News @ M-Media

Blog

  • စစ်အာဏာရှင်အောက်တွင် မြန်မာနိုင်ငံက လူသန်းချီ ငတ်မွတ်တော့မည်

    စစ်အာဏာရှင်အောက်တွင် မြန်မာနိုင်ငံက လူသန်းချီ ငတ်မွတ်တော့မည်

    မေ ၃၀၊ ၂၀၂၁
    M-Media

    -လာမယ့်လတွေမှာ မြန်မာနိုင်ငံက လူသန်းချီ ငတ်မွတ်မှု ကြုံတွေ့ရနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။

    ရန်ကုန်မြို့က မအေးမာတစ်ယောက် နေအိမ် မီးဖိုဆောင်မှာ သားသမီး ၇ ယောက်နဲ့အတူ ထိုင်နေပြီး ထမင်းနဲ့ ခပ်နွမ်းနွမ်းအရွက်ဟင်းက ကလေးတွေရဲ့ ဆာလောင်မှုကို ပြေပျောက်စေပါ့မလားဆိုတာ စိုးရိမ်နေပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း သူမဟာ ဒီလို ဟင်းမျိုးလောက်ပဲ စားနိုင်ပါတော့တယ်။

    ဖေဖော်၀ါရီလက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဟာ အားနည်း​ရပ်ဆိုင်းသွားခဲ့ပါတယ်။

    သပိတ်မှောက်ဆန္ဒပြမှု၊ စက်ရုံအလုပ်ရုံတွေ ပိတ်ပစ်ရမှု၊ ဓာတ်ဆီစျေးနှုန်းတွေ မြင့်တက်မှုတွေကြောင့် ပြည်သူ့ဘ၀တွေ ပျက်ခဲ့ရပြီး၊ ဘဏ်မှာ ငွေစုထားကြသူတွေကလည်း ဒီငွေကိုထုတ်ဖို့ တစ်နေကုန်တစ်နေခန်း တန်းစီကြရတာတွေ ဖြစ်လာပါတယ်။

    စစ်တပ်က သူတို့နဲ့ သဘောထားမတိုက်ဆိုင်သူတွေကို တွေ့ရာမြင်ရာ အကြမ်းဖက်နေတာကြောင့် ဝင်ငွေရဖို့ အပြင်ထွက်အလုပ်လုပ်ရတာကလည်း ကြမ္မာတွင်းထဲ ဆင်းရသလို ဖြစ်လာပါတယ်။ စစ်ကောင်စီလက်ချက်ကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီလို့ ပြည်တွင်း စောင့်ကြည့်အဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။

    သာမန်အချိန်မှာ ဆန်၊ ပဲနဲ့ အသီးအနှံတွေ နိုင်ငံခြားတင်ပို့ရတဲ့ တိုင်းပြည်မှာ လာမယ့်လအနည်းငယ်အတွင်း လူသန်းချီ ဆာလောင်မွတ်သိပ်မှုနဲ့ ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတိပေးထားပါတယ်။

    “ကလေးတွေ မငတ်အောင်တော့ ကျွန်မတို့ ရှာဖွေကျွေးမွေးရမှာပါ” လို့ ဖိနပ်မပါဘဲ ထိုင်ကာ ပုခက်ထဲကကလေးကို လွှဲပေးနေတဲ့ မအေးမာက ပြောပါတယ်။

    အသက် ၃၃ နှစ်အရွယ် သူမဟာ အလုပ်မရှိပါဘူး။ ခင်ပွန်းသည်ကတော့ ​ရေမြောင်းတူးတာလို အလုပ်အမျိုးအပါအဝင် ကြုံရာကျပန်း လုပ်နေရပါတယ်။

    ထမင်းဆိုင်ဖွင့်ထားတဲ့ အသက် ၃၇ နှစ်အရွယ် မဝါဝါက အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်း ထိုးတက်နေတာကြောင့် စျေးဝယ်သူတွေဟာ ငါးခြောက်ဟင်းတစ်ခွက်တောင်မှ အနိုင်နိုင်ဖြစ်လာတယ်လို့ ပြောပါတယ်။

