News @ M-Media
Blog
  • လျှိုဝင်လက်နှစ်ချောင်း နှင့် မြန်မာနိုင်ငံ
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
    1392924232400
    “ အတိတ်ကာလတုန်းကလိုရော အနာဂတ်မှာပါ အိန္ဒိယပြည်သူတွေက မြန်မာပြည်သူတွေနဲ့ ယှဉ်တွဲရပ်တည်သွားမှာပါ။ ကောင်းကျိုးဖြစ်စေ ဆိုးကျိုးဖြစ်စေ ကြုံလာခဲ့ရင်လည်း ကျွန်တော်တို့ အတူတစ်ကွ ခံယူသွားပါမယ် ”
    ၁၉၄၈ ခုနှစ်၊ ဗြိတိသျှထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသောနေ့တွင် အိန္ဒိယ၀န်ကြီးချုပ် ဂျဝါဟာလလ် နေရူးက ဤစကားရပ်များကို ပြောကြားခဲ့သည်။ ထိုကာလနောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ရင်းနှီးမှု၊ လျစ်လျူရှုခြင်း နှင့် သူစိမ်းဆန်ခြင်းတို့အကြား လူးလာခေါက်တုန့်ဖြစ်နေခဲ့၏။
    သို့သော် အိန္ဒိယ၏ ကမ္ဘာ့စင်မြင့်ပေါ် တက်ရောက်လာနိုင်ခဲ့မှု နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းတို့က ဒေသတွင်း ပထ၀ီနိုင်ငံရေးပေါ် မူတည်လျက် နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေးကို နှစ်ဖက်အစိုးရအား ပြန်လည်သုံးသပ်စေလိုက်သည်။
    ထွန်းပေါ်လာသော မြန်မာ့နိုင်ငံရေး အသွင်ပြောင်းမှုအား နယူးဒေလီအတွက် တရုတ် လွှမ်းမိုးမှုလျှော့ချနိုင်သော အခွင့်အလမ်း ဖြစ်စေသလို အိန္ဒိယ၏ ဗျူဟာ လက်တံကိုလည်း ဆန့်ထုတ်နိုင်စေသည်ဟု အိန္ဒိယမှ အမြင်ရှိနေသည်။ မြန်မာနိုင်ငံအပေါ်ရှိသည့် တရုတ်သြဇာကို အနီးကပ် သို့မဟုတ်bအလယ်အလတ်အားဖြင့် ပြိုင်ဆိုင်ရန် မျှော်လင့်ချက်မရှိသော် ၎င်းဆက်ဆံရေးအတွက် ထိခိုက်စရာဖြစ်သွားနိုင်သည်။ မြန်မာနိုင်ငံဖက်ကလည်း အိန္ဒိယနှင့် ခိုင်မာသောဆက်ဆံရေး ထူထောင်နိုင်အောင် ဦးတည်နေသည်။ ထိုရောအခါ အိန္ဒိယ-မြန်မာဆက်ဆံရေး ခိုင်မာအားကောင်းလာသည်နှင့်အမျှ မဟာဗျူဟာခြိမ်းခြောက်မှုဖြစ်လာမည်ဟု တရုတ်တို့က မြင်ပြန်သည်။
    ၁၉၅၀ ခုနှစ်များတစ်လျှောက်လုံး ဆက်ဆံရေးနွေးထွေး ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာ သိမ်းယူမှုက အေးစက် တင်းမာသွားစေခဲ့သည်။ ဗိုလ်ချုပ်နေ၀င်း၏ နှစ်ပေါင်း ၂၀ အုပ်ချုပ်မှု ကာလအတွင်း  အိန္ဒိယ မျိုးနွယ်တို့မှာ ပစ်မှတ်ထားခံရသည်၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေး အတွင်းက အခွင့်ထူးခံ လူတန်းစားများဟု ကြည့်မြင်ခံရသည်။ ဆက်လက်ဖြစ်တည်လာသော အမျိုးသားရေး ၀ါဒလှိုင်းက နိုင်ငံတွင်းရှိ အိန္ဒိယသား များစွာကို ပြည်ပသို့ တွန်းထုတ်ခဲ့သည်။
    အိန္ဒိယသည် ဒီမိုကရေစီကို အကျယ်ပြန့်ဆုံး ကျင့်သုံးသော နိုင်ငံအဖြစ်လည်းကောင်း၊ ဘက်မလိုက် လှုပ်ရှားမှု၏ ဦးဆောင်နိုင်ငံ တစ်ခုအဖြစ် လည်းကောင်း ဂုဏ်ယူလာခဲ့သည့် အချိန်မှာ ကြာညောင်းနေပြီဖြစ်သည်။ ၎င်းတို့၏ ခေတ်သစ်သမိုင်းရှိ အစောပိုင်းကာလ၌ ထိုဂုဏ်ယူဖွယ် အချက်နှစ်ရပ်လုံးက အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို အကြီးအကျယ် အရောင်ဆိုးခဲ့သည်။ ၁၉၅၀ ခုနှစ်များ တစ်လျှောက်လုံး ဆက်ဆံရေးနွေးထွေး ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာ သိမ်းယူမှုက အေးစက် တင်းမာသွားစေခဲ့သည်။ ဗိုလ်ချုပ်နေ၀င်း၏ နှစ်ပေါင်း ၂၀ အုပ်ချုပ်မှု ကာလအတွင်း  အိန္ဒိယ မျိုးနွယ်တို့မှာ ပစ်မှတ်ထားခံရသည်၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေး အတွင်းက အခွင့်ထူးခံ လူတန်းစားများဟု ကြည့်မြင်ခံရသည်။ ဆက်လက်ဖြစ် တည်လာသော အမျိုးသားရေး ၀ါဒလှိုင်းက နိုင်ငံတွင်းရှိ အိန္ဒိယသားများစွာကို ပြည်ပသို့ တွန်းထုတ်ခဲ့သည်။
    စစ်အေးကာလ တစ်လျှောက်လုံးတွင်လည်း အိန္ဒိယသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လုံးလုံးလျားလျား စိတ်မ၀င်စားသော ကြားနေ၀ါဒကို ကျင့်သုံးခဲ့၏။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင်တော့ အာရှတိုက်၏ ဒီမိုကရေစီမီးရှူးတန်ဆောင်ဖြစ်လာရန် နယူးဒေလီမှ အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားသူများ အခန်းကဏ္ဍကို ဖွင့်လှစ်အားပေးခဲ့သည်။
    သူစိမ်းဆန်သော မူဝါဒထံ ယင်းကဲ့သို့ အကောင်းမြင် ချဉ်းကပ်မှုမှာ ဗျူဟာမြောက် အကျိုးအမြတ်များကို မဖြစ်ထွန်းစေနိုင်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒီမိုကရေစီကြိုးပမ်းမှုကို ကူညီရာ မရောက်ကြောင်း၊ အုပ်ချုပ်ရေးပိုင်းရှိ ဖိနှိပ်မှု ဗီဇကိုသာ ပို၍ဆိုးဝါးသွားစေကြောင်း နယူးဒေလီမှ များမကြာမီ သိနားလည်သွားခဲ့ပါသည်။ အိန္ဒိယအပေါ် မလိုမုန်းတီးမှုကြီးထွားလာရာတွင် တရုတ်သည် စစ်အာဏာရှင်တို့၏ အရင်းနှီးဆုံး မဟာမိတ် ဖြစ်လာပါတော့သည်။ သို့နှင့် အိန္ဒိယသည် ၁၉၉၅ ခုနှစ်တွင် ကျင့်သုံးနေသော သရုပ်မှန်ဝါဒကို ဖြည်းဖြည်းချင်း ရုပ်သိမ်းကာ မြန်မာအစိုးရအား ချဉ်းကပ်၏။
    အာဏာရှင်အုပ်ချုပ်ရေး သက်ဆိုးရှည်ဦးမည်ကို နယူးဒေလီမှ လက်ခံနားလည်သွား၍ဖြစ်သည်။ ထို့နောက်ဝယ် အိန္ဒိယသည် ရန်ကုန်သို့ လက်နက်ရောင်းချသည့် အစိုးရအဖွဲ့ ရှစ်ဖွဲ့အနက် အပါအ၀င် ဖြစ်လာသည်။ လွတ်လပ်ရေးရပြီးကတည်းက မတည်ငြိမ်ခဲ့သော အပြန်အလှန် ဆက်ဆံရေးကို အထူးအလေးပေးလာသည်။
    ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအကူးအပြောင်း ပြုလုပ်မည်ဟုဆိုပြီးသည့်နောက် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးခဲ့သည်။ ဤတွင် အိန္ဒိယအစိုးရနှင့် ၄င်း၏အပေါင်းအပါတစ်ချို့က အိန္ဒိယတိုက်နယ် အစွန်အဖျားဖြစ်သော မြန်မာနိုင်ငံအား လွှမ်းမိုးနိုင်မည့် မဟာဗျူဟာ အခွင့်အလမ်းကို တွေ့မြင်လာကြသည်။
    ONGC Videsh ၊ Jubilant ရေနံနှင့်သဘာဝဓာတ်ငွေ့၊ Century Ply-Star ဘိလပ်မြေလုပ်ငန်း စသည့် အိန္ဒိယလုပ်ငန်းအုပ်စုတို့သည် မြန်မာသို့ ၀င်ရောက်လာကြသည်။ ယခုအခါ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှု ဒေါ်လာ သန်း ၃၀၀ အထိ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ အတွင်း နိုင်ငံတကာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI မှာ ဒေါ်လာ သန်းပေါင်း ၄၃၀၀ အထိ ရောက်နေရကား ၎င်းမှာ မဆိုစလောက်သော ပမာဏမျှသာ ဖြစ်နေသေး၏။ ၎င်းအပြင် FDI အများစုသည် တရုတ်ပြည်မှဖြစ်နေသည်။ နေပြည်တော် အစိုးရသည် တရုတ်(နှင့် ရုရှ)အပေါ် စစ်ရေးအရမှီခိုမှုမှ ဖယ်ခွာရန်ကြိုးစားသော ၂၀၁၂ ခုနှစ်မှစတင်ကာ တရုတ်ပြည် ရင်းနှီးမြှုပ်နှံမှု ထိုးကျသွားခဲ့သည်။ ဤကဏ္ဍတွင် အိန္ဒိယသည် ပြိုင်ဖက် မဟုတ်သည့်အပြင် နှစ်ပေါင်းများစွာ လက်ဝင်မလျှိုခဲ့။
    အိန္ဒိယအနေဖြင့် ကုန်သွယ်ရေးနှင့်မြှုပ်နှံမှု၌ သြဇာညောင်းအောင် မစွမ်းဆောင်နိုင်ခဲ့သော အကြောင်းအချက်များစွာ ရှိ၏။ အိန္ဒိယ၏ ဖွံ့ဖြိုးမှုနိမ့်ကျသည့် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦလည်း အပါအ၀င်ဖြစ်သည်။ ထိုအချက်က မြန်မာ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အိန္ဒိယသို့ သယ်ယူဖြန့်ချိနိုင်ရေး၌ နယူးဒေလီ အဖို့ အဟန့်အတားဖြစ်ရသည်။ တရုတ်-မြန်မာနယ်စပ်နှင့် နှိုင်းယှဉ်ပါက နှစ်နိုင်ငံကြား နယ်စပ်ဒေသမှာ ဖွံ့ဖြိုးမှုနိမ့်ကျနေသည်မှာလည်း မငြင်းနိုင်။ ဗဟိုဦးစီးချုပ်ကိုင်မှု နှင့် ကြိုးနီစနစ်ကလည်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များကို နှောင့်နှေးသွားစေခဲ့သည်။
    ယခုအခါ အိန္ဒိယသည် မြန်မာနိုင်ငံအား နွေးထွေးကြိုဆိုလိုသည့် သဘောထားရှိနေပါသည်။ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မျက်နှာစာတွင် တတ်နိုင်သမျှ ပါဝင်ဖော်ဆောင်ချင်နေသည်။ အိန္ဒိယအရှေ့မြောက်ပိုင်းသည် အခြားဒေသများနှင့်နှိုင်းစာပါက ထီးတည်းတည်ရှိနေရာ နယူးဒေလီမှ ၎င်းအားမြှင့်တင်လိုသောကြောင့် မြန်မာနှင့် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ ခိုင်မာနက်ရှိုင်းသော ဆက်ဆံရေးဖြစ်ရန်အတွက် အိန္ဒိယ အာဏာပိုင်တို့အား စေ့ဆော်လျက် ရှိနေပေသည်။ သို့သော် နှစ်ဖက် နယ်စပ်လုံခြုံရေး အခြေအနေများ လိပ်ခဲတည်းလည်းဖြစ်နေခြင်းက အိန္ဒိယအာဏာပိုင်များ အတွက် အဓိကခေါင်းခဲစရာ ဖြစ်စေသည်။ ဥပမာ – မြန်မာမွတ်စ်လင်မ်တို့ အပေါ် ဗုဒ္ဓဘာသာဝင်တို့၏ အကြမ်းဖက်ဖြစ်စဉ်များက ဒေသတွင်းရှိ မွတ်စ်လင်မ် အချို့ကို အစွန်းရောက်အောင် တွန်းပို့သလိုဖြစ်နေသည်။ ထိုအချက်သည် အိန္ဒိယအတွင်း၌ သာမက တောင်အာရှ၊ အရှေ့တောင်အာရှအစွန်အဖျားရှိ အချို့ဒေသများအထိ ဗုဒ္ဓဘာသာဝင်နှင့် သက်ဆိုင်ရာ သာသနိကအ ဆောက်အဦးများကို လက်စားချေ တုန့်ပြန်သော တိုက်ခိုက်မှုများ ဖြစ်လာမည့် အန္တရာယ်ရှိနေသည်။ နှစ်ဖက် နယ်စပ်တွင် ခွနေနေကြသော နာဂ လူ့အစုအဝေးအပေါ် အစိုးရနှစ်ဖက်လုံးမှ အာရုံစိုက်နေရဆဲ။ အကြောင်းမှာ နာဂပြည်ဟူသော အကြောင်းတရားက နှစ်နိုင်ငံလုံး၏ ပိုင်နက်အတွင်း၌ ရောက်နေသောကြောင့် အန္တရာယ်ဖြစ်လာနိုင်ပေသည်။
    အိန္ဒိယနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးထူထောင်ပါက မိမိ နယ်စပ်ဖက်ရှိ အခြေမကျသေးသောဖွံ့ဖြိုးမှုကိုလည်းကောင်း၊ ဒေသတွင်း အရေးပါသူများနှင့် တကွ တရုတ်ပြည်၏ မိတ်ဖက် ချိန်ခွင်လျှာကိုလည်းကောင်း ထိခိုက် နစ်နာစေနိုင်သည်ဟု နေပြည်တော်မှ ရှုမြင်ထားသည်။ ဘေဂျင်း အပေါ်  မြန်မာ၏ စီးပွားရေးနှင့် နိုင်ငံရေး မှီခိုနေမှု အရ နေပြည်တော်အစိုးရမှာ သတိပြု၍ ရှေ့ဆက်တိုးဖွယ် ရှိနေသည်။ အကယ်၌ မြန်မာ-တရုတ်ဆက်ဆံရေး၌ အတွင်းကျကျပြောင်းလဲမှု မရှိလျှင်ပင် အိန္ဒိယနှင့် အမေရိကန်၊ ဂျပန် စသည့် အခြားနိုင်ငံများက မြန်မာနိုင်ငံအဖို့ ရွေးချယ်စရာ များစွာရှိကြောင်း သိမြင်စေပြီး ဘေဂျင်းကို ဆန့်ကျင်ရန် အရှိန်မြှင့် တွန်းအားပေးကြမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးဆက်ဆံမှု တဖြည်းဖြည်း တိုးတက်လာခြင်းသည် ဘေဂျင်း-မြန်မာ အထူးဆက်ဆံရေးအပေါ် ခြိမ်းခြောက်ချက်ဟူ၍ တရုတ်အာဏာပိုင်များ၌ အမြင်ရှိနေသည်။
    မြန်မာအစိုးရသည် အိန္ဒိယ နှင့် တရုတ် နှစ်နိုင်ငံစလုံး၏ တန်ဖိုးကို နားလည်ထား၏။ အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအနေအထား (နှင့်) ရေနံ/သဘာဝ ဓာတ်ငွေ့အရင်းအမြစ်အသစ်များအပေါ် စိတ်ဝင်စားမှုသည် မြင်သာလှသော အနာဂတ်အတွက် မြန်မာနိုင်ငံအတွက်ပါ အကျိုးတူ ရည်မှန်းချက်များကို  ပေါက်မြောက်စေနိုင်သည်။ တစ်ချိန်တည်းမှာပင် မြန်မာကို အသုံးချပြီး ဘင်္ဂလားပင်လယ်အော်အထိ တရုတ်၏ခြေလှမ်း ကျဲလာမှု၊ မြန်မာနိုင်ငံတောင်ဖက် ကုန်းတွင်းပိုင်းရှိ စွမ်းအင် ရရှိမှုအပေါ် လုံခြုံရေးစသည်တို့က ဘေဂျင်းအတွက် မြန်မာကို မဟာဗျူဟာမြောက် အဓိကလက်တွဲဖော်အဖြစ် ဖန်တီးနေဦး မည်ဖြစ်သည်။
    မြန်မာနိုင်ငံသည် ဒီမိုကရေစီအကူးအပြောင်းကို အောင်မြင်အောင်ဖော်ဆောင်နိုင်သည်ဖြစ်စေ၊ အတိတ်တစ်ချိန်က ဖယ်ကြဉ်ခံ ဘ၀သို့ နောက်ပြန်လှည့် သည်ဖြစ်စေ မဟာဗျူဟာကျသည့်အနေအထားတွင် ရှိနေကြောင်း ထင်ရှားပေသည်။ ထို့ပြင် သဘာဝ သယံဇာတများကလည်း တရုတ်နှင့်အိန္ဒိယ၏ အကျိုးစီးပွား ရောယှက်နေသောဒေသတွင်းရှိ ပါဝါအားပြိုင်မှု ချိန်ခွင်လျှာအား ဆက်လက် အရိပ်မိုးနေပေဦးမည်။ တရုတ်နှင့်အိန္ဒိယတို့၏ လက်များက မြန်မာနိုင်ငံထဲတွင် အမှန်တကယ် ယှဉ်တွဲတည်ရှိသွားနိုင်ပါသည်။ သို့စေကာမူ တရုတ်နိုင်ငံသည် ၎င်း၏ လက်ရှိ သမိုင်းမျက်နှာစာ၊ စစ်ရေး အထောက်အပံ့၊ နေပြည်တော်အကျိုးကို ရေရှည်လိုက်လျောမှုတို့အားဖြင့် ထင်ထင်ရှားရှား ခြေလှမ်းသာလွန် အမြတ်ထုတ်နေဦးမည်သာတည်း။
    Ref : International Policy Digest & Huffington Post
    Original Post : Can China and India Coexist in Myanmar ? (By Daniel Wagner and Giorgio Cafiero )
    Translation : Myint Mo Maung Maung
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]
  • တမူးတွင် အိန္ဒိယ ကုန်သည်နှစ်ဦး အသတ်ခံရမှု မိုးရေးမြို့ ဒေသခံများ ဆန္ဒပြ၊ အာဏာပိုင်များ ကျန်ရစ်မိသားစုအား နစ်နာကြေးပေး
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    Moreh_Killing_20140221_14
    ဖေဖော်ဝါရီ ၁၁ ရက်က မြန်မာနိုင်ငံ နယ်နမိတ်ရှိ တမူးမြို့အတွင်း သတ်ဖြတ်ခံခဲ့ရသော ကုန်သည်နှစ်ဦး၏ မိသားစုများကို မဏိပူရအာဏာပိုင်မှ မိသားစု တစ်စုလျှင်  ရူပီး ၅ သိန်း စီ (ဒေါ်လာ ၈၀၀၀ ကျော်)  နှစ်သိမ့်မှုအားဖြင့် နစ်နာကြေးပေးခဲ့သည်။
    မိုရေးမှ တရားဝင် စာရွက်စာတမ်းဖြင့် နယ်စပ်ဖြတ် ၀င်လာသော ကုန်သည်နှစ်ဦးမှာ ဖမ်းဆီး သတ်ဖြတ်ခံရပြီး ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ၎င်းတို့၏ မီးသင့်၍ ပျက်စီးနေသည့် ရုပ်အလောင်းတို့ကို မိုရေး ရဲဌာနသို့ သယ်ဆောင်လာခဲ့သည်။
    သောကြာနေ့က လူ့အဖွဲ့အစည်းခေါင်းဆောင် အားလုံးနီးပါး ပါဝင်သော ဒေသခံ လူထုတို့သည် လူသတ်သမားများကို ဖော်ထုတ်ပြစ်ဒဏ်ပေးရေး အတွက် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။ ညနေပိုင်းတွင် ယင်းပြဿနာကိုဖြေရှင်းရန် ၀န်ကြီးသုံးဦးရောက်လာပြီးနောက် နယ်စပ်ကုန်သွယ်ရေးကို ရပ်တန့်လိုက်သည်။ လူ့အဖွဲ့အစည်းခေါင်းဆောင်များက နယ်စပ်ဒေသကို ကုန်ကူးသန်း ခွင့်မပြုဘဲ မတ်လ ၁၅ ရက်အထိ ပိတ်ဆို့ထားမည်ဖြစ်ကြောင်း၊
    ကုန်သည်များနှင့် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် နမ့်ဖာလုံမှကျော်လွန်၍ မသွားရောက်ကြဖို့ အကြောင်း ကြေညာသည်။
    ၎င်းနောက် နယ်စပ်မြို့ရှိ ကုန်သည်များ၏လုံခြုံရေး အာမခံချက်ကို တောင်ဆိုထားသည့် စာချွန်လွှာ တစ်စောင်အား မြို့တော်ဝန် V.K. Duggal ထံသို့ ပို့ပေးခဲ့ကြသည်။
    အင်ဖာလ် နှင့် မိုရေးအကြား သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆိုင်းငံ့ထားသည်။
    အိန္ဒိယကုန်သည်နှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ လုံခြုံရေးကို မြန်မာနိုင်ငံမှ တာဝန်ယူအာမခံချက် မပေးနိုင်ပါက နယ်စပ်အား ထပ်မံ ပိတ်ဆို့သွားမည်ဟု ဆိုသည်။
    Ref: Business Standard & The Hindu
    Picture Credit :: David M Mayum
  • ထိုင်းနိုင်ငံတွင် ဆန္ဒပြလူအုပ် အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံး
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    thai-unrest
    နိုင်ငံရေးမငြိမ်သက်ဖြစ်နေသည့် ထိုင်းနိုင်ငံအရှေ့ဘက် ပြည်နယ်တစ်ခုရှိ အစိုးရ ဆန့်ကျင်ဆန္ဒပြနေသော လူအုပ်အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။
    ယမန်နေ့ ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း Trat ပြည်နယ် Khao Saming ခရိုင်ရှိ ဈေးတစ်ခုတွင် စခန်းချထားသော ဆန္ဒပြလူအုပ်အတွင်းသို့ ပစ်ကပ်ကား ၂ စီးဖြင့် လာရောက်သော သေနတ်သမားများက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ရဲအရာရှိ Thanaphum Naewanit က ပြောကြားခဲ့သည်။
    “အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦး သေနတ်မှန်ခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အခြား လူ ၃၀ လည်း ဒဏ်ရာရခဲ့ပါတယ်” ဟု ၎င်းကဆိုပြီး ပစ်ခတ်မှုမှာ ဆန္ဒပြမှုများကို ရပ်တန့်သွားစေရန် ရည်ရွယ်ခြင်းဟု ယုံကြည်ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ပစ်ခတ်မှုကြောင့် လူများထွက်ပြေးသွားခဲ့ပြီး လမ်းမပေါ်ရှိ လူမရှိသော ဈေးဆိုင်များနှင့် ပြောင်းပြန်လန်နေသော ပလတ်စတစ်ခုံများအား ရုပ်သံမှ ထုတ်လွှင့်ပြသသွားခဲ့သည်။
    ဆန္ဒပြသူများက အဓိက နေရာများကို ပိတ်ဆို့နေကြသည့် မြို့တော်ဘန်ကောက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး၊ သောကြောနေ့ကလည်း ဘန်ကောက်မြို့ရှိဆန္ဒပြလူစုအတွင်း ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ဦးဒဏ်ရာရခဲ့သည်။ ထိုင်းနိုင်ငံတွင် လအတော်ကြာ ဖြစ်ပွားနေခဲ့သည့် နိုင်ငံရေး မငြိမ်သက်မှုအတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများနှင့် ဗုံးခွဲမှုများကြောင့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ရသည်။
    ဓါတ်ပုံ အညွှန်း- ထိုင်းနိုင်ငံမှ ဆန္ဒပြပွဲမြင်ကွင်းတခု Photo-AP
    Ref: CNA
  • ယူကရိန်းသမ္မတကို ပါလီမန်ဖြုတ်ချ၊ အကျဉ်းစံ ဝန်ကြီးချူပ်ဟောင်း လွတ်မြောက်ပြီး ဆန္ဒပြသူများကို သွားရောက်အားပေး
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    Yulia Tymoshenko
    – တာဝန်ထမ်းဆောင်စဉ်က အာဏာအလွဲသုံးစားလုပ်ခဲ့ပြီး၊  ချစားခဲ့သည်ဟူသော စွဲချက်ဖြင့် ၂၀၁၁ ခုနှစ်က ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်းခံခဲ့ရသည့် ယူကရိန်း ၀န်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှန်ကိုမှာ ယမန်နေ့ နေ့လည်တွင် လွတ်မြောက်လာခဲ့သည်ဟု သိရသည်။
    သောကြာနေ့က သမ္မတ ယာနူကိုဗစ်ခ်ျနှင့် အတိုက်အခံတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ လွတ်မြောက်လာခြင်းလည်းဖြစ်သည်။ ကျောရိုးအားနည်းသည့် ရောဂါခံစားနေရသောကြောင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေရသည့် တိုင်မိုရှန်ကိုမှာ လွတ်မြောက်ပြီးနောက် ယမန်နေ့ညနေပိုင်းက အင်အား ၅ သောင်း ခန့်ရှိသည့် ဆန္ဒပြသူများစုဝေးရာ ကိဗ်မြို့ရှိ လွတ်လပ်ရေး ရင်ပြင်သို့ သွားရောက် မိန့်ခွန်းပြောကြားခဲ့သည်။
    “ရှင်တို့ဟာ သူရဲကောင်းတွေပါ။ ယူကရိန်းက အကောင်းဆုံး လူတွေလည်းဖြစ်ပါတယ်။ ရှင်တို့စီစဉ်ထားတဲ့ အရာအားလုံး အဆုံးအထိ မရောက်ခင် ဒီလွတ်လပ်ရေး ရင်ပြင်ကို ရှင်တို့ မစွန့်ခွာပါနဲ့” ဟု တိုင်မိုရှန်ကိုက ဆိုပြီး ဆန္ဒပြမှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူများကိုလည်း ချီးကျူးခဲ့သည်။
    လက်ရှိသမ္မတ ယာနူကိုဗစ်ခ်ျမှာ ယမန်နေ့က ရုံခန်းအား စွန်လွှတ်ခဲ့ပြီး ဆန္ဒပြမှုအား အာဏာသိမ်းမှုအဖြစ် ရှုတ်ချပြောဆိုခဲ့သည်။ ထို့နောက် နာရီအနည်းငယ်အကြာ ယမန်နေ့ နံနက်ပိုင်းတွင် ယူကရိန်းပါလီမန်က ယနူကိုဗစ်ခ်ျအနေဖြင့် အာဏာအလွဲသုံးစားလုပ်ခဲ့သည်ဟု သံသယရှိသဖြင့် မဲခွဲခဲ့ရာ အမတ် ၄၄၇ ဦးမှ ၃၂၈ ဦးက ထောက်ခံမဲပေးခဲ့ပြီး ၎င်းအား ရာထူးမှ ဖြုတ်ချခဲ့သည်။
    ယာနူကိုဗစ်ခ်ျအား အမာခံထောက်ခံသူများမှာ ဘက်ပြောင်းသွားခဲ့ပြီး၊ ယူနူကိုဗစ်ခ်ျအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားသည့် တာဝန်များကို ဆောင်ရွက်နိုင်ခြင်းမရှိဟု ပါလီမန်ကြေညာခဲ့ကာ ရွေးကောက်ပွဲကို လာမည့် မေလ ၂၅ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ခဲ့သည်။
    Ref: Agencies
  • ပြည်လုံးကျွတ် သန်းခေါင်စာရင်းက ပြည်တွင်းပဋိပက္ခတွေ ဖိတ်ခေါ်နေလေသလား
    ဆောင်းပါးရှင် – အိုလှိုင် မာန်ဇူး
    ဘက်မလိုက်ဂျာနယ် အတွဲ ၁ အမှတ် ၂ မှ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
    census
    မတ်လ ၃၀ ရက်နေ့ ကနေ ဧပြီလ ၁၀ ရက်နေ့ အကြားမှာ ကောက်ခံမယ့် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းဟာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အခြေခံအချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်သလို လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံသားဖြစ်တည်ရေးတို့အပေါ် နားလည်မှုကွဲလွဲစေမယ့် စာရင်းဇယားလည်းဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီသန်းခေါင်းစာရင်းကောက်ခံမယ့် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုနေကြတာတွေရှိသလို သန်းခေါင်စာရင်းမေးခွန်းတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာတွေလည်းရှိပါတယ်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း သန်းခေါင်စာရင်းကောက်ခံထားတာ မရှိဘဲ ခန့်မှန်းခြေတွေနဲ့ လည်ပတ်လာခဲ့တာဖြစ်တဲ့အတွက် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းဟာ မဖြစ်မနေကောက်ခံဖို့ လိုနေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။
    သမိုင်းတလျှောက်ကစစ်တမ်း
    ————————–——–
    မြန်မာ့သမိုင်းကြောင်းတစ်လျှောက်ကိုပြန်ကြည့်ရင်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းဆိုပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ခံခဲ့တာ မရှိဘူးလို့ဆိုရပါလိမ့်မယ်။ ရှေ့မြန်မာပြည်ရှင့်မင်းတွေ လက်ထက်က အခွန်ကောက်တွေကို ကောက်ခံရရှိနိုင်ဖို့အတွက် တနိုင်တပိုင် စစ်တမ်းတွေကောက်ခံခဲ့ပါတယ်။ ပထမဆုံး ခေတ်သစ် မော်ဒါန် သန်းခေါင်စာရင်းကိုတော့ ၁၈၇၂ ခုနှစ်မှာ ကောက်ခံခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၁၈၈၁ ခုနှစ်မှကောက်ခံခဲ့ပါတယ်။ ၁၈၇၂ နဲ့ ၁၈၈၁ ခုနှစ်တွေမှာကောက်ခံခဲ့တဲ့ သန်းခေါင် စာရင်းတွေကိုတော့ ဗြိတိသျှ လက်အောက်ကျရောက်နေခဲ့တဲ့ အောက်မြန်မာပြည်မှာ သာ ကောက်ခံခဲ့တာပါ။ ဗြိတိသျှခေတ်တလျှောက်မှာ ၁၈၉၁ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ဆယ်နှစ်တစ်ကြိမ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပုံမှန်ကောက်ခံခဲ့ပါတယ်။ ပြည်လုံးကျွတ်လို့ အမည်ခံထားပေမယ့် လက်တွေ့မှာတော့ နိုင်ငံတော်ရဲ့ ငါးပုံ လေးပုံ လောက်ကိုဘဲ ကောက်ခံနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် ဆယ်နှစ်တစ်ကြိမ်ကောက်ခံရမယ့် သန်းခေါင်စာရင်း အတွက် အတားအဆီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ် နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း နှစ်ကြိမ်သာကောက်ခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွားလာရခက်တဲ့ နယ်စပ်ဒေသတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထိန်းချုပ်တဲ့ အရပ်ဒေသတွေမှာ ကောက်ခံနိုင်ခဲ့ခြင်းမရှိဘဲ ခန့်မှန်းစာရင်းတွေကိုသာ ပေါင်းထည့်ခဲ့ပါတယ်။ ယခင်ကောက်ခံခဲ့တဲ့သန်းခေါင်စာရင်းတွေက တိကျမှုမရှိတာက တစ်ကြောင်း၊ ကောက်ခံခဲ့တဲ့ နေရာဒေသတွေ မတူညီတာကတစ်ကြောင်း ဖြစ်တဲ့အတွက် ယခုကောက်ခံဖို့ပြင်ဆင်နေတဲ့ သန်းခေါင်စာရင်း လောက်တော့ အားထားရတဲ့ စာရင်းဇယားတွေ မဟုတ်ခဲ့ပါဘူးလို့ မှန်းဆနိုင်ပါတယ်။
    စာရင်းဇယားရှိဖို့ လိုအပ်ချက်
    ————————–——–
    လက်ရှိမြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေကို ထောက်ပံ့ကူညီတဲ့အနေနဲ့ အချိန်တိုအတွင်း ခေတ်မှီဖွံ့ဖြိုးတိုးတက်စေဖို့ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက ငွေကြေးတွေနဲ့တစ်မျိုး၊ နည်းပညာတွေနဲ့ တဖုံ ဝိုင်းဝန်းကူညီပေးနေပါပြီ။ ပြည်လုံးကျွတ် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လူတိုင်း ဆေးကုသမှုခံယူနိုင်ရေး၊ ကလေးသူငယ်တိုင်းပညာသင်နိုင်ရေး တွေအပြင် စိုက်ပျိုးမြေတိုးချဲ့ရေး၊ လမ်းပန်း ဆက်သွယ်ရေးတိုးချဲ့နိုင်ရေး၊ ကြေနန်းဆက်သွယ်ရေး အဆင့်မြင့်မားရေး၊ ဘဏ်စနစ်ထွန်းကားရေးနဲ့ စီးပွားရေး လုပ်ငန်းငယ်များ အောင်မြင် ထွန်းပေါက်ရေး အစရှိတဲ့ ပြည်လုံးကျွတ် တိုးတက်စေရေးတွေ အတွက် ဒေါ်လာသန်း ပေါင်းများစွာ မြန်မာပြည်ထဲကို စီးဝင်လာနေတဲ့ သတင်းကောင်းတွေလည်း အဆက်မပျက် ကြားသိနေရပါတယ်။ ဥပမာအားဖြင့်ဆိုရင်တော့ ကမ္ဘာ့ဘဏ်က ပြည်လုံးကျွတ် လျှပ်စစ်မီးရရှိရေးနဲ့ လူတိုင်းဆေးကုသ ခွင့်ရှိနိုင်ရေးအတွက် ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ကူညီမယ်လို့ ပြီးခဲ့တဲ့ လက ကြေညာခဲ့ပါတယ်။ လျှပ်စစ်စွမ်းအင်အတွက် အာရှဖွံ့ဖြိုးရေး ဘဏ်ကလည်း ဒေါ်လာ သန်း ၆၀ ချေးငွေအဖြစ် ကူညီပေးဖို့ စီမံထားပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး အတွက် ဒေါ်လာ သန်း ၃၁.၅၊ ဘဏ္ဍာရေးစနစ် ခေတ်မှီဖို့အတွက် ဒေါ်လာ သန်း ၃၀၊ ပညာတော်သင်နဲ့ ဆင်းရဲ့တဲ့ကလေးတွေကို ပညာရေးအထောက်ကူပြုဖို့ အတွက် ဒေါ်လာသန်း ၆၀ လည်း ထောက်ပံ့ကူညီပေးဖို့ အရန်သင့်ရှိနေပါတယ်။ ဒါတင်မကသေးပါဘူး။ နောက်ထပ် ကမ်းလှမ်းထားတဲ့ စီမံကိန်းတွေလည်း များစွာရှိပါသေးတယ်။
    တိုင်းတပါးက ကူညီတဲ့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေကနေ ထုတ်ယူ သုံးစွဲမယ့် ငွေကြေးတွေ ကလည်း နှစ်စဉ် ဒေါ်လာသန်း ပေါင်း များစွာရှိမှာပါ။ အရင်ကလို နိုင်ငံတော် ဘဏ္ဍာငွေတွေကို စစ်တပ် အတွက် အများစုသုံးစွဲမှာ မဟုတ်ဘဲ ပြည်သူ့တွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သုံးစွဲကြမှာဖြစ်လို့ ဘယ်စီမံကိန်းအတွက် ငွေကြေးဘယ်လောက်သုံးစွဲမလဲ။ဘယ်အရပ် ဘယ်ဒေသမှာ ဘယ်လိုစီမံကိန်းတွေချမှတ်မလဲ။ ဘယ်အစု ဘယ်အဖွဲ့တွေက ကိုင်တွယ်လုပ်ဆောင်မလဲ ဆိုတာတွေကိုပါ စနစ်တကျ စီမံခန့်ခွဲဖို့လိုအပ်လာပါတယ်။ ဒီလို စီမံကိန်းတွေချမှတ်ရာမှာ ဘယ်အရပ်ဘယ်ဒေသမှာ လူဦးရေဘယ်လောက်ရှိသလဲ၊ လူဦးရေပျံ့နှံမှု၊ သိပ်သည်းမှု ဘယ်လိုရှိသလဲ ဆိုတာတွေ သိဖို့လိုပါတယ်။ ဘယ်အရပ်ဒေ သက လူတွေက ပိုပြီးလိုအပ်သလဲ ဆိုတာလည်း သိဖို့လိုတယ်။ လိုအပ်တဲ့နေရာတွေမှာ သုံးစွဲဖို့ရာအတွက်လည်း လိုအပ်ချက်တွေကိုသိရှိဖို့လိုသလို၊ လိုအပ်လို့ သုံးစွဲရခြင်းဖြစ်တယ်ဆိုတာကိုလည်း ပွင့်လင်းမြင်သာစွာ ပြသဖို့လည်း အရေးကြီးပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီ ဖြစ်တဲ့အလျှောက် ဒီစီမံကိန်းတွေကို အကောင်အထည်ဖေါ်ရာမှာ လူထု ကိုယ်စားလှယ်တွေကတဆင့် လူထုပါဝင်ပတ်သက်မှုရှိဖို့လို အပ်ပါတယ်။ သို့မှသာ ဒီစီမံကိန်းတွေဟာ လူထုဆန္ဒသဘောထားကို ထင်ဟပ်စေမှာဖြစ်တယ်။ လူထုကိုယ်စားလှယ်တွေ ရွေးချယ်ရေးကိစ္စက လူဦးရေ အနည်းအများနဲ့ ဆက်စပ်နေပါတယ်။ လူမျိုးစုတွေကိုကိုယ်စားပြုမယ့်ကိုယ်စားလှယ်တွေအတွက် လူမျိုးစုသတ်မှတ်မှုနဲ့ လူမျိုးစုဝင် ဦးရေကိုလည်း သိဖို့လိုပါတယ်။ ဒါကြောင့် အားလုံးဟာ စပ်ဆက်မှုရှိနေတဲ့အတွက် သန်းခေါင်စာရင်းကလည်း မဖြစ်မနေကောက်ခံဖို့ အရေးကြီးပါတယ်။
    လူမျိုးစု အရှုပ်အထွေး
    ————————-
    သန်းခေါင်စာရင်းကောက်ခံဖို့ အရေးတကြီးလိုအပ်နေပြီဆိုပေမယ့် မလိုလာအပ်တဲ့ ပဋိပက္ခတွေကိုပါ သန်းခေါင်စာရင်းရဲ့ ရလဒ်နဲ့ အတူ ပူးတွဲရောက်ရှိလာမှာကိုတော့ စိုးရိမ်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးစုပေါင်းမြောက်စွာ မှီတင်းနေထိုင် တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူမျိုးစုတွေကို အသိအမှတ်ပြုပုံ၊ ခွဲခြား သတ်မှတ်ပုံတွေကလည်း ရှုပ်ထွေးလှပါတယ်။ လက်ရှိ သန်းခေါင်စာရင်းဟာလည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံတယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီသန်းခေါင်စာရင်းမှာ တိုင်းရင်းသား မဟုတ်သူတွေရဲ့ စာရင်းလည်းပါမှာဖြစ်သလို သန်းခေါင် စာရင်း ကောက်ခံပြီးရင်လည်း လူမျိုးစုတွေကို အတိုးအလျော့ ပြန်လည်ပြင်ဆင်မယ်လို့ ဦးခင်ရီ အကြိမ်ကြိမ်ပြောဆိုခဲ့တာ တွေလည်းရှိပါတယ်။
    လူဦးရေ နဲ့ မြို့နယ် အပေါ်အခြေခံပြီး ပြည်သူလွတ်တော် ကိုယ်စားလှယ်တွေ ခန့်အပ်တာဖြစ်တဲ့အတွက် ပြည်သူ့လွတ်တော် အတွက်တော့ သိပ်ပြီး အငြင်းပွားနိုင်ဖွယ်ရာမရှိပါဘူး။ လက်ရှိ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၃၃၀ ဦးကိုသာ ပြည်သူတွေက တိုက်ရိုက်မဲ ပေးရွေးချယ်ရမှာဖြစ်တဲ့အတွက် လူဦးရေ အနည်းအများအပေါ် အခြေခံပြီး မဲဆန္ဒနယ်မြေ သတ်မှတ်မှုတွေပြင်ဆင်ဖို့ အထောက် အကူပြုပါလိမ့်မယ်။
    အမျိုးသားလွတ်တော်မှာတော့ ပြည်နယ်နဲ့တိုင်း တစ်ခုစီက ကိုယ်စားလှယ် ၁၂ ဦးစီ ရွေးကောက်တင်မြောက်ရမှာဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသတွေရဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်နိုင်ဖို့ လမ်းကြောင်း ဖွင့်ထားပေးပါတယ်။ လက်ရှိ ပြည်နယ် ၇ ခုက လူမျိုးစုတွေကို အခြေခံထားတဲ့ အပြင် ပြည်နယ်တိုင်းမှာ လူမျိုးစု တစ်စု မကရှိတယ်လို့ အကြမ်းဖျင်း နားလည်လို့ရပါတယ်။ လူမျိုးတစ်မျိုးတည်း ရှိတယ်ဆိုတဲ့ မွန် လူမျိုးတွေနေထိုင်ရာ မွန်ပြည်နယ်မှာ တောင်မှ ဗမာလူမျိုးနဲ့ ကရင် လူမျိုးမြောက်များစွာ နေထိုင်ကြပါတယ်။ ချင်းပြည်နယ်မှာဆိုရင်တော့ ချင်းလူမျိုးပေါင်း ၅၃ မျိုးရှိတယ်လို့ သက်မှတ်ထားပါတယ်။ အမျိုးသားလွတ်တော်ဟာ လူမျိုးစုတွေကို အခြေခံတဲ့ လူမျိုးစုလွတ်တော် မဟုတ်ပေမယ့် လူမျိုးစုအရေး ရှေ့တန်းတင်တဲ့ မြန်မာနိုင်ငံရေးမှာ ကိုယ်စားလှယ်တွေရဲ့ လူမျိုးဟာလည်း အရေးပါလှပါတယ်။ တိုင်း ၇ ခု က ကိုယ်စားလှယ် အများစုဟာ ဗမာ လူမျိုးတွေဖြစ်နိုင်ချေပိုများပေမယ့် လူမျိုးစုကွဲပေါင်း မြောက်များစွာနေထိုင်တဲ့ ပြည်နယ်တွေမှာတော့ အမျိုးသား လွှတ်တော် ရွေးချယ်ရာမှာ အဝေ မတည့်တာ ဖြစ်နိုင်ပါတယ်။ ပြည်နယ်တစ်ခု အတွက် ရပိုင်ခွင့်ရှိတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာကို လူမျိုးစုပေါင်းများစွာက အပြိုင်အဆိုင် ဝိုင်းလုကြတဲ့ပြဿနာမျိုး မကြုံတွေ့ရအောင်နဲ့ ဟိုလူမျိုးကို ကိုယ်စားမပြုဘူး…ဒီလူမျိုးကို ကိုယ်စားမပြုဘူးဆိုတဲ့ အမြင်တွေကို ကျော်လွားဖို့အတွက် လူမျိုးစုတွေဖောင်းပွနေတာ တစ်စုတစ်စည်းတည်း ရပ်တည်ကြဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြိုးပမ်းနေကြပါတယ်။ တစ်ဖက်မှာတော့ လူမျိုးစုရဲ့ လူဦးရေးများတယ်ဆိုရင်တော့ အမျိုးသားလွတ်တော်မှာ ကိုယ်စားလှယ်တောင်းရာမှာ တပန်းသာတယ်ဆိုတဲ့ ခံယူချက်တွေနဲ့ လူဦးရေကြီးထွားဖို့အရေး စည်းရုံးလှုံ့ဆော်နေကြတာတွေလည်းရှိပါတယ်။
    လူဦးရေဆိုင်ရာ လူမျိုးစုအရှုပ်အထွေးကတော့ တိုင်းဒေသကြီး လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ရွေးရာမှာ ပိုမိုမြင်သာပါတယ်။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်အရ ဒေသတစ်ခုမှာ စုဝေးနေထိုင်တဲ့ လူမျိုးစုဦးရေဟာ မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ အနည်းဆုံး (၀.၁) ရာခိုင်နှုန်းရှိတယ်ဆိုရင် ၎င်းတို့နေထိုင်ရာ အရပ်က သက်ဆိုင်ရာ လူမျိုးစုကိုကိုယ်စားပြုတဲ့ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ရပိုင်ခွင့်ရှိပါတယ်။ လူမျိုးစု သေးသေးလေးတွေအဖြစ် ကွဲပြားနေကြလို့ လူဦးရေ နည်းပါးတဲ့ လူမျိုးစုငယ်တွေကတော့ ပြည်နယ်နဲ့ တိုင်းအဆင့်မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ရပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။ တချိန်တည်းမှာလည်း သုတေသနပြုပြီး သတ်မှတ်ထားတာ မဟုတ်ဘဲ အာဏာရှင်တွေ သတ်မှတ်ပေးခဲ့တဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲမှာ မပါတဲ့ လူမျိုးတွေကလည်း ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် သန်းခေါင်းစာရင်းမှာ ထွက်ရှိလာမယ့် လူမျိုးစု လူဦးရေတွေအပေါ်အခြေခံပြီး နိုင်ငံရေး အရှုပ်အထွေးတွေဖြစ်လာနိုင်ဖွယ်ရာရှိပါတယ်။
    ဘာသာရေးတင်းမာမှု
    ————————-
    သန်းခေါင်းစာရင်း ရလဒ်အပေါ်အခြေခံပြီး ဖြစ်ပေါ်နိုင်တဲ့ အကြီးမားဆုံးတင်းမာမှုကတော့ ဘာသာရေးဖြစ်ပါတယ်။ လက်ရှိ ခန့်မှန်းခြေ အရ မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ၈၉%၊ အစ္စလာမ်ဘာသာဝင် ၄% နဲ့ ခရစ်ယာန် ဘာသာဝင် ၄% စီရှိတယ်လို့ အမှန်လို့ယူဆလို့ မရတဲ့ စာရင်းများကို အားထားဖေါ်ပြကြပါတယ်။ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူမျိုးတွေနဲ့ နယ်စပ်ဒေသ တစ်လျောက်က ခရစ်ယာန် ဘာသာဝင်တွေကိုပါ ပေါင်းထည့်လိုက်ရင် အစ္စလာမ် ဘာသာဝင်နဲ့ ခရစ်ယာန် ဘာသာဝင် ၁၀% ခန့်စီရှိနိုင်တယ်လို့ ခန့်မှန်း ကြတယ်။ ယခု သန်းခေါင်စာရင်း ဟာ တိကျမှန်ကန်မှုများမှာဖြစ်တဲ့ အတွက် အစ္စလာမ်ဘာသာဝင်နဲ့ ခရစ်ယာန်ဘာသာဝင် ဦးရေဟာ ယခင်တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းထက် များနေပါလိမ့်မယ်။ ဒီတော့ ဒီဘာသာဝင်တွေရဲ့ လူဦးရေတိုးနှုန်း မြင့်မားတယ်လို့ လွဲမှားစွာ ကောက်ချက်ချမိကြပါလိမ့်မယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင် ဦးရေတွေ လျော့ကျလာနေပြီဆိုတဲ့ စွပ်စွဲပြောဆိုနေတာကို ထောက်ပံ့ပေးသလိုဖြစ်သွားပါမယ်။ ယခင်က စာရင်းမှားနေတာကို သတိမူကြမှာ မဟုတ်ဘဲ ၄% နှုန်းကနေ ၁၀% ပတ်ဝန်းကျင်ခန့် တိုးလာပါလားလို့ ထင်ကြရင်ဖြင့် ဘာသာရေး ကိုအခြေခံတဲ့ တင်းမာမူတွေ ပိုမို ကြီးထွားလာနိုင်ပါတယ်။
    ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းဟာ အနှစ် ၃၀ ကျော် လှစ်ဟာနေတဲ့ လူဦးရေ စာရင်းဇယားတွေကို ဖွင့်ဟပေးမှာကတော့ သေချာပါတယ်။ အရေးကြီးတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေကလည်း ငွေရေးကြေးရေး အရရော၊ နည်းပညာအရပါ ဝိုင်းပြီးကူညီကြတယ်။ အသင်းအဖွဲ့တွေကလည်း ပညာပေးတွေလုပ်ကြ၊ စည်းရုံးမှုတွေလုပ်ကြနဲ့။ အစိုးရကလည်း အပွင့်လင်းဆုံးဖြစ်ရမယ်၊ အမှန်ကန်ဆုံးဖြစ်ရမယ်၊ လူတွေရဲ့ဆန္ဒ အရဖြစ်ရမယ်၊ နောက်ပိုင်းပြင်စရာရှိရင်ပြင်ပေးပါ့မယ်နဲ့ ခိုင်ခိုင်မာမာ ကြွေးကျော်နေတာတွေလည်း အားရစရာဘဲ။ ဒါပေမယ့်နောက်ပိုင်းမှာ ပြင်စရာရှိတာပြင်မှာက တစ်ကဏ္ဍ၊ အမှားမှား အယွင်းယွင်းတွေနဲ့တလွဲတချော်တွေဖြစ်ပြီး မလိုလားအပ်တဲ့ အခက်အခဲ အရှုပ်အထွေးတွေနဲ့ မကြုံတွေ့ရအောင် လောလောဆယ် ပြင်ဆင်ဖို့ တိုက်တွန်းနေတာတွေ၊ တောင်းဆိုနေတာတွေ၊ ဝေဖန်နေတာတွေကို လစ်လျူရှု့နေ တာကတော့ စဉ်းစားစရာပါပဲ။