News @ M-Media

Blog

  • အားကစားကွင်းပြန် မရပါက လမ်းလျောက် ဆန္ဒဖော်ထုတ် သွားမည်ဟုဆို

    အားကစားကွင်းပြန် မရပါက လမ်းလျောက် ဆန္ဒဖော်ထုတ် သွားမည်ဟုဆို

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media
    လင်းလင်း

    ရန်ကုန်   ။     ။ ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၂၉- ရပ်ကွက်ရှိ နွယ်သာကီလမ်းနှင့် နှစ်လမ်းထောင့်တွင်ရှိသည့် အားကစား ကွင်းတွင် Three Friends ဆောက်လုပ်ရေးကုမ္မဏီက  အိမ်ယာများဆောက်လုပ်ရန်ပြင်ဆင်နေမှုကို ရပ်ကွက်နေပြည်သူများက ကန့်ကွက်ခဲ့ ပြီး မြေနေရာပြန်လည်ရရှိရေးအတွက် လမ်းလျောက်ဆန္ဒဖော်ထုတ်သွားမည်ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    “အရင်က အားကစားကွင်း နှစ်ကွင်းရှိတယ် တစ်ကွင်းကိုတော့ ဘယ်ဌာနကိုရောင်းလိုက်လဲမသိဘူး။ အိမ်ယာတွေဆောက်လိုက်ကြတယ်။ အခုကျန်သေးတဲ့တစ်ကွင်းကလည်း နိုင်ငံတော်ရဲ့နေ့ကြီးရက်ကြီးတွေနဲ့ တရားပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ ကလေးတွေ ကစားနေတဲ့ နေရာလေး ဖြစ်တယ်။ အခုလိုထပ်လုပ်မယ်ဆိုရင် နှစ်ကွင်းလုံးဆုံးရှုးသွားမယ်။ ဒါကြောင့်ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်တယ်။ သက်ဆိုင်ရာကိုလည်း ခွင့်ပြုမိန့်တင်ရဦးမှာဆိုတော့ ရက်တော့အတိအကျပြောလို့မရသေးဘူး” ဦးမြင့်သန်းကပြောသည်။

    အားကစားကွင်းပြန်လည်ရရှိရေးအတွက် နိုင်ငံတော်သမ္မတကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ တရားဥပဒေ စိုးမိုးရေးကော်မတီ၊ ရန်ကုန်မြို့တော်ဝန် နှင့် အခြားသက်ဆိုင်ရာဌာနများသို့ ရပ်ကွက်နေပြည်သူများမှလတ်မှတ်ရေးထိုးကာ တင်ပြ တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိကြောင်း သိရပါသည်။

  • ဘန်ကောက်ရှိ ဆောက်လုပ်ရေးဆိုဒ်တွင် မတော်တဆဖြစ်၊ မြန်မာတစ်ဦး အပါအ၀င် လူ ၁၁ ဦးသေဆုံး

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media
    BN-BR195_thaico_G_20140225082647
    – ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆင်ခြေဖုံးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအတွင်း ယက်မတန်းကြီး တစ်ခုပြုတ်ကျခဲ့သောကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦး အပါအ၀င် အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ဘန်ကောက်မြို့ အရှေ့တောင်ပိုင်း Bangpli ခရိုင်ရှိ ဆေးရုံသစ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  လုပ်ငန်းခွင်ရှိ အလုပ်သမား ၂၇ ဦးမှာ နေ့လည်အားလပ်ချိန်အတွင်း  အချို့မှာ ထမင်းစားနေကြပြီး၊ အချို့မှာ အနားယူနေကြစဉ် ကွန်ကရစ် ယက်မတန်းကြီး ကျိုးကြခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး  Somchai Piakhan က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားမှုအတွင်း တစ်ဒါဇင်ကျော်ခန့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ခဲ့ရကာ တစ်ဦးမှာ အပျက်အစီးများအကြား ပိတ်မိနေဆဲဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကယ်ဆယ်ရေးအဖွဲ့မှာ သံချောင်းများ ကွန်ကရစ်တုံးများကို ဖယ်ရှား၍ အနံ့ခံခွေးများအသုံးပြုကာ ပိတ်မိနေသူအား ကယ်ဆယ်ခဲ့သည်ဟု သိရသည်။

