News @ M-Media

Blog

  • ကယ်လီဖိုးနီးယားရှိ ဇနီးမောင်နှံ ၂-ဦး ဒေါ်လာသန်းချီတန်သည့် ရွှေဒင်္ဂါးများ ရှာဖွေတွေ့ရှိ

    ကယ်လီဖိုးနီးယားရှိ ဇနီးမောင်နှံ ၂-ဦး ဒေါ်လာသန်းချီတန်သည့် ရွှေဒင်္ဂါးများ ရှာဖွေတွေ့ရှိ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း Gold Country ကျေးလက်ဒေသတွင် နေထိုင်ကြသည့် ဇနီးမောင်နှံနှစ်ဦးမှာ ၎င်းတို့ ခြံဝင်းအတွင်း ခွေးနှင့်အတူ လမ်းလျှောက်ထွက်စဉ် သစ်ပင်တစ်ပင်အောက်တွင် မြှုပ်ထားသော ရှားပါးသည့် ရွှေဒင်္ဂါး သံပုံးများကို ရှာဖွေတွေ့ရှိခဲ့သည် ဟု သိရသည်။

    ၂၀၁၃-ခုနှစ် ဖေဖော်ဝါရီလက တွေ့ရှိခဲ့သည့် အဆိုပါသံပုံးများတွင် မသုံးစွဲရသေးသော ရွှေဒင်္ဂါး ၁၄၂၇ ပြားပါဝင်ကာ လက်ရှိတန်ဖိုးအားဖြင့် ဒေါ်လာ ၁၀ သန်းခန့် တန်ကြေးရှိသည်။

    ထိုဒင်္ဂါးများ၏ အားလုံးနီးပါးမှာ ၁၈၄၇ ခုနှစ်မှ ၁၈၉၄ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့် ဒင်္ဂါးများဖြစ်သည်ဟု ထိုဒင်္ဂါးများကို စစ်ဆေးနေသော Santa Ana မြို့ရှိ ရွှေဒင်္ဂါးတန်ဖိုးဖြတ် ၀န်ဆောင်မှုလုပ်ငန်းကို ပူးတွဲတည်ထောင်သူ ဒေးဗစ်ဟောလ်က ပြောကြားခဲ့သည်။ ထို့ပြင် ရွှေဒင်္ဂါးအချို့မှာ အလွန်ရှားပါးပြီး တစ်ပြားလျှင် ဒေါ်လာ ၁ သန်းခန့် ဈေးခေါ်နိုင်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “တစ်ခုခုအတွက် တစ်သက်မှာတစ်ခါလို့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမယ့် ဒီလိုရတနာမျိုး၊ ဒီလိုပစ္စည်းမျိုးကို ကိုင်တွယ်ဖို့အခွင့်အရေးမျိုး ခင်ဗျား တစ်သက်လုံး မရပါဘူး။ ဒါမျိုးဟာ သူတို့အတွက် သက်တံ့ရောင်အောက်မှာ ရွှေအိုးတွေ့သလိုပါပဲ” ဟု ဒင်္ဂါးများအား ရှာတွေ့ခဲ့သည့် ဇနီးမောင်နှံနှစ်ဦး၏ ကိုယ်စားလှယ်ဖြစ်သူ ၀ါရင့် ရွှေဒင်္ဂါး စုဆောင်းသူ ဒွန်ကာဂင်က ပြောကြားခဲ့သည်။ ကာဂင်၏ မိသားစုမှာ ရှားပါးသည့် ဒင်္ဂါများနှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်လာသည်မှာ ၈၁ နှစ်ရှိပြီဖြစ်သည်။

    ဒင်္ဂါးများကို ရှာဖွေတွေ့ရှိကြသည့် ဇနီးမောင်နှံ ၂ ဦးမှာ လူလတ်ပိုင်းဖြစ်ကြပြီး၊ ရွှေဒင်္ဂါးများတွေ့ရှိခဲ့သည့် အဆိုပါ ကျေးလက်ဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများဖြစ်သည်ဟု ကာဂင်က ဆိုသည်။

