News @ M-Media

Blog

  • လိင်တူချစ်သူများ ဆန့်ကျင်သည့် ဥပဒေပြဌာန်း၍ အမေရိကန်က ၄င်း၏ သံအမတ်ပြန်ခေါ်ဖွယ်ရှိ

    မတ် ၅၊ ၂၀၁၄
    M-Media

    လိင်တူချစ်သူများ ဆန့်ကျင်သည့် ဥပဒေ မူကြမ်း ယူဂန္ဓာ အတည်ပြုမည်ဆို၍ အမေရိကန်မှ  ယူဂန္ဓာ သံအမတ်အား ပြန်လည်ခေါ်ယူဖွယ်ရှိ

    201421564521686734_20
    လိင်တူဆက်ဆံပါက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးရေး အတွက် လိင်တူဆက်ဆံမှု ဆန့်ကျင်သည့် ဥပဒေမူကြမ်းကို လက်မှတ်ထိုးမည် ဟု ယူဂန္ဓာနိုင်ငံ၏ သမ္မတက ပြောဆိုလိုက်ပြီးနောက် အမေရိကန်သည် ၄င်း၏ ယူဂန္ဓာဆိုင်ရာ သံအမတ်အား ပြန်လာရန် ခေါ်ယူနိုင်ဖွယ်ရှိသည်၊ သံတမန်ဆက်ဆံရေးကိုလည်း ပြန်လည် သုံးသပ်သွားမည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှု အဖွဲ့မှ ဆိုသည်။

    အဆိုပါအဖွဲ့၏အဆိုအရ ထိုဥပဒေမူကြမ်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း၊ လူထုအကြား ကြီးထွားနေသော ကျန်းမာရေးပြဿနာဖြေရှင်းရေးအတွက်လည်း အတားအဆီးဖြစ်စေကြောင်း သိရသည်။

    လိင်တူဆက်ဆံမှုဆိုင်ရာဥပဒေအောက်မှ မည်သည့်ညှင်းပန်နှိပ်စက်မှုကိုမဆို ထပ်မံပြုလုပ်ခြင်း၌ အမေရိကန်၏ရံပုံငွေကို အသုံးပြုစေမည် မဟုတ်၊ ငွေကြေးထောက်ပံ့ ကူညီနေခြင်းကိုလည်း ပြန်လည် သုံးသပ်သွားမည်ဟု ဆိုပါသည်။

    တင်သွင်းလိုက်သော ယင်းမိန်းမလျှာဆန့်ကျင်ရေးမူကြမ်းကို နှစ်မြို့စဖွယ်မဟုတ်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောဆိုပြီး၊ ဥပဒေအဖြစ် အတည်ပြုလိုက်ပါက ဆက်ဆံရေးအနေအထား ရှုပ်ထွေးစေနိုင်ကြောင်း သတိပေးခဲ့သည်။

    လိင်တူဆက်ဆံပါက သေဒဏ်ပေးရေး အဆိုပြုထားသည့် ထိုဥပဒေမူကြမ်းအား ၂၀၀၉ ခုနှစ်က ပထမဆုံးတင်သွင်းရာ လူ့အခွင့်အရေးအုပ်စုများ နှင့် အနောက်နိုင်ငံခေါင်းဆောင်များထံမှ ပြင်းထန်သော ဝေဖန်မှုကို ခံခဲ့ရသည်။

    နောင်သော် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ဖိအားကြောင့် သေဒဏ်အဆိုပြုချက်ကို ဖယ်ရှားခဲ့သော်လည်း မူကြမ်းတစ်ခုလုံး ဖျက်သိမ်းလိုက်ရန် လူ့အခွင့်အရေးအုပ်စုများက အလိုရှိနေကြသည်။

