News @ M-Media

Blog

  • ချယ်ဆီးမှ ထွက်ခွာပါက အင်တာသို့ပြန်သွားမည်ဟု မော်ရင်ဟိုဆို

    ဖေဖော်ဝါရီ ၂၇ ၂၀၁၄
    M-Media
    373450_heroa
    – ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျက ၎င်းအား အလိုမရှိတော့လျှင် အီတလီစီးရီးအေကလပ် အင်တာမီလန် အသင်းသို့ ပြန်လည်ပြောင်းရွှေ့မည်ဟု ပြောကြားလိုက်သည်။

    အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်သည့် မော်ရင်ဟိုမှာ အင်တာမီလန်အသင်းတွင် ၂ နှစ်ကြာ နည်းပြခဲ့ပြီး စီးရီးအေ၊ ချန်ပီယံလိဂ်နှင့် ကိုပါအီတာလီယာ ဖလားသုံးလုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ ၂၀၁၀ ခုနှစ်တွင် အင်တာမှ ထွက်ခွာခဲ့သည်။

    “အခုအချိန်မှာတော့ ချယ်ဆီးမှာ ကျွန်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီက ကျွန်တော့ရဲ့ စွန့်စားခန်းပြီးသွားပြီလို့ အနာဂတ်မှာ အေဘရာမိုဗစ်ခ်ျက ဆုံးဖြတ်နိုင်ပါတယ်။ အဲဒီနေ့မှာတော့ ကျွန်တော် အီတလီကိုပြန်သွားမှာပါ။ အင်တာမီလန်အကြောင်း စဉ်းစားတာဟာ ကျွန်တော့အတွက်တော့ သာမန်ပါပဲ။ ဒါပေမယ့် အင်တာကလွဲပြီး တစ်ခြား အီတလီကလပ်တော့ မဟုတ်ပါဘူး” ဟု မော်ရင်ဟိုက အီတလီမီဒီယာ Mediaset သို့ ပြောကြားခဲ့သည်။

    မော်ရင်ဟိုမှာ ၂၀၁၀ ခုနှစ် အင်တာမီလန်မှ ထွက်ခွာပြီးနောက် ရီးယဲလ်သို့သွားရောက်ခဲ့ပြီး ပြီးခဲ့သည့်နွေရာသီက ချယ်ဆီးအသင်းအား ပြန်လည်ကိုင်တွယ်ခဲ့သည်။

    Ref:Goal

  • ရုရှားထောက်ခံသူများနှင့် ဆန့်ကျင်သူများ ယူကရိန်းပြည်သူချင်း အချင်းများ၊ နယ်စပ်တွင် ရုရှားစစ်တပ် တပ်လှန့်ထားရန် ပူတင်အမိန့်ပေး

    ဖေဖော်ဝါရီ ၂၇ ၂၀၁၄
    M-Media
    27russia_2-articleLarge
    – ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသတွင် ပါလီမန်မှ သမ္မတကို ဖြုတ်ချခဲ့မှုနှင့်ပတ်သက်၍ ဆွေးနွေးရန်စီစဉ်ရာမှ ရုရှားထောက်ခံသူများနှင့် ဆန့်ကျင်သူများ အကြား လုံးထွေး သတ်ပုတ်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

    သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျအား သမ္မတရာထူးမှ ထုတ်ပယ်ခြင်းခဲ့ခြင်းအတွက် ဆွေးနွေးမှုများပြုလုပ်ရန် ခရိုင်းမီးယားဒေသရှိ နိုင်ငံရေး သမားများက ပြင်ဆင်နေချိန်တွင် ရုရှားအား ထောက်ခံသူများနှင့် ယူကရိန်း အစိုးရသစ်ကို ထောက်ခံသူ ထောင်ပေါင်း များစွာတို့မှာ ခရိုင်းမီးယားဒေသ ပါလီမန်အဆောက်အဦးရှေ့တွင် ယမန်နေ့က လုံးထွေးသတ်ပုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    လုံးထွေးသတ်ပုတ်မှုတွင် ငရုကောင်း စပရေးများဖြင့်ဖြန်းခြင်း ပုလင်းများဖြင့် ပစ်ပေါက်ခြင်းတို့ပြုလုပ်ခဲ့ကြပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကာ၊ နှလုံးရောဂါကြောင့် လူတစ်ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေး ၀န်ထမ်းများက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဖြစ်ပွားပြီးနောက် ယူကရိန်း၊ ဘီလာရုဇ်၊ ဘော်လ်တစ်နိုင်ငံများ၊ ဖင်လန်၊ အာတိတ်ဒေသ စသည်တို့နှင့် ထိစပ်လျက်ရှိသည့် ရုရှားအနောက်ဘက်စစ်တိုင်းမှ ကြည်း၊ ရေ၊ လေတပ်များအား တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် သမ္မတပူတင်က အမိန့်ပေးခဲ့သည်။