    “ငါးခြောက်ဟင်းတစ်ခွက် ၅၀၀ ရောင်းပေမယ့် မဝယ်တော့တဲ့အတွက် မရောင်းရပါဘူး။ အလုပ်မရှိကြတာကြောင့် လူတိုင်းက ငွေကို ချွေချွေတာတာနဲ့ စီစစ်ပြီး သုံးနေကြပါတယ်။ ဘာဖြစ်လာမလဲဆိုတာမသိဘဲ အကြောက်တရားနဲ့ ကျွန်မတို့ နေထိုင်နေရတာပါ”

    ဒုက္ခရောက်နေ

    ကလေးသုံးယောက်ဖခင် အသက် ၂၆ နှစ်အရွယ် ကိုဝင်းနိုင်က အရင် ဝက်သားဟင်းကို ပုံမှန်စားနေရတဲ့သူတို့ဟာ အခုတော့ ငါးပိရည်နဲ့တို့စရာ ပြောင်းစားနေရပြီလို့ ပြောပါတယ်။

    အရင်က ချွေတာစားသောက်နေရသူတွေဟာ အခုအချိန်မှာ ထမင်းကို ဆားနဲ့စားနေရပြီလို့လည်း သူက ဆိုပါတယ်။

    ကုန်စျေးနှုန်းမြင့်တက်မှုဟာ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ပိုဆိုးပါတယ်။ တရုတ်နဲ့ကပ်နေတဲ့ ကချင်ပြည်နယ်မှာဆိုရင် ဆန်စျေးက ၅၀ ရာခိုင်နှုန်းလောက်အထိ ခုန်တက်သွားတယ်လို့ WFP က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်စာဆီစျေး ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်သွားတာကြောင့် လယ်ယာလုပ်ငန်းတွေကနေ မြို့ကြီးတွေကို ကုန်စည်ပို့ရတဲ့ ကုန်ကျစားရိတ်ကလည်း တက်လာပါတယ်။

    နောက်ထပ် ၆ လအတွင်း မြန်မာနိုင်ငံမှာ လူ ၃.၄ သန်းလောက် ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ WFP က ခန့်မှန်းထားပြီး သူတို့ရဲ့ အကူအညီပေးမှုကို ၃ ဆအထိမြှင့်သွားဖို့လည်း ရှိနေပါတယ်။

    စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ အောက်ခြေလူ့အဖွဲ့အစည်းမှာ အစားအသောက် လှူဒါန်းမှုကို မှီခိုနေရသူအရေအတွက် များပြားလာပါတယ်။

    “ကျွန်တော်တို့ အစားအစာတွေလှူရင် သူတို့ တော်တော်ပျော်ကြတယ်။ တစ်ချို့ဆို ငိုတောင်ငိုပါတယ်” လို့ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ မေ(အမည်လွှဲ) က ပြောပါတယ်။

    အသက် ၅၁ နှစ်အရွယ် ဒေါ်နီအေးက သူမနဲ့ အမျိုးသားတို့ဟာ လက်ရှိမှာ ဝင်ငွေလုံး၀မရှိဘဲ လာရောက်လှူဒါန်းတဲ့ အစားအသောက်တွေပေါ်မှာပဲ မှီခိုနေရတယ်လို့ ပြောပါတယ်။

    “ဒုက္ခရောက်နေကြပြီး ဒီလိုသာဆက်သွားနေရင် ကျွန်မတို့ ငတ်တော့မှာ”

    အသက် ၄၇ နှစ်အရွယ် ဦးအောင်ကျော်မိုးကတော့ သူအလုပ်လုပ်တဲ့စက်ရုံ ပိတ်လိုက်ရပြီးတဲ့နောက် ရွာပြန်ဖို့ စဉ်းစားနေပါတယ်။

    စုထားဆောင်းထားတာ မရှိဘဲ၊ ကျူးကျော်အိမ်ယာမှာ သူနဲ့အတူနေထိုင်နေတဲ့ မိသားစုဝင် ၉ ဦးကို ဘယ်လိုထောက်ပံ့ရမလဲဆိုတာ မျှော်လင့်ချက်မဲ့နေတယ်လို့လည်း သူက ပြောပါတယ်။

