News @ M-Media

Blog

  • တအောင်း(ပလောင်) စစ်ပြေး ဒုက္ခသည်များ လျစ်လျူရှု မခံရစေရေး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်
    P2250742
    ရန်ကုန် ။          ။         ကွက်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ်တို့၌ ဒုက္ခသည်စခန်း စုစုပေါင်း (၆)ခုတွင် ဒုက္ခသည် ပေါင်း ၄၀၀၀ ကျော်ရှိသည့်အနက် တအောင်း တိုင်းရင်းသား (၃၀၀၀)ကျော် ပါဝင်ကြောင်း အစီရင်ခံစာနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁း၀၀-နာရီမှ နေ့လည် ၁း၀၀-နာရီအထိ  တော်ဝင်နှင်းဆီ ခန်းမ၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။

    တအာင်းဒုက္ခသည်စခန်းများမှာ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲသည့် အတွက် အလှူရှင် အရောက်အပေါက်နည်းသည့် အတွက် ဒေသခံများ၏ လျစ်လျူရှု ခံရသည့် အကြပ်အတည်းများကို နိုင်ငံတကာမှ သိရှိစေရန်နှင့် လူမှုရေးအဖွဲ့အစည်းများ၊ ပါတီနှင့် လွှတ်တော်မှ ကွင်းဆင်း စစ်ဆေးနိုင်ရေး အတွက်  လျစ်လျူရှုခံ အကြပ်အတည်း“ အမည်ရှိ အစီရင်ခံစာ တစ်စောင်ကို  တအောင်း အမျိုးသမီး အဖွဲ့အစည်း (Ta’ang Women’s  Organization) က ဖေဖော်ဝါရီလ ၂၅-ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ပြည်တွင်းစစ်ပြေး တအောင်း ဒုက္ခသည်များအနေဖြင့် ဒုက္ခသည် စခန်း၌ ကလေးများ ပညာသင်ကြား ခွင့်မရခြင်း၊ အကူအညီများ လုံလုံလောက်လောက် မရခြင်း၊ ကျန်းမာရေး ချို့တဲ့မှုများ ဖြစ်ပေါ်ကာ ဆေးဝါးလုံလောက်မှု မရှိခြင်း၊ အလုပ် လက်မဲ့များဖြစ်နေခြင်း စသည့်အခြေအနေများကြောင့် မိမိတို့၏ နေရပ်သို့ မပြန်နိုင်ဘဲဖြစ်နေကြသည်ဟု ဒုက္ခသည်များထံမှ သိရကြောင်းနှင့် တအောင်း (ပလောင်)ဒေသရှိ ပြည်တွင်း စစ်ပြေး ဒုက္ခသည်များထံ သွားရောက်တွေ့ဆုံပြီး ဒုက္ခသည်များ၏ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်မေးမြန်းထားသည့် တွေ့ရှိချက်များအပေါ်တွင် ၎င်းအစီရင်ခံစာအား ရေးသား ထားခြင်းဖြစ်ကြောင်း တအောင်း အမျိုးသမီးအဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ငြိမ်းချမ်းရေးသာ ဆွေးနွေးနေတယ်၊ တကယ်တမ်းတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ပွဲတွေဆက်ဖြစ်နေတော့ အဲ့ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ဘ၀တွေက အကြောက်တရားတွေ အောက်မှာပဲ နေနေရတယ်။ သူတို့တစ်တွေရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေ ပျောက်ဆုံးပြီးတော့ သူတို့အိုးအိမ်တွေ ပစ်ထားပြီးတော့ ဒုက္ခသည် စခန်းတွေမှာ နေရတော့ ကျန်းမာရေး စောင့်ရှောက်မှု မရှိလို့ ကလေးတွေရဲ့ပညာရေးတွေလည်း ဆုံးရှုံးကုန်တယ်၊ အမျိုးသမီးတွေရဲ့ ဘ၀တွေလည်း လုံးခြုံမှုတွေ မရှိတော့ဘူး” ဟု တအောင်း အမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး ဒီဒီပိုးစေင်က ပြောသည်။