    အဆိုပါ ရွှေဒင်္ဂါးများကို Amazon အွန်လိုင်းဈေးကွက်မှ ရောင်းချမည်ဖြစ်ပြီး၊ ရရှိလာသည့် ငွေများကို ဒေသအတွင်းရှိ အလှူဒါနပြုသော အဖွဲ့များသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွှေဒင်္ဂါးအချို့ကို အမေရိကန် ရွှေဒင်္ဂါးစုဆောင်းရေးအဖွဲ့မှ ကြာသာပတေးနေ့တွင် ပြုလုပ်မည့် ငွေကြေးဆိုင်ရာပြပွဲတွင် ပြသရန် ငှားရမ်းသွားမည်ဖြစ်ပြီး အနည်းငယ်ကိုမူ သိမ်းဆည်းထားမည်ဖြစ်ကြောင်း ၎င်းတို့ဇနီးမောင်နှံက ပြောကြားခဲ့သည်။

    ရွှေဒင်္ဂါများ ရှာဖွေတွေ့ရှိခဲ့သည့် အဆိုပါ Gold Country ဒေသမှာ ၁၈၄၈ ခုနှစ်မှ ၁၈၆၄ ခုနှစ်များအတွင်း ရွှေအကြီးအကျယ်ထွက်သော နေရာတစ်ခု ဖြစ်ပြီး၊ အမေရိကနှင့် ကမ္ဘာတစ်ဝှမ်းမှ ရွှေတူးသူများမှာ ထိုဒေသသို့ လာရောက် တူးဖော်ကြသည်အထိ နာမည်ကျော်ခဲ့သည်။

    Ref : Dailymail

  • မိုးထိမိုးမိ ရွှေလုပ်သားများ ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်

    မိုးထိမိုးမိ ရွှေလုပ်သားများ ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။       ။ တရားဥပဒေညီမျှစိုးမိုးရေး၊ ပြည်သူ့ဘ၀လုံခြုံရေး၊ မတရားဖမ်းဆီးမှုပပျောက်ရေး တို့အတွက် ရမည်းသင်းမှ မိုးထိမိုးမိ အလုပ်သများနှင့် လက်ပန်းတောင်းတောင်မှ သံဃာတော်တစ်ဦးတို့သည် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

    “ကျွန်မတို့လိုချင်တာကိုလာပြီးတော့ ဆန္ဒဖော်ထုတ်တာပါ။ ၂၇ ရက်နေ့ကို ရွှေမြင်တင်ဘုရားဝင်းကနေဖယ်ပေးရမယ်။ ဂေါပကအဖွဲ့တွေရော သံဃာ နာယကရော သက်ဆိုင်ရာကရောဖိအားပေးပြီး ဖယ်ခိုင်းနေတယ်။ ကျွန်မတို့အဲဒီမှာနေနေတာ ၄ လရှိနေပါပြီ။ ဖယ်ခိုင်းရင်လည်း ဖယ်နေတဲ့အချိန်မှာ လုံခြုံတဲ့နေရာနှင့် စားဝတ်နေရေးပြေလည်အောင်ပြုလုပ်ပေးပါလို့ အမျိုးသားကြီးပွားတိုးတက်ရေးကော်မတီနဲ့ သက်ဆိုင်ရာအဖွဲ့တွေရော သံဃာ့တော် အဖွဲ့တွေကိုရော တောင်းဆိုချင်တာပါ။ ကျွန်မတို့ခေါင်းဆောင်တစ်ဦးကိုလည်း သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ဖိတ်ပြီး ဖမ်းဆီးလိုက်တယ်” ဟု ဆန္ဒပြနေသူတစ်ဦးကပြောကြားခဲ့သည်။

    ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရွှေလုပ်သားများ၏ အလုပ်အကိုင်ရရှိရေးပြသာနာဖြေရှင်းပေးရန်စီမံချက်များအကြောင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် မိုးထိမိုးမိရွှေလုပ်သားခေါင်းဆောင် ဦးဝင်းအောင်ကို ရမည်းသင်းမြို့နယ်မှ တရားခံအပြေးအဖြစ်လာရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။

    “ကျွန်တော်တို့တောင်းဆိုချက်တွေကို လွှတ်တော်၊ ပါတီမျိုးစုံနဲ့ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ကင်တာနား တို့ကိုပေးထားပါတယ်။ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့မပို့ရသေးဘူး။ မကြာခင်ပို့သွားမှာပါ။ လျော်ကြေးငွေကိုလည်း အခုထိမပေးသေးပါဘူး။ အခုလည်း ကျွန်တော်တို့ ရမည်းသင်းကနေလာပြီးတော့ ဆန္ဒဖော်ထုတ်ပြီးတောင်းဆိုနေတာပါ။ ဟိုနေ့ကလည်း ကမ္ဘာအေးဘုရားမှာ ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ပါတယ်” ဟု ဦးဝင်းစိုးက ပြောခဲ့သည်။

    ရွှေမြင်တင်ဘုရားဝင်းအတွင်းတွင် လေးလကျော် သပိတ်စခန်းဖွင့်၍ ဆန္ဒပြလျက်ရှိသော မိုးထိမိုးမိ ရွှေလုပ်သား ၁၀၀ ကျော်ခန့်မှ ၇၀ ကျော်ခန့်သည် နေရပ်သို့ကုမ္မဏီ၏ခရီးစရိတ်ထောက်ပံ့မှုဖြင့်ပြန်သွားပြီး လက်ရှိသပိတ်စခန်းတွင် လူဦးရေ ၃၀ သာကျန်ရှိပြီး ဆန္ဒထုတ်ဖော်လျက်ရှိနေကြောင်း သိရပါသည်။

    ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုကို သက်ဆိုင်ရာကျောက်တံတားရဲစခန်းသို့ ခွင့်ပြုမိန့်တင်ခဲ့သော်လည်း သက်ဆိုင်ရာမှ ခွင့်မပြုခဲ့ချေ။ သို့သော်လည်း ၎င်းတို့ မှ ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

  • တအောင်း(ပလောင်) စစ်ပြေး ဒုက္ခသည်များ လျစ်လျူရှု မခံရစေရေး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်
    P2250742
    ရန်ကုန် ။          ။         ကွက်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ်တို့၌ ဒုက္ခသည်စခန်း စုစုပေါင်း (၆)ခုတွင် ဒုက္ခသည် ပေါင်း ၄၀၀၀ ကျော်ရှိသည့်အနက် တအောင်း တိုင်းရင်းသား (၃၀၀၀)ကျော် ပါဝင်ကြောင်း အစီရင်ခံစာနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁း၀၀-နာရီမှ နေ့လည် ၁း၀၀-နာရီအထိ  တော်ဝင်နှင်းဆီ ခန်းမ၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။