    `တကယ်လို့ ယူဂန္ဓာသမ္မတ Museveni အနေနဲ့ လိင်တူဆက်ဆံမှုဆန့်ကျင်ရေးမူကြမ်းကို လက်မှတ်ရေးထိုးမယ်ဆိုရင် ယူဂန္ဓာက အခြေခံလူ့အခွင့်အရေးတွေကို နောက်ထပ်ရိုက်ချိုး တိုက်ခိုက်လိုက်တာပဲဖြစ်တယ် ´ ဟု Bekele မှ ပြောကြားသည်။

    ပါလီမန်လွှတ်တော်အမတ်များ၏ လိုအပ်သောထောက်ခံမဲ မရယူဘဲ ဒီဇင်ဘာလအတွင်း အထက်သို့တက်လာရာ မဆင်မခြင်လုပ်ရပ်ဟူ၍ Museveni မှ ဝေဖန်ခဲ့သည်။ သို့သော် သူသည် သိပ္ပံပညာရှင်တို့၏အမြင်များအား ရယူပြီးမှသာလျှင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုလိုက်သည်။

    ပြီးခဲ့သည့် ရက်သတ္တပတ်က ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးပညာ ကျွမ်းကျင်ပညာရှင် အစုအဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ၄င်း၌ `လိင်တူဆက်ဆံမှုကို ဖြစ်ပွားစေသည့် တိကျသော မျိုးရိုးဗီဇ ဟူသည် မရှိပါ´ ဟု ဆိုထားသည်။ ထို့ကြောင့် Museveni မှ ဥပဒေမူကြမ်းအား အတည်ပြုလက်မှတ်ထိုးရန် ဆုံးဖြတ်လိုက်သည်ဟု ယူဂန္ဓာအစိုးရ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

    ယူဂန္ဓာနိုင်ငံအတွင်း လိင်တူဆက်ဆံမှုအပေါ် ရွံကြောက်မှုများ နက်ရှိုင်းလျက်ရှိသည်။ ဘာသာရေးခေါင်းဆောင်များနှင့် လူမှုမီဒီယာမှ ယူဂန္ဓာနိုင်ငံသားအချို့က လိင်တူဆက်ဆံမှုအား ပြစ်ဒဏ်စီရင်ခြင်း ဥပဒေသည် နိုင်ငံတော်၏ စာရိတ္တယိုယွင်းမှုကို ကယ်တင် လွတ်မြောက်စေမည်ဟု ဆိုလျက် ယင်းဥပဒေမူကြမ်းအား လက်မှတ်ထိုးလိုက်ရန် သမ္မတသို့ ဖိအားပေးလျက်ရှိနေသည်။

    Ref: Al Jazeera

  • ဖြုတ်ချခံ ယူကရိန်း သမ္မတဟောင်း အကူညီတောင်း၍ ခရိုင်းမီးယားသို့  စစ်တပ်ပို့ဟု ရုရှားပြော

    မတ် ၄၊ ၂၀၁၄
    M-Media
    un_tor105_41468387
    – ခရိုင်းမီးယားဒေသသို့ ရုရှားတပ်များဝင်ရောက်ခဲ့ခြင်းမှာ ယူကရိန်းသမ္မတဟောင်း၏ တောင်းဆိုမှုကြောင့်ဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ယမန်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြုလုပ်ခဲ့သည့် ယူကရိန်းအရေး အရေးပေါ်အစည်းအဝေးတွင် ရုရှားသံအမတ် ဗီတလီ ချာကင်က ပြောကြားရာတွင် ယူကရိန်း၏ အထုတ်ပယ်ခံ သမ္မတဟောင်းက ယူကရိန်းနိုင်ငံ၏ အခြေအနေမှာ ပြည်တွင်းစစ်သို့ ဦးတည်နေသည့် အခြေအနေဖြစ်နေသောကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရန်အတွက် ရုရှားမှ ၀င်ရောက်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည့်အတွက် ခရိုင်းမီးယားဒေသသို့ ရုရှားစစ်တပ်များ ၀င်ရောက်ခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ပြည်သူများ၏လုံခြံရေးနှင့် အခွင့်အရေး အထူးသဖြင့် နိုင်ငံအရှေ့တောင်ပိုင်း ခရိုင်းမီးယားဒေသရှိ ပြည်သူများ၏ အခွင့်အရေးများမှာ ခြိမ်းခြောက်ခြင်းခံနေရပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်ရန်ရှိနေသည်ဟု ယူနူကိုဗစ်ခ်ျ၏ ပြောကြားချက်ကို ကိုးကား၍ ချာကင်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ အရေးပေါ်အစည်းအဝေးသို့ တင်ပြသော ယူကရိန်းနိုင်ငံ၏ အစီရင်ခံစာတွင် ခရိုင်းမီးယားဒေသ၌ ရုရှားတပ်သား ၁၆၀၀၀ ခန့် ၀င်ရောက် နေရာယူထားသည်ဟု ဖော်ပြထားပြီး၊ ထိုကိစ္စအတွက် နိုင်ငံတကာ၏ အကူအညီကိုလည်းတောင်းခံခဲ့သည်။