    “ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိပါဘူး”

    Ref: AFP

  • ဖမ်းဆီးထားသည့် ဂျာနယ်လစ်ကို ချက်ခြင်းပြန်လွှတ်ပေးရေး စစ်ကောင်စီကို အမေရိကန် ဖိအားပေး

    ဖမ်းဆီးထားသည့် ဂျာနယ်လစ်ကို ချက်ခြင်းပြန်လွှတ်ပေးရေး စစ်ကောင်စီကို အမေရိကန် ဖိအားပေး

    မေ ၂၉၊ ၂၀၂၁
    M-Media

    -Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား ဂျာနယ်လစ်ကို ဖမ်းဆီးထားမှုအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ အမေရိကန်ကအစိုးရက မနေ့မှာ ပြောကြားခဲ့ပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

    Frontier Myanmar ဟာ လွတ်လပ်တဲ့ သတင်းဌာနတစ်ခုဖြစ်ပြီး ဂျာနယ်လစ် ဒန်နီယဲလ် ဖန်စတာက အယ်ဒီတာအဖြစ် တာဝန်ယူထားတာပါ။ တနင်္လာနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူကိုသွားဖို့ စီစဉ်နေစဉ် ရန်ကုန်လေဆိပ်မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ရှိသူတွေ ဖန်စတာကိုတွေ့ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီက တွေ့ခွင့်မပြုဘူးလို့ ဆိုပါတယ်။

    အသက် ၃၇ နှစ်အရွယ် ဖန်စတာကို စစ်ကောင်စီက ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို ပို့ထားပြီး ဘာ့ကြောင့်ဖမ်းဆီးလဲဆိုတာ မသိသေးသလို၊ အဆက်အသွယ်လည်းမရသေးဘူးလို့ Frontier Myanmar က တနင်္လာနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    ဖန်စတာနဲ့ အခြားဂျာနယ်လစ်တွေကို ဖမ်းဆီးမှု၊ အကြမ်းဖက်မှုတွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် လက်မခံနိုင်ဖွယ်ရာ တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။

    “ဒီဖမ်းဆီးမှုအပေါ် အလွန်အမင်း စိုးရိမ်မိပါတယ်။ သူ့ကို လွှတ်ပေးဖို့အတွက် စစ်ကောင်စီကို ကျွန်တော်တို့ ဖိအားပေးထားပြီး၊ မိသားစုထံကို အန္တရာယ်ကင်းစွာ ပြန်မရောက်မချင်း ဒီလိုဖိအားပေးမှုကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” လို့ အစိုးရတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

    ထိန်းသိမ်းထားစဉ်အတွင်းမှာ ဖန်စတာကို ကောင်းမွန်စွာ ထားရှိရေး၊ သံရုံးတာဝန်ရှိသူတွေကို ဖန်စတာနဲ့တွေ့ခွင့်ပေးရေး စစ်ကောင်စီကို အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။

    Ref: Reuters

  • အဓမ္မလုပ်အားခိုင်းစေသည့် တရုတ်ငါးဖမ်းကုမ္ပဏီတစ်ခုကို အမေရိကန်က တင်သွင်းခွင့်ပိတ်

    အဓမ္မလုပ်အားခိုင်းစေသည့် တရုတ်ငါးဖမ်းကုမ္ပဏီတစ်ခုကို အမေရိကန်က တင်သွင်းခွင့်ပိတ်

    မေ ၂၉၊ ၂၀၂၁
    M-Media

    -အဓမ္မလုပ်အားခိုင်းစေတဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေက ပင်လယ်စာတင်သွင်းခွင့် ပိတ်ပင်လိုက်တယ်လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ရေးရာဌာနက မနေ့မှာ ထုတ်ပြန်ပါတယ်။

