News @ M-Media

Blog

  • ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ မွတ်စလင်အဖွဲ့တွေ မနေ့ကဆန္ဒပြ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    RFA (မြန်မာပိုင်း)
    muslim protest myanmar embassy washingtondc
    မနေ့မနက်က ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြခဲ့ကြတဲ့ ရိုဟင်ဂျာနဲ့ မွတ်စလင်အဖွဲ့တွေက မွန်းလွဲပိုင်း ၃ နာရီမှာတော့ အမေရိကန်လွှတ်တော်ရှေ့ က House Triangle ဆိုတဲ့ မြက်ခင်းပြင်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

    အဲဒီသတင်းစာရှင်းလင်းပွဲကို ကယ်လီဖိုး နီးယားပြည်နယ်က ရီပတ်ပလစ်ကန်ပါတီ ကိုယ်စားလှယ် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ မစ္စတာ Ed Royce က မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကို လူမျိုးတုန်းသုတ်သင်နေတာ၊ ခရစ်ယာန်တွေ၊ မွတ်စလင်တွေကို နှိပ်ကွပ်နေတာတွေကိုလည်း ရပ်ရမယ်လို့ မြန်မာ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မိမိတို့အနေနဲ့  ချီးကျူးသလို၊ မွတ်စလင်တွေကို ဖိနှိပ်မှုမှာ အစိုးရတပ်တွေက အရေးမယူပဲ လျစ်လျူရှုနေတာ ဒါမှမဟုတ် ပါဝင်ပါတ်သက်နေတာတွေ ရှိတဲ့အကြောင်း မိမိတို့သိထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မိမိနိုင်ငံသားတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် လူ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ပေးပြီး၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်အောင်ဆောင် ရွက်ရမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

    ဒီသတင်းစာရှင်းလင်းပွဲကို ကယ်လီဖိုးနီးယားပြည်နယ်က ရီပတ်ပလစ်ကန် အမတ်တစ်ဦးဖြစ်တဲ့ မစ္စတာ Dana Rohrabacher လည်း တက်ရောက်ခဲ့ပါတယ်။

    via- RFA Burmese

    ရိုဟင်ဂျာ နှင့် မြန်မာမွတ်စလင် အရေး ၀ါရှင်တန် ဆန္ဒပြပွဲ
    ================
    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
    VOA (မြန်မာပိုင်း)

  • အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်စဉ် မြောက်ကိုရီးယားမှ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်

    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
    M-Media
    2014227134429151621_20
    – တောင်ကိုရီးယားနိုင်ငံမှ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန်အတွင်း မြောက်ကိုရီးယားမှ တာတိုပစ် ဒုံးကျည် ၄ ခုအား နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းရှိ ပင်လယ်ပြင်သို့ စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ မီဒီယာ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ယမန်နေ့ ညနေ ဒေသစံတော်ချိန် ၅ နာရီ ၄၂ မိနစ်တွင် နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတမ်းရှိ တောင်တန်းပေါ်မှ တောင်ကိုရီးယားမြောက်ပိုင်း နယ်စပ်ဘက်သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ပစ်လွှတ်သည့် ရည်ရွယ်ချက်အား သိရှိရခြင်း မရှိပေ။

    စစ်ရေးလေ့ကျင့်မှုအစိတ်အပိုင်း အဖြစ် မြောက်ကိုရီးယားနိုင်ငံမှ ယခင်ကလည်း တာတိုပစ်ဒုံးကျည်များ ပစ်လွှတ်လေ့ရှိခဲ့ပြီး၊ ယခုနောက်ဆုံး ပစ်လွှတ်လိုက်သည့် ဒုံးကျည်တန်းမှာ မည်သည့်နေရာသို့ ကျရောက်သည်ကို ဖော်ပြခြင်းမရှိပေ။

    ယခုကဲ့သို့ပစ်ခတ်မှုမှာ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင်မှု စတင်ခဲ့ပြီး ရက်နည်းငယ် အကြာတွင်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ ထိုစစ်ရေးလေ့ကျင့်မှုအား စစ်ပွဲအတွက် ပြင်ဆင်ခြင်းဟု မြောက်ကိုရီးယားမှ စောစောပိုင်းတွင် ရှုတ်ချပြောဆိုထားသည်။