    အမေရိကန်နိုင်ငံကမူ ယူကရိန်းအရေး ရုရှားမှ စစ်ရေးအရ ၀င်ရောက်ကျူးကျော်ခြင်းအတွင် အမေရိကန်-ရုရှား နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်လိုက်ပြီဟု ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီမှာလည်း ယူကရိန်းသို့ ယနေ့တွင် သွားရန်ရှိနေသည်။

    ယူကရိန်းအရေးတွင် စစ်အားအားအသုံးပြုရန် ရုရှားသမ္မတပူတင်က အတည်ပြုခဲ့ပြီးနောက် ယူကရိန်းနိုင်ငံလည်း ၎င်း၏ စစ်တပ်ကို တပ်လှန့်ထားသည်။ ခရိုင်းမီးယားဒေသရှိ ယူကရိန်းစစ်စခန်းများကို ၀န်းရံထားသော ရုရှားစစ်တပ်များက ဂရင်းနစ်စံတော်ချိန် အင်္ဂါနေ့နံနက် ၃ နာရီ နောက်ဆုံးထား၍ လက်နက်ချရန် ယူကရိန်းရေတပ်အား ရာဇသံပေးထားကြောင်း ဆီဗက်စ်စတိုပိုလ်အခြေစိုက် ယူကရိန်းရေတပ် ဌာနချုပ်ကပြောကြားခဲ့သည်။
    Ref: Al Jazeera and agencies

  • အာဖရိကန်ဖြစ်နေခြင်းက ကမ္ဘာ့အကောင်းဆုံးဆုက တိုးယေးအတွက် အဟန့်အတားဖြစ်နေဟု နာဆရီဆို

    မတ် ၄၊ ၂၀၁၄
    M-Media
    374568_heroa
    – အသင်းရှိ ကွင်းလယ်လူ ယာယာတိုးယေးမှာ မိမိအတွက် ကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သော်လည်း ၎င်း၏ နိုင်ငံသားဖြစ်မှုကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းမခံရဟု ယုံကြည်ကြောင်း မန်စီးတီးအသင်း၏ ပြင်သစ် ကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။

    ယခင်ဘာစီလိုနာကွင်းလယ်လူဟောင်း တိုးယေးမှာ မန်စီးတီးအသင်းတွင် အားထားရသည့် အဓိကကွင်းလယ်လူတစ်ဦးဖြစ်ပြီး ယခုနှစ် ပရီးမီယားလိဂ်တွင် ၁၇ ဂိုးသွင်းယူပေးထားနိုင်သည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကပီတယ်ဝမ်းဖလား ဗိုလ်လုပွဲ ဆန်းဒါးလန်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင်လည်း အသင်းဖော်များ ဂိုးသွင်းနိုင်အောင် ဖန်တီးမှုများပြုလုပ်နိုင်ခဲ့သည်။