    ငါးဖမ်းသင်္ဘေဘာ ၃၂ စီးနဲ့ ပင်လယ်စာတင်ပို့မှုလုပ်ငန်း လုပ်နေတဲ့ Dalian Ocean Fishing ကို တင်သွင်းခွင့် ပိတ်လိုက်တာပါ။ ရေထွက်ပစ္စည်းတွေအပြင် ငါးသေတ္တာဘူးတွေနဲ့ အိမ်မွေးတိရစ္ဆာန်စာတွေလို ကုန်ချော ပစ္စည်းတွေလည်း ပိတ်ပင်မှုမှာ ပါဝင်ပါတယ်။

    အရင်က ငါးဖမ်းသင်္ဘောတစ်ခုချင်းစီကိုသာ ပိတ်ပင်လေ့ရှိပေမယ့် ငါးဖမ်းလုပ်ငန်းတစ်ခုလုံးကို ပိတ်ပင်တာဟာ ဒါ ပထမဆုံးဖြစ်တယ်လို့ အမေရိကန် ပြည်ထဲရေးဝန်ကြီး အလက်ဂျန်ဒရို မာယော်ကက်စ်က ပြောပါတယ်။

    Dalian Ocean Fishing လုပ်ငန်းက ပိုင်ဆိုင်တဲ့ ငါးဖမ်းသင်္ဘောတွေပေါ်မှာ အင်ဒိုနီးရှားလုပ်သားတွေဟာ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှု၊ လုပ်ခလစာမရရှိမှု၊ အကြွေးနွံနစ်မှု၊ ဆိုးရွားတဲ့ အခြေအနေမှာ နေထိုင်လုပ်ကိုင်ရမှု စတာတွေကို ကြုံတွေ့နေတယ်ဆိုတာ စုံစမ်းမှုတွေအရ သိရှိရတယ်လို့ အမေရိကန် အကောက်ခွန်ဌာနက ပြောပါတယ်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နဒ်ပရိုက်စ်က ကိုယ်ကျိုးအတွက် လူတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်ကာ အဓမ္မလုပ်အားခိုင်းစေသူတွေကို အရေးယူဖို့၊ အသံထွက်ခွင့်မရသူတွေရဲ့ အသံကို ကြားအောင်နားထောင်ကာ သူတို့ကိုကာကွယ်ပေးဖို့ ပိုမိုအားထုတ်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဝီဂါများကို နည်းပညာသစ်စမ်းသည့် ပစ္စည်းများအဖြစ် တရုတ်အစိုးရက အသုံးပြုနေ

    ဝီဂါများကို နည်းပညာသစ်စမ်းသည့် ပစ္စည်းများအဖြစ် တရုတ်အစိုးရက အသုံးပြုနေ

    မေ ၂၇၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – ဝီဂါများကို ထားရှိသည့် အကျဉ်းစခန်း)

    -ဉာဏ်ရည်တုနည်းပညာ AI အသုံးပြုထားတဲ့ ကင်မရာနဲ့ မျက်နှာကိုစကန်ဖတ်ကာ စိတ်ခံစားမှုဖော်ထုတ်တဲ့ နည်းပညာကို တရုတ်က ၀ီဂါမွတ်စလင်တွေနဲ့ စမ်းသပ်အကောင်အထည်ဖော်နေပြီး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဒီလုပ်ရပ်ကို ရှုတ်ချလိုက်ပါတယ်။

    တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဝီဂါတွေရဲ့ဒေသဖြစ်တဲ့ ရှင်ကျန်းပြည်နယ်က ရဲစခန်းတွေမှာ ဒီစနစ်ကို တပ်ဆင်တဲ့အချိန် ပါဝင်ခဲ့တဲ့ ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ဦးက ဘီဘီစီသတင်းဌာနကို ဖွင့်ချခဲ့တာပါ။

    လန်ဒန်တရုတ်သံရုံးက ဒီသတင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး နိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးကို အာမခံပေးထားတယ်လို့ ဖြေကြားခဲ့ပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ ဝီဂါအပါအဝင် အခြား တိုင်းရင်းသားလူနည်းစု စုစုပေါင်း ၁၂ သန်းလောက် ရှိနေတာပါ။ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုငယ်တွေဟာ တရုတ်အစိုးရရဲ့ ဖိနှိပ်ညှမ်းပမ်းမှုဒဏ်ကို ခံနေရတာ ဖြစ်ပါတယ်။

