News @ M-Media

Blog

  • ယူကရိန်းတောင်ဘက် မြို့တစ်မြို့တွင် အစ္စလာမ့် ယဉ်ကျေးမှုစင်တာ တည်ဆောက်မည်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media

    herson– ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ Kherson မြို့တွင် အစ္စလာမ့် ယဉ်ကျေးမှု စင်တာတစ်ခု တည်ဆောက်ရန်အတွက် နေရာသတ်မှတ်ပေးရန် မြို့တော်ကောင်စီက စဉ်းစားနေသည်ဟု သိရသည်။

    အစ္စလာမ့် ယဉ်ကျေးမှုစင်တာ တည်ဆောက်ရေး ပရောဂျက်အား မြို့အတွင်းရှိ စက်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အဦးများ၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စသည်တို့နှင့် ပတ်သက်၍ မကြာမီ ပြုလုပ်မည့် အစည်းအဝေးတွင် ကြေညာသွားမည်ဟု မြေယာ စီမံခန့်ခွဲရေး အကြီးအကဲ ရူဘန် စတီပန်ယန်က ဆိုသည်။

    “Kherson မြို့မှာ အခြားသော အယူဝါဒ အမျိုးမျိုးနဲ့ ဘာသာရေး အဆောက်အအုံ အမျိုးမျိုးရှိပေမယ့် အစ္စလာမ့်နဲ့ ပတ်သက်တဲ့ အဆောက်အုံ မရှိသေးတဲ့ အတွက်ကြောင့် ဖေဖော်ဝါရီ ၂၈ ရက်မှာပြုလုပ်မယ့် အစည်းအဝေးမှာ ဒီ (အစ္စလာမ့်ယဉ်ကျေးမှု စင်တာဆောက်လုပ်မည့်) ပရောဂျက်ကို မြို့တော်ကောင်စီက ထောက်ခံပေးသွားမှာပါ” ဟု စတီပန်ယန်က ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသောမြို့များရှိ တူညီသော အတွေ့အကြုံများကို ဆန်းစစ်သွားမည်ဖြစ်ပြီး မတူညီသော မူကွဲများ လုပ်ဆောင်ရန် စဉ်းစားနေကြောင်း၊ မွတ်စလင်များ အနေဖြင့် ဗလီဝတ်ကျောင်းတော်တင် မဟုတ်ဘဲ ပတ်ဝန်းကျင် ဒေသများအား ပြောင်းလဲပေးသည့် အဆောက်အဦးများကိုလည်း ဆောက်လုပ်သည်ကို သိရှိရခြင်းမှာ အဖိုးတန်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသွားခဲ့သည်။

    ယူကရိန်းနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသူများမှာ ၅ သိန်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး အများစုမှာ ခရိုင်းမီးယားဒေသတွင် နေထိုင်ကြသူများဖြစ်သည်။

    Ref: Islam.ru

  • ဝေဖန်ခံနေရသည့် အိုဇေးလ် အတွက် အသင်းဖော် ပိုဒေါစကီး ကာကွယ်ပြောဆို

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media
    371446_heroa
    – ဘိုင်ယန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ပင်နယ်တီလွဲချော်ခဲ့ပြီး ခြေစွမ်းမပြနိုင်မှုကြောင့် အပြင်းအထန် ဝေဖန်ခံနေရသည့် အာဆင်နယ်အသင်း၏ ဂျာမန်ကွင်းလယ်လူ အိုဇေးလ် အတွက် အသင်းဖော် လူးကပ်စ်ပိုဒေါစကီးက ကာကွယ်ပြောဆိုခဲ့သည်။

    ပြီးခဲ့သည့် နွေရာသီက ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အာဆင်နယ်အသင်းသို့ ရောက်ရှိလာသည့် အိုဇေးလ်မှာ ယခုနောက်ပိုင်းတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးလျက်ရှိပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    ယမန်နေ့နံနက်က ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်အား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် အိုဇေးလ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီး၊ ကစားချိန်အတွင်း အသင်းဖော် ဖလာမီနီနှင့် စကားအခြေအတင် ဖြစ်ခဲ့သည်။