    ယခုလအစောပိုင်းက အမေရိကန်မှ နျူကလီးယားဗုံး တင်ဆောင်နိုင်သည့် B-52 ဗုံးကြဲလေယာဉ်မှာ တောင်ကိုရီးယားတွင် ပျံသန်းခဲ့ပြီး ထိုပျံသန်းခြင်းက စစ်ရေးအရ မည်သည့် တင်းမာမှုမှ မရှိခဲ့သော်လည်း မြောက်ကိုရီးယားကမူ ထိုပျံသန်းခြင်းအတွက် ဒေါသဖြစ်ခဲ့သည်။

    ပြီးခဲ့သည့် တနင်္လာနေ့ကလည်း မြောက်ကိုရီးယားမှ ကင်းလှည့်သင်္ဘော တစ်စင်းမှာ ကိုရီးယားနှစ်နိုင်ငံ အငြင်းပွားနေသည့် ရေပိုင်နက်ထဲသို့ ကျူးကျော် ၀င်ရောက်ခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယားနိုင်ငံမှ ပြုလုပ်နိုင်သည့် ရန်စမှုများ အတွက် တောင်ကိုရီးယားဘက်ကလည်း ၎င်း၏ စစ်တပ်အား တပ်လှန့်ထားသည်။

    မြောက်ကိုရီးယားမှ ယမန်နေ့က ပစ်လွှတ်ခဲ့သော အဆိုပါဒုံးကျည်များမှာ စကဒ်ဒုံးကျည် မူကွဲတစ်မျိုးဖြစ်ပြီး ကီလိုမီတာ ၂၀၀ ကျော် အထိရောက် ရှိနိုင်သည်ဟု တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
    Ref: Reuters & ဆင်ဟွာ

  • မက်ဆီဟာ ဘာစီလိုနာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်မည်ဟု ဝေဖန်နေသူများကို ဖာရီဂတ် ပြော

    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
    M-Media

    368937_heroa
    – အာဂျင်တိုင်းကစားသမား မက်ဆီ၏ ယခုလက်တလော အသင်းအပေါ် အထောက်အကူမပြုနိုင်သည့်အတွက် အသင်းဖော်များက စိတ်ပျက်နေသည် ဆိုသည့်သတင်းအား စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်က ငြင်းဆိုလိုက်ပြီး မက်ဆီမှာ ဘာစီလိုနာအား ရလဒ်ကောင်းအောင် ဦးဆောင်နိုင်မည်ဟု ပြောဆိုလိုက်သည်။

    စနေနေ့က ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းမှာ ဆိုစီဒက်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းအပေါ် ၀န်ဖန်မှုများရှိလာခဲ့ပြီး၊ ထိုဝေဖန်မှုများမှာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ခြေစွမ်းမပြနိုင်သည့် မက်ဆီကိုလည်း ရိုက်ခတ်ခဲ့သည်။

    သို့သော်လည်း ဖာဘရီဂက်စ်ကမူ မက်ဆီ၏ ပြင်းထန်သော ကြိုစားမှုများအတွက် အသင်းသားတိုင်းက ကျေနပ်ကြပြီး၊ ထိုအရှုံးအား ပြန်လည်ချေဖျက်နိုင်ရန် တစ်သင်းလုံးက မျှော်လင့်နေကြသည်ဟု ဆိုသည်။

    “တစ်သင်းလုံးရဲ့အင်အားကို ပခုံးပေါ်မှာတင်ထားတဲ့ ကစားသမားမျိုးရှိခဲ့မယ်ဆိုရင် အဲဒါ မက်ဆီပါပဲ။ သူ့နဲ့ ပတ်သက်ပြီး အပြစ်ပြောစရာရှိမယ်ဆိုရင်၊ ကျွန်တော်တို့က သူ့သုံးဆလောက် အပြောခံရမှာပါ” ဟု AS သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီနှင့်ပတ်သက်သည့် သတင်းထွက်လာမှုများမှာ မှားယွင်းကြောင်း ၎င်းအတွက် မက်ဆီမှာ အလွန်ကောင်းမွန်သော ကစားသမားဖြစ်ပြီး၊ ကမ္ဘာ့ဘောလုံးလောကတွင် ပြိုင်ဘက်ကင်း ကစားသမားဖြစ်ကြောင်း ဖာဘရီဂက်စ်က ထပ်လောင်း ပြောကြားခဲ့သည်။

    ဘာစီလိုနာမှာ ဆိုစီဒက်ပွဲအရှုံးကြောင့် ထိပ်ဆုံးမှ ရီးယဲလ်နှင့် ၃ မှတ်ကွာဟကာ ဒုတိယနေရာတွင်ရှိနေသည်။ မက်ဆီမှာ ယခုနှစ်တွင် ပါဝင်ကစားရသည့် လာလီဂါပွဲစဉ် ၁၈ ပွဲ၌ ၁၄ ဂိုးသွင်းယူပေးထားနိုင်သည်။

    Goal

  • ရက်ပိုင်း အနည်းငယ် အနားယူခဲ့ပြီးနောက် အိုဇေးလ်မှာ ပုံစံကောင်းဖြင့် ပြန်လာမည်ဟု ၀င်းဂါးဆို

    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
    M-Media
    371446_heroa
    – ပုံစံမှန်ပျောက်ဆုံးနေသည့် ကွင်းလယ်လူ အိုဇေးလ်အား အနားယူရန် အချိန်ပေးခဲ့ပြီးနောက် အိုဇေးလ်မှာ ပြန်လည်လန်းဆန်းလာမည်ဟု ယုံကြည်နေပြီး ၎င်းအပေါ်ရှိနေသည့် ဖိအားများအား ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

    ပြီးခဲ့သည်တစ်ပတ်က ဘိုင်ယန်မြူးနစ်အား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပယ်နယ်တီမ၀င်ခဲ့ဘဲ စိတ်ပျက်ဖွယ်ရာ ကစားပုံများနှင့် ကြုံတွေ့နေရသည့် အိုဇေးလ်အား ၀င်းဂါးက အနားပေးထားသောကြောင့် စနေနေ့တွင် ကစားခဲ့သည့် ဆန်းဒါးလန်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်ခြင်းမရှိခဲ့ပေ။

    ကလပ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ထိုက်တန်သည့် ခြေစွမ်းမျိုးပြရမည်ဟု မည်သည့်အခါမှ အိုဇေးလ်အား ဖိအားပေးခဲ့ခြင်း မရှိဟု ပြောကြားခဲ့သည့် ၀င်းဂါးက

    “မင်းအနေနဲ့ ငါတို့ကို နိုင်အောင်လုပ်ပေးရမယ်လို့ မီဆု(အိုဇေးလ်)ကို ကျွန်တော် ဘယ်တော့မှ မပြောပါဘူး။ သူအနေနဲ့ လုပ်လည်းမလုပ်သင့်ပါဘူး။ ဒါဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျစေပါတယ်။ ပြီးတော့ အဲလိုပြောလိုက်ခြင်းဟာ ကျွန်တော်လိုချင်တာထက် သူ့ကို အခြားသောပုံစံ ခံစားရစေနိုင်ပါတယ်။ ကျွန်တော်က သူ့ကို ပျော်ရွှင်စေချင်ပြီး ကောင်းကောင်းကစားစေချင်တာပါ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြား ခဲ့သည်။

    ပြီးခဲ့သည့် နွေရာသီက အာဆင်နယ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မှ ပြောင်းလာသည့် အိုဇေးလ်မှာ ရာသီ အစတွင် ခြေစွမ်းများ ပြနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခြေစွမ်းကျလာခဲ့ကာ ၂၀၁၄ ခုနှစ်အတွင်းကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်များ၌ ၁ ကြိမ်သာ ဖန်တီးပေးနိုင်ခဲ့သည်။ ၎င်း၏ ခြေစွမ်းကျဆင်းမှုများကြောင့် အိုဇေးလ်မှာ လူအများ၏ ဝေဖန်မှုကိုလည်း ခံနေရသည်။
    Goal

  • ယူကရိန်း ခရိုင်းမီးယားဒေသရှိ လေဆိပ်တခု ရုပ်ဖျက်ထားသည့် လက်နက်ကိုင်များ စီးနင်း

    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
    M-Media
    Ukraine-Simferopol_2836927b
    – ရုရှားထောက်ခံသည့် ယူကရိန်း သမ္မတ ယာနူကိုဗစ်ခ်ျ ဖြုတ်ချခံရပြီးနောက် ရုရှားထောက်ခံသူနှင့် ဆန့်ကျင်သူများအကြား တင်းမာမှုများဖြစ်ပွားနေသော ယူကရိန်း နိုင်ငံအရှေ့ပိုင်း  ခရိုင်းမီးယားဒေသ ဆင်ဖီရိုပိုလ်မြို့ရှိ အဓိကလေဆိပ်အား လက်နက်ကိုင်များက စီးနင်း သိမ်းပိုက်လိုက်သည် သိရသည်။