    တအာင်းဒုက္ခသည်စခန်းများမှာ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲသည့် အတွက် အလှူရှင် အရောက်အပေါက်နည်းသည့် အတွက် ဒေသခံများ၏ လျစ်လျူရှု ခံရသည့် အကြပ်အတည်းများကို နိုင်ငံတကာမှ သိရှိစေရန်နှင့် လူမှုရေးအဖွဲ့အစည်းများ၊ ပါတီနှင့် လွှတ်တော်မှ ကွင်းဆင်း စစ်ဆေးနိုင်ရေး အတွက်  လျစ်လျူရှုခံ အကြပ်အတည်း“ အမည်ရှိ အစီရင်ခံစာ တစ်စောင်ကို  တအောင်း အမျိုးသမီး အဖွဲ့အစည်း (Ta’ang Women’s  Organization) က ဖေဖော်ဝါရီလ ၂၅-ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ပြည်တွင်းစစ်ပြေး တအောင်း ဒုက္ခသည်များအနေဖြင့် ဒုက္ခသည် စခန်း၌ ကလေးများ ပညာသင်ကြား ခွင့်မရခြင်း၊ အကူအညီများ လုံလုံလောက်လောက် မရခြင်း၊ ကျန်းမာရေး ချို့တဲ့မှုများ ဖြစ်ပေါ်ကာ ဆေးဝါးလုံလောက်မှု မရှိခြင်း၊ အလုပ် လက်မဲ့များဖြစ်နေခြင်း စသည့်အခြေအနေများကြောင့် မိမိတို့၏ နေရပ်သို့ မပြန်နိုင်ဘဲဖြစ်နေကြသည်ဟု ဒုက္ခသည်များထံမှ သိရကြောင်းနှင့် တအောင်း (ပလောင်)ဒေသရှိ ပြည်တွင်း စစ်ပြေး ဒုက္ခသည်များထံ သွားရောက်တွေ့ဆုံပြီး ဒုက္ခသည်များ၏ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်မေးမြန်းထားသည့် တွေ့ရှိချက်များအပေါ်တွင် ၎င်းအစီရင်ခံစာအား ရေးသား ထားခြင်းဖြစ်ကြောင်း တအောင်း အမျိုးသမီးအဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ငြိမ်းချမ်းရေးသာ ဆွေးနွေးနေတယ်၊ တကယ်တမ်းတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ပွဲတွေဆက်ဖြစ်နေတော့ အဲ့ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ဘ၀တွေက အကြောက်တရားတွေ အောက်မှာပဲ နေနေရတယ်။ သူတို့တစ်တွေရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေ ပျောက်ဆုံးပြီးတော့ သူတို့အိုးအိမ်တွေ ပစ်ထားပြီးတော့ ဒုက္ခသည် စခန်းတွေမှာ နေရတော့ ကျန်းမာရေး စောင့်ရှောက်မှု မရှိလို့ ကလေးတွေရဲ့ပညာရေးတွေလည်း ဆုံးရှုံးကုန်တယ်၊ အမျိုးသမီးတွေရဲ့ ဘ၀တွေလည်း လုံးခြုံမှုတွေ မရှိတော့ဘူး” ဟု တအောင်း အမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး ဒီဒီပိုးစေင်က ပြောသည်။

  • ဓာတ်ဆီဆိုင် ဆောက်လုပ်နေမှု ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်

    ဖေဖော်ဝါရီလ ၂၆၊ ၂၀၁၄
    M-Media
    လမင်း

    1506502_1510038222555985_1870881490_n
    ရန်ကုန်။ ။ အင်းစိန် မြို့နယ် ရွှေပြည်သာ တံတားလမ်းမကြီးဘေး တညင်းကုန်းဘူတာ အမှတ် ၄/၅ နယ်မြေတွင် ဓာတ်ဆီဆိုင်ဖွင့်ရန် အတွက် ပြုလုပ်နေမှုကို ရွှေပြည်သာ မြို့နယ်နေ ပြည်သူပြည်သားများမှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    ‘အန်တီတို့ကတော့ အခုလိုလူနေအိမ်တွေ ကြားထဲမှာ ဆီဆိုင်ဆောက်မှာကို လုံးဝကိုခွင့်မပြုနိုင်ဘူး။ အခုလည်း အန်နီက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်နေတာပါ။ အရမ်းကိုပြည်သူတွေ အတွက် အန္တရယ်ရှိပါတယ် အိမ်တွေက ကပ်နေကြတာလေ။ အန်တီတို့ ကတော့ ရပ်ဆိုင်းတာကို မလိုချင်ဘူး အပြီးဖျက်သိမ်းပေးတာကိုပဲ လိုချင်တာပါ’ဟု ဦးဆောင် ဆန္ဒပြသသူ ဒေါ်မျိုးမျိုးအေးကပြောကြားခဲ့သည်။