  • ဓာတ်ဆီဆိုင် ဆောက်လုပ်နေမှု ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်

    ဖေဖော်ဝါရီလ ၂၆၊ ၂၀၁၄
    M-Media
    လမင်း

    1506502_1510038222555985_1870881490_n
    ရန်ကုန်။ ။ အင်းစိန် မြို့နယ် ရွှေပြည်သာ တံတားလမ်းမကြီးဘေး တညင်းကုန်းဘူတာ အမှတ် ၄/၅ နယ်မြေတွင် ဓာတ်ဆီဆိုင်ဖွင့်ရန် အတွက် ပြုလုပ်နေမှုကို ရွှေပြည်သာ မြို့နယ်နေ ပြည်သူပြည်သားများမှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    ‘အန်တီတို့ကတော့ အခုလိုလူနေအိမ်တွေ ကြားထဲမှာ ဆီဆိုင်ဆောက်မှာကို လုံးဝကိုခွင့်မပြုနိုင်ဘူး။ အခုလည်း အန်နီက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်နေတာပါ။ အရမ်းကိုပြည်သူတွေ အတွက် အန္တရယ်ရှိပါတယ် အိမ်တွေက ကပ်နေကြတာလေ။ အန်တီတို့ ကတော့ ရပ်ဆိုင်းတာကို မလိုချင်ဘူး အပြီးဖျက်သိမ်းပေးတာကိုပဲ လိုချင်တာပါ’ဟု ဦးဆောင် ဆန္ဒပြသသူ ဒေါ်မျိုးမျိုးအေးကပြောကြားခဲ့သည်။

    ဆောက်လုပ်နေသည့် ဓာတ်ဆီဆိုင်နှင့်အနီးတွင် မဟာ ဂတ်စ်ပိုက်လိုင်း၊ ဂတ်စ် ဆိုင်တစ်ဆိုင်နှင့် အိမ်ခြေများ များပြားလွန်းသောကြောင့် ဆီဆိုင်ဆောက်လုပ်မှုကို တားမြစ်ခဲ့ကြကြောင်း သိရပါသည်။ ဆန္ဒဖော်ထုတ်သူများသည် တရားဝင်ခွင့်ပြုမိန့်ဖြင့် ‘ဓာတ်ဆီဆိုင်ဆောက်လုပ်မှု ချက်ချင်းရပ်’၊ ‘ပြည်သူ့ဆန္ဒကို လေးစားပါ’ စသည့်ပိုစတာများကို ကိုင်ဆောင်ပြီး လူဦးရေ ၁၀၀ ကျော်မှ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့ကြသည်။

  • ကွာတားတက်ဖို့ အခြေအနေကောင်းတဲ့ ဒေါ့မွန်၊ အေသင်မှာ ဒူးထောက်ခဲ့ရတဲ့ မန်ယူတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ပွဲစဉ်များ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media

    Olympiakos-vs-Manchester-Utd-3183302
    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်  ပထမအကျော့ ၂ ပွဲကို ဒီတစ်ပတ်မှာ ကစားခဲ့ပြီး ဒေါ့မွန်အသင်း အနိုင်ရခဲ့ကာ မန်ယူအသင်းကတော့ ဂရိမြေမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။

    မနေ့က ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ဇင်းနစ်တို့ရဲ့ပွဲမှာ လီဝန်ဒေါ့စကီးရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဧည့်သည်ဒေါ့မွန်အသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပထမိုင်း ၅ မိနစ်မှာပဲ ဒေါ့မွန်တို့ ၂ ဂိုး ပြတ်ခဲ့ပြီး ကစားပုံကလည်း ဇင်းနစ်ထက် ပိုကောင်းခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၃၀ အတွင်းမှာ ဦးဆောင်ဂိုးတွေ ထပ်ရဖို့ ဒေါ့မွန်က အခွင့်အရေး ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