    ရှင်ကျန်းမှာ ဝီဂါအပါအဝင် လူတစ်သန်းလောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲ ထည့်ထားပြီး တရုတ်ဇာတ်သွင်းနေတာကိုလည်း နိုင်ငံတကာမီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ထုတ်ခဲ့ကြပါတယ်။ ရှင်ကျန်းက လူနည်းစုတွေရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရိုးရာ၊ ဘာသာတရားနဲ့ လူမျိုးပါ တိမ်ကောပျောက်ပျက်သွားအောင် တရုတ်အစိုးရက လုပ်နေတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အများအပြား ထွက်လာခဲ့ပါတယ်။

    အခုလည်း AI ကင်မရာနဲ့ မျက်နှာအမူအရာကို စကန်ဖတ်ပြီး စိတ်အခြေအနေကို ဖော်ထုတ်တဲ့ နည်းပညာကို တရုတ်က ဝီဂါလူမျိုးတွေနဲ့ စတင်စမ်းသပ်နေတာပါ။

    “ဓာတ်ခွဲခန်းမှာ ကြွက်တွေကို အသုံးပြုစမ်းသပ်သလိုပဲ တရုတ်အစိုးရဟာ စမ်းသပ်မှုများစွာအတွက် ဝီဂါတွေကို အစမ်းသပ်ခံအဖြစ် အသုံးပြုနေတာပါ” လို့ ဒီနည်းပညာ တပ်ဆင်မှုမှာ ပါဝင်ခဲ့တဲ့ ဆော့ဖ်ဝဲ အင်ဂျင်နီယာက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

    လုံခြုံရေး စိုးရိမ်ရတဲ့အတွက် သူ့ရဲ့အမည်နဲ့ သူလုပ်တဲ့ကုမ္ပဏီတွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    စမ်းသပ်မယ့်လူရဲ့ ၃ မီတာအကွာမှာ ကင်မရာကို တပ်ဆင်ထားရပြီး အလိမ်ဖော်စက်နဲ့ ဆင်တူပေမယ့် နည်းပညာပိုမြင့်တယ်လို့လည်း ဒီ အင်ဂျင်နီယာက ပြောပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်းက ရဲစခန်းတွေမှာ အသုံးပြုတဲ့ အချုပ်ထိုင်ခုံမှာ လူတွေကို ထိုင်ခိုင်းပြီး စမ်းသပ်တာလို့ သူက ဆိုပါတယ်။

    “ထိုင်ခုံမှာ လက်နဲ့ခြေထောက်တွေကို သံကွင်းတွေနဲ့ခပ်ပြီး ချုပ်ထားတာပါ”

    မျက်နှာအမူအရာနဲ့ ချွေးပေါက်အနေအထား အပြောင်းအလဲကိုလိုက်ပြီး ဖော်ထုတ်နိုင်တဲ့အထိ ဒီနည်းပညာကို ဖန်တီးထားတယ်လို့လည်း ဆော့ဖ်ဝဲအင်ဂျင်နီယာက ပြောပါတယ်။

    စကန်ဖတ်လို့ရလာတဲ့ ရလဒ်ကို စက်ဝိုင်းပုံဇယား (Pie chart) နဲ့ပြပြီး စိုးရိမ်ကြောင့်ကြမှု စတဲ့ စိတ်ခံစားမှုအခြေအနေတွေကို အရောင်တွေနဲ့ ဖော်ပြပေးတာပါ။ တရုတ်အစိုးရဟာ ဒီနည်းပညာကို ဘာအထောက်အထားမှ မရှာနိုင်ခင် ကြိုတင်သုံးသပ်မှုကိစ္စမှာ အသုံးပြုဖို့ ရည်ရွယ်တာလို့လည်း အင်ဂျင်နီယာက ဆိုပါတယ်။