    ဆောက်လုပ်နေသည့် ဓာတ်ဆီဆိုင်နှင့်အနီးတွင် မဟာ ဂတ်စ်ပိုက်လိုင်း၊ ဂတ်စ် ဆိုင်တစ်ဆိုင်နှင့် အိမ်ခြေများ များပြားလွန်းသောကြောင့် ဆီဆိုင်ဆောက်လုပ်မှုကို တားမြစ်ခဲ့ကြကြောင်း သိရပါသည်။ ဆန္ဒဖော်ထုတ်သူများသည် တရားဝင်ခွင့်ပြုမိန့်ဖြင့် ‘ဓာတ်ဆီဆိုင်ဆောက်လုပ်မှု ချက်ချင်းရပ်’၊ ‘ပြည်သူ့ဆန္ဒကို လေးစားပါ’ စသည့်ပိုစတာများကို ကိုင်ဆောင်ပြီး လူဦးရေ ၁၀၀ ကျော်မှ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့ကြသည်။

  • ကွာတားတက်ဖို့ အခြေအနေကောင်းတဲ့ ဒေါ့မွန်၊ အေသင်မှာ ဒူးထောက်ခဲ့ရတဲ့ မန်ယူတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ပွဲစဉ်များ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media

    Olympiakos-vs-Manchester-Utd-3183302
    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်  ပထမအကျော့ ၂ ပွဲကို ဒီတစ်ပတ်မှာ ကစားခဲ့ပြီး ဒေါ့မွန်အသင်း အနိုင်ရခဲ့ကာ မန်ယူအသင်းကတော့ ဂရိမြေမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။

    မနေ့က ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ဇင်းနစ်တို့ရဲ့ပွဲမှာ လီဝန်ဒေါ့စကီးရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဧည့်သည်ဒေါ့မွန်အသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပထမိုင်း ၅ မိနစ်မှာပဲ ဒေါ့မွန်တို့ ၂ ဂိုး ပြတ်ခဲ့ပြီး ကစားပုံကလည်း ဇင်းနစ်ထက် ပိုကောင်းခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၃၀ အတွင်းမှာ ဦးဆောင်ဂိုးတွေ ထပ်ရဖို့ ဒေါ့မွန်က အခွင့်အရေး ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

    ဒုတိယပိုင်းမှာတော့ ဇင်းနစ်တို့ တင်ကစားလာခဲ့ပြီး တိုက်စစ်ပိုင်းကလည်း ဒေါ့မွန်ကို တောက်လျှောက် ဖိအားပေးနိုင်ခဲ့ကာ ၅၇ မိနစ်မှာ အိုလက်ရှာတော့ဗ်က ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ၄ မိနစ်အကြာမှာပဲ လီဝန်ဒေါ့စကီးက ဒေါ့မွန် အတွက် တတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးရဖို့ ကြိုးစားလာတဲ့ အိမ်ရှင်တို့ ၆၉ မိနစ်မှာ ပင်နယ်တီကနေ ဒုတိယချေပဂိုး ထပ်ရခဲ့ပေမယ့် ၇၁ မိနစ်မှာ လီဝန်ဒေါ့စကီးက သူရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ ၄ ဂိုး ၂ ဂိုးနဲ့ အိမ်ရှင်ဇင်းနစ်တို့ ရှုံးနိမ့်ခဲ့ရပါတယ်။

