News @ M-Media

Blog

  • ရေနံမှရငွေ ဒေါ်လာ ဘီလီယံ ၁၅၀ ခိုးထုတ်ခံခဲ့ရဟု အီရတ်သမ္မတပြော

    ရေနံမှရငွေ ဒေါ်လာ ဘီလီယံ ၁၅၀ ခိုးထုတ်ခံခဲ့ရဟု အီရတ်သမ္မတပြော

    မေ ၂၄၊ ၂၀၂၁
    M-Media

    -အာဏာရှင် ဆက်ဒမ်ဟူစိန် ပြုတ်ချခဲ့တဲ့ ၂၀၀၃ ခုနှစ်နောက်ပိုင်း ရေနံကရတဲ့ ငွေပေါင်း ကန်ဒေါ်လာ ၁၅၀ ဘီလီယံလောက် တိုင်းပြည်အပြင်ကို ခိုးထုတ်ခံခဲ့ရတယ်လို့ အီရတ် သမ္မတ ဘာရ်ဟမ် ဆာလေဟ်က ပြောပါတယ်။

    ခြစားမှု တိုက်ဖျက်ရေး၊ အခိုးခံငွေများပြန်ရရေးနဲ့ ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးရေးအတွက် လွှတ်တော်ကို သမ္မတက တင်သွင်းတဲ့ ဥပဒေမူကြမ်းတစ်ခုမှာ ဒီလို ဖော်ပြထားတာပါ။

    ခြစားတဲ့အမူအကျင့်တွေဟာ တစ်နိုင်ငံလုံးမှာ ပြန့်နှံ့နေပြီး ဒါကိုတားဆီးရေး တင်သွင်းတဲ့ဥပေဒကို အတည်ပြုဖို့လည်း ဆာလေဟ်က တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Transparency International က ထုတ်ပြန်တဲ့ ကမ္ဘာ့ခြစားမှုအများဆုံးနိုင်ငံစာရင်းမှာ အီရတ်လည်း ပါဝင်နေပါတယ်။

    “၂၀၀၃ ခုနှစ်ကတည်းက ရေနံကနေ ဒေါ်လာ ၁ ထရီလီယံနီးနီးလောက် ဝင်ငွေရပေမယ့် ၁၅၀ ဘီလီယံလောက်ဟာ တိုင်းပြည်ပြင်ပကို ခိုးထုတ်ခံခဲ့ရပါတယ်” လို့ သမ္မတ ဆာလေဟ်က ပြောပါတယ်။

    အစိုးရအတွင်း လှိုက်စားနေတဲ့ ခြစားမှုကို ဆန့်ကျင်တဲ့အနေနဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ အီရတ်ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

    Ref: Alarabiya

  • ‘ဂါဇာ’ အမည်ရှိ ပြည်တွင်းဖြစ်ဒရုန်းကို အီရန်ထုတ်ပြ

    ‘ဂါဇာ’ အမည်ရှိ ပြည်တွင်းဖြစ်ဒရုန်းကို အီရန်ထုတ်ပြ

    မေ ၂၄၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပြည်သူတွေကို ဂုဏ်ပြုပြီး ‘ဂါဇာ’ လို့ အမည်ပေးထားတဲ့ ပြည်တွင်းဖြစ် တာဝေးဒရုန်းတစ်ခုကို ပြီးခဲ့တဲ့တစ်ပတ်မှာ အီရန်က ထုတ်ပြခဲ့ပါတယ်။

    ဒီဒရုန်းဟာ မိုင်ပေါင်း ၁၂၅၀ အထိ၊ နာရီပေါင်း ၃၅ နာရီ ဆက်တိုက်ပျံသန်းနိုင်ကာ၊ ဗုံး ၁၃ လုံး၊ လျှပ်စစ်ပစ္စည်း ပေါင် ၁၁၀၀ သယ်ဆောင်နိုင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။

    အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ကြံ့ကြံ့ခံကာကွယ်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ‘ဂါဇာ’ အမည် ပေးထားတာလို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ပြောပါတယ်။