    ဒုတိယပိုင်းမှာတော့ ဇင်းနစ်တို့ တင်ကစားလာခဲ့ပြီး တိုက်စစ်ပိုင်းကလည်း ဒေါ့မွန်ကို တောက်လျှောက် ဖိအားပေးနိုင်ခဲ့ကာ ၅၇ မိနစ်မှာ အိုလက်ရှာတော့ဗ်က ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ၄ မိနစ်အကြာမှာပဲ လီဝန်ဒေါ့စကီးက ဒေါ့မွန် အတွက် တတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးရဖို့ ကြိုးစားလာတဲ့ အိမ်ရှင်တို့ ၆၉ မိနစ်မှာ ပင်နယ်တီကနေ ဒုတိယချေပဂိုး ထပ်ရခဲ့ပေမယ့် ၇၁ မိနစ်မှာ လီဝန်ဒေါ့စကီးက သူရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ ၄ ဂိုး ၂ ဂိုးနဲ့ အိမ်ရှင်ဇင်းနစ်တို့ ရှုံးနိမ့်ခဲ့ရပါတယ်။

    ရာသီကုန်ရင် အသင်းကထွက်ခွာတော့မယ်လို့ ကြေညာထားတဲ့ လီဝန်ဒေါ့စကီးကို ပထမဦးစားပေး ကစားသမား အဖြစ် သုံးစွဲခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ကြိုးကြိုးစားစားနဲ့ ရေကုန်ရေခန်း ကစားသွားခဲ့တဲ့ လီဝန်ဒေါ့စကီးတို့ရဲ့ ပရော်ဖက်ရှင်နယ် ပီသတဲ့ စိတ်ဓာတ်တွေကတော့ ချီးကျူးစရာပါပဲ။

    ဒီနေ့မနက် ဂရိမြေမှာ ကစားခဲ့တဲ့ အိုလံပီယာကော့စ်နဲ့ မန်ယူတို့ပွဲမှာတော့ အိမ်ရှင်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ အိုလံပီယာကော့စ်ရဲ့ ကစားအားဟာ ချီးကျူးစရာကောင်းခဲ့ပြီး ဗန်ပါစီ ရူနီတို့နဲ့ လူစုံခဲ့တဲ့ မန်ယူတို့ အခက်တွေ့ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ တောင်လျှောက် ပါဝင်ခွင့်ရနေတဲ့ လူငယ်အလယ်တန်း ကစားသမား ဂျာနူဇေးကတော့ ဒီပွဲမှာ အရန်ခုံမှာပဲ ထိုင်ခဲ့ရပါတယ်။

    အိုလံပီယာကော့စ်မှာတော့ အားထားရတဲ့ တိုက်စစ်မှူး ဆာဗီယိုလာ ပေါင်ဒဏ်ရာကြောင့် ပါဝင်ခွင့်မရခဲ့ဘဲ အသက် ၂၁ နှစ်အရွယ် နိုက်ဂျီးရီးယား ကစားသမား မီခေးလ် အိုလိုင်တန်က တိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။

    ပွဲအစမှာ အိုလံပီယာကော့စ်တို့ ကစားပုံကောင်းခဲ့ပြီး မန်ယူဂိုးပေါက်ကို ၂ ကြိမ်လောက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မန်ယူတို့အခွင့်အရေး အနည်းငယ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ရူနီရဲ့ ဖရီးကစ်ကန်ချက် အနည်းငယ်လွဲချော်ခဲ့တာ ဗန်ပါစီရဲ့ ကြိုးစားမှု အရာမထင်ခဲ့တာက ဒီပွဲအရှုံးကိုဖြစ်လာစေခဲ့တာပါ။

    ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲ ၂ ခုမှာ ထွက်ခဲ့ရပြီး ပရီးမီယားလိဂ်မှာလည်း ချန်ပီယံ မျှော်လင့်ချက်မရှိတော့တဲ့ မန်ယူတို့ရဲ့ နောက်ဆုံးလက်ကျန် ချန်ပီယံလိဂ်ဖလား မျှော်လင့်ချင်ဟာေ၀၀ါးလာခဲ့ပြီး လာမယ့် ဒုတိယအကျော့မှာ ဖောင်ဖျက်ကစားရတော့မှာဖြစ်ပါတယ်။ ဖာဂူဆန်ရဲ့ နေရာကို ဆက်ခံခဲ့တဲ့ မိုယက်စ်ရဲ့ ပထမဆုံးရာသီမှာ ဖလားလက်မဲ့ ရာသီဖြစ်မလားဆိုတာကိုတော့ စောင့်ကြည်ရတော့မှာပါ။ အိမ်ရှင် အိုလံပီယာကော့စ်အတွက် ဂိုးတွေကိုတော့ ၃၈ မိနစ်နဲ့ ၅၅ မိနစ်တို့မှာ အလက်ဂျန်ဒရို ဒိုမင်ဂဇ်နဲ့ ဂျိုလ်းကမ်းဘဲလ်တို့က သွင်းယူပေးခဲ့တာပါ။

    ဒီတစ်ပတ် ချန်ပီယံလိဂ်ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဇင်းနစ် ၂-၄ ဒေါ့မွန်
    အိုလံပီယာကော့စ် ၂-၀ မန်ယူ

  • ရိုဟင်ဂျာတွေကို လူ့အခွင့်အရေး ချိုးဖောက်ဖို့ မြန်မာအစိုးရ မူဝါဒ ချမှတ်ထားဟု Fortify Rights အဖွဲ့ ဖွင့်ချ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media
    1622761_272962526199472_2147124283_n
    ရန်ကုန်။    ။လူနည်းစုဝင် ရိုဟင်ဂျာမွတ်စလင် လူ့အဖွဲ့အစည်းအား လူဦးရေနှင့်လွတ်လပ်စွာသွားလာခွင့် ထိန်းချုပ် ကန့်သတ်ထားချက်များ အပါအ၀င် မြန်မာအစိုးရ၏ ချိုးနှိမ်စော်ကားမူဝါဒများကို နှောင်ကြိုးမဲ့ လူ့အခွင့်အရေး အုပ်စု တစ်ခုမှ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် အထောက်အထားများနှင့် တစ်ကွ ဖွင့်ချတင်ပြလိုက်သည်။

    အရှေ့တောင်အာရှအခြေစိုက် Fortify Rights အဖွဲ့ အမှုဆောင်ဒါရိုက်တာ မက်သျူး စမစ် Matthew Smith က ယင်းတွေ့ရှိချက်များမှာ ပေါက်ကြားလာသည့်  စာရွက်စာတမ်း (၁၂)စောင် နှင့် လူထု သုံးသပ်မှု မှတ်တမ်းများ အပေါ် အခြေခံထားခြင်းဖြစ်သည်ဟု ပြောကြားသည်။

    လူနည်းစုဝင် အုပ်စုအပေါ် ညှင်းပန်းနှိပ်စက်မှုများကို ကျကျနန ရေးသွင်းပြုစုထားသလို လွန်ခဲ့သည့်ဆယ်စုနှ စ်များစွာမှ အချို့ကိစ္စများလည်း ပါဝင်ကြောင်း၊ ၎င်းတို့၏ တုန်လှုပ်ဖွယ် သက်ရောက်မှုများကို ရေးသားချက်များ၌ တွေ့ရမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပထမဆုံး လူသိရှင်ကြားတရားဝင် ထုတ်ဖော်မှုဖြစ်ကြောင်း သူက ဆိုသည်။