    ထိုင်းနိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီ ITD မှ တည်ဆောက်သည့် အဆိုပါဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးသူများမှာ ထိုင်းနိုင်ငံသား ၄ ဦး ကမ္ဘောဒီးယားမှ ၅ ဦးနှင့်၊ အသက် ၂၉ နှစ်အရွယ် ကေခိုင်ဆိုသည့် မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦးတို့ဖြစ်ကြသည်ဟု အလုပ်သမားရေးရာ သံမှူး ကျော်ကျော်လွင်က ဆိုသည်။

    ကွယ်လွန်သွားသူ၏ အမျိုးသားဖြစ်သူ သက်မောင်မောင်မှာလည်း အဆိုပါ လုပ်ငန်းခွင်တွင်ပင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ITD မှ ပေးအပ်သည့် နစ်နာကြေး ကန်ဒေါ်လာ ၃၀၀၀ ကို ရရှိမည်ဟု ကျော်ကျော်လွင်က ဆိုသည်။

    သို့သော်လည်း သက်မောင်မောင်ကမူ အဆိုပါကုမ္ပဏီမှ နစ်နာကြေး၊ သဂြိုဟ်စားရိတ် စသည်တို့နှင့်ပတ်သက်၍ မည်သည်ကိုမျှ မကြားမိကြောင်း၊ ဇနီးသည်၏ ရုပ်အလောင်းမှာ ရဲစခန်းတွင်ဖြစ်ပြီး မြန်မာသံရုံးမှ အကူအညီအချို့ကို ရရှိကြောင်းပြောကြားခဲ့သည်။

    “ရဲတွေက သူမ(ကွယ်လွန်သူ)မှာ အထောက်အထား မရှိဘူးလို့ ထင်ကြပြီး၊ ကျွန်တော်က အဲဒီအထောက်အထားတွေကိုပေးမှ သူတို့က အလောင်းပြန်ပေးမှာပါ။ သဂြိုဟ်စားရိတ် ကာမိဖို့အတွက် လခကြိုထုတ်ပေးဖို့ ကုမ္ပဏီကိုပြောထားပေမယ့် ကုမ္ပဏီက မထုတ်ပေးပါဘူး။ သူတို့ သဂြိုဟ်ပြီး ကျွန်တော့်ကို အရိုးပြာ ပြန်ပေးမယ်လို့ ထင်ပါတယ်” ဟု သက်မောင်မောင်က ဆိုသည်။

    ဇနီးဖြစ်သူမှာ ပဲခူးတိုင်းမှဖြစ်ကြပြီး ဇနီးဖြစ်သူမှာ လွန်ခဲ့သည့် ၁ နှစ်ခန့်ကမှ ၎င်း၏နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်ကာ၊ အလုပ်ဝင်သည်မှာ လေးလခန့်ပင် ရှိသေးကြောင်း၊ ထိုဆေးရုံသစ်ဆောက်လုပ်မှုတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ ၆၀၀ ခန့်ရှိသည့်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ ဖိနှိပ်ခံရခြင်းနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် ထိုင်းနိုင်ငံသို့ပြောင်းရွှေ့လာကြသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂ သန်းခန့်ရှိပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စားသောက်ဆိုင်များနှင့် စက်ရုံများတွင် လခအနည်းငယ်ဖြင့် လုပ်ကိုင်နေကြရသည်။
    Ref: CNN And Irrawaddy
    Photo-European Pressphoto Agency