    ဂါဇာဒရုန်းဟာ နိုင်ငံရဲ့ ထောက်လှမ်းရေးစွမ်းအားနဲ့ ရန်သူတွေရဲ့ ခြိမ်ခြောက်မှု တားဆီးနိုင်စွမ်းကို ပိုမိုအားကောင်းလာစေမယ်လို့လည်း ဆိုပါတယ်။

    အီရန်ဟာ ပြည်တွင်းဖြစ် Qods ရေဒါစနစ်အပြင်၊ ခရုဇ်ဒုံးကျည်၊ လေယာဉ်ကချတဲ့ဗုံးနဲ့ ဒရုန်းတွေကို ဖျက်ဆီးနိုင်မယ့် ပြည်တွင်းဖြစ် ဒုံးခွင်းစနစ် 9th of Dey ကိုလည်း ထုတ်ပြခဲ့ပါတယ်။

    ကာကွယ်ရေးနယ်ပယ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် အီရန်က ကြိုးစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြည်တွင်းဖြစ် ဒုံးကျည်တွေ၊ ဒုံးခွင်းစနစ်တွေ၊ ဒရုန်းတွေနဲ့ အခြား စစ်လက်နက်ပစ္စည်းတွေကို အဆက်မပြတ် ထုတ်ပြလာပါတယ်။

    Ref: Press TV

  • ကိုဗစ်ကူးစက်မှုကို တရုတ်က ဖုံးထားသည်ဟု ယူဆနိုင်သော အထောက်အထားတစ်ခု ထွက်ပေါ်လာ

    ကိုဗစ်ကူးစက်မှုကို တရုတ်က ဖုံးထားသည်ဟု ယူဆနိုင်သော အထောက်အထားတစ်ခု ထွက်ပေါ်လာ

    မေ ၂၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါဖြစ်နေကြောင်း တရုတ်အစိုးရက ကမ္ဘာကိုမကြေငြာခင် လပိုင်းအလို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ၀ူဟန်မြို့ ဗိုင်းရပ်စ်လေ့လာရေးဌာန (WIV) က ပညာရှင် ၃ ယောက် ကိုဗစ်လက္ခဏာတွေနဲ့ ဆေးရုံတက်ခဲ့ရတယ်ဆိုတဲ့သတင်း ပေါက်ကြားလာပါတယ်။

    အရင်က ထုတ်ပြန်ခြင်း မရှိသေးတဲ့ အမေရိကန်ထောက်လှမ်းရေး ရင်းမြစ်တွေကို ကိုးကားပြီး Wall Street Journal က မနေ့မှာ လူသိရှင်ကြား ဖော်ပြခဲ့တာပါ။

    ကိုဗစ်ကပ်ရောဂါဟာ တရုတ်နိုင်ငံ ၀ူဟန်မြို့ အသားငါးစျေးထဲကနေ အစပြုတာလို့ ကမ္ဘာက လက်ခံထားပါတယ်။

    အမေရိကန်က ကိုဗစ်ဗိုင်းရပ်စ်ဟာ ၀ူဟန်မြို့မှာရှိတဲ့ WIV ဓာတ်ခွဲခန်းကနေ ပေါက်ထွက်လာတာလို့ စွပ်စွဲထားပြီး တရုတ်ကတော့ ဒါကို ငြင်းဆိုပါတယ်။

    အမေရိကန်ထောက်လှမ်းရေးရင်းမြစ်က ပေါက်ကြားလာတဲ့ အခု သတင်းအသစ်မှာ ကူးစက်ခံရသူ သုတေသနပညာရှင်အရေအတွက်၊ သူတို့ ရောဂါဖြစ်တဲ့အချိန်၊ ဆေးရုံတက်ကုသမှုတွေအကြောင်း အသေးစိတ်ဖော်ပြထားပြီး၊ ကိုဗစ်ကပ်ရောဂါဟာ ၀ူဟန်မြို့ ဓာတ်ခွဲခန်းထဲက ပေါက်လာတာလားဆိုတာ ပိုမိုကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့ တွန်းအားတစ်ခု ဖြစ်လာလိမ့်မယ်လို့ Wall Street Journal က ရေးပါတယ်။