    ရာသီကုန်ရင် အသင်းကထွက်ခွာတော့မယ်လို့ ကြေညာထားတဲ့ လီဝန်ဒေါ့စကီးကို ပထမဦးစားပေး ကစားသမား အဖြစ် သုံးစွဲခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ကြိုးကြိုးစားစားနဲ့ ရေကုန်ရေခန်း ကစားသွားခဲ့တဲ့ လီဝန်ဒေါ့စကီးတို့ရဲ့ ပရော်ဖက်ရှင်နယ် ပီသတဲ့ စိတ်ဓာတ်တွေကတော့ ချီးကျူးစရာပါပဲ။

    ဒီနေ့မနက် ဂရိမြေမှာ ကစားခဲ့တဲ့ အိုလံပီယာကော့စ်နဲ့ မန်ယူတို့ပွဲမှာတော့ အိမ်ရှင်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ အိုလံပီယာကော့စ်ရဲ့ ကစားအားဟာ ချီးကျူးစရာကောင်းခဲ့ပြီး ဗန်ပါစီ ရူနီတို့နဲ့ လူစုံခဲ့တဲ့ မန်ယူတို့ အခက်တွေ့ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ တောင်လျှောက် ပါဝင်ခွင့်ရနေတဲ့ လူငယ်အလယ်တန်း ကစားသမား ဂျာနူဇေးကတော့ ဒီပွဲမှာ အရန်ခုံမှာပဲ ထိုင်ခဲ့ရပါတယ်။

    အိုလံပီယာကော့စ်မှာတော့ အားထားရတဲ့ တိုက်စစ်မှူး ဆာဗီယိုလာ ပေါင်ဒဏ်ရာကြောင့် ပါဝင်ခွင့်မရခဲ့ဘဲ အသက် ၂၁ နှစ်အရွယ် နိုက်ဂျီးရီးယား ကစားသမား မီခေးလ် အိုလိုင်တန်က တိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။

    ပွဲအစမှာ အိုလံပီယာကော့စ်တို့ ကစားပုံကောင်းခဲ့ပြီး မန်ယူဂိုးပေါက်ကို ၂ ကြိမ်လောက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မန်ယူတို့အခွင့်အရေး အနည်းငယ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ရူနီရဲ့ ဖရီးကစ်ကန်ချက် အနည်းငယ်လွဲချော်ခဲ့တာ ဗန်ပါစီရဲ့ ကြိုးစားမှု အရာမထင်ခဲ့တာက ဒီပွဲအရှုံးကိုဖြစ်လာစေခဲ့တာပါ။

    ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲ ၂ ခုမှာ ထွက်ခဲ့ရပြီး ပရီးမီယားလိဂ်မှာလည်း ချန်ပီယံ မျှော်လင့်ချက်မရှိတော့တဲ့ မန်ယူတို့ရဲ့ နောက်ဆုံးလက်ကျန် ချန်ပီယံလိဂ်ဖလား မျှော်လင့်ချင်ဟာေ၀၀ါးလာခဲ့ပြီး လာမယ့် ဒုတိယအကျော့မှာ ဖောင်ဖျက်ကစားရတော့မှာဖြစ်ပါတယ်။ ဖာဂူဆန်ရဲ့ နေရာကို ဆက်ခံခဲ့တဲ့ မိုယက်စ်ရဲ့ ပထမဆုံးရာသီမှာ ဖလားလက်မဲ့ ရာသီဖြစ်မလားဆိုတာကိုတော့ စောင့်ကြည်ရတော့မှာပါ။ အိမ်ရှင် အိုလံပီယာကော့စ်အတွက် ဂိုးတွေကိုတော့ ၃၈ မိနစ်နဲ့ ၅၅ မိနစ်တို့မှာ အလက်ဂျန်ဒရို ဒိုမင်ဂဇ်နဲ့ ဂျိုလ်းကမ်းဘဲလ်တို့က သွင်းယူပေးခဲ့တာပါ။

    ဒီတစ်ပတ် ချန်ပီယံလိဂ်ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဇင်းနစ် ၂-၄ ဒေါ့မွန်
    အိုလံပီယာကော့စ် ၂-၀ မန်ယူ