    ထို့ကြောင့် ဘောလုံးလောကတွင် အိုဇေးလ်အား ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့ပြီး၊ ပိုဒေါစကီးကမူ အိုဇေးလ်မှာ မကြာမီ အကောင်းဆုံး အနေအထားကို ပြန်လည်ရောက်ရှိလာမည်ဟု ကာကွယ်ပြောကြားခဲ့သည်။

    “မနေ့က(ကြာသာပေးနေ့က) ချန်ပီယံလိဂ် ရလဒ်ကြောင့် လူတိုင်းက စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံးပါ။ မီဆု(အိုဇေးလ်)ကို မကောင်းပြောတာဟာ မမျှပါဘူး။ ဝေဖန်တယ်ဆိုတာ အားကစားလောကရဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ ကောင်းတဲ့အရာပါ။ ဒါပေမယ့် ထိုးနှက် တိုက်ခိုက်တာမျိုးတော့ မလုပ်ရပါဘူး” ဟု ပိုဒေါစကီးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

    ထို့ပြင် ကစားသမားတစ်ဦးအား ပစ်ပယ်လိုက်ခြင်းမှာ အသင်းသားများနှင့် အသင်းတစ်ခုလုံးအတွက် အကျိုး မဖြစ်ထွန်းကြောင်း၊ အိုဇေးလ်မှာ ၎င်းတို့အားလုံးအား ပျော်ရွှင်အောင် လုပ်ဆောင်သူဖြစ်ပြီး ပင်နယ်တီမ၀င်ခြင်းက ထိုအရာများကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊ သူငယ်ချင်းများအားလုံး အိုဇေးလ်ဘက်မှ အတူတကွ ရပ်တည်မည်ဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

    ဘိုင်ယန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ခြေစွမ်းမပြနိုင်မှုနှင့် ပတ်သက်၍လည်း အိုဇေးလ်က ၎င်း၏ Facebook စာမျက်နှာတွင် တောင်းပန်ခဲ့သည်။

    Ref: Goal

  • မြန်မာနယ်စပ်၌ အိန္ဒိယ ကုန်သည်နှစ်ဦး၏ အလောင်းများ တွေ့ရှိ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media

    19TH_BORDER_TRADE_1761666f
    အင်မ်ဖာလ်။    ။ မြန်မာနိုင်ငံ တမူးမြို့အတွင်း ပျောက်ဆုံးနေသည်ဆိုသော အိန္ဒိယ ကုန်သည်နှစ်ဦးကို မြန်မာ-မဏိပူရ နယ်စပ်တွင် သေဆုံးနေသည့် အလောင်းများအဖြစ်နှင့် ပြန်လည်တွေ့ရှိခဲ့ကြသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် မီးလောင်ကွက် အပါအ၀င် ဒဏ်ရာ အများအပြား ရရှိထားကြသည်။

    သေဆုံးသူများမှာ ဥတ္တားပရာဒက်ရှ်မှ Sanvendar Singh (၃၀ နှစ်) နှင့် မွမ်ဘိုင်းမှ Daljeet Singh (၃၃ နှစ်) တို့ဖြစ်ကြပြီး ၎င်းတို့သည် အိမ်သုံးနှင့်ကျောင်းသုံး ပစ္စည်းများရောင်းချရန် မိုရေးသို့ရောက်လာကြသည်။ တစ်လအကြာ မိုရေးမြို့နယ် မဏိပူရနယ်စပ်နှင့် ၁၀ မိနစ် ခရီးတာအကွာရှိ တမူးသို့ ၀င်ရောက်ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပျောက်ဆုံးသွားသည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားသည်။

    သူတို့က မြန်မာအာဏာပိုင်များထံမှ ၀င်ခွင့်တောင်းခံပြီးနောက် အမှတ် ၂ နယ်စပ်ဝင်ပေါက်မှ တမူးမြို့ထဲ ၀င်ရောက်သွားခြင်း ဖြစ်ကြောင်း၊ ချန်ဒဲလ်ခရိုင် မိုရေးတောင်ဖက် ၄၅ မီတာအကွာ မဏိပူရနယ်စပ် အခြမ်းရှိ  Jangnomphai ရွာအနီး၌ ရွာသားတို့၏အကြောင်းကြားချက်အရ သူတို့၏ အလောင်းများကို ပြန်တွေ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်များက ဆိုသည်။