  • မြန်မာနိုင်ငံသည် အာရှတွင် အရေးပါသောဈေးကွက်များထဲမှ တစ်ခုဖြစ်လာ

    မြန်မာနိုင်ငံသည် အာရှတွင် အရေးပါသောဈေးကွက်များထဲမှ တစ်ခုဖြစ်လာ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC02305

    ရန်ကုန်  ။        ။ စင်ကာပူအခြေစိုက် United Overseas Bank (UOB) သည် “မြန်မာနိုင်ငံ၏အလားအလာများကိုဖွင့်လှစ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို အာရှလုပ်ငန်းရှင်စီးပွားရေး ၂၀၀ ကျော်နှင့် ပထမတန်း လုပ်ငန်းရှင်များ၊ ပညာရှင်များမှ လာမည့် အပတ်တွင် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရပါသည်။

    “မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အာရှကရော ကမ္ဘာ့တလွှားက စီးပွားရေးလုပ်ငန်းရှင်တွေကို ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ် နေပါတယ်။ အာရှမှာတော့ မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံမှုတွေအတွက် အကောင်းဆုံးနေရာပဲဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တည်နေရာ အနေ အထားနဲ့ လူဦးရေသန်း ၆၀ လောက်ဟာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့နဲ့ ဖောက်သည်တွေရနိုင်ဖို့ အခွင့်အလမ်းကောင်းပဲဖြစ်ပါတယ်” လို့ UOB ၏ အမှုဆောင်ဒါရိုက်တာနှင့် FDI အကြံပေးအဖွဲ့ခေါင်းဆောင် Mr.Cheong ကပြောကြားခဲ့သည်။

    UOB ၏အာရှဒေသအတွင်း ရေရှည်လုပ်ငန်းဆောင်ရွက်လာသည်မှာ နှစ်ပေါင်း ၈၀ ခန့်နီးပါးရှိပြီဖြစ်သည်။ ၎င်းသည် အရှေ့တောင် အာရှအတွင်း များစွာသော ဘဏ်ခွဲများကိုဖွင့်လှစ်ပြီး ဖောက်သည်များကို ဒေသအသီးသီးမှဆက်သွယ်ဆောင်၇ွက်ပေးခဲ့သည်။ မြန်မာနိုင်ငံ တွင်လည်း ၁၉၄၈ မှစတင်ကာ ကိုယ်စားလှယ်ရုံးခွဲထားရှိခဲ့သည်။  တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံတို့ တွင်လည်း ရုံးခွဲများဖွင့်လှစ်ထားလျက်ရှိသည်။

    “ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ဥပဒေဘောင်ထဲကနေပဲပြုလုပ်သွားဖို့ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးတွေကိုလည်း အဓိကထား ပြုလုပ် နေပါတယ်။ မြန်မာနိုင်ငံဟာ အာမခံချက်ပေးနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့တွေလည်း ရှိပါတယ်။ စီးပွားရေးကိုအခြေခံပြီး ဖွံ့ဖြိုးတိုးတက်အေင် ကျွန်တော်တို့နိုင်ငံကို ဆောင်ရွက်နေပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ကျွန်တော်တို့ ဖွင့်ပေးထားပါတယ်” စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတ်ယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းကပြောကြားခဲ့ပါသည်။

    မြန်မာနိုင်ငံသည် ယခုအခါတွင် အာရှ၌ အရေးပါသောဈေးကွက်များထဲမှတစ်ခုဖြစ်ပါသည်။ အာရှဒေသတွင်းမှ စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အနာဂတ်အလားအလာကို များစွာယုံကြည်စိတ်ချနေလျက်ရှိကြောင်းသိရပါသည်။

  • ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေရေးရာ ဖိုရမ် အမေရိကန်စင်တာတွင် ပြုလုပ် တက်ရောက်သူ ၇၀ ကျော်ရှိ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်
    1779235_10151962105292499_147333321_n
    – နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ စေ့စပ်ဆွေးနွေးမှုအဖွဲ့ iPACE မှ ကြီးမှုးကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဥပဒေရေးရာ ဖိုရမ်တစ်ခုကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ တော်ဝင်လမ်းရှိ အမေရိကန် စင်တာတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဖိုရမ်ပြုလုပ်ခြင်းရခြင်းနှင့် ပတ်သက်၍ iPACE မှ Adam LeClair က ရှင်းပြခဲ့ပြီး ပင်တိုင်ဆွေးနွေးသူများအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီမှ အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီ၊  မြန်မာတိုင်းမ်စ် သတင်းစာမှ အကြီးတန်း သတင်းထောက် မအိအိတိုးလွင်နှင့် မြန်မာဥပဒေနယ်ပယ် တရားမျှတရေးနှင့် မြန်မာနိုင်ငံဥပဒေ အကျိုးဆောင်ကွန်ယက်ကို တည်ထောင်သူ ကိုကျော်မင်းဆန်းတို့ ပါဝင်ခဲ့ကြသည်။  iPACE မှ ဥပဒေရေးရာရာနှင့် လေ့ကျင့်ရေးအကြံပေး ကိုစိုင်းအောင်သိန်းက ဦဆောင်ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ခဲ့သည်။

    ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများ၊ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အတားအဆီးများ၊ စိန်ခေါ်မှုများ၊ ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့် ပတ်သက်၍ ပင်တိုင် ဆွေးနွေးသူများက တစ်ဦးချင်းစီပြောကြားခဲ့ကြသည်။

    ထို့နောက် တက်ရောက်လာကြသူများက အခြေခံဥပဒေရှိ ပုဒ်မများ ပြင်ဆင်ခြင်းနှင့်၊ လွှတ်တော်မှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ သုံးသပ်ရေးကော်မတီတွင် တိုင်းရင်းသားပါတီများမှ ပါဝင်မှုအားနည်းခြင်း၊ အခြေခံဥပဒေပြင်ဆင်ရေး အတွက် အောက်ခြေလူထုအထိ ပညာပေးရေး စသည့်အချက်အများအတွက် သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ပင်တိုင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

    အဆိုပါဖိုရမ်ကို ညနေ ၆ နာရီခန့်တွင် ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသူများအား iPACE မှာ ကော်ဖီဖြင့် ဧည့်ခံခဲ့သည်။ ဖိုရမ်သို့ လူငယ် အများစု အပါအ၀င် လူ ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ စေ့စပ်ဆွေးနွေးမှု အဖွဲ့ iPACE မှ ထိုကဲ့သို့သော ဖိုရမ်များကို ယခင်ကလည်း လုပ်ဆောင်ခဲ့ပြီး နောင်တွင်လည်း ဆက်လက် လုပ်ဆောင်သွားရန် ရှိသည်ဟု သိရသည်။

    Photo Credit – iPace FB Group.

  • ရီးယဲလ်ဂိုးပြတ်ခဲ့ပြီး၊ မော်ရင်ဟိုရဲ့ချယ်ဆီး သရေသာရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်များ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media

    1192097-24919080-640-360
    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ် ၂ ခုကို ယနေ့နံနက်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ် အသင်းက ဂျာမန်မြေမှာ ရှော်လ်ကာအသင်းကို ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ရခဲ့ကာ နောက်တစ်ဆင့် တက်ဖို့ တော်တော်လေး အခြေအနေ ကောင်းသွားခဲ့ပါတယ်။ ချယ်ဆီးကတော့ တူရကီမြေမှာ ဂါလာတာစာရေးကို သရေသာ ရခဲ့ပါတယ်။