    ရုရှားကာကွယ်ရေး ၀န်ကြီးဌာနကမူ ထိုစစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်းအခြေစိုက် ပင်လယ်နက် ရေယာဉ်အုပ်စု၏ လက်နက်များ၊ ထောက်ပံ့ရေး ပစ္စည်းကိရိယာများ လုံခြုံရေးကို သေချာစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အနောက်အုပ်စုကို ထောက်ခံသော ကတ်ဘိနတ်အဖွဲ့ကို ယူကရိန်းနိုင်ငံက ယမန်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမေရိကန်ကလည်း ယူကရိန်းနိုင်ငံအား စီးပွားရေးအကူအညီများပေးရန် ကမ်းလှမ်းခဲ့ကာ ရုရှားအနေဖြင့် ယူကရိန်းအား စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ပါက ကြီးမားသော အမှားဖြစ်မည်ဟု သတိပေးခဲ့သည်။
    Ref: CNA & Al Jazeera

  • မွတ်စလင်များ ဝတ်ပြုနည်း သင်ပေးသည့် စက်ရုပ်ငယ် အီရန် လူငယ်ကျောင်းဆရာတီထွင်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media
    Robot-Teaches-Muslim-Prayers_
    – အစ္စလာမ်ဘာသာဝင်များ နေ့စဉ်ဝတ်ပြုရသည့် ၅ ကြိမ် ဆွလာသ်အား သင်ပေးရန်နှင့်ကလေးငယ်များ ၀တ်ပြုမှုများဆောင်ရွက်ရန် အားပေးသည့် အနေဖြင့် ဆွလာသ်ဝတ်ပြုမှုကို သရုပ်ပြသည့် စက်ရုပ်ငယ်တစ်ခုကို ကုရ်အာန်ကျမ်းစာ သင်ကြားသည့် အီရန်ဆရာတစ်ဦးမှ တီထွင်လိုက်သည်ဟု သိရသည်။

    အဆိုပါ စက်ရုပ်ငယ်အား အီရန်နိုင်ငံ တီဟီရန်မြို့အနီး Varamin မူလတန်းကျောင်းတွင် ကုရ်အာန်ကျမ်းတော်မြတ် သင်ကြားပို့ချနေသည့် အသက် ၂၇ နှစ်အရွယ် ဆရာဖြစ်သူ အက္ကဘာ ရှီဇိုင်အီက တီထွင်ခဲ့ခြင်းဖြစ်သည်။

    ကိုယ်ပိုင် စိတ်ဝင်စားမှုနှင့် လေ့လာနေသည့် ပညာရပ်နယ်ပယ်မှ မဟုတ်သော်လည်း  အက္ကဘာမှာ ဒေသတွင်းရှိ စက်ရုပ်တီထွင်မှု သင်တန်းတစ်ခုကို တက်ရောက်ခဲ့ပြီး၊ လူသားကဲ့သို့ စက်ရုပ်များ တီထွင်ပြုလုပ်ခြင်း ပညာရပ်များကို ရရှိခဲ့သည်။ ထို့နောက် ၎င်း၏အိမ်တွင် စက်ရုပ်တစ်ခုပြုလုပ်ခဲ့ပြီး Veldan ဟု အမည်ပေးခဲ့သည်။ ထိုအမည်မှာ ကုရ်အာန် ကျမ်းတော်မြတ်ထဲမှ စကားလုံးဖြစ်ပြီး Youth of Heaven (ကောင်းကင်ဘုံ၏ လူငယ်) ဟု အဓိပ္ပါယ်ရသည်။