    အာဖရိက အကောင်းဆုံး ကစားသမားဆုကို သုံးကြိမ်တိုင်တိုင်ဆွတ်ခူးရရှိခဲ့သည့် တိုးယေးမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး၊ ဘရာဇီး၊ သို့မဟုတ် အာဂျင်တီးနား နိုင်ငံသားဖြစ်ခဲ့ပါက နိုင်ငံတကာ ဘောလုံးလောကတွင် ယခုထက်ပို၍ အလေးထားကြမည်ဟု နာဆရီက ယုံကြည်နေသည်။

    `ယာယာ(တိုးယေး)အကြောင်း ပြောရတာ ကျွန်တော် ငြီးငွေ့နေပါပြီ။ (သူဘယ်လောက်ကောင်းလဲဆိုတာ) သိသင့်ပါပြီ၊ တစ်ကယ်လို့ သူသာ အာဖရိကန် မဟုတ်ဘူးဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံး အလယ်တန်းကစားသမားပါလို့ တစ်ကမ္ဘာလုံးက ပြောနေကြမှာပါ´ ဟု နာဆရီက သတင်းထောက်များအား ပြေကြားခဲ့သည်။

    ထို့ပြင် တိုးယေးမှာ ဂိုးသွင်းခြင်း၊ ဖန်တီးပေးခြင်း၊ နောက်ခံကစားသမားအဖြစ် ကစားပေးခြင်း၊ တိုက်စစ်လိုက်ပါခြင်း စသည့် ကစားဟန်အားလုံးကို ကစားနိုင်သည့်ကစားသမားဖြစ်ကြောင်း နာဆရီကဆိုသည်။

    မန်စီးတီးအသင်းမှာ ယခုလက်ရှိတွင် နှစ်ပွဲလျော့အနေအထားဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ချယ်ဆီးထက် ၆ မှတ်ကွာဟနေပြီး၊ မိမိတို့အနေဖြင့် မည့်သင်းအသင်းကိုမှ ကြောက်နေမည်မဟုတ်ဘဲ၊ ကစားရန် ပွဲများစွာ ကျန်နေသေးကြောင်း နာဆရီက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal

  • ဖမ်းဆီးထားသည့် သြစတေးလျ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်တစ်ဦးအား မြောက်ကိုရီးယား ပြန်လွှတ်ပေး

    မတ် ၄၊ ၂၀၁၄
    M-Media
    _73322955_73322950
    ပြီးခဲ့သည့်လက မြို့တော်ပြုံးယမ်းတွင် ဖမ်းဆီးခဲ့သည့် သြစတေးလျ သာသနာပြုပုဂ္ဂိုလ် တစ်ဦးအား မြောက်ကိုရီးယားမှ ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ဂျွန်ရှော့ဟု အမည်ရသည့် အဆိုပါ သာသနာပြုပုဂ္ဂိုလ် လွတ်မြောက်ရေး အတွက် ဆွီဒင်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ ဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ပါကြောင်း၊ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားနှင့် သြစတေးလျတို့မှာ သံတမန်အဆက်အသွယ် မရှိသောကြောင့် သြစတေးလျ နိုင်ငံသားများအနေဖြင့် မြောက်ကိုရီးယားသို့ လည်ပတ်ရန်အတွင် သေချာစွာ စဉ်းစားကြရန် သူမက သတိပေးပြောကြားခဲ့သည်။

    `(မြောက်ကိုရီးယားမှာ) ဒုက္ခရောက်နေတဲ့ နိုင်ငံသားတွေကို ကူညီဖို့ ကျွန်မတို့ရဲ့ စွမ်းရည်ဟာ အကန့်အသတ်ရှိပါတယ်´ ဟု သူမကဆိုသည်။

    ဂျွန်ရှော့အား ဟောင်ကောင်ရှိ ၎င်း၏နေအိမ်သို့ပြန်ရောက်ရန် သြတေးလျ အာဏာပိုင်များက စီစဉ်ထားပြီး၊ ယမန်နေ့နံနက်က မြောက်ကိုရီးယားမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