    ရီးယဲလ်က ဒီပွဲမှာ ရော်နယ်ဒို၊ ဘင်ဇီမာ၊ ဂါရက်ဘေးလ်တို့နဲ့ လူစုံထုတ်ခဲ့ပြီး အိမ်ရှင် ရှော်လ်ကာအသင်းကို အင်ပြည့်အားပြည့် ယှဉ်ပြိုင် ခဲ့ပါတယ်။ ပွဲစတာနဲ့ ရီးယဲလ်က ကစားကွက်အသာ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် ၂ ဂိုးပြတ်ခဲ့ပါတယ်။ ဂျာမန်မြေမှာ ကစားတိုင်း အခက်တွေ့ရလေ့ရှိတဲ့ အစဉ်အလာကို ဒီပွဲမှာတော့ ရီးယဲလ်တို့ ခြေဖျက်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ၄ ဂိုးထပ်သွင်းကာ ၆ ဂိုး ၁ ဂိုးနဲ့ ပွဲသိမ်းခဲ့ပါတယ်။ ရီးယဲလ်အတွက် ဂိုးတွေကိုတော့ ဘန်ဇီမာ၊ ဂါရက်ဘေးလ်နဲ့၊ ရော်နယ်ဒိုတို့က ၂ ဂိုးစီ သွင်းယူပေးခဲ့ပြီး၊ ရှော်လ်ကာ အတွက် နှစ်သိမ့်ဂိုးကိုတော့ ယခင် ရီးယဲလ် ကစားသမားဟောင်း ဟန်တယ်လာက သွင်းယူပေးခဲ့ပါတယ်။ ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒို ဒီထက် ဂိုးပိုရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့သာ ၂ ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ။ ဒီပွဲအနိုင်ဟာ ဂျာမန်မြေပေါ်မှာ ရီးယဲလ်ရဲ့ ဒုတိယမြောက် အနိုင်လည်းဖြစ်ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ပြိုင်ပွဲမှာ ၆ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာပါတယ်။

    အစ္စတန်ဘူလ်မှာ ကစားခဲ့တဲ့ ချယ်ဆီးနဲ့ ဂါလာတာစာရေးတို့ပွဲမှာတော့ မော်ရင်ဟိုရဲ့ ချယ်ဆီးအသင်း ပွဲအစပိုင်းမှာ ကစားကွက်အသာရခဲ့ပြီး ပွဲအစ ၉ မိနစ်မှာပဲ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အန်ဒရီ ရှာရဲလ်၊ အေဒင် ဟာဇာ့ဒ်ရဲ့ တွဲလုံးကနေတစ်ဆင့် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာလည်း ချယ်ဆီးက ဂိုးသွင်းခွင့်အနည်းငယ်ရခဲ့ပြီး ၂၇ မိနစ်မှာ ရာမီးရက်စ်ရဲ့ကန်ချက် ဘားတန်းထိ ထွက်ခဲ့လို့ ချယ်ဆီးဆို့ နစ်နာခဲ့ရပါတယ်။

    ဒုတိယပိုင်းမှာတော့ အိမ်ရှင် ဂါလာတာစာရေးတို့ ပိုကောင်းခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ကာ ၆၄ မိနစ်မှာတော့ စနိုက်ဒါရဲ့ ထောင့်ကန်ဘောကတစ်ဆင့် နောက်ခံလူ ချက်ဂျူက အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဂါလာတာစာရေးက ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဂ်ဘာ ဒီပွဲမှာ ချယ်ဆီးဂိုးပေါက်ကို ကန်သွင်းခွင့် တစ်ကြိမ်သာ ရခဲ့ပါတယ်။ ချေပဂိုးပေးလိုက်ရပြီးတဲ့နောက် နည်းစနစ်ပိုင်း အပြောင်းအလဲလုပ်ခဲ့ပြီး သရေရထားတဲ့ ဂါလာတာစာရေး ဒုတိယအကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချယ်ဆီးကို ဘယ်လိုရင်ဆိုင်မလဲဆိုတာက စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာပါ။

    ဒီနေ့မနက် ချန်ပီယံလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရှော်လ်ကာ ၁-၆ ရီးယဲလ်
    ဂါလာတာစာရေး ၁-၁ ချယ်ဆီး