    အစိမ်းရောက်ဝတ်စုံများဖြင့် ရုပ်ဖျက် ၀တ်စားထားပြီး အင်အား ၄၀ ခန့်ရှိသည့် ရုရှားထောက်ခံသူ အဆိုပါ လက်နက်ကိုင်များမှာ ယမန်နေ့က  အစိုးရအဆောက်အအုံများကို သိမ်းပိုက်ခဲ့ပြီး ယနေ့တွင် လက်နက်ကိုင် ၁၂ ယောက်ခန့်က လေဆိပ်အား စောင့်ကြပ်နေခြင်းဖြစ်သည်။ သို့သော်လည်း လေဆိပ်မှာ ပုံမှန်လည်ပတ်လျက်ရှိနေသည်။

    ခရိုင်းမီးယားပါလီမန်၏ ရှေ့တွင်လည်း ရုရှား၏ သုံးရောင်ချယ်အလံများ ဝှေ့ယမ်းလျက်ရှိပြီး ရုရှားထောက်ခံသူ လူအုပ်စုကြီးမှာ ကိုယ်ပိုင်ကားများ၊ ဘတ်စ်ကားများဖြင့် မြို့တော်တစ်ဝှမ်း လှည့်လည်သွားလာလျက်ရှိနေသည်။

    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆိုပါခရိုင်းမီးယားဒေသ၏ ၀န်ကြီးချုပ် Anatoliy Mohilyov က မူ လက်နက်များကိုင်ဆောင်ထားသည့် လူ ၅၀ ခန့်မှာ အစိုးရအဆောက်အအုံများကို သိမ်းပိုက်ထားပြီး အစိုးရ၀န်ထမ်းများအား ၀င်ရောက်ခွင့်မပေးဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    သို့သော်လည်း ယခင်ဝန်ကြီးချုပ်ဟောင်း Sergiy Kunitsyn က အဆိုပါ လက်နက်ကိုများမှာ ကောင်းစွာလေ့ကျင့်ထားကြပြီး စနိုက်ပါ သေနတ်များ ကိုင်ဆောင်ထားပြီး အင်အား ၁၂၀ ခန့်ရှိကြောင်း၊ တစ်လခန့် အသုံးပြုနိုင်သည့် လက်နက်ခဲယမ်းများကို သယ်ဆောင်ကာ သွားလာကြကြောင်း ကိဗ်မြို့ရှိ ဥပဒေပြုအမတ်များအား ပြောကြားခဲ့သည်။

    ရာထူးမှ ဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း ပျောက်ကွယ်နေသည့် ယူကရိန်းသမ္မတဟောင်း ယာနူကိုဗစ်ခ်ျမှာ မော်စကိုအနီးရှိ ကျန်းမာရေး အပန်းဖြေစခန်းတွင်ပုံးအောင်နေသည်ဟု ရုရှား ရုပ်သံမှ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ ယာနူကိုဗစ်ခ်ျမှာ ယမန်နေ့က ထွက်ပေါ်လာခဲ့ပြီး ယနေ့တွင် ရုရှား၌ သတင်းစာရှင်းလင်းပွဲ လုပ်ရန်ရှိနေသည်။

    ခရိုင်းမီးယားတွင် ဖြစ်ပွားနေသည့် မငြိမ်သက်မှုများကြောင့် ရုရှားက ယူကရိန်းနယ်စပ်ရှိ ၎င်း၏ စစ်တပ်အား တပ်လှန့်ထားပြီး၊ ယူကရိန်း၏ ကြားဖြတ် သမ္မတ တာချီနော့ဗ်ကမူ ခရိုင်းမီးယားအခြေစိုက် ပင်လယ်နက်ရှိ ရုရှားစစ်တပ်များ၏ လှုပ်ရှားမှုကို စစ်ရေးအရ ကျူးကျော်မှုဟု ယူဆကြောင်း ပြောကြားခဲ့သည်။
    AFP/nd