    “ အဲ့ဒီ တင်ပြချက်က လူလူချင်းစော်ကားတဲ့ပြစ်မှုတွေ တိုးပွားလာစေတဲ့ မြန်မာအာဏာပိုင်များ အကြားက အသိပညာနဲ့ ကြံစည်မှု အနေအထားကို ဖော်ပြထားပါတယ်။ လူပေါင်းများစွာ ပြိုလဲစေတဲ့ ဒီစော်ကားချက်တွေကို ကောက်ကျစ်ယုတ်မာမှုနဲ့ တစ်ကွ နှစ်ပေါင်းများစွာ ဖော်ဆောင်နေခဲ့ခြင်းဖြစ်တယ် ” ဟု စမစ်မှ ပြောပြသည်။

    တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားရန် အေပီ သတင်းဌာန၏ တောင်းဆိုချက်ကို သမ္မတရုံးပြောဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်မှ အဖြေမပေးခဲ့ပါ။ သို့သော် အစိုးရ အာဏာပိုင်များ၏ လက်သုံးစကားဖြစ်သော “ ဘင်္ဂါလီ(ရိုဟင်ဂျာ) အားပေး အုပ်စုများ၏ အခြေအမြစ်မဲ့ စွပ်စွဲချက်တို့ဖြင့် သုံးသပ်ပြောဆိုခြင်း မပြုပါနှင့် ” ဟု ပြောခဲ့ကြောင်း Myanmar Times က ဖော်ပြသည်။

    လူဦးရေ သန်း ၆၀ ရှိ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော မြန်မာနိုင်ငံသည် ရာစုနှစ်တစ်ဝက် စစ်အုပ်ချုပ်ရေးကြမ်းကြီးမှ ရုတ်တရက် ခုန်ထွက်လာရသည်။ အညှာမခိုင်သေးသည့် ဒီမိုကရေစီ ကူးပြောင်းမှုကို ခြိမ်းခြောက်လျက်ရှိသော ၂၀၁၂ ခုနှစ်မှစ၍ ပွင့်အံလာသည့် လူမျိုးရေး အကြမ်းဖက်မှုအပေါ် အမေရိကန်ပြည်ထောင်စုနှင့် အခြား တိုင်းပြည်များက ရတက်မအေး ဖြစ်နေကြ၏။ ဗုဒ္ဓဘာသာဝင် လူသွမ်းအုပ်စုများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၈၀ ထက်မနည်း သေကြေပျက်စီးရပြီး အများစုမှာ ရိုဟင်ဂျာများဖြစ်ကြသည်။ တစ်သိန်းလေးသောင်းခန့်မှာ နေရပ် စွန့်ခဲ့ကြရသည်။

    ဘင်္ဂလားပင်လယ်အော်ကမ်းခြေ တစ်လျှောက်တွင်တည်ရှိပြီး ပြည်မနှင့် အဆက်ပြတ်နေသော ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတို့ကို ကုလသမဂ္ဂမှ ကမ္ဘာ့နှိပ်စက်ညှင်းပန်းမှု အခံရဆုံး လူနည်းစု လူ့အဖွဲ့အစည်းဟု ဖော်ပြခဲ့သည်။ သူတို့၏ လူဦးရေ ပမာဏမှာ ၁.၃ သန်းခန့်ရှိသည်။ ထိုဒေသအတွင်း မျိုးဆက်ပေါင်း များစွာနေထိုင်လာသော အဆက်အနွယ်များဖြစ်သော်လည်း အစိုးရက သူတို့ကို ဘင်္ဂလားဒေ့ရှ်မှ လာသူများဟု ဆိုပြီး နိုင်ငံသားဖြစ်ခြင်းမှ လုံးလုံးလျားလျား ငြင်းပယ်၍ နိုင်ငံမဲ့များဘ၀သို့ တွန်းပို့လိုက်သည်။