    ယမန်နှစ် ဧပြီလ ၁၀ ရက်တွင် မိုရေးမှ ရဲကွန်မန်ဒို တစ်ဦးနှင့် အရပ်သားတစ်ဦးတို့သည် ၆ ကီလိုမီတာအကွာရှိ မြန်မာဖက်သို့ ငါးဖမ်းထွက်ခဲ့ရာ ဖမ်းခေါ် သတ်ဖြတ်ခံခဲ့ရသည်။ မိုရေး နှင့် တမူးသည် အိန္ဒိယ-မြန်မာ နယ်စ ပ်ကုန်သွယ်ရေး၏ တံခါးဝများဖြစ်ရာ နှစ်ဖက်ကုန်သည်များက နံနက် ၇ နာရီမှ ညနေ ၄ နာရီအတွင်း အပြန်အလှန် ကူးသန်းသွားလာလေ့ရှိ၏။

    မဏိပူရ အာဏာပိုင်တို့သည် မိုရေး၌ နယ်စပ် စစ်ဆေးရေးဌာနတစ်ခုကို မကြာသေးမီကပင် တည်ဆောက်လိုက်ကြသည်ဟု သတင်းများ၌ ဖော်ပြသည်။ အမှတ် ၁ နှင့် ၂ ၀င်ပေါက်အကြားရှိ ယင်းဌာနနေရာမှာ မိမိတို့၏ ပိုင်နက်ထဲဖြစ်နေကြောင်း မြန်မာဖက်က ဆိုထားပါသည်။
    Ref: Telegraph India

  • အသက် ၅၃ နှစ်အရွယ် မာရာဒိုနာ ဘောလုံးပြန်ကစားမည်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media

    Diego-Maradona-3168268
    – အာဂျင်တီးနားအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်ဖြစ်ပြီး အသက် ၅၃ နှစ်အရွယ်ရှိပြီ ဖြစ်သည့် မာရာဒိုနာမှာ ဘောလုံးပြန်ကစားတော့မည်ဟု သိရသည်။

    အာဂျင်တီးနားရှိ ပဉ္စမတန်း Primera D တွင် ယှဉ်ပြိုင်နေသည့် ဘောလုံးအသင်း Deportivo Riestra  တွင် ကစားမည်ဖြစ်ပြီး၊ လာမည့် မတ်လ နှောင်းပိုင်းတွင် ပွဲဦးထွက် ကစားရဖွယ်ရှိနေသည်။

    ထိုအသင်းမှာ မာရာဒိုနာ၏ အရင်းနှီးဆုံး သူငယ်ချင်းနှင့် ၎င်း၏ ရှေ့နေဖြစ်သူတို့ ပိုင်ဆိုင်သည့် အသင်းလည်းဖြစ်ပြီး၊ မာရာဒိုနာ ပါဝင်ကစားမည့်ပွဲအတွက် လူ ၃၀၀၀ သာ ဆန့်သည့် ၎င်းတို့၏ အိမ်ကွင်းတွင် မကစားဘဲ၊ အာဂျင်တိုင်း ပရီးမီးယားလိဂ်တွင် ကစားနေသည့် San Lorenzo အသင်းကွင်းတွင် ကစားရန် အကူအညီတောင်းထားသည်။

    မာရာဒိုနာအား ခေါ်ယူရန်အတွက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်သို့ Riestra အသင်းမှ ခွင့်တောင်းထားပြီး စာချုပ်ချုပ်ဆိုမှုကို မကြာမီပြုလုပ်သွားမည်ဟု အသင်းရှိ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

    အာဂျင်တိုင်းဘောလုံးလောကသမိုင်းတွင် ဘုရင်တစ်ဆူဟု သတ်မှတ်ထားသည့် မာရာဒိုနာ ဘောလုံးပြန်ကစားမည့်သတင်းအား လူအများအပြားက စိတ်ဝင်စားနေပြီး၊ Riestra အသင်းရှိ တိုက်စစ်မှူး Victor More က ၎င်း၏ကျောနံပါတ် ၁၀ ကို မာရာဒိုနာအား ပေးသွားမည်ဖြစ်ပြီး အခြား မည်သည့်ကျောနံပါတ်ကိုမဆို ၀တ်ဆင်မည်ဟု ပြောကြားခဲ့သည်။