    သမ္မတဟောင်းထရမ့် ရာထူးကမဆင်းခင် အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ကိုဗစ်ကပ်ရောဂါဖြစ်နေကြောင်း တရုတ်က ကမ္ဘာကိုမကြေငြာခင် လပိုင်းအလို ၂၀၁၉ ခုနှစ် နွေရာသီမှာ ၀ူဟန်ဓာတ်ခွဲခန်းက သုတေသနပညာရှင် တော်တော်များများ နေထိုင်မကောင်းတာကြောင့် ဆေးကုသမှု ခံယူခဲ့ရတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

    ဒီပညာရှင်တွေခံစားရတဲ့ ရောဂါလက္ခဏာတွေထဲမှာ ကိုဗစ်နဲ့ သာမန်ရာသီတုပ်ကွေး လက္ခဏာတွေ ရောပြွမ်းနေတယ်လို့ ဆိုပါတယ်။

    ကိုဗစ်ကပ်ရောဂါအစကို စုံစမ်းစစ်ဆေးနိုင်ရေး WHO က ကျွမ်းကျင်ပညာရှင်အဖွဲ့ ၀ူဟန်ကိုလာရောက်ဖို့ အစပိုင်းမှာ တရုတ်က ခွင့်မပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။

    WHO ဟာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားမှုကိစ္စ စုံစမ်းစစ်ရေး နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် ဒီကနေ့မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။

    Wall Street Journal က အခုသတင်းအတွက် မှတ်ချက်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီလက ၀ူဟန်ဓာတ်ခွဲခန်း WIV ကို သွားရောက်လေ့လာခဲ့တဲ့ WHO အဖွဲ့က ကိုဗစ်ဗိုင်းရပ်စ်ဟာ WIV ကနေ ပေါက်ထွက်လာတာမျိုး သိပ်မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချခဲ့တာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြခဲ့ပါတယ်။

    Ref: Reuters

  • စစ်ကောင်စီကထုတ်ပယ်သည့် ဆရာ၊ ဆရာမဦးရေ ၁၂၅၀၀၀ ကျော် ရှိလာ

    စစ်ကောင်စီကထုတ်ပယ်သည့် ဆရာ၊ ဆရာမဦးရေ ၁၂၅၀၀၀ ကျော် ရှိလာ

    မေ ၂၃၊ ၂၀၂၁
    M-Media

    -CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် စစ်ကောင်စီက အလုပ်ထုတ်တဲ့ ဆရာ၊ ဆရာမ အရေအတွက်ဟာ စုစုပေါင်း ၁၂၅၀၀၀ ကျော် ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

    ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖြုတ်ချပြီး အာဏာသိမ်းကာ တက်လာတဲ့ စစ်ကောင်စီကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ အစိုးရဝန်ထမ်းတော်တော်များများ CDM လှုပ်ရှားမှာ ပါဝင်ခဲ့ကြပါတယ်။

    ဒီလှုပ်ရှားမှုကြောင့်ပဲ အစိုးရယန္တရား ရပ်ဆိုင်းသွားခဲ့ပါတယ်။ စစ်ကောင်စီက CDM လုပ်တဲ့ဝန်ထမ်းတွေကို ဖမ်းဆီးနှိပ်စက်တာမျိုး လုပ်ဆောင်ခဲ့တဲ့အပြင် ဝန်ထမ်းတွေ အလုပ်ပြန်လာဖို့ ခြိမ်းခြောက်တာမျိုးလည်း ရှိပါတယ်။ အလုပ်ပြန်မဝင်တဲ့သူတွေကိုတော့ ရာထူးကနေ ထုတ်ပယ်နေပါတယ်။

    မေလ ၂၃ ရက်နေ့အထိ ပညာရေးဌာနမှာ ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမအရေအတွက်ဟာ ၁၂၅၉၀၀ ရှိပြီလို့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်က ကောက်ထားတဲ့ နောက်ဆုံးအချက်အလက်တွေအရေ မြန်မာနိုင်ငံမှာ ဆရာ၊ ဆရာမဦးရေ စုစုပေါင်း ၄၃၀၀၀၀ လောက် ရှိနေတာပါ။