    Fortify Rights ၏ စာမျက်နှာ ၇၉ မျက်နှာပါ အစီရင်ခံစာရှိ လျှို့ဝှက်စာရွက်စာတမ်းများက – ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ရခိုင်ပြည်နယ် အာဏာပိုင်များသည် ရိုဟင်ဂျာတို့အား ခရီးသွားလာခွင့်၊ လွတ်လပ်စွာ ဘာသာရေးကျင့်သုံးခွင့်၊ သာသနိက အဆောင်အဦဆောက် လုပ်ခွင့်၊ နေအိမ်ပြုပြင်ခွင့်၊ လက်ထပ် ထိမ်းမြား၍ မျိုးဆက် ထူထောင်ခွင့်များ အပေါ် တစိုက်မတ်မတ် ကန့်သတ်ပိတ်ပင်ဖို့ တရားဝင်အမိန့်များ ထုတ်ပြန်ထားကြောင်း ဖွင့်ထုတ်ဖော်ပြလျက်ရှိနေသည်။

    ၁၉၉၃၊ ၂၀၀၅ နှင့် ၂၀၀၈ ခုနှစ်များ၏ ဒေသဆိုင်ရာအမိန့်အချို့ကို ဗဟိုအစိုးရ တရားစီရင်ရေး လက်အောက်ဌာန အသီးသီးထံမှ ပေးပို့ထား ခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းအရာများအပေါ် ၂၀၁၁ ခုနှစ်ကတည်းကစပြီးမှတ်တမ်းတင်ဆွေးနွေး တင်ပြထားချက်များပါဝင်ကြောင်း၊ ၎င်းမူဝါဒ အားလုံးမှာ ယနေ့ထက်တိုင် သက်ဝင် လှုပ်ရှားနေဆဲဖြစ်ကြောင်း ထိုလူ့အခွင့်အရေးအုပ်စုက ပြောကြားသည်။

    မောင်းတောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ရိုဟင်ဂျာများအဖို့  ကလေးနှစ်ယောက်သာယူရေး မူဝါဒအတွက် အောက်ခြေအဆင့်အထိ အမိန့်ပေးထားခြင်း၊ စားဝတ်နေရေးဖူလှုံစေရန် မွေးဖွားမှုနှုန်း ထိန်းချုပ်လိုသည့် အတွက် ကလေး အရေအတွက်အား ကန့်သတ်ခြင်း၊ ခွင့်ပြုချက်ရမှသာ လက်ထပ် ထိမ်းမြားနိုင်ခြင်း စသည်ဖြင့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၎င်းသူတို့သာ လူဦးရေထိန်းချုပ်မှုကို ခံစားနေကြရသည်။

    အမျိုးသမီးများသည် တစ်ပါးသူ၏ ကလေးများကို မိမိ၏ရင်သွေးအဖြစ် ပြောဆိုသည်ဟု သံသယရှိပါက ကလေးမိခင် အမှန်ဟုတ်မဟုတ် အတည်ပြုရန် ၎င်းတို့မျက်မှောက်မှာပင် အဓမ္မနို့တိုက်ကျွေးပြစေကြောင်း၊ အာဏာပိုင်အရာရှိများထံ အသေးစိတ် လမ်းညွှန်ထားသည်ဟု အထောက်အထားတစ်ရပ်က ဆိုထားသည်။

    ထိုအမိန့်များအကောင်အထည်ဖော်ရေး အခွင့်အာဏာကို လုံခြုံရေး တပ်ဖွဲ့များထံသို့လည်း ပေးအပ်ထား၏။ နေအိမ်များပေါ် တက်၍ ရှောင်တခင် စစ်ဆေးခြင်း၊ မိသားစုစာရင်းအတည်ပြုချက်ရေးရာ၌ ကိုယ်ရေးကိုယ်တာများအတွင်း ရည်ရွယ်ချက်ရှိရှိ ၀င်စွက်ခြင်း စသဖြင့် ပြုလုပ်ခဲ့ကြသည်။

    အမျိုးသမီးများသည် တစ်ပါးသူ၏ ကလေးများကို မိမိ၏ရင်သွေးအဖြစ် ပြောဆိုသည်ဟု သံသယရှိပါက ကလေးမိခင် အမှန်ဟုတ်မဟုတ် အတည်ပြုရန် ၎င်းတို့မျက်မှောက်မှာပင် အဓမ္မနို့တိုက်ကျွေးပြစေကြောင်း၊ အာဏာပိုင်အရာရှိများထံ အသေးစိတ် လမ်းညွှန်ထားသည်ဟု အထောက်အထားတစ်ရပ်က ဆိုထားသည်။