    ထိုစက်ရုပ်အား အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီးနောက် ၀တ်ပြုရာတွင် ဆောင်ရွက်ရသည့် ဦးချခြင်း စသည့်လှုပ်ရှားမှုများကို လုပ်နိုင်စေခဲ့သည်။ အစ္စလာမ်ဘာသာဝင်များမှာ တစ်နေ့လျှင် ဆွလာသ်ငါးကြိမ်ဝတ်ပြုရပြီး ၀တ်ပြုမှုတစ်ခုချင်းစီတွင် ဦးညွှတ်ခြင်း၊ ဦးချခြင်း စသည့် ကိုနေဟန်ထား လှုပ်ရှားမှုများပါဝင်ကာ ထိုလှုပ်ရှားမှု အတွဲတစ်ခုချင်းစီကို “ရကအသ်” ဟု ခေါ်သည်။

    အဆိုပါ ဆွလာသ်ငါးကြိမ်ဝတ်ပြုမှုကို အချိန်အပိုင်းအခြားအလိုက် ဆောင်ရွက်ရခြင်းဖြစ်ပြီး နံနက်အာရုဏ်တက်အချိန် ၀တ်ပြုမှု “ဖဂျရ်”ဖြင့် တစ်နေ့တာ ၀တ်ပြုမှုများကို စတင်သည်။

    Ref: OnIslam & News Agencies

  • အားကစားကွင်းပြန် မရပါက လမ်းလျောက် ဆန္ဒဖော်ထုတ် သွားမည်ဟုဆို

    အားကစားကွင်းပြန် မရပါက လမ်းလျောက် ဆန္ဒဖော်ထုတ် သွားမည်ဟုဆို

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media
    လင်းလင်း

    ရန်ကုန်   ။     ။ ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၂၉- ရပ်ကွက်ရှိ နွယ်သာကီလမ်းနှင့် နှစ်လမ်းထောင့်တွင်ရှိသည့် အားကစား ကွင်းတွင် Three Friends ဆောက်လုပ်ရေးကုမ္မဏီက  အိမ်ယာများဆောက်လုပ်ရန်ပြင်ဆင်နေမှုကို ရပ်ကွက်နေပြည်သူများက ကန့်ကွက်ခဲ့ ပြီး မြေနေရာပြန်လည်ရရှိရေးအတွက် လမ်းလျောက်ဆန္ဒဖော်ထုတ်သွားမည်ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    “အရင်က အားကစားကွင်း နှစ်ကွင်းရှိတယ် တစ်ကွင်းကိုတော့ ဘယ်ဌာနကိုရောင်းလိုက်လဲမသိဘူး။ အိမ်ယာတွေဆောက်လိုက်ကြတယ်။ အခုကျန်သေးတဲ့တစ်ကွင်းကလည်း နိုင်ငံတော်ရဲ့နေ့ကြီးရက်ကြီးတွေနဲ့ တရားပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ ကလေးတွေ ကစားနေတဲ့ နေရာလေး ဖြစ်တယ်။ အခုလိုထပ်လုပ်မယ်ဆိုရင် နှစ်ကွင်းလုံးဆုံးရှုးသွားမယ်။ ဒါကြောင့်ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်တယ်။ သက်ဆိုင်ရာကိုလည်း ခွင့်ပြုမိန့်တင်ရဦးမှာဆိုတော့ ရက်တော့အတိအကျပြောလို့မရသေးဘူး” ဦးမြင့်သန်းကပြောသည်။

    အားကစားကွင်းပြန်လည်ရရှိရေးအတွက် နိုင်ငံတော်သမ္မတကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ တရားဥပဒေ စိုးမိုးရေးကော်မတီ၊ ရန်ကုန်မြို့တော်ဝန် နှင့် အခြားသက်ဆိုင်ရာဌာနများသို့ ရပ်ကွက်နေပြည်သူများမှလတ်မှတ်ရေးထိုးကာ တင်ပြ တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိကြောင်း သိရပါသည်။

  • ဘန်ကောက်ရှိ ဆောက်လုပ်ရေးဆိုဒ်တွင် မတော်တဆဖြစ်၊ မြန်မာတစ်ဦး အပါအ၀င် လူ ၁၁ ဦးသေဆုံး