    “ထုတ်ပယ်တယ်ဆိုတဲ့ ကြေငြာချက်တွေဟာ အလုပ်ပြန်ဝင်ဖို့ ခြိမ်းခြောက်မှုတစ်ခုပါ။ ဒီလောက်အများကြီးကို သူတို့ ထုတ်ပစ်လိုက်ရင် စနစ်တစ်ခုလုံး ရပ်ဆိုင်းသွားပါလိမ့်မယ်” လို့ အဖွဲ့ချုပ် တာဝန်ရှိသူက ဆိုပါတယ်။

    စစ်ကောင်စီဟာ လာမယ့်လမှာ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်နေတာပါ။ တက္ကသိုလ်ပညာရေးက ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမနဲ့ ပညာရေးဝန်ထမ်း စုစုပေါင်း ၁၉၅၀၀ ဝန်းကျင် ရှိနေပါတယ်။

    အာရှက ပညာရေးစနစ် အနိမ့်ဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပြီး ပြီးခဲ့တဲ့နှစ် အာရှနိုင်ငံပေါင်း ၉၃ နိုင်ငံကို စစ်တမ်းကောက်ယူရာမှာ မြန်မာနိုင်ငံက အဆင့် ၉၂ နေရာမှာ ရှိနေပါတယ်။

    Ref: Reuters

  • အစ္စရေးရဲနှင့် ဂျူးအခြေချနေထိုင်သူများ အလ်အက္ကဆွာဗလီထဲ ဝင်ရောက်စီးနင်းပြန်

    အစ္စရေးရဲနှင့် ဂျူးအခြေချနေထိုင်သူများ အလ်အက္ကဆွာဗလီထဲ ဝင်ရောက်စီးနင်းပြန်

    မေ ၂၃၊ ၂၀၂၁
    M-Media

    -ဂျေရုစလင်က အလ်အက္ကဆွာဗလီဝတ်ကျောင်းတော် ပရ၀ုဏ်ထဲကို ဒီနေ့မနက်ပိုင်းက အစ္စရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    နံနက်အရုဏ်တက်ဝတ်ပြုတဲ့အချိန်မှာ အစ္စရေးရဲတပ်ဖွဲ့က ဗလီထဲ ဝင်ရောက်စီးနင်းခဲ့ပြီး ပါလက်စတိုင်းဝတ်ပြုသူတွေကို ရိုက်နှက်ကန်ကျောက်ဖယ်ရှားကာ ဂျူးအခြေချသူ လက်ယာစွန်းရောက်တွေ ဝင်ရောက်နိုင်ဖို့အတွက် လမ်းရှင်းကာ အစောင့်ရှောက်ပေးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ဗလီအစောင့်တစ်ဦးအပါအဝင် ပါလက်စတိုင်း ၆ ဦးကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အလ်အက္ကဆွာဗလီကို အစ္စရေးရဲတပ်ဖွဲ့နဲ့ ဂျူးအခြေချနေထိုင်သူတွေ မကြာခဏ ဝင်ရောက်စီးနင်းအကြမ်းဖက်မှုဟာ အစ္စရေး-ပါလက်စတိုင်း တင်းမာမှုတွေထဲက အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ မေ ၉ ရက်နေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက် အစ္စရေးက ဂါဇာကို ၁၁ ရက်ကြာ ဗုံးကြဲခဲ့ပြီး ပါလက်စတိုင်း ပြည်သူ ၂၅၀ နီးပါး သေဆုံးကာ ကျောင်း၊ ဆေးရုံနဲ့ နေအိမ်အဆောက်အဦးအများအပြား ဖျက်ဆီးခံခဲ့ရပါတယ်။ အီဂျစ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် အစ္စရေးနဲ့ ဟားမက်စ်တို့ သောကြာနေ့မှာ ​အပစ်ရပ်ရေး သဘောတူညီချက်ရခဲ့ပေမယ့် အဲဒီနောက်ပိုင်း အလ်အက္ကဆွာဗလီကို အစ္စရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    အလ်အက္ကဆွာဗလီအဝင်ဂိတ်တွေမှာ အစ္စရေးတပ်ဖွဲ့တွေက ကန့်သတ်မှုတွေ လုပ်ဆောင်ထားပြီး အသက် ၄၅ နှစ်အောက်လူတွေကို ဗလီထဲဝင်ခွင့် မပေးပါဘူး။

    Ref: Aljazeera