    “ ဒါဟာ အလွန် စက်ဆုပ်စရာကောင်းပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားချိုးနှိမ်တဲ့ မူဝါဒများကို ပြည့်ပြည့်စုံစုံ ပြုစုထားသလို၊ အဲ့ဒါနဲ့ပတ်သက်တဲ့ တရားဝင် အမိန့်ထုတ်ပြန်ချက် မိတ္တူများအားလုံးလည်း ပါဝင်နေတဲ့ အတွက် အစီရင်ခံစာက ငြင်းမရအောင် ထင်ရှားခိုင်လုံနေပါတယ် ” ဟု အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင် Benjamin Zawacki က ပြောကြားလိုက်ပါသည်။

    အဆိုပါ Fortify Rights မှ ဖွင့်ချလိုက်တဲ့ အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်တွင်းခြေစိုက် သတင်းအေဂျင်စီ တခုဖြစ်သော မြစ်မခ မီဒီယာမှ “ဘင်္ဂါလီများအပေါ် အစိုးရမှ လူ့အခွင့်အရေးချိုးဖောက်မှု မရှိဟု အစီရင်ခံစာထွက်ပေါ်” ခေါင်းစဉ်ဖြင့် ယမန့်နေ့က သတင်း တပုဒ်ရေးသားခဲ့ပါသည်။ အဆိုပါသတင်းပါ အချက်အလက်တွေဟာ မူရင်း အစီရင်ခံစာ၊ နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်နှင့် ၄င်းတို့ သတင်းတွင် ကိုးကားဖော်ပြထားသော Wall Street Journal ၏ ဖော်ပြချက်များနှင့် များစွာ ကွဲလွဲမှုများပါရှိတာကို တွေ့ရှိရပါသည်။

    ကိုးကားသတင်းလင့်များ
    AP သတင်းလင့်         =>http://bigstory.ap.org/article/rights-group-publishes-anti-rohingya-policies
    Wall Street Journal     သတင်းလင့်=> http://on.wsj.com/1pnZs3B
    Fortify Rights ကနေ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ လင့်=> http://www.fortifyrights.org/publication-20140225.html
    မြစ်မခသတင်းလင့်=>http://goo.gl/jkdgZP

    AP သတင်းဌာနတွင် ROBIN McDOWELL ရေးသားသည့် “Rights group blasts Myanmar over Rohingya policies” သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • အိန္ဒိယကုန်သည် ၂ ဦး အသတ်ခံရပြီးနောက် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media

    1.-Manipur
    ဓါတ်ပုံအညွှန်း- အိန္ဒိယ-မြန်မာ နယ်စပ်တံတား မိုရေးဘက်အခြမ်း အားတွေ့မြင်ရပုံ ၂၀၁၂ ခုက ဓါတ်ပုံဖြစ်ပါသည်။ (PHOTO: Reuters)

    အိန္ဒိယ-မြန်မာနယ်စပ်ရှိ မိုရေးမြို့တွင် နှစ်ရက်ကြာ ဆန္ဒပြမှုသည် မြန်မာအာဏာပိုင်များက စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ နမ့်ဖာလုံဈေးသို့ ဖြတ်ကျော် ၀င်ရောက်လာသည့် အိန္ဒိယကုန်သည်များအတွက် လုံခြုံရေး အာမခံပေးမှုကြောင့် အရှိန်လျော့ကျသွားသည်။

    ကုန်သွယ်ရေးမှာ ပုံမှန်အခြေအနေနီးပါးသို့ ပြန်ရောက်လာသည်ဟု အိန္ဒိယအရာရှိတစ်ဦးက DVB သို့ ပြောကြားသည်။