    အသက် ၇၅ နှစ် အရွယ်ရှိပြီဖြစ်သည့် ဂျွန်ရှော့အား မြောက်ကိုရီးယာနိုင်ငံ အတွင်း ဘာသာရေး သွန်သင်ချက်များ ဖြန့်ဝေမှုဖြင့် မြောက်ကိုရီးယား အာဏာပိုင်များက ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူ ပြန်လည် လွတ်မြောက်လာသည့်အတွက် ပျော်ရွှင်မိကြောင်း ဂျွန်ရှော့၏ ဇနီးဖြစ်သူ ကရင်န်က ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
    Photo- BBC

  • မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်ပွဲ ရွေ့ဆိုင်း

    မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်ပွဲ ရွေ့ဆိုင်း

    မတ် ၄၊ ၂၀၁၄
    M-Media
    လမင်း

    DSC02557

    ရန်ကုန် ။       ။  မြန်​မာနိုင်​ငံငါးလုပ်​ငန်းအဖွဲ့ချုပ်​၏ ၂၀၁၄-၂၀၁၆ ဆဌမသက်​တမ်းအတွက်​ အလုပ်​အမှု​ဆောင်​များ ​ရွေးချယ်​တင်​​မြောက်​ပွဲနှင့်​ (၁၅) ကြိမ်​​မြောက်​ နှစ်​ပတ်​လည်​အစည်းအ​ဝေးကို အ​ကြောင်းမညီညွတ်​၍ ရက်​​ရွေ့ဆိုင်းလိုက်​​ကြောင်း မြန်​မာနိုင်​ငံငါးလုပ်​ငန်းအဖွဲ့ချုပ်က ပြောကြားခဲ့သည်​။

    ၎င်းနှစ်ပတ်လည်အစည်းအ​ဝေးနှင့် ရွေးချယ်တင်မြောက်ပွဲကို ၂၀၁၄ခုနှစ်​ မတ်​လ ၈ ရက်​​နေ့တွင်​ကျင်းပရန်​ ယခင်​က စီစဉ်​​ဆောင်​ရွက်ထား​သော်​လည်း အကြောင်းအမျိုးမျိုး၊ အ​ခြေအ​နေအမျိုးမျိုး​ကြောင့်​​ရွေ့ဆိုင်းခဲ့ရ​ကြောင်း သိရသည်​။

    “ကျွန်​​တော်​တို့မှာအခက်​အခဲ​လေး​တွေရှိ​နေပါတယ်​။ အမှု​ဆောင်​​ရွေးချယ်​ဖို့ကလည်း ​ရွေးမှာက ၅၅ ​ယောက်​ပဲ အခုရှိ​နေတာက ၈၃ ​ယောက်​ဖြစ်​​နေတယ်​။ ကျွန်​​တော်​တို့လည်း​ရွေးရခက်​​နေတာပဲ။ ဥက္ကဌ​နေရာလည်းအဲလိုပဲ များ​နေတယ်​။ ​သေချာစိစစ်​ပြီးမှ ​ရွေးချယ်​သွားမှာပါ။ လူ​ရွေးဖို့ကလည်း လွယ်တဲ့အလုပ်မဟုတ်ပါဘူး၊ တာဝန်​ကြီးပါတယ်​” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာ သန်းလှ က ​ပြောကြားခဲ့ပါသည်​။

    အလုပ်​အမှု​ဆောင်​​ရွေးချယ်​တင်​​မြောက်​ပွံနှင့်​ နှစ်​ပတ်​လည်​အစည်းအ​ဝေးကျင်းပမည့်ရက်​​ရွေ့ဆိုင်းခြင်းကို အချိန်​အကန့်​အသတ်​မရှိ​ရွေ့ဆိုင်းထားပြီး ကျင်းပမည့်​​နေ့ရက်​ကို အတည်​ပြုသတ်​မှတ်​ပြီးမှသာ ​ကြေငြာမည်​ဖြစ်​​ကြောင်း သိရပါသည်​။