်စ် ရှက်ဖ်ချန်ကို၏ နှစ် ၂၀၀ မြောက်မွေးနေ့ဖြစ်ပြီး၊ ခရိုင်းမီးယားဒေသ အပေါ် ရုရှား၏ ထိန်းချုပ်ခြင်းအား ဆန့်ကျင်မှုကို ပြသရန် အတွက် ကိဗ်မြို့တွင် ဆန္ဒပြပွဲများပြုလုပ်ရန် ယူကရိန်းထောက်ခံသူများက စီစဉ်ထားကြသည်။

    ရုရှားထောက်ခံသူများကလည်း နိုင်ငံအရှေ့ပိုင်း ဒိုးနက်မြို့တွင် တန်ပြန် ဆန္ဒပြမှုပြုလုပ်ရန် ရှိနေပြီး၊ ထိုမြို့တွင် ယူကရိန်းထောက်ခံသူများက ရှက်ဖ်ချင်ကို၏ အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ရန် ရှိနေသောကြောင့် နှစ်ဖက် ပဋိပက္ခများဖြစ်ပွားနိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေသည်။

    ယူကရိန်း၏ ကိုယ်ပိုင် လက္ခဏာနှင့် အနာဂတ်တို့အတွက် နိုင်ငံ အတွင်း ငြင်းခုန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေခြင်းက နိုင်ငံတကာ အဆင့်တွင် ရုရှားနှင့် အနောက်နိုင်ငံများ အကြား သဘောထား ကွဲလွဲမှုများကို တိုးမြှင့်ဖြစ်ပေါ်စေသည်။ ခရိုင်းမီးယားဒေသ အတွင်းသို့ နိုင်ငံတကာမှ လေ့လာသူများ မ၀င်ရောက်ရန် ရုရှားထောက်ခံသူများက ယမန်နေ့တွင် သတိပေးထားပြီး၊ ရုရှားကလည်း နျူလက်နက်များ စောင့်ကြည့်ရေး အစီအစဉ်တွင် ပါဝင်မှုကို ရပ်တန့်မည်ဟု ခြိမ်းခြောက်ထားသည်။

    ခရိုင်းမီးယားဒေသအား ရုရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် အတွက် ပြီးခဲ့သည့် တစ်ပတ်က ခရိုင်းမီးယား ပါလီမန်က ဆုံးဖြတ်ခဲ့ပြီး၊ ယခုလ ၁၆ ရက်နေ့တွင် ထိုကိစ္စ အတွက် လူထုဆန္ဒခံယူပွဲပြုလုပ်ရန် သတ်မှတ်ထားသည်။ အမေရိကန်နှင့် ယူကရိန်းတို့က ထိုဆန္ဒခံယူပွဲမှာ ဥပဒေနှင့် မညီညွတ်ဟု ပြောဆိုထားသော်လည်း စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်သွားမည်ဟု ခရိုင်းမီးယား ၀န်ကြီးချုပ်က ယမန်နေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။
    Ref: AFP