    ဒီအထောက်အထားတွေကို ကြည့်ရှုလေ့လာခွင့်ရခဲ့တဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က တရုတ်ရေးရာကျွမ်းကျင်သူ ဆိုဖီရစ်ချက်ဆန်က တရုတ်အစိုးရရဲ့ ဒီလုပ်ရပ်ဟာ အလွန်အမင်းဖိအားပေးထားတဲ့ အခြေအနေတစ်ခုအောက်မှာ ဖြစ်လာတဲ့ တုန်လှုပ်ခြောက်ခြားမှုကို အသုံးပြုပြီး လူတွေကို အပြစ်ရှိသူတွေအဖြစ် ပုံဖော်တာမျိုး ဖြစ်လာနိုင်တဲ့အတွက် တုန်လှုပ်ဖွယ်ကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဝီဂါများအားလုံးကို တရုတ်အစိုးရက ထိန်းချုပ်ထား

    တရုတ်အစိုးရ အာဏာပိုင်တွေဟာ ဝီဂါတွေရဲ့ DNA နမူနာတွေ ပုံမှန် တောင်းယူလေ့ရှိပြီး၊ ဒစ်ဂျစ်တယ်စကန်ဖန်တာ၊ အစိုးရ အက်ပလီကေးရှင်းကို ဖုန်းမှာ ဒေါင်းလုပ်ဆွဲခိုင်းပြီး ဖုန်းနံပါတ်၊ စာတိုအပါအဝင် ဖုန်းထဲရှိသမျှ အချက်အလက်အားလုံးကို ရယူတာတွေ လုပ်ဆောင်နေတယ်လို့ ကိုလိုရာဒိုတက္ကသိုလ်က ပညာရှင် ဒါရန် ဘိုင်လာက ပြောပါတယ်။

    “ဝီဂါတွေဟာ ဒေတာတွေထုတ်ပေးရတဲ့ဘ၀ ရောက်နေတာပါ။ စမတ်ဖုန်းဆိုတာ အမြဲတမ်းယူသွားရတဲ့ပစ္စည်းဖြစ်ပြီး ဒါကို ယူမသွားဘူးဆိုရင် အဖမ်းခံရတယ်။ ယူသွားပြန်တော့လည်း နောက်ယောင်ခံခြင်းကို ခံနေရပြန်ပါတယ်။ ဝီဂါတွေဟာ ပြေးပေါက်မရှိတော့ဘူးလို ခံစားနေရတာပါ”

    ဒီအချက်အလက်တွေကို Integrated Joint Operations Platform လို့ခေါ်တဲ့ ကွန်ပျူတာစနစ်ထဲကို ထည့်သွင်းပြီး၊ အိမ်ရှေ့ကမထွက်ဘဲ အိမ်နောက်ဖေးကထွက်တာ၊ ကိုယ့်ရဲ့ကားမှာ အသုံးပြုလို့မရတဲ့ ဓာတ်ငွေ့ကို တင်ဆောင်တာတွေဟာ ဥပဒေချိုးဖောက်တဲ့လုပ်ရပ်အဖြစ် သတ်မှတ်တဲ့အထိ ဒီကွန်ပျူတာစနစ်ကို အသုံးပြုနေတယ်လို့ HRW က ပြောပါတယ်။

    “အာဏာပိုင်တွေဟာ လူနေအိမ်တွေရဲ့ အိမ်အ၀မှာ QR ကုတ်တွေထားပြီး ဘယ်သူက ဒီအိမ်မှာ ရှိရမယ်၊ ဘယ်သူက မရှိရဘူး စတာမျိုးတွေကို အလွယ်တကူ သိရှိစောင့်ကြည့်နိုင်အောင် လုပ်ထားပါတယ်”

    လူနည်းစုတွေအပေါ် ဒီလို စောင့်ကြည့်၊ ထိန်းချုပ်၊ ဖိနှိပ်တဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေမှာ Huawei လို နည်းပညာကုမ္ပဏီတွေက ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

    Ref: BBC

  • အစ္စရေးကြောင့် ပျက်ဆီးခဲ့သည့် ဂါဇာဒေသ ပြန်ထူထောင်ရေး ကာတာက ဒေါ်လာ သန်း ၅၀၀ ကူညီမည်