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media
    BN-BR195_thaico_G_20140225082647
    – ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆင်ခြေဖုံးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအတွင်း ယက်မတန်းကြီး တစ်ခုပြုတ်ကျခဲ့သောကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦး အပါအ၀င် အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ဘန်ကောက်မြို့ အရှေ့တောင်ပိုင်း Bangpli ခရိုင်ရှိ ဆေးရုံသစ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  လုပ်ငန်းခွင်ရှိ အလုပ်သမား ၂၇ ဦးမှာ နေ့လည်အားလပ်ချိန်အတွင်း  အချို့မှာ ထမင်းစားနေကြပြီး၊ အချို့မှာ အနားယူနေကြစဉ် ကွန်ကရစ် ယက်မတန်းကြီး ကျိုးကြခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး  Somchai Piakhan က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားမှုအတွင်း တစ်ဒါဇင်ကျော်ခန့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ခဲ့ရကာ တစ်ဦးမှာ အပျက်အစီးများအကြား ပိတ်မိနေဆဲဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကယ်ဆယ်ရေးအဖွဲ့မှာ သံချောင်းများ ကွန်ကရစ်တုံးများကို ဖယ်ရှား၍ အနံ့ခံခွေးများအသုံးပြုကာ ပိတ်မိနေသူအား ကယ်ဆယ်ခဲ့သည်ဟု သိရသည်။

    ထိုင်းနိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီ ITD မှ တည်ဆောက်သည့် အဆိုပါဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးသူများမှာ ထိုင်းနိုင်ငံသား ၄ ဦး ကမ္ဘောဒီးယားမှ ၅ ဦးနှင့်၊ အသက် ၂၉ နှစ်အရွယ် ကေခိုင်ဆိုသည့် မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦးတို့ဖြစ်ကြသည်ဟု အလုပ်သမားရေးရာ သံမှူး ကျော်ကျော်လွင်က ဆိုသည်။

    ကွယ်လွန်သွားသူ၏ အမျိုးသားဖြစ်သူ သက်မောင်မောင်မှာလည်း အဆိုပါ လုပ်ငန်းခွင်တွင်ပင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ITD မှ ပေးအပ်သည့် နစ်နာကြေး ကန်ဒေါ်လာ ၃၀၀၀ ကို ရရှိမည်ဟု ကျော်ကျော်လွင်က ဆိုသည်။

    သို့သော်လည်း သက်မောင်မောင်ကမူ အဆိုပါကုမ္ပဏီမှ နစ်နာကြေး၊ သဂြိုဟ်စားရိတ် စသည်တို့နှင့်ပတ်သက်၍ မည်သည်ကိုမျှ မကြားမိကြောင်း၊ ဇနီးသည်၏ ရုပ်အလောင်းမှာ ရဲစခန်းတွင်ဖြစ်ပြီး မြန်မာသံရုံးမှ အကူအညီအချို့ကို ရရှိကြောင်းပြောကြားခဲ့သည်။

    “ရဲတွေက သူမ(ကွယ်လွန်သူ)မှာ အထောက်အထား မရှိဘူးလို့ ထင်ကြပြီး၊ ကျွန်တော်က အဲဒီအထောက်အထားတွေကိုပေးမှ သူတို့က အလောင်းပြန်ပေးမှာပါ။ သဂြိုဟ်စားရိတ် ကာမိဖို့အတွက် လခကြိုထုတ်ပေးဖို့ ကုမ္ပဏီကိုပြောထားပေမယ့် ကုမ္ပဏီက မထုတ်ပေးပါဘူး။ သူတို့ သဂြိုဟ်ပြီး ကျွန်တော့်ကို အရိုးပြာ ပြန်ပေးမယ်လို့ ထင်ပါတယ်” ဟု သက်မောင်မောင်က ဆိုသည်။

    ဇနီးဖြစ်သူမှာ ပဲခူးတိုင်းမှဖြစ်ကြပြီး ဇနီးဖြစ်သူမှာ လွန်ခဲ့သည့် ၁ နှစ်ခန့်ကမှ ၎င်း၏နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်ကာ၊ အလုပ်ဝင်သည်မှာ လေးလခန့်ပင် ရှိသေးကြောင်း၊ ထိုဆေးရုံသစ်ဆောက်လုပ်မှုတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ ၆၀၀ ခန့်ရှိသည့်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ ဖိနှိပ်ခံရခြင်းနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် ထိုင်းနိုင်ငံသို့ပြောင်းရွှေ့လာကြသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂ သန်းခန့်ရှိပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စားသောက်ဆိုင်များနှင့် စက်ရုံများတွင် လခအနည်းငယ်ဖြင့် လုပ်ကိုင်နေကြရသည်။
    Ref: CNN And Irrawaddy
    Photo-European Pressphoto Agency