    ဖေဖော်ဝါရီ ၁၁ ရက်က လူဝင်မှုကြီးကြပ်ရေးထံမှ နေ့ချင်းပြန် ကုန်သွယ် ကူးသန်းသွားလာ ခွင့်ရယူပြီး အိန္ဒိယနိုင်ငံသား ၆ ဦးသည် မိုရေး-တမူးနယ်စပ်ဖြတ်ကာ မြန်မာနိုင်ငံတွင်း ၀င်ရောက်လာသည်။ လူလေးဦးသာ ပြန်ရောက်လာပြီး နှစ်ဦးမှာ ပြန်ပေး ဆွဲ ခံရသည်ဟု ဆိုသောကြောင့် မိုရေးလ၀ကအရာရှိမှ ၎င်းတို့အား ရှာဖွေပေးရန်၊ ပြန်ပေး ဆွဲသူများအား ဖော်ထုတ်အရေးယူပေးရန် မြန်မာအာဏာပိုင်များသို့ ချက်ခြင်း စာပို့အကြောင်းကြားခဲ့သည်။

    ၉ ရက်ကြာပြီးနောက်  မြန်မာပြည်ဖက် ၀င်ရောက် စုံစမ်းခွင့်မရှိသော မိုရေးရဲဌာနသို့ အိန္ဒိယပိုင်နက်အတွင်း လူသေ အလောင်းနှစ်ခုတွေ့ကြောင်း သတင်းရောက်လာသည်။ ၎င်းနောက် ရဲဌာနမှ ယင်းရုပ်အလောင်းတို့အား သေမှုသေခင်း စစ်ဆေးရန်အတွက် မဏိပူရမြို့တောင် အင်ဖာလ်သို့ ပို့လိုက်သည်။

    နှိပ်စက်သတ်ဖြတ်ခံရကြောင်း သိရလေသောအခါ လူထုခေါင်းဆောင်များက ဒေသခံတို့အား စုရုံး၍ နယ်စပ်ဖြတ်ကျော်မှုကို ပိတ်ဆို့ပြီး ကူးသန်းသွားလာခြင်းကို နှစ်ရက်အထိ ရပ်တန့်စေလိုက်သည်။ ၁၉၉၅ ခုနှစ်တွင် မြန်မာနှင့် အိန္ဒိယတို့သည် နယ်စပ်ကုန်သွယ်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ယင်းဒေသတွင် အဓိကရောင်းဝယ်ဖောက်ကားသည်မှာ အိန္ဒိယ နှင့် တရုတ်၏ ကုန်စည်စလယ်များ ဖြစ်ကြသည်။

    နယ်စပ်ဝင်ပေါက်ကို ပိတ်ဆို့ဆန္ဒပြခြင်းမှာ မိမိတို့၏ ပုဂ္ဂလ လုံခြုံရေးနှင့်ပတ်သက်ပြီး သောကကြီးမားနေ၍ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိတို့ အများစုမှာ နေ့စဉ်နှင့်အမျှ လုပ်ငန်းကိစ္စဖြင့် မြန်မာပြည်ဖက် ၀င်ထွက်သွားလာနေ ရ၍ဖြစ်ကြောင်း မိုရေးဒေသခံများက ဆိုသည်။ ဆန္ဒပြသူများက လုံခြုံရေးကို အာမခံချက် မပေးနိုင်လျှင် ဆက်လက်ပိတ်ဆို့ သွားမည်ဟု ပြောဆိုကြောင်း အိန္ဒိယနေ့စဉ်သတင်းစာ The Hindu မှ ဖော်ပြသည်။

    အိန္ဒိယ၏ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး အရှေ့မြောက်ပိုင်း ဒေသရှိလူတို့မှာ အိန္ဒိယအစိုးရ နှင့် တိုင်းရင်းသားခွဲထွက်ရေးလှုပ်ရှားမှုများ အကြား ရုန်းကန်ရပ်တည်နေရဆဲဖြစ်သည်။ သူတို့သည် နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်မှုအပေါ် မှီခိုနေရပေသည်။

    Ref: DVB English