မတ် ၈ ၊ ၂၀၁၄
M-Media

– ယခုနှစ်ဘောလုံးရာသီတွင် အသင်း၏ရလဒ်များ ဆိုးရွားနေသောကြောင့် နည်းပြမိုယက်စ်မှာ မန်ယူကစားသမားများ၏ ယုံကြည်မှုကို ဆုံးရှုံးနေသည် ဟူသောသတင်းအား မိုယက်စ်က ငြင်းဆိုလိုက်ပြီး အသင်းရှိ ကစားသမားအားလုံးမှာ မိမိအား အားပေးထောက်ခံကြသည်ဟု ပြောကြားလိုက်သည်။
ဂန္တ၀င်နည်းပြ ဖာဂူဆန်၏နေရာကို ဆက်ခံခဲ့ပြီးနောက် ပထမဦးဆုံးရာသီတွင်ပင် မိုယက်စ်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ဝေဖန်မှုများကိုလည်း ခံနေရသည်။ မိုယက်စ်ကိုင်တွယ်သည့် မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇ နေရာ၌ရှိနေပြီး၊ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် ချန်ပီယံလိဂ်ဖလား ၁၆ သင်းအဆင့် ပထမအကျော့တွင် အိုလံပီယာကော့စ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။
မိုယက်စ်၏ စွမ်းဆောင်ရည်များကြောင့် အသင်းရှိကစားသမားများကလည်း မိုယက်စ်အပေါ်ယုံကြည်မှုမရှိဘဲ အင်တိုက်အားတိုက်ကစားခြင်းမရှိဟု သတင်းများလည်းထွက်ပေါ်လာခဲ့ပြီး၊ မိုယက်စ်ကမူ ယင်းသတင်းအား ငြင်းဆိုခဲ့သည်။
“သူတို့(အသင်းသားများ) အားလုံးဟာ ကျွန်တော်ခိုင်းသလိုမကစားဘူးဆိုတဲ့ ပြောဆိုမှုတွေဟာ ဟုတ် မဟုတ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ သူတို့အားလုံး ကျွန်နော်ပြောသလို ကစားကြတယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ဒါ့ကြောင့် ဒီကောလဟာလတွေကို လက်မခံပါဘူး” ဟု မိုယက်စ်က ဆိုသည်။
ထို့ပြင် မိမိတို့အသင်းအနေဖြင့် ကစားပုံ ပိုကောင်းဖို့ လိုအပ်ကြောင်း၊ အိုလံပီယာကော့စ်နှင့်ပွဲတွင် မိမိတို့၏ ကစားပုံမှာ အဆိုးဝါးဆုံးဖြစ်ပြီး အလွန်စိတ်ပျက်စရာကောင်းကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် တိုးတက်လာပြီး ပိုကောင်းလာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal




