News @ M-Media

Blog

  • Irrawaddy: စာပေဟောပြောပွဲ တားမြစ်ခံရမှုကို ဘယ်လို မြင်ကြသလဲ

    ဖေဖော်ဝါရီ ၁၈ ။၂၀၁၄
    ဧရာဝတီ

    1899929_721191117925043_840459439_n
    ၂၀၁၅ ရွေးကာက်ပွဲ နီးကပ်လာချိန်တွင် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်သူတချို့က စာပေဟောပြောပွဲများ ပြုလုပ်ခြင်းကို ဘာသာရေး အကြောင်းပြချက်ဖြင့် တားဆီးပိတ်ပင်မှုများ ပြုလုပ်လာကြောင်း တွေ့ရသည်။

    ပြည်ထောင်စုနေ့ အထမ်းအမှတ်အဖြစ် မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်မိသားစုများ ပူးပေါင်းကျင်းပသော စာပေဟောပြောပွဲတွင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုမြအေးတို့ ပါဝင်သည့်အတွက် မျိုးချစ်သံဃာတော်များ သမဂ္ဂအဖွဲ့က ကန့်ကွက်ခဲ့သောကြောင့် ပွဲဖျက်သိမ်းပေးခဲ့ရသည်။ အကြောင်းပြချက်မှာ ဟောပြောမည့်သူများသည် အစ္စလာမ်ဘာသာဝင်ဖြစ်သောကြောင့်ဟူ၍ ဖြစ်သည်။

    ထို့အပြင် စာရေးဆရာမ တဦးဖြစ်သူ မသီတာ (စမ်းချောင်း) သည် ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် စာပေဟောပြောပွဲတခု ပြုလုပ်ရန် စီစဉ်ထားရာ ၄င်းမှာ ရန်ကုန်မြို့ ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံတွင် စေတနာ့ ၀န်ထမ်းအဖြစ် လုပ်အားပေးလျက် ရှိသောကြောင့် မြို့ခံ ဘုန်းကြီးတချို့က ၄င်းဟောပြောမည့် စာပေဟောပြောပွဲကို လက်မခံဘဲ လူစားလဲပေးရန် တောင်းဆိုသည့်အတွက် ယင်းစာပေ ဟောပြောပွဲသို့ မသွားရောက်ဖြစ်ခဲ့ကြောင်း သိရသည်။

    ယင်းသို့ တားမြစ်ကန့်သတ်မှုများနှင့် ပတ်သက်ပြီး ကာယကံရှင်များဖြစ်သည့် ကိုမြအေး၊ မသီတာ (စမ်းချောင်း) နှင့် ရှေ့နေ ဦးကိုနီတို့ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ၄င်းတို့၏ ထင်မြင်ယူဆချက်များကို ဖော်ပြလိုက်ပါသည်။

    ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
    ———————————————————
    5.-Mya-Ayeအခုလို လုပ်နေတဲ့ပုံစံက တိုင်းပြည်အနာဂတ် မကောင်းနိုင်ဘူးလို့ ကျနော် မြင်တယ်။ ၂၀၁၄ ခုနှစ်ထဲကို စဝင်လာပြီဆိုမှ ဒီကိစ္စတွေက ပေါ်လာတာ။ ၂၀၁၅ ရွေးကာက်ပွဲနီးလို့ ဆိုတာ ကျနော်တို့ ယူဆလို့ ရတယ်။ နောက်တခုက
    နိုင်ငံသားတိုင်းမှာ သူ့ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ တာဝန်များဆိုတာ ရှိပြီးသားလေ။ ဖွဲ့စည်းပုံမှာလည်း ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ သို့သော်လည်းပဲ အဲဒါတွေကို အကောင်အထည်ဖော်လို့ မရအောင် ဥပဒေဘောင်အတွင်းက မဟုတ်ဘဲနဲ့ ဥပဒေမဲ့ လုပ်ကိုင်ဆောင်ရွက်လာတဲ့ ကိစ္စတွေကတော့ အလားအလာ မကောင်းဘူးလို့ မြင်တယ်။ ကျနော်တို့ နိုင်ငံမှာ နိုင်ငံသားလို့ ပြောရင် ဘာသာလူမျိုးပေါင်းစုံ ရှိကြတာပဲလေ။ အားလုံးဟာ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင်နဲ့ပဲ မြန်မာဆိုတဲ့ စိတ်ဓါတ်နဲ့ အတူတကွ ပေါင်းစည်းသွားချင်တာ။ ဒါပေမယ့် အခုပြဿနာတွေကြောင့် မြန်မာနိုင်ငံ အနာဂတ်နဲ့ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကျနော်လည်း စိတ်ပူနေတယ်။

    ကျနော်ကတော့ ဒီကိစ္စတွေကို ရိုးရိုးသားသား ဖြစ်လာတယ်လို့တော့ မမြင်ဘူးဗျ။ အထူးသဖြင့် ကျနော်တို့နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးတွဲကြေညာချက် ထုတ်ပြီးမှ ဒီကိစ္စတွေက ဒီရေအလား တက်လာတာ တွေ့ရတယ်။ ဒါကတော့ ရိုးသားမှု တခုမဟုတ်ဘူးလို့ မြင်တယ်ဗျာ။ နောက်တခုက ၂၀၁၅ ရွေးကာက်ပွဲနီးလာပြီဆိုတော့ ပြိုင်ဆိုင်မှုက ပြင်းထန်လာတယ်။ လွယ်လွယ်ကူကူနဲ့ အာဏာကို ဖြတ်လမ်းက လိုချင်တဲ့သူတွေ အတွက်ကတော့ ဘာသာရေး လူမျိုးရေးကို အသုံးချပြီး လုပ်မှာပဲလေ။ ဒါတွေကို စုပြီးလိုက်လုပ်နေတာ။ ဒါကြောင့် ဒီကိစ္စက ရိုးသားတယ်လို့ လုံးဝ ပြောလို့မရဘူး။

    ကျနော်မြင်တာကတော့ ဘယ်ဘာသာတရားပဲ ဖြစ်ဖြစ် ကိုယ့်အမျိုးဘာသာ သာသနာကို စောင့်ရှောက်အောင်၊ ထိန်းသိမ်းအောင် ဆိုတာ လုပ်ရမယ့် ကိစ္စပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားဟာ ကျနော် အစ္စလာမ်ဘာသာဝင်တွေ အတွက် အများကြီး အတုယူစရာပါ။ ကျနော်တို့ ဖြစ်ချင်တာက အေးချမ်းစွာ နေထိုင်လိုတဲ့ မည်သည့်ဘာသာဝင်မဆို ဒီနိုင်ငံရဲ့ သစ္စာကို စောင့်သိရိုသေမယ်။ ဒီတိုင်းပြည်ရဲ့ အကျိုးကိုလည်း ဦးလည်မသုန် ထမ်းရွက်မယ်ဆိုရင် မြန်မာဆိုတဲ့ စိတ်ရှိရင် အဆင်ပြေစွာ နေထိုင်နိုင်ရမယ်။ မြန်မာနိုင်ငံဟာ အေးချမ်းတဲ့ နိုင်ငံဖြစ်တယ် ဆိုတဲ့ ပြယုပ်ကို တလျှောက်လုံး ပြလာခဲ့ပြီးတော့ ဆက်လက်ပြီး ထိန်းသိမ်းသွားနိုင်ဖို့ လိုပါတယ်။

    မသီတာ (စမ်းချောင်း)
    ————————–
    IMG_4022ဟောပြောပွဲ ကိစ္စက ကျမတို့ဘက်က ဖျက်လိုက်တာ။ ဆရာသင်းရီပဲ သိတယ်။ ကျမတောင် မသိလိုက်ဘူး။ ဆရာသင်းရီကို အဲဒီမြို့က ဘုန်းကြီးက ပြောတယ်တဲ့။ လူလဲပေးပါ ဆိုပြီးတော့တဲ့။ အဲလိုဆိုရင်တော့ လဲမပေးနိုင်ဘူး။ ဘယ်သူမှ
    လာမဟောတော့ဘူးဆိုပြီးတော့ ဖျက်လိုက်တာ။ ပေါင်းတည်နဲ့ ပေါက်ခေါင်း ၂ ရက်ဆက်တိုက်လုပ်ဖို့ လုပ်တဲ့ အစီအစဉ်က ပေါင်းတည်မှာ ပျက်သွားတယ်။ ပေါက်ခေါင်းမှာ ဟောဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဘုန်းကြီးနဲ့ ပွဲစီစဉ်တဲ့
    ကလေးတွေနဲ့ ပြဿနာ တော်တော်တက်တယ်လို့ ကြားတယ်။ အဲဒီက ကလေးတွေက ပေါက်ခေါင်းကို လာပြီးတော့ နားထောင်တော့ သူတို့က ဖိတ်ချင်တယ်။ နောက်ပိုင်းတော့ ပြန်လုပ်မယ်။ ပြန်ခေါ်ပေးပါလို့ ပြောတယ်။ ဒါပေမယ့်
    ဆရာသင်းရီက စိုးရိမ်လို့ မလုပ်တော့တာပါ။

    အခုဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောရရင် တစုတဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိအောင် လုပ်နေတာလို့ ပြောရမှာပဲ။ နောက်တပိုင်းက ပညာရည် နိမ့်ကျမှုပေါ့။ တသက်လုံး Isolate (အထီးကျန်) ဖြစ်နေတာကနေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို မျက်ခြေပြတ်နေရတဲ့ လူထုက ပညာရည်နိမ့်ကျမှုကြောင့် တခုခုဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဦးစားပေးတယ်။ ပြောင်းလဲ ပြုပြင်လို့ မရတဲ့အရာတွေကို ပိုပြီးတော့ တန်ဖိုးထားနေကြတယ်။ အဲဒီပြဿနာတွေက အရင်းခံတယ်ပေါ့။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာသာရေးအရ သဘောထားကွဲလွဲတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက နိုင်ငံရေး ပြဿနာပါ။

    နိုင်ငံတခုက သူ့ရဲ့ လူထုကို အခြေခံအခွင့်အရေးတွေရယ်၊ ဒီမိုကရေစီ သဘောတရားတွေရယ်ကို လုံလုံလောက်လောက် အသိမပေးနိုင်ခင်မှာ အဲဒီလို အသိပေးဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ Failed State တခုရဲ့ လက္ခဏာတွေပေါ့။ ဒါဟာ ကျဆုံးသွားတဲ့ နိုင်ငံတခုရဲ့ လက္ခဏာတွေပါပဲ။ လူမျိုးနဲ့ ဘာသာဆိုတာကို တခုတည်း၊ တထပ်တည်း ဆွဲသွင်းထားလို့ မရဘူးလေ။
    ဆိုပါတော့ ဗမာလူမျိုးမှာ ဆိုရင်လည်း ဗမာတိုင်းက ဗုဒ္ဓဘာသာမှ မဟုတ်တာ။ ကျမတို့ တိုင်းရင်းသားထဲမှာလည်း ကရင်လူမျိုးဆိုရင် ဗုဒ္ဓဘာသာကရင် ရှိတယ်။ ခရစ်ယာန် ကရင်ရှိတယ်။ ကိုးကွယ် ယုံကြည်မှုဆိုတာက လူတယောက်ချင်းစီပဲလေ။
    မိသားစုတခုထဲမှာတောင် အဖေကတမျိုး သမီးကတမျိုး ဖြစ်နိုင်တာပဲ။ ကိုးကွယ်ယုံကြည်မှုက အင်မတန်မှ ပုဂ္ဂလိကဆန်ပါတယ်။ လူမျိုးဆိုတဲ့ အရာမှာလည်း ပြောင်းလဲလို့မရဘူးလေ။ မွေးကတည်းက ဗမာဆိုရင် ဗမာပဲလေ။ အဲဒီလို ပြုပြင်ပြောင်းလဲလို့ မရတဲ့ အရာတွေအပေါ်မှာ လိုက်ပြီးတော့ ခွဲခြားကန့်သတ်တယ်ဆိုရင် ဒီမိုကရေစီလူ့ဘောင်နဲ့ လုံးဝ မလျော်ညီတဲ့ကိစ္စပါ။ တသွေး၊ တသံ၊တမိန့်ဆိုတဲ့ အာဏာရှင်လူ့အဖွဲ့အစည်းကို ပြန်သွားချင်နေကြတာလား။ ဒီမိုကရေစီလို့ ပြောရင် မတူခြားနားမှုတွေကို လက်ခံနိုင်ဖို့။ လက်ခံပြီးတော့မှ အကောင်းဆုံး ဆုံးဖြတ်သင့်တာပေါ့။ အဓိကကတော့ ပညာပေးဖို့လိုတာပါ။ အကုန်လုံး ဝိုင်းအားထုတ်မှ ရမှာ။

    ဦးကိုနီ (တရားလွှတ်တော် ရှေ့နေ)
    ——————————————
    DSC_6447အခုဖြစ်နေတဲ့ ကိစ္စတွေက လုံးဝ ရိုးသားမှု မရှိဘူး။ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာက တည်ရှိနေတာ ကြာပြီ။ မြန်မာမင်းများ လက်ထက်၊ တတိယ မြန်မာနိုင်ငံတည်ထောင်ခဲ့တဲ့ အလောင်းဘုရား လက်ထက်ကတည်းက ရှိခဲ့တာ။ သမိုင်း အထောက်အထားတွေ ရှိပါတယ်။ အစၥလာမ္ဘာသာ ကိုးကြယ္တာ ဘာအျပစ္ရွိလဲ။ ဒါကသူ့ရဲ့ လွတ်လပ်ခွင့်ပဲ။ အစ္စလာမ်ဘာသာ ကိုးကွယ်တာကို အင်မတန်ကြီးမားတဲ့ ပြစ်မှုတခု ကျူးလွန်ထားသလို ဆက်ဆံနေကြတယ်။ ဒါအင်မတန်မှ ရုပ်ဆိုးတဲ့ ကိစ္စပဲ။

    အင်မတန် သဘောကောင်း၊ စိတ်ရင်းစေတနာ ကောင်းပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေကို အထင်သေးစေတဲ့ လုပ်ရပ်ဖြစ်တယ်။ အန်ကယ်ကိုလည်း မွတ်စလင်မိုလို့ တရားမဟောရဘူးတဲ့။ ကျနော်ကလည်း တိုင်းပြည်ကောင်းကျိုး ဖြစ်စေမယ့် တရားကို ဟောမှာ။ မွတ်စလင်ဖြစ်လို့ ဟောခွင့်မရှိဘူးဆိုတော့ ကျနော့်ရဲ့ နိုင်ငံသား Status က ဘယ်ရောက်သွားပြီလဲ။ အလားတူပဲ တခြား အစ္စလာမ်ဘာသာဝင်တွေရဲ့ နိုင်ငံသား အခွင့်အရေးက ဘယ်ရောက်သွားပြီလဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးက ဘယ်ရောက်သွားပြီလဲ။ အဲဒီလောက်ထိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီးတော့ လုပ်နေတာဟာ ဒါတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ၊ သမ္မတကြီး အပါအဝင် ပြည်ထဲရေး ဝန်ကြီးအပါအဝင် အုပ်ချုပ်ရေးဌာနမှာ တာဝန်ရှိသူများက နည်းနည်းတော့ ဂရုစိုက်ပေးဖို့ ကောင်းပြီ။ ဒီအပေါ်မှာ အာရုံထားပြီးတော့ စောစောစီးစီး တားမြစ်သင့်တယ်။

    အခုမြင်ရတာက အစ္စလာမ်ဘာသာကို တိုက်ခိုက်ချင်တဲ့ သဘောထက် နိုင်ငံရေး သဘောတွေ ပါနေတယ်လို့ ဆရာထင်တယ်။ ဒါမျိုးကို လွှတ်ထားပေးမယ်ဆိုရင် ဒီထက် ရှေ့ဆက်ပြီးတော့ ဒီတရားမဟောရ၊ ဟိုတရား မဟောရဆိုတဲ့ ချုပ်ချယ် ကန့်သတ်မှုတွေက ဆင့်ကဲဆင့်ကဲ ပေါ်လာနိုင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ တခုပြီးတခု ပေါ်လာနိုင်တယ်။ အခုဖြစ်ရပ်ဟာ တရားမျှတမှုကို လိုလားတဲ့ တကယ့်ဗုဒ္ဓဘာသာနဲ့ မတရားသဖြင့် သူများရဲ့အခွင့်အရေးကို လိုက်ပြီးတော့ တာဆီးပိတ်ပင်နေတဲ့ လူနည်းစု ဘုန်းကြီးတချို့ကြားမှာ ပြဿနာ ဖြစ်လာရင် ဒါဟာ မကောင်းဘူး။ ဘုရား သာသနာတော်ကို အများကြီး ထိခိုက်တယ်။ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး ထိခိုက်စေတယ်။ ဒီလိုလုပ်ရဲတယ်ဆိုတော့ သူတို့မှာ ဘာ Background ရှိတယ်ဆိုတာ သေချာစူးစမ်း လေ့လာသင့်တယ်။

    ကျနော်တို့ လုပ်ခဲ့တဲ့ မြောက်ဥက္ကလာ ပွဲဟာ တရားဝင်ခွင့်ပြုချက်နဲ့ လုပ်တာ။ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေး အဖွဲ့ကလည်း တရားဝင်ခွင့်ပြုပြီးသား။ အဲဒီတုန်းက တရားဝင် ဟောပြောပွဲတခုကို တရားဝင်လုပ်တယ်။ အဲဒီလို တရားဝင်လုပ်နေတဲ့ ဟောပြောပွဲတခုကို တရားမ၀င်အဖွဲ့တခုက ခြိမ်းခြောက်ပြီးတော့ တရားမ၀င်လုပ်ရပ်တွေ လုပ်နေတာကို အစိုးရက တာဝန်ခံရမယ်။ ဒါတွေကို တားဆီးပေးဖို့ တာဝန်က အစိုးရရဲ့ တာဝန်ပဲ။

    ဒီပုံစံတိုင်းသွားမယ်ဆိုရင် ဆရာတို့ရဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ အခက်အခဲတွေ အများကြီးကြုံရလိမ့်မယ်။ ဒါ မြန်မာနိုင်ငံအတွက် မကောင်းတဲ့ လက္ခဏာပဲ။ ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို သွားချင်တယ်ဆိုရင် Discrimination လို့ခေါ်တဲ့ ခွဲခြားဆက်ဆံမှုတွေ၊ တရားဥပဒေကို ဆန့်ကျင်ပြီး လုပ်ဆောင်နေတဲ့ ကိစ္စတွေ ချုပ်ငြိမ်းသွားဖို့လိုပြီ။

    ကျနော်တို့ ပွဲကို နိုင်ငံတော် သံဃာမဟာနယက ဆရာတော်တပါး ကြွလာပြီးတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကြိုးစားခဲ့တယ်။ အဲဒီ တရားဝင် ဖွဲ့စည်းထားတဲ့ သံဃာ့အဖွဲ့အစည်းက ကိုယ်တော်၊ ဘုန်းတော်ကြီး ကိုယ်တိုင် မတတ်နိုင်ဘူး ဖြစ်သွားတယ်။ ဆိုတော့ ဘုန်းကြီးတွေနဲ့ မဆိုင်တဲ့ ကိစ္စတခုမှာ ဘုန်းကြီးတွေ ဝင်ပါနေခြင်းဟာ အမျိုးသားရေး အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး အဟန့်အတား ဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြတာလို့ပဲ ပြောချင်တယ်။

    ဧရာဝတီ ဆိုဒ်တွင် ဖတ်ရန်=>http://burma.irrawaddy.org/interview/2014/02/18/55106.html

  • မြို့ပတ်ရထားတွင် ကြုံတွေ့နေရသော အခက်အခဲများကို မြန်မာ့မီးရထားမှ ဖြေရှင်းနိုင်ရန် ကြိုးပမ်း

    မြို့ပတ်ရထားတွင် ကြုံတွေ့နေရသော အခက်အခဲများကို မြန်မာ့မီးရထားမှ ဖြေရှင်းနိုင်ရန် ကြိုးပမ်း

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။      ။ မြို့ပတ်ရထားများတွင် ခရီးသည်များရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းပေးရန် မြန်မာ့မီးရထားမှ ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

    ဖေဖော်ဝါရီလလယ်ခန့်မှ စတင်ကာ မြို့ပတ်ရထားများပေါ်တွင် နေ့စဉ် ခရီးသည်များအား လတ်မှတ်ဝယ်မှု မ၀ယ်မှု၊ ခရီးသည်များ မြို့ပတ်ရထားပေါ် တွင် ကြုံတွေ့နေရသော အခက်အခဲများအား သိရှိစေရန် လတ်မှတ်စစ် ၁၁၂ ယောက်မှ နေ့စဉ်မြို့ပတ်ရထားတွဲများပေါ်တွင် လိုက်ပါကာ စစ်ဆေး ဖြေရှင်းပေးနေကြောင်း လက်ထောက်အထွေထွေမန်နေဂျာ တိုင်းတာဝန်ခံ ဦးကျော်ကျော်မျိုးက ပြောသည်။။

    “ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ပြေလည်အောင် အဆင်ပြေအောင် ညှိနှိုင်းပေးနေပါတယ်။ မြို့ပတ်ရထားတွေနဲ့ မိန်းရထားတွေနဲ့ တိုးရင်လည်း ကြံ့ကြာမှုမရှိအောင် အတတ်နိုင်ဆုံးဖြေရှင်းနေကြပါတယ်။ ရထားချိန်နောက်ကျနေတာတွေကိုလည်း အတတ်နိုင်ဆုံးမဖြစ်အောင်လို့ပေါ့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ခရီးသည်တွေ လတ်မှတ်ဝယ်စီး မစီးကိုလည်း ကျွန်တော်တို့ စစ်ဆေးနေပါတယ်။ စည်းကမ်းရှိဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ ကျွန်တော်တို့ မီးရထားက သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းက အရမ်းကိုတန်ပါတယ်၊ အခြေခံလူတန်းစားတွေ ၀ယ်စီးနို င်လောက်တဲ့ အခြေအနေကို ဖန်တီးပေးထားတာပါ” ဟု ၎င်းကပြောသည်။

    မြို့ပတ်ရထားမောင်းနေစဉ်တွင်လည်း ခရီးသည်များအား စိတ်အနှောက်အယှက်ဖြစ်စေမည့် ဈေးသည်များအား ဈေးရောင်းခွင့်မပြုပဲ ရောင်းချ နေသည်ကိုလည်း  တွေ့ရှိပါက ၎င်းတို့အနေနှင့် ထိရောက်စွာ အရေးယူလျက်ရှိနေကြောင်း၊ ရထားသွားရာ လမ်းကြောင်းများကိုလည်း အကောင်းဆုံး ဖြစ်အောင် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ စည်ကမ်းမဲ့ လတ်မှတ်ဝယ်မစီးသည့် ခရီးသည်များကိုလည်း အရေးယူလျက်ရှိနေကြောင်း ၎င်းက ဆက်လက် ပြောခဲ့သည်။

    လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲသွားလာနေသော မြို့ပတ်ရထား ၂၃ ဆိုင်းရှိပြီး ခေါက်ရေ ၂၁၅ ခေါက်ဖြင့် နေ့စဉ် ခရီးသည် ၈၈၀၀၀ ကျော်လိုက်ပါ စီနင်းလျက်ရှိသည်။

  • အဆင့်မြင့် နည်းပညာ အသုံးပြုသည့် (Smart Mosque) ဗလီ တစ်လုံး ဒူဘိုင်းတွင် ဖွင့်လှစ်

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၄
    M-Media
    uae-59970
    – ဗလီဝတ်ကျောင်းတော်များတွင် အဆင့်မြင့် နည်းပညာများ အသုံးပြု၍ ပြည်သူများအား ၀န်ဆောင်မှုပေးနိုင်ရန်အတွက် Smart Mosque ပရောဂျက်ကို ဆောင်ရွက်နေသည့် ယူအေအီးနိုင်ငံတွင် QR ကုဒ်စနစ်သုံး ဗလီဝတ်ကျောင်းတော် တစ်လုံးကို ဒူဘိုင်းမြို့၌ ဖေဖော်ဝါရီ ၉ ရက်နေ့ တနင်္ဂနွေနေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ဒူဘိုင်းကမ်းခြေရှိ Sheikh Mohammed bin Rashid Al Maktoum အမည်ရသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး၊ QR ကုဒ် စနစ်သုံး ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ကာ ယခုနှစ်အတွင်း အခြားသော ဗလီဝတ်ကျောင်းတော် ၉ လုံးကိုလည်း QR ကုဒ် စနစ် တပ်ဆင်သွားမည်ဖြစ်သည်။

    QR ကုဒ်စနစ်မှ တစ်ဆင့် ပြည်သူများမှာ ဗလီဝတ်ကျောင်းတော်၏ သမိုင်း၊ ၀တ်ပြုနိုင်သည့် လူဦးရေ ပမာဏ၊ ဗလီဝတ်ကျောင်းတော်၏ သဘာဝ၊ ဧရိယာ၊ ၀တ်ပြုချိန်များ၊ ထိုဗလီဝတ်ကျောင်းတော်မှ ဟောကြားသည့် တရားဒေသနာများနှင့် အစ္စလာမ် သာသာရေးသင်ခန်းစာများ၊ ထို့ပြင် သောကြာနေ့ တရားဒေသနာများ စသည်တို့ကို ဖုန်းများ၊ Tablet များအသုံးပြု၍ အလွယ်တကူ ရယူနိုင်မည်ဖြစ်သည်။

    ထိုအစီအစဉ်မှာ ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတ ဒူဘိုင်းဘုရင် မိုဟာမ်ဘင် ရရှစ် အလ်-မက်တွမ်မှ ၂၀၁၃ ခုနှစ်က  ကြေညာခဲ့သည့် နည်းပညာသုံး အစိုးရ ဖြစ်ပေါ်ရေး လှုပ်ရှားမှုအောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နည်းပညာအသုံးပြု ဗလီဝတ်ကျောင်းတော် ပေါ်ပေါက်လာရေး အစီအစဉ်၏ စိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

    အစ္စလာမ့်ရေးရာနှင့် အလှူဒါနလှုပ်ရှားမှုဌာန DIACA မှ အထွေထွေဒါရိုက်တာ ဟာမဒ်အလ်-ရှိုင်ဘာနီကမူ ဗလီဝတ်ကျောင်းတော်များ တိုးတက်ရေးနှင့် ပြည်သူများအနေဖြင့် ဗလီဝတ်ကျောင်းတော်နှင့် ပိုကောင်းသော ဆက်သွယ်မှုများရရှိရန် ရည်ရွယ်၍ Smart Mosque ပရောဂျက်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    QR ကုဒ်စနစ်အရ ဗလီဝတ်ကျောင်းတော်များ၏ အချက်အလက်များကို ရယူနိုမည့်အပြင် ပြည်သူများမှာ ဗလီဝတ်ကျောင်းတော်အတွက် အကြံဥာဏ်များ၊ မှတ်ချက်များ၊ တုံ့ပြန်မှုများ၊ ဝေဖန်မှုများနှင့် အဆင်မပြေမှုများအတွက် သတင်းများ ပေးပို့နိုင်မည်ဖြစ်သည်။ ထို့ပြင် ဗလီဝတ်ကျောင်းတော်များ၌ အီလက်ထရောနစ် ဆက်သွယ်ရေးနှင့် ပတ်သက်၍ အနာဂတ်တွင် ပိုကောင်းသော ၀န်ဆောင်မှုများကိုလည်း ပြုလုပ် သွားမည်ဟု သိရသည်။

    Ref: IINA

  • မွေးရပ်ဌာနီ မြန်မာပြည် ပြန်ဖို့ ကြောက်ရွံ့နေသော ခရစ်ယာန် ဘာသာဝင် တိုင်းရင်းသား ချင်းမျိုးနွယ်စုများ

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- ETZ
    530-BURMA-MYANMAR_ethnicMinorityChristians_CHIN_ImgIRINFloraBagenal
    အိုင်ဇွာလ်ရှိ လူစည်ကားရာ လမ်းဘေး ဈေးနေရာ တစ်ခုတွင် မြန်မာ့ရိုးရာ အစားအစာကို ချက်ပြုတ်နေသော ချင်းဒုက္ခသည် မိန်းမရွယ်တစ်ဦး (ဓာတ်ပုံ – Flora Bagenal/IRIN)

    လက်ရှိနိုင်ငံရေးပြုပြင် ပြောင်းလဲမှုက အရှေ့တောင်အာရှ၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်၏ အခြေအနေကို တိုးတက်အောင် မပြုလုပ်ပေး နိုင်သေးချေ။ သို့သော် အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ချင်းလူမျိုး အများအပြားသည် အသက်မွေးဝမ်းကျောင်း နှင့် ခိုလှုံခွင့်ရရေး အတွက် ဆက်လက် ရှာဖွေနေရသည်။ ၎င်းတို့၏ဘဝမှာ ဥပဒေကြောင်းအရ အကာအကွယ်မရှိဘဲ ရုန်းကန် ရှင်သန်နေရပြီး၊ ဒေသခံ လူ့အဖွဲ့အစည်း၏ တင်းမာမှုတို့ကို ရင်ဆိုင်နေရသည် ဟု ကျွမ်းကျင်သူများက ဆိုသည်။

    ၁၉၈၈ ခုနှစ် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုသည် နိုင်ငံသား ထောင်ပေါင်းများစွာကို အသက် ဆုံးရှုံးစေခဲ့သည်သာမက ချင်းပြည်နယ် အပါအဝင် နိုင်ငံ အစိတ်အပိုင်း အတော်များများမှာ စစ်ဇုံအဖြစ် သွတ်သွင်းခံခဲ့ရသည်။ မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသား မျိုးနွယ်စုများနည်းတူ ချင်း လူမျိုးများသည်လည်း ပြင်းထန်ကြမ်းတမ်းသော ဆင်းရဲခြင်း ဒုက္ခ နှင့် စစ်အုပ်ချူပ်ရေး၏ ဒဏ်ကို ခံစားကြရလေသဖြင့် အများအပြားမှာ နိုင်ငံနယ်စပ်နှင့် ၁၄၆၃ ကီလိုမီတာ အရှည်ရှိသည့် နယ်စပ်ကို ဖြတ်ကျော်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင်းသို့ ထွက်ပြေးခဲ့ကြသည်။ ထိုဒေသတွင် ချင်းလူမျိုး တစ်သိန်း ၀န်းကျင်ခန့် နေထိုင်နေကြသည်ဟု လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင်များ၏ ၂၀၁၁ ခုနှစ် အစီရင်ခံစာက ဆိုပါသည်။

    “ ကျွန်တော်က ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ဆန့်ကျင်ဆန္ဒပြ ကျောင်းသား တစ်ယောက်ပါ။ ကျောင်းသားခေါင်းဆောင် တစ်ယောက်က မင်းတို့ ကိုယ့်အသက်ကို ကာကွယ်ချင်ရင်တော့ မီဇိုရမ်ကိုပြေးဆိုလို့ အဲဒီအချိန်တည်းက ကျွန်တော် ဒီကိုရောက်နေတာပါ။ မြန်မာနိုင်ငံကိုပြန်ရင် လုံခြုံမှုရှိမယ်လို့ တစ်ခါမှ မခံစားခဲ့ရတဲ့ အတွက် မပြန်ဖြစ်ခဲ့တာပါ ” ဟု အသက်၄၈ နှစ်အရွယ် ရိုဘီခ ချင်းဂရွန် က ပြောပြခဲ့ပါသည်။

    လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများ အဖွဲ့ HRW ၏ ၂၀၀၉ ခုနှစ်မှတ်တမ်းများအရ လူနည်းစုခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးများစွာမှ တိမ်းရှောင်ထွက်ပြေးရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုသည် အဓမ္မဖမ်းဆီးမှု၊ ထိန်းသိမ်းမှု၊ ညှင်းပမ်းနှိပ်စက်မှုများ နှင့် အလုပ်သမားအဖြစ် အင်အား သုံးစေခိုင်းမှုများကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

    အိန္ဒိယနိုင်ငံ၊ ဒေလီအခြေစိုက် ငြိမ်းချမ်းရေးနှင့်ပဋိပက္ခများ လေ့လာရေးအဖွဲ့ IPCS ၏သုတေသန အဆိုပြုချက်များက ချင်းလူမျိုး အများစုသည် မိမိတို့၏စီးပွားရေး အခွင့်အလမ်း ရှာဖွေရန်အတွက်သာ မီဇိုရမ်သို့ လာရောက်နေထိုင်ခြင်းဖြစ်သည်ဟု ရည်ညွန်းပြောဆိုသော်လည်း၊ အခြားသော အဖွဲ့အစည်းများက ထိုကဲ့သို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံအတွင်း လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ မပြတ်တမ်း ဖိနှိပ်ညှင်းပန်းမှုများ၏ သရုပ်သကန်ဖြစ်သည်ဟု ဆိုကြပေသည်။

    ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ စာရင်းဇယားများအရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ဒေသပြည်နယ်ဖြစ်ပြီး ၅၀၀,၀၀၀ ခန့် ရှိသည့်လူဦးရေ အနက် အနည်းဆုံး ၇၃% မှာ ဆင်းရဲမှု အခြေပြမျဉ်း၏ အောက်သို့ ရောက်ရှိနေသည်ဟု ဖော်ပြထားရာ ၂၅% သာလျှင် သာမန် အခြေအနေတွင်  နေထိုင်နိုင်ကြောင်း သိရပါသည်။ အစာရေစာ မလောက်ငမှုသည်လည်း ကာလရှည်ပြဿနာ တစ်ရပ်ဖြစ်ပြီး ချင်းပြည်နယ်၏ မြို့နယ် ကိုးခုက ယင်းပြဿနာကို တွေ့ကြုံခံစားနေကြရပါသည်။

    အိန္ဒိယနိုင်ငံသို့ ၎င်းတို့ ဝင်ရောက် ခိုလှုံရသည့်အကြောင်းအရင်းကို အသာထားဦး။ ထိုဒေသများတွင်လည်း ၄င်းတို့၏ နေ့စဉ်ဘဝမှာ မကြာခဏ ဆိုသလို စော်ကားမှုများ နှင့် ခွဲခြားဆက်ဆံမှုများကို ခံစားနေကြရသည်ဟု တက်ကြွလှုပ်ရှားသူများ နှင့် ကျွမ်းကျင်သူများက ဆိုပါသည်။

    တရားဝင်နေထိုင်ခွင့် မရှိသောကြောင့် အလုပ်အကိုင်ရှာဖွေခြင်း၌လည်း ဒုက္ခရောက်လျက်ရှိရာ ချင်းလူမျိုးများ အတွက် မိမိတို့ ဌာနီတွင်ကြုံခဲ့ရသော ဆင်းရဲနွမ်းပါးခြင်းကိုသာ နောက်ထပ် မိတ္တူတစ်စုံ လက်ဝယ်ရနေသကဲ့သို့ ဖြစ်နေပါတော့သည်။

    ခိုလှုံမှုအရေအတွက် ကျဆင်းလာခြင်း

    IPCS အဖွဲ့၏သုတေသနပြုချက်များအရ အိန္ဒိယနယ်စပ်အာဏာပိုင်များသည် နယ်စပ်ဖြတ်ကျော်ခြင်းကို စောင့်ကြပ်လေ့လာမှု မပြုကြကြောင်း၊ ယာယီဝင်ခွင့်ပြုချက်ပြဿနာဖြစ်ပွားမှုပေါ်မူတည်ပြီး မီဇိုရမ်ပြည်နယ်၏မြို့တော် အိုင်ဇွာလ်၌ မြန်မာလူမျိုးများကို  ရေတွက် သိရှိရေး စံနစ် တစ်ခုပြုလုပ်ရေး အတွက် မကြာခဏ ဖိအားပေးခဲ့သော်လည်း ရှောင်ကွင်းမှုများရှိနေဆဲပင်ဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုပါသည်။

    ဒေလီအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့( UNHCR)၏ လက်ထောက်တာဝန်ခံ ဟန်စ် ဖရက်ဒရစ် စကော့ဒါ က “ ဒေလီမြို့တွင် ချင်းနိုင်ငံရေးခိုလှုံခွင့်တောင်းသူများမှ UNHCR သို့ လျှောက်ထားမှုအရေအတွက်မှာ ယခင်နှစ်များထက် သိသိသာသာလျော့ကျသွားသည် ”

    ဟုမှတ်ချက်ပေးခဲ့သည်။ သို့သော် မီဇိုရမ် နယ်စပ်လုံခြုံရေး အာဏာပိုင်များ၏ပြောပြချက်အရ ချင်းပြည်နယ်မှ မီဇိုရမ်သို့ ဝင်ရောက်နေသော လူဦးရေပမာဏမှာ ဆက်လက်မြင့်တက်လျက်ရှိနေပြီး ရောက်ရှိလာသူအများစုမှာ အလုပ်အကိုင်ရှာဖွေရန် အတွက် ရွှေ့ပြောင်း ၀င်ရောက်လာခြင်းဖြစ်သည် ဟုဆိုပါသည်။

    လောင်းရိပ်များအောက်မှ ရုန်းထရှင်သန်ခြင်း

    ချင်းဂရွန် သည် အိုင်ဇွာလ်မြို့တွင်နေထိုင်ပြီး ဇနီးနှင့် သားသမီးသုံးယောက်ကို လမ်းဘေးတွင် ဈေးရောင်း၍ ရှာဖွေကျွေးမွေးနေရသူဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် နေထိုင်ခဲ့သော နှစ်နှစ်ဆယ်ကာလအတွင်း တည်မြဲဖူလုံသော အလုပ်ကိုတခါမှ မရခဲ့ပါ။ “ အလုပ်ရှင်တွေက ကျွန်တော်  မြန်မာနိုင်ငံလာတဲ့ လူမှန်း သိတာနဲ့ အလုပ်ဖြုတ်ပစ်ကြတယ် ” ဟု သူက ပြောပြပါသည်။ မိမိမိသားစုဝမ်းရေး အတွက် မစို့မပို့ငွေကြေး ရရှိအောင် ၎င်း၏ လမ်းဘေးဈေးသည် ဘ၀ဖြင့် နေ့စဉ် လှုပ်ရှားရုန်းကန် ဖြေရှင်းနေရပေသည်။

    အိန္ဒိယနိုင်ငံ၊ ဒေလီအခြေစိုက် လူ့အခွင့်အရေး ဥပဒေပြုမှုကွန်ယက်၏ ၂၀၀၅ ခုနှစ်သုတေသန စာတမ်းပါတွေ့ရှိချက်များအရ မီဇိုရမ်ရှိ ချင်းလူမျိုး အများစုသည် အိမ်ဖော်၊ လမ်းဖောက်လုပ်သား၊ စိုက်ပျိုးရေး အလုပ်အကိုင်များ၌ အောက်ဈေးဝင် လုပ်သားများအဖြစ် အဆုံးသတ်နေရသည်။

    သစ်တောများ၌ သစ်ဖြတ်ခြင်း၊ ဟင်းရွက်ရောင်း လမ်းဘေးပျံကျဈေးသည်များ၊ လမ်းသန့်ရှင်းရေး လုပ်သားများနှင့် အချို့မှာ တောတွင်းဝင်၍ သစ်ဥသစ်ဖုများ ရှာဖွေခြင်းဖြင့် အသက်မွေးနေရခြင်းလည်း အပါအဝင် ဖြစ်ကြောင်းဟု သိရသည်။

    အသက် ၂၀ အရွယ် ချင်းအမျိုးသမီးလေး ဒီဒင်းမ် သည် ၂၀၀၇ ခုနှစ်တွင် မီဇိုရမ်သို့လာရောက်ခဲ့ပြီး မီဇိုတိုင်းရင်းသားမျိုးနွယ်တစ်စု၏အိမ်တွင် အိမ်စေအဖြစ် အလုပ်ရခဲ့ပါသည်။ မီဇိုရမ်ရှိ အခြားသော ချင်းလူမျိုး အိမ်အကူလုပ်သားများကဲ့သို့ပင် သူမသည် တစ်ပတ်လျှင် ၇ ရက်လုံး ချက်ပြုတ်ရေးနှင့် သန့်ရှင်းရေးကို လုပ်ဆောင်ပြီး ကျဉ်းမြောင်းလှသော အခန်းငယ်လေးအတွင်း၌ အိပ်စက်ရပါသည်။ ရက်သတ္တတစ်ပတ်တွင် တနင်္ဂနွေတစ်ရက်သာ ဘုရားကျောင်းတက်ရန်အတွက် အိမ်အပြင်ထွက်ခွင့်ရပါသည်။ ရံဖန်ရံခါ အိမ်ရှင်မိသားစုဝင်များက လုပ်အားခငွေကို  မပေးခြင်းသော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်စော်ကားမှုများသော်လည်းကောင်း ရှိသည်ဟု ဒီဒင်းမ် က သူမ၏အတွေ့အကြုံကို ပြောပြခဲ့ပါသည်။ “ ရဲကိုသွားတိုင်ရင်လဲ သူတို့က ကိုယ်ချင်းစာစိတ် မရှိကြဘူး ” ဟု သူမက ဆိုသည်။ အိန္ဒိယတွင် တရားဝင်နေထိုင်ခွင့် မရှိသဖြင့် အာဏာပိုင်များမှတွေ့ရှိသော် မြန်မာပြည်သို့ ပြန်ပို့ လိုက်မည်ကိုလည်း ချင်းလူမျိုးအများစုက စိုးရိမ်နေကြသည်။

    အပြည်ပြည်ဆိုင်ရာအသင်းအဖွဲ့များသမဂ္ဂကလည်း “ ချင်းအမျိုးသမီးတွေဟာ အာဏာပိုင်တွေဆီမှာ အကူအညီတောင်းခံလိုခြင်း လုံးဝမရှိသလောက်ပါပဲ ” ဟူ၍ ၂၀၁၁ ခုနှစ်အစီရင်ခံစာတွင် မှတ်တမ်းတင်ခဲ့သည်။

    အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် လှုပ်ရှားဆောင်ရွက်နေသော အသင်းတစ်ခုဖြစ်သည့် ချင်းပြည်နယ်အမျိုးသမီးများအဖွဲ့ချူပ်၏ ဥက္ကဌဖြစ်သူ ဇိုဆန်ဘွီး ကသူမသည် ချင်းလူမျိုး အိမ်ဖော်များ နှင့် မီဇို အလုပ်ရှင်များကြား အငြင်းပွားမှုကို ပုံမှန်ကြားဝင်စေ့စပ်ပေးနေရကြောင်းကို “ ကျွန်မတို့ဟာ လုပ်အားခနဲ့ အလုပ်ချိန်ပြဿနာတွေကို ဆွေးနွေးဖြေရှင်းပေးရပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးအများစုက ရဲကိုတိုင်ပြီး ဖြေရှင်းတာမျိုး မဖြစ်ချင်ကြဘူးလေ ” ဟု ပြောသွားပါသည်။

    သစ်တောများ သို့မဟုတ် စက်ရုံများရှိ လုပ်သားများအဖို့ ထိခိုက်ဒဏ်ရာရသွားပါက ဝင်ငွေရပ်ဆိုင်းသွားရ၏။ အသက် ၁၉နှစ် အရွယ် ဇီ က သစ်တောထဲမှ လေးပင်သည့်သစ်လုံးကြီးတွေကိုသယ်ထုတ်ရသော သူမ၏အကိုဖြစ်သူသည် ခါးဒဏ်ရာရခဲ့သော်လည်း အလုပ်ရှင်က သူမ၏မိသားစုအား လျော်ကြေးငွေပေးခြင်း မရှိကြောင်း IRIN ထံပြောပြခဲ့သည်မှာ – “ ကျွန်မအစ်ကိုက သူ့အတွက် အလုပ်ဆက်မလုပ်ပေးနိုင်တော့လို့ လုပ်အားခတွေကို ကျွန်မတို့ တောင်းခွင့်မရှိတော့ဘူး လို့ဆိုပြီး သူဋ္ဌေးက လုပ်ခလစာများကို ထုတ်မပေးခဲ့ဘူးလေ ” ဟူ၍ ဖြစ်ပါသည်။

    တရားဝင်နေထိုင်ခွင့်ဖြင့် ရှောင်နေသူများ

    မီဇိုရမ်ရှိ အချို့သောချင်းများသည် နယ်စပ်ဂိတ်ကပေးသည့် တံဆိပ်တုံးပါတစ်လတာနေထိုင်ခွင့်လက်မှတ် ရရှိသော်လည်း အများစုသည် အချိန်သတ်မှတ်မှုကို လျစ်လျူရှုပြီး တာဝန်ရှိသူများနှင့်မဆုံအောင် ရှောင်ရှားကြပါသည်။ ၎င်းတို့ကို IPCS သုတေသီများက “တရားဝင်နေထိုင်ခွင့်ဖြင့်  ရှောင်နေသူများ” ဟု ခေါ်ဆိုကြသည်။

    အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များဆိုင်ရာ အစိုးရ မဟုတ်သောအဖွဲ့အစည်း၏အဆိုအရ “ အိန္ဒိယနိုင်ငံသည် မြန်မာ ဒုက္ခသည်များရှိနေကြခြင်းကို ယေဘူယျအားဖြင့် လိုက်လျောထားပါသည်။ သို့သော် အလုပ်သမားများကို တရားဝင် အကာအကွယ် မပေးကြသည့်အပြင် ဖိနှိပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း နှင့် မောင်းထုတ် ဖယ်ရှားခြင်းထဲမှာ ပစ်ထားကြပါသည် ” ဟု ဆိုထားသည်။

    နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားလိုသူများသည်လည်း ၂၂၀၀ ကီလိုမီတာအထိ ကွာဝေးသော ဒေလီမြို့ရှိ UNHCR ရုံးသို့ သွားရောက်ကြရသည်။ ၂၀၁၃ ခုနှစ်အတွက် ဒုက္ခသည်များအဖြစ် မှတ်ပုံတင်ထားသော ချင်းလူမျိုးပေါင်း ၇၀၀၀ ခန့် ရှိသည်ဟု UNHCR က ဆိုသည်။

    ဆက်ဆံရေးတင်းမာမှုသည် ဆူပူမှုကိုဖြစ်စေ

    ချင်းလူမျိုးးများ နှင့် မီဇို လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေးတင်းမာမှုသည် ယမန်နှစ်က မြင့်တက်လာခဲ့ပြီး တခါတရံတွင် ဆူပူသောင်းကျန်းသည် အထိ ဖြစ်ပွားရာ အိန္ဒိယရှိ ချင်းလူမျိုးတို့ကို ဆက်လက်ရပ်တည်ရန် မသေချာမရေရာသော အနေအထားသို့ တွန်းပို့လိုက်သလို ဖြစ်နေပေသည်။ “

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီရပြီ၊ ကျွန်တော်တို့ ပြန်သင့်ပြီလို့ လူတွေက ထင်မြင်ယူဆတာကြောင့် ပြည်တော်ပြန်ဖို့ ကျွန်တော်တို့ ဖိအားပေးခံနေရပါတယ် ” ဟု ဒေလီရှိ ချင်းဒုက္ခသည်များကော်မတီ NGO အဖွဲ့ဥက္ကဌ ဒေးဗစ် ငွန်လျန်း က ပြောပြခဲ့ပါသည်။

    အိုင်ဇွာရှိ မီဇိုများက မြန်မာနိုင်ငံရေး တိုးတက်ပြောင်းလဲလာသည်ဆိုသော ရေပန်းစားသည့် အမြင်သစ်ကြောင့် ရွှေ့ပြောင်းလာသူ ချင်းလူမျိုးများ အိမ်ပြန်ရန်သင့်ပြီဖြစ်ကြောင်း ပြတ်သားစွာ ပြောဆိုမှုများထွက်ပေါ်လာခဲ့ပါသည်။

    ၂၀၁၃ ခုနှစ် ဧပြီလ ၂၉ရက်နေ့တွင် မြန်မာနယ်စပ်နှင့် ၄ ကီလိုမီတာအကွာရှိ ချင်းလူမျိုးတို့၏ ဆိုက်ဟွမ်ဖိုင်းရွာကို လူတစ်စုမှ အကြမ်းဖက်မီးရှို့ခဲ့ရာ နေအိမ် ၅၀ခန့်ပျက်စီး၍ လူ ၂၀၀ ခန့်ထွက်ပြေးခဲ့ရပါသည်။

    ဒေသတွင်းမီဒီယာသတင်းများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏အဆိုအရ အစိုးရအနေဖြင့် ရွာထဲရှိချင်းများကို နှင်ထုတ်မှုအားရပ်တန့်ရန် တရားရုံးတစ်ခု၏ အမိန့်ချမှတ်မှုက အကြမ်းဖက်မှုကို ဖြစ်ပေါ်လာစေသည်။ မျက်မြင်သက်သေများနှင့် သတင်းများကလည်း ကပ်လျက်ရှိနေသော

    မီဇိုရွာ၏ဒေသခံများက တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု အခိုင်အမာဆိုနေပါသည်။

    “ မီဇိုရမ်ကလူတွေဟာ ကျွန်တော်တို့အပေါ် မလိုမုန်းထားဖြစ်နေကြတယ်။ သူတို့က ဒုက္ခသည်တွေ လွှမ်းမိုးလာမှာကို မလိုလားကြဘူး။ ကျွန်တော်တို့ကိုလည်း ထွက်သွားစေချင်ကြတယ် ” ဟု ဆိုက်ဟွမ်ဖိုင်းရွာ၏ သင်းအုပ်ဆရာ အသက် ၅၄နှစ် အရွယ် စာတင်ခါးမား ကပြောပြခဲ့ပါသည်။

    “ ဒေသတွင်းထဲမှာ မြန်မာနိုင်ငံကရွေ့ပြောင်းလာသူတွေက လူဦးရေရဲ့ ၁၀% လောက် ရှိနေပြီး နိုင်ငံရေးအရ လွမ်းမိုးသွားမှာကို မီဇိုတွေက စိုးရိမ်နေကြတယ်။ ဒီအကြောင်းက စိုးရိမ်ခံစားစိတ်ကို ပွင့်ထွက်လာစေတာဖြစ်တယ် ” ဟု IPCS အစီရင်ခံစာ တွဲဖက်ရေးသားသူ မီရ်ဇာ ဇူလ်ဖီကုရ် ရဟ်မာန်းက ဆိုသည်။ “ ဆက်ဆံရေးတင်းမာခြင်းက ဆူပူအကြမ်းဖက်ခြင်းကို ဖြစ်ပွားစေနိုင်တယ်။ ဒေသခံခေါင်းဆောင်နဲ့နိုင်ငံရေးသမားတွေက သူတို့ရဲ့ ဒုစရိုက်လုပ်ရပ်တွေအတွက် ရွှေ့ပြောင်းလာသူများကို ဓားစာခံအဖြစ် အသုံးချနေတာဖြစ်တယ် ” ဟု ဆိုပြီး ချင်းလူမျိုးများမှာ မီဇိုရမ်၌ တရားမ၀င် အရက်ချက်လုပ်သူ နှင့် မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူများဖြစ်သည် ဟူသည့် စွပ်စွဲထားချက်ကို ထောက်ပြထားပါသည်။ ချင်းလူမျိုးများ၏အဆိုအရ ၎င်းးတို့သည် နေ့တဓူဝ ပင်ပန်းစွာလုပ်ကိုင်ရသော်လည်း ဖိနှိပ်စော်ကားမှုများမြင့်မားလာခြင်း၊ စာသင်ကျောင်းတွင် ကလေး သူငယ်များအား ရန်ရှာခြင်း၊ ကုန်သည်များအား ဈေးအတွင်း ရောင်းဝယ်ဖောက်ကားမှုကိုပိတ်ပင်ခြင်းတို့ရှိနေကြာင်း သိရသည်။

    အိန္ဒိယရောက် ချင်းလူမျိုးများအား ဆန့်ကျင်ရေးစကားဆိုနေခဲ့သော မီဇိုကျောင်းသားများ အသင်း ဥက္ကဌ လဲဟ်မက်ချွမ်း က ဒုက္ခသည်များအား မြန်မာပြည်သို့ပြန်ရန် ဖိအားပေးခြင်းကို ငြင်းဆိုသော်လည်း “ ဒုက္ခသည်တော်တော် များများဟာ မှောင်ခိုကုန်ကူးမှုများမှာ ပါဝင်နေကြပါတယ်။

    ထိုအရာများကိုကောင်းစွာကိုင်တွယ်နိုင်ဖို့ ဥပဒေများကိုရေးဆွဲပြဋ္ဌာန်းပြီး နယ်စပ်ကိုလည်း အကောင်းဆုံးကိုင်တွယ်ထိန်းချူပ်သင့်ပါတယ် ” ဟု ပြောကြားခဲ့ပါသည်။

    အိုင်ဇွာလ်ခရိုင်ရဲမင်းကြီး အယ်လ် အာ ဒင်းလျာနာ ဆိုင်လို L.R. Dingliana Sailo ကတော့ “ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြားက မီဇိုရမ်နယ်စပ်တလျှောက် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုမြင့်တက်လာခြင်းအတွက် နယ်ခံများ နဲ့ ရွှေ့ပြောင်းလာသူများ နှစ်ဖက်စလုံး တာဝန် မကင်းပါဘူး။ ဒုက္ခသည်များရော ဒေသခံများပါ တရားမဝင်အလုပ်တွေကို စိတ်မ၀င်စား မချဉ်းကပ်နိုင်အောင် ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ် ” ဟု ဆိုပါသည်။

    ဒဏ်ရာကုစားနေရသော လူ့အစုအဝေး

    ဆိုက်ဟွမ်ဖိုင်းရွာတွင် ဧပြီလဆူပူမှုပြီးကတည်းက ချာ့ခ်ျဘုရားကျောင်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် မီဇိုနှင့်ချင်းများအကြား ၎င်းတို့၏တူညီသော မျိုးရိုးနွယ်စဉ်ဆင်းသက်မှုကို ပြန်လည်ဖော်ဆောင်ပေးပြီး ချစ်ကြည်ရေးရရန် ကြိုးပမ်းနေပါသည်။ မီဇိုရမ် နှင့် ချင်းပြည်နယ်တို့မှာ

    ကိုလိုနီခေတ်မတိုင်မီတစ်ချိန်က ချင်းတောင်တန်းဒေသ Chin Land ဟူသောအမည်ဖြင့် စုဖွဲ့တည်ရှိခဲ့သောနယ်မြေဖြစ်ခဲ့ပြီး၊ ၎င်းနှစ်ဖက်မျိုးနွယ်ဝင်အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။

    “ သိမ်မွေ့တဲ့နည်းလမ်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်ထားပြီးဖြစ်ပါတယ် ” ဟု မီဇိုရမ်ရှိ ချင်းလူ့အခွင့်အရေးဆိုင်ရာအဖွဲ့ ဒါရိုက်တာ တီရာသန့်လွမ် ကပြောကြားခဲ့ပါသည်။ ယင်းအဖွဲ့သည် ပြည်တွင်းသတင်းစာများ၌ ချင်းလူမျိုးများဖက်မှ အကောင်းမြင်ဇောင်းပေးသည့် ပင်တိုင်ဆောင်းပါးတစ်ကန့်အား ပုံမှန်ဖော်ပြလျက်ရှိသည်။

    ချင်းနှင့်မီဇိုရမ် ကျောင်းသားများတွေ့ဆုံဆွေးနွေးပွဲများက စည်းလုံးညီညွတ်မှုကို ပိုမိုဖြစ်ပေါ်လာစေသော်လည်း ထိရှလွယ်သော ငြိမ်းချမ်းရေးအခြေအနေများအတွက် အချို့က စိုးရိမ်နေဆဲဖြစ်၏။

    “ ဒီအခြေအနေဟာ အချိန်မရွေး ပြဿနာထဖြစ်နိုင်စေတဲ့ မီးပွားလိုပါပဲ ” ဟု၍ သန့်လွမ် ကပြောကြားခဲ့ပါသည်။

    Women News Network တွင် ဖော်ပြခဲ့သည့် “Ethnic indigenous Chin christians afraid to return home” ဆောင်းပါးကို ETZ (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • Copa Claro တင်းနစ်ပြိုင်ပွဲတွင် ဒေးဗစ်ဖာရာ သုံးကြိမ်ဆက်ဗိုလ်စွဲ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
    M-Media

    david-ferrer-fabio-fognini-copa-claro-buenos-aires-tennis_3084960

    – အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Copa Claro တင်းနစ်ပြိုင်ပွဲတွင် စပိန်နိုင်ငံသား ဒေးဗစ်ဖာရာမှာ အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့သည့် ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် ၁ ရှိ ဖာရာမှာ အီတလီတင်းနစ်သမား ဖေါ့ဂ်နီနီအား ၁ နာ ရီ ၁၅ မိနစ်ကြာ ကစားကာ ၆-၄၊ ၆-၃ ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သည်။ ဖာရာမှာ အဆိုပါပြိုင်ပွဲတွင် သုံးနှစ် ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    ဗျူနိုအေရီးစ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုဟု ဖာရာက စောစောပိုင်းတွင် ပြောကြားထားသော်လည်း ပြိုင်ပွဲကျင်းပကာနီး ကမ္ဘာ့နံပါတ် ၁ ကစားသမား ရာဖေးနာဒယ်လ် ဒဏ်ရာရသဖြင့် ထွက်သွားခဲ့သောကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

    နောက်ဆုံးကစားခဲ့သည့် ဖိုင်နယ်ပွဲစဉ် ၇ ပွဲတွင် တစ်ပွဲမှ အနိုင်ရရှိခြင်းမရှိခဲ့သော ဖာရာက ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းနှင့် ပက်သက်၍

    “ဖိုင်နယ် ၇ ပွဲကစားပြီး အနိုင်မရခဲ့ပြီးနောက် ဒီဖလားဟာ ကျွန်တော့်အတွက် အရမ်းအရေးပါ ပါတယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: skysports