    အစ္စရေးကြောင့် ပျက်ဆီးခဲ့သည့် ဂါဇာဒေသ ပြန်ထူထောင်ရေး ကာတာက ဒေါ်လာ သန်း ၅၀၀ ကူညီမည်

    မေ ၂၇၊ ၂၀၂၁
    M-Media

    -အခုလအတွင်း အစ္စရေးရဲ့ ၁၁ ရက်ကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများပြားခဲ့တဲ့ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် ကန်ဒေါ်လာ သန်း ၅၀၀ ကူညီပေးမယ်လို့ ကာတာက ကတိပြု ပြောကြားလိုက်ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဧပြီလအတွင်း ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်ကို လုယူနေထိုင်ခဲ့မှုကနေ အစပြုပြီး အစ္စရေး-ပါလက်စတိုင်း တင်းမာမှု တစ်ကျော့ပြန် ဖြစ်ခဲ့တာပါ။

    ဒီလုယူခံရမှုကို မကျေနပ်တဲ့ ပါလက်စတိုင်းတွေက အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်လုပ်မှုကို အစ္စရေးတပ်ဖွဲ့တွေ အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

    ဒါကိုမကျေနပ်တဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က အစ္စရေးဖက်ကို ဒုံးကျည်တွေနဲ့ လှမ်းပစ်ခဲ့ပြီး အစ္စရေးကလည်း မေလ ၁၀ ရက်နေ့ကစတင်ကာ ၁၁ ရက်ကြာ ဂါဇာကို လေကြောင်းကနေ တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း ကလေးငယ် ၆၆ ဦးအပါအဝင် ပါလက်စတိုင်းပြည်သူ ၂၅၄ ဦးသေဆုံးခဲ့ပြီး ကျောင်းတွေ၊ ဆေးရုံတွေ၊ လူနေအိမ်တွေအပါအဝင် အဆောက်အဦးအများအပြား ပစ်မှတ်ထား ဖျက်ဆီးခံခဲ့ရပါတယ်။ အီဂျစ်ရဲ့ကြားဝင်မှုကြောင့် ပြီးခဲ့တဲ့တစ်ပတ်မှာ နှစ်ဖက် အပစ်ရပ်ခဲ့ကြပါတယ်။

    ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ်မိုဟာမက် ဘင် အဘ်ဒူရဟ်မန် အလ်သာနီက ဂါဇာပြန်လည်တည်ဆောက်ရေး ကန်ဒေါ်လာ သန်း ၅၀၀ ကူညီသွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    “လွတ်လပ်တဲ့နိုင်ငံတစ်ခု တည်ထောင်ကာ တရားမျှတမှု၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရသည်အထိ ပါလက်စတိုင်းက ကျွန်တော်တို့ညီအစ်ကို မောင်နှမတွေကို ဆက်လက် ကူညီပံ့ပိုးပေးသွားမှာပါ”

    ကာတာဟာ အစ္စရေးနဲ့ဟားမက်စ်တို့အကြား စေ့စပ်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးနေပြီး အရင်ကတည်းက ပါလက်စတိုင်းကို ကန်ဒေါ်လာရာချီ ကူညီထောက်ပံ့ပေးဖူးပါတယ်။

    ဂါဇာကို အစ္စရေးက ကုန်လမ်း၊ ရေလမ်း၊ လေကြောင်း ဘက်ပေါင်းစုံကနေ ပိတ်ဆို့ထားတာ ၁၃ နှစ်ရှိပြီဖြစ်ပြီး အီဂျစ်နဲ့ကပ်နေတဲ့ ရာဖာနယ်ခြားကို အားကိုးအားထားပြုကာ ဂါဇာပြည်သူတွေ ရပ်တည်နေကြရတာ ဖြစ်ပါတယ်။

    အစ္စရေးရဲ့ လတ်တလောတိုက်ခိုက်မှုအပြီး ဂါဇာပြန်လည်ထူထောင်ရေးမှာ ကန်ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ကူညီမယ်လို့ အီဂျစ်က ကတိပြုထားပါတယ်။

    Ref: Aljazeera