    Ref: Mirror

  • အီရန်၏ စစ်အင်အားကို ပိုမိုတောင့်တင်းအောင် ပြုလုပ်မည်ဟု ခါမေနီဆို

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media

    201341815246440734_20
    – အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများအား ဖြေလျှော့ရန် ကြိုးစားခြင်းထက် ထိုပိတ်ဆို့မှုများ၏ ဆိုးရွားသော အကျိုးသက်ရောက်မှုများကို တုံ့ပြန်ရန် ကာကွယ်ရေးအစီအစဉ်များကို လုပ်ဆောင်နေသည်ဟု အီရန်နိုင်ငံ၏ ဥသျှောင် အယာတိုလာ ခါမေနီက ပြောကြားလိုက်သည်။

    အီရန်လေတပ်၏ တပ်မှူးများ၊ အမှုထမ်းများနှင့် ဖေဖော်ဝါရီ ၈ ရက်နေ့က တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုမှတ်ချက်များအား ခါမေနီ၏ ကိုယ်ပိုင် ၀ဘ်ဆိုဒ်တွင် ယမန်နေ့ ဖော်ပြထားသည်။

    အမေရိကန်ကို ရည်ညွှန်း၍ ပြောကြားသော ခါမေနီ၏ မိန့်ခွန်းတွင် “သူတို့က အီရန်ကို ခြိမ်းခြောက်လေ့ရှိပါတယ်။ ပြီးတော့ အီရန်ရဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ကို လျှော့ချဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ဒါဟာကျွန်တော်တို့ လုပ်မယ့် အရာမဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ရဲ့ ကူညီမှုနဲ့ တာဝန်ရှိသူတွေ၊ နိုင်ငံရဲ့ဌာနတွေ စစ်တပ် စတာတွေရဲ့ ကာကွယ်ရေး စွမ်းရည်တွေကို နေ့စဉ် အခြေခံကအစ တိုးမြှင့်သွားမှာပါ” ဟု ပါဝင်သည်။ ထို့ပြင် အီရန်၏ ကာကွယ်ရေးပေါ်လစီ အသစ်ကို မကြာမီကြေညာ သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ထိုကဲ့သို့ ခါမေနီက ပြောကြားခဲ့မှုနှင့် ပတ်သက်ပြီး အီရန်အရေး ဆွေးနွေးနေသည့် အင်အားကြီး ၆ နိုင်ငံက မည်သည့်တုံ့ပြန်မှုမှ ပြုလုပ်ခြင်းမရှိသေးပေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၅ နိုင်ငံနှင့် ဂျာမနီတို့မှာ အီရန်၏ နျူးအရေးအပေါ် ဖြစ်ပွားနေသည့် ဆယ်စုနှစ်ကြာ အငြင်းပွားမှုအား ပပျောက်ရန် ၃ ရက်ကြာမြင့်မည့် အစည်းအဝေး တစ်ခုကို ပြုလုပ်နေသည်။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံမှာ ကာလတို သဘောတူညီချက်တစ်ခုကို ပြီးခဲ့သည့် နိုဝင်ဘာလက ရရှိခဲ့ပြီး၊ ယခုပြုလုပ်နေသာ ဆွေးနွေးပွဲမှာ ရေရှည် တည်တံ့မည့် သဘောတူညီချက် တစ်ခုရရှိရန်အတွက် နောက်ဆုံးအဆင့် ဆွေးနွေးပွဲလည်းဖြစ်သည်။

    အီရန်၏ နျူးကလီးယား အရေးကြောင့် အမေရိကန်နှင့် အပေါင်းအပါများက အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှုများပြုလုပ်ထားပြီး အထူးသဖြင့် ဘဏ်လုပ်ငန်းနှင့် ရေနံလုပ်ငန်းတို့တွင်ဖြစ်သည်။

    Ref